ငါ မင်းကို အချိန်အကြာကြီး စောင့်နေခဲ့တာ
Vol. 201 Ch. 2872
“ဒါက ဘာအဓိပ္ပာယ်လဲ”
ရီဖူရှင်းသည် မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ယူချင်းသည် သူတို့ကို နောက်ဆုတ်ရန် အမိန့်ပေးခဲ့ပြီးဖြစ်သည်။ သို့သော် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူတို့ကို ဖြတ်သွားခွင့် မပေးသေးချေ။
သူတို့သည် နတ်ဆိုးအင်ပါယာထံမှ အမိန့်ရထားပုံပေါ်လေသည်။
ထို့အပြင် ထိုအမိန့်သည် လွန်စွာတင်းကျပ်သော အမိန့် ဖြစ်ပေမည်။ မဟုတ်လျှင် သူတို့သည် ဤကဲ့သို့ ပြုမူနေမည် မဟုတ်ပေ။
သို့သော် နတ်ဆိုးအင်ပါယာသည် အဘယ်ကြောင့် ထိုသို့လုပ်ရသနည်း။
သူ၏ လုံခြုံနေရေးအတွက် သူ့ကို ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းသို့ မဝင်နိုင်ရန် တားနေခြင်းလော။
“ဘေးဖယ်”
ရီဖူရှင်းသည် အသံမြှင့်၍ ပြောကာ ရှေ့သို့ တိုးသွားလိုက်သည်။ သူ့ပတ်ပတ်လည်တွင် နတ်စွမ်းအား လှည့်ပတ်သွား၏။ သူသည် စိတ်အချဉ်ပေါက်နေပုံ ပေါ်လေသည်။ ဤကိစ္စသည် သူ့ကိစ္စဖြစ်သည်။ နတ်ဆိုးအင်ပါယာနန်းတော် ဝင်ရှုပ်ရမည့်ကိစ္စ မဟုတ်ချေ။ သူနှင့် ယူချင်းတို့သည် သူတို့၏ အမြင်များကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီးနောက်တွင်ပင် သူတို့သည် သူ့ကို ဖြတ်သွားခွင့် မပြုသေးပေ။ သူတို့သည် စည်းကျော်သွားပြီဟု သူခံစားလိုက်ရ၏။
နတ်ဆိုးအင်ပါယာနန်းတော်၏ ကျင့်ကြံသူများထံမှ နတ်ဆိုးစွမ်းအား စီးဆင်းလာပြီး သူတို့သည် သူတို့နေရာတွင်သာ ရပ်နေကြသည်။ ယူချင်း၏ မျက်နှာထား မည်းမှောင်သွားသည်။ သူ့ခန္ဓာကိုယ်မှနေ၍ စွမ်းအားကြီး နတ်ဆိုးစွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ သူသည် ရှေ့သို့ လျင်မြန်စွာ ထွက်သွားလိုက်သည်။ ကောင်းကင် တုန်ခါသွားပြီး သူအော်ပြောလိုက်၏။
“လမ်းဖယ်စမ်း...”
“နတ်ဆိုးအင်ပါယာက ကျုပ်တို့ကို ရီဖူရှင်းကို ဒွန်ဟောင်အင်ပါယာနန်းတော်ထဲကို အဝင်မခံဖို့ အမိန့်ပေးထားတယ်။ ယူချင်း... မင်း အမိန့်တွေကို နာခံဖို့လိုတယ်။ သူ ဒွန်ဟောင်အင်ပါယာနန်းတော်ကို မသွားနိုင်အောင် တားလိုက်။ အဲဒါက မင်းတို့နှစ်ယောက်လုံးကို ကာကွယ်ဖို့ပဲ”
မဟာအင်ပါယာတစ်ပါးက ယူချင်းကို ရှင်းပြလိုက်သည်။
ဝုန်း...
ရီဖူရှင်းထံမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ သူသည် ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားပြီး သူ၏လက်သီးကို မြှောက်လိုက်၏။ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ထိုလက်သီးတစ်ချက်တွင် ကြီးမားသော စွမ်းအားပမာဏပါဝင်ပေသည်။ သူ့လက်သီးချက် တိုက်ခိုက်မှုတိုင်းတွင် လောက၏ မရေတွက်နိုင်သော ဒြပ်မှုန်များ စုစည်းမှုမှ လောကနတ်စွမ်းအားများ ပါဝင်လေသည်။ ၎င်း၏ပြင်းအားသည် ကမ္ဘာကိုပင် ဖျက်နိုင်စွမ်းရှိသည်။
နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ မျက်နှာဖြူဖျော့လာကြသည်။ တိုက်ခိုက်မှု ဖြတ်သန်းသွားသောအခါ သူတို့၏ ခုခံအစီအရင်သည် ရှုတ်ခြည်း ပြိုပျက်သွားပြီး ကျင့်ကြံသူများစွာ လွင့်ထွက်သွားကြသည်။ သူတို့အားလုံး ပါးစပ်များမှ သွေးအန်သွား၏။ အင်ပါယာအဆင့် ကျင့်ကြံသူများပင် ထိုတိုက်ခိုက်မှုကို တောင့်မခံနိုင်ကြပေ။
ရွှီး...
ရီဖူရှင်းသည် သူ၏ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်သည်။ ရုတ်ခြည်းပင် နတ်အလင်းသည် ကောင်းကင်ကို ဝန်းရံသွားသည်။ အကန့်အသတ်မဲ့ အဖျက်နတ်ဓားများ ထွက်ပေါ်လာပြီး ၎င်းတို့သည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများထံ ချိန်ရွယ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူသည် ရှေ့သို့ ဆက်သွားလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“တကယ်လို့ တစ်ယောက်ယောက်က ကျုပ်လမ်းကို ပိတ်မယ်ဆိုရင် ကျုပ်ကို မညှာဘူးလို့ အပြစ်မတင်ပါနဲ့”
ထို့နောက် သူသည် လူအုပ်ကို တိုက်ရိုက် ဖြတ်သွားလိုက်သည်။ ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် ခြိမ်းခြောက်သည့် အရိပ်အယောင်များ ရှိနေ၏။ သို့သော် သူတို့ကို လှည့်ပတ်နေသော သူတို့ကို တားဆီးထားလေသည်။ ရီဖူရှင်းသည် သူတို့ထက် များစွာပို၍ စွမ်းအားကြီးပေသည်။ မည်သူမှ သူ့ကို မတားနိုင်ပေ။ သူတို့သည် ရီဖူရှင်း ဖြတ်သွားသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်လေသည်။
ယူချင်းသည် သူ့နောက်မှ လိုက်သွားပြီး သူတို့၏ ဘေးဘယ်ညာတွင် ရပ်နေသော ကျင့်ကြံသူများကို ကြည့်သည်။ သူ၏မျက်လုံးများ အေးစက်နေသည်။ အဘယ်ကြောင့် နတ်ဆိုးအင်ပါယာသည် ထိုကဲ့သို့သော အမိန့်များကို ပေးခဲ့ခြင်းနည်း။
သို့သော် ယခုသည် ထိုအကြောင်းကို တွေးရမည့်အချိန် မဟုတ်တော့ပေ။
သူတို့သည် လျင်မြန်သော နှုန်းဖြင့် ရှေ့သို့ ဆက်သွားနေကြသည်။ မကြာခင်မှာပင် သူတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်အပြင်သို့ ရောက်လာကြသည်။
နန်းတော်သည် ကျယ်ပြော၊ မြင့်မားကာ ခမ်းနားထည်ဝါနေသည်။ မျက်လုံးပင့်၍ ကြည့်မည်ဆိုလျှင် ကောင်းကင်တံခါးတစ်ခုကို နတ်နဂါး၊ ဖီးနစ်ဘိုးဘေး၊ ချီလင်းနှင့် လိပ်နက်တို့ကဲ့သို့သော ဒဏ္ဍာရီလာ သားရဲရုပ်တုများက စောင့်ကြမ်နေသည်ကို မြင်နိုင်လေသည်။ ထိုနေရာပတ်ပတ်လည်တွင် ကျင့်ကြံသူအုပ်များ ရှိနေသည်။ မကြာသေးခင်က သူတို့သည် တိုက်ပွဲကြီးတစ်ပွဲနှင့် ရင်ဆိုင်ခဲ့ရပြီး အပြင်သို့ မောင်းထုတ်ခြင်း ခံခဲ့ရသည်။ ရန်သူများ ပြန်ဆုတ်သွားခြင်းမှာ မဟာအင်ပါယာခြောက်ပါး၏ စစ်ပွဲတွင် ရလဒ်မထွက်လာ၍ ဖြစ်သော်လည်း သူတို့သည် ရန်သူများ၏ အားကောင်းသော တိုက်ခိုက်မှုများကို ခုခံတားဆီးရန် တွေးထားပြီးဖြစ်သည်။
ယခု အခိုက်တွင် ရီဖူရှင်းသည် အင်ပါယာနန်းတော်အပြင်ဘက်တွင် ရပ်နေလေသည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို ကောင်းစွာ သိပေသည်။ ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုထဲမှ အချို့ကုန်းမြေများသည် ယခင်က ရီဖူရှင်းနှင့် ရင်ဆိုင်ခဲ့ဖူးပေသည်။ လက်ရှိတွင် သူတို့အားလုံး ရှိနေကြသည်။
လူသားဘုံးအပါအဝင် စွမ်းအားကြီး အင်အားစုငါးစုက ကောင်းကင်ဒေသကို ကျူးကျော်ကြသောအခါ ကုန်းမြေ(၁၈)ခု၏ ကုန်းမြေသခင်အိမ်တော်များအားလုံးသည် ဒွန်ဟောင်အင်ပါယာနန်းတော်တွင် စုဝေးခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ဤနေရာ၌ ရှိနေခြင်းပင်။
ထိုထဲမှ တော်တော်များများသည် ရီဖူရှင်းအပေါ် နက်ရှိုင်းသော ရန်ငြိုးများရှိသူများ ဖြစ်သည်။ ယခုတွင် သူတို့သည် ရီဖူရှင်းတစ်ယောက် နန်းတော်အပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာသည်။
ယခင်က သူတို့မျက်စိထဲတွင် ရီဖူရှင်းသည် ပမွှားလေးဖြစ်ခဲ့ပြီး သူတို့ စိတ်တိုင်းကျ အသုံးချနိုင်မည့် သူတစ်ယောက်ဟု မြင်ခဲ့ကြသည်။ ယခုတွင် သူ ဤနေရာ၌ ရပ်နေသော်လည်း သူတို့သည် သူ့ကို ကြည့်ရုံသာ ကြည့်နေနိုင်ပေသည်။ သူသည် သူတို့ထက် အလွန့်အလွန် သာလွန်သွားပြီဖြစ်သည်။
အရှင်ဒွန်ဟောင်၏ တပည့်ရင်း တုယူသည်ပင် လောကကြီး၏ များစွာသော ပြောင်းလဲမှုများပြီးနောက် နတ်ဘုရားတစ်ဝက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ထိုသို့ပင် ရပ်ကြည့်နေရပေသည်။ ယခင်ကဆိုလျှင် နတ်ဘုရားတစ်ဝက်အဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် ကြီးမားသော အောင်မြင်မှုဟု သတ်မှတ်ခံရမည်ဖြစ်ပြီး သူသည် ထိပ်သီးများထဲမှ တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ရီဖူရှင်းနှင့် စကားပြောရန်ပင် အဆင့်မမီချေ။
ငွေဖြူရောင်ဆံပင်ရှိပြီး ကောင်းကင်၏ဂုဏ်ဖြစ်သော ရီဖူရှင်းသည် နန်းတော်အပြင်တွင် ရပ်နေလေသည်။ သူ၏ အဖြူရောင်အဝတ်အစားများသည် လေထဲတွင် ဝဲလွင့်နေသည်။
ဤနေ့ ရောက်ရှိလာပေပြီ။ နောက်ဆုံးတွင် သူသည် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ ရောက်လာပြီဖြစ်သည်။
အင်ပါယာမြို့တော်ထဲရှိ ကျင့်ကြံသူပေါင်းများစွာသည် ရီဖူရှင်းကို ငေးကြည့်နေကြသည်။
အင်ပါယာရီချင်၏ မျိုးဆက်သည် အင်ပါယာနန်းတော်သို့ ပြန်လာမည်လော။
ယနေ့တွင် မျိုးဆက်နှစ်ခုအကြားမှ ရန်ငြိုးကို ဖြေရှင်းနိုင်မည်လော။
သို့သော် ရီဖူရှင်းသည် အရှင်ဒွန်ဟောင်ကို မည်သို့ ယှဉ်နိုင်မည်နည်း။
အကယ်၍ ရီဖူရှင်း ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းသို့ ဝင်သွားလျှင် သူသည် အင်ပါယာရီချင်ကဲ့သို့ပင် ဇာတ်သိမ်းသွားနိုင်သည်။ ဤတစ်ခေါက်တွင် အရှင်ဒွန်ဟောင်သည် သူ့ကို လွှတ်ပေးပါဦးမည်လော။
လက်ရှိ ရီဖူရှင်းသည် အရှင်ဒွန်ဟောင်အတွက် အလွန်အန္တရာယ်ကြီးသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပေပြီ။
ဝုန်း...
ထိုအခိုက်တွင် အဝေးမှ ကြောက်မက်ဖွယ် အရှိန်အဝါနှစ်ခုသည် နီးကပ်လာလေသည်။ အင်ပါယာမြို့တော်အတွင်းမှ လူပေါင်းများစွာသည် ကောင်းကင်သို့မောကြည့်လိုက်ရာ ဗုဒ္ဓနှင့် နတ်ဆိုးတို့၏ တလက်လက်တောက်ပနေသော အလင်းများကို မြင်လိုက်ကြရသည်။
“နတ်ဆိုးအင်ပါယာနဲ့ အကြွင်းမဲ့ဗုဒ္ဓ”
ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။ မဟာအင်ပါယာခြောက်ပါးသည် သူတို့၏တိုက်ပွဲကို အင်ပါယာနန်းတော်သို့ ခေါ်လာပေပြီ။
“ရီဖူရှင်း.. ယူချင်း ချက်ချင်း ထွက်သွားကြ”
ကျယ်လောင်သောအသံတစ်သံက ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ထိုအသံသည် နတ်ဆိုးအင်ပါယာ၏အသံဖြစ်သည်။ သူသည် တိုက်ပွဲပြင်မှ ပထမဆုံး ထွက်ခွာလာသူဖြစ်သည်။ သူ ထိုသို့ ထွက်ခွာလာရသည်မှာ ရီဖူရှင်းနှင့် ယူချင်းတို့ကို ထွက်သွားဖို့ အမိန့်ပေးရန် ဖြစ်သည်။
သူသည်လည်း အကြွင်းမဲ့ဗုဒ္ဓနှင့် ရင်ဆိုင်နေရသေးပြီး ဤနေရာနှင့် အလွန်ဝေးသောနေရာတွင် ရှိနေသည်။
ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာပြောလိုက်သည်ကို ကြားလိုက်ရ၏။ သို့သော် သူ၏အမိန့်ကို မနာခံလိုက်ပေ။ ထိုအစား သူသည် ယူချင်းဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ယူချင်း... မင်း ငါ့ကို အပြင်ဘက်က စောင့်နေ”
ယူချင်းသည် နောက်လှည့်ကာ နတ်ဆိုးအင်ပါယာရှိသောနေရာသို့ ကြည့်လိုက်၏။ ထို့နောက် သူခေါင်းညိတ်ကာ ပြောလိုက်၏။
“ကောင်းပြီ... ငါ မင်းပြန်လာတာကို စောင့်နေမယ်”
သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် ဖွင့်ပြောစရာမလိုဘဲ နားလည်ပေသည်။ အကယ်၍ ရီဖူရှင်းသာ ပြန်မလာနိုင်ခဲ့လျှင် ယူချင်းသည် သူ့အတွက် လက်စားချေပေးရမည်ဖြစ်သည်။
ရွှီး...
ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်း၌ နောက်ထပ် နတ်အလင်း ကျဆင်းလာသည်။ မြင့်မြတ်၍ အတုမဲ့သော အင်ပါယာအရှိန်အဝါသည် ထိုနေရာကို လွှမ်းခြုံသွားသည်။
“အရှင်အင်ပါယာ...”
အင်ပါယာနန်းတော်ထဲတွင် အသံများစွာ ထွက်ပေါ်လာ၏။
အရှင်ဒွန်ဟောင် ပြန်ရောက်လာပေပြီ။
ယခုတွင် သူသည် နန်းတော်အတွင်းရှိ နတ်ပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူ၏အကြည့်သည် လေထုကို ထွင်းဖောက်သွားပြီး အပြင်ဘက်ရှိ ရီဖူရှင်းကို တည့်တည့်ကြည့်သည်။ ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့သည် တစ်ယောက်ကိုတစ်ယောက် မြင်နိုင်ကြသည်။
“ခင်ဗျားက ကျုပ်တို့ကို မောင်းထုတ်ဖို့ လူတွေ စေလွှတ်မှာလား”
ရီဖူရှင်းက အဝေးမှနေ၍ မေးလိုက်သည်။
အရှင်ဒွန်ဟောင်သည် သူ့ကို ကြည့်ကာ ပြောလိုက်၏။
“နောက်ဆုံးတော့ မင်း ဒီကို ရောက်လာပြီပေါ့”
ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အရှင်ဒွန်ဟောင်ဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်ပေ။
အရှင်ဒွန်ဟောင်သည် ဤကဲ့သို့နေ့ ရောက်လာမည်ကို သိထားပြီး သူရောက်လာမည်ကို စောင့်နေခြင်းလော။
“ငါ မင်းကို အချိန်အကြာကြီး စောင့်နေခဲ့တာ”
အရှင်ဒွန်ဟောင် ဆက်ပြောလိုက်၏။
ရီဖူရှင်း တွေးတောလိုက်သည်။ ဤအဖြစ်သည် သူ၏ကံကြမ္မာလော။
အင်ပါယာနှစ်ပါးအကြားမှ တိုက်ပွဲအတွင်း အင်ပါယာရီချင် သေသွားကတည်းက ဤနေ့ရောက်လာမည်ကို ကြိုသိထားသည်လော။
ယနေ့တွင် သူ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူသည် အမှန်တရားကို သိရလောက်သည်။
“မင်း ငါ့ဆီရောက်လာနိုင်မယ့် အရည်အချင်းရှိလားဆိုတာ ကြည့်ကြသေးတာပေါ့”
အရှင်ဒွန်ဟောင်က စိန်ခေါ်လိုက်သည်။
“ဝင်လာခဲ့ပါ”
အင်ပါယာအရှိန်အဝါတစ်ခုကို ထိုနေရာကို ထွင်းဖောက်သွား၏။ ရီဖူရှင်း၏ ငွေဖြူရောင်ဆံပင်များ လေထဲတွင် ဝဲလွင့်သွားသည်။ သူ၏ခံ့ညားသော မျက်နှာပေါ်သို့ အကြည့်ပေါင်းများစွာ ကျဆင်းလာသည်။
ရီဖူရှင်း၏လက်ထဲတွင် ငွေလှံတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာ၏။
၎င်းသည် ငွေလှံပင်။
ယနေ့တွင် မူလဘုံ၏ ပါရမီရှင်၊ ရီအင်ပါယာနန်းတော်၏ နန်းတော်သခင် ရီဖူရှင်းသည် ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းသို့ ဝင်တော့ပေမည်။