← Chapters

လှံများ

Vol. 202 Ch. 2875

လှံများ

Vol. 202 Ch. 2875

သူတို့သည် ထိုနေရာတွင် ရပ်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံကာ ကြည့်နေကြသည်။ ထိုမြင်ကွင်းသည် ကြိုတင်သတ်မှတ်ထားသည့် မြင်ကွင်းကဲ့သို့ ခံစားရလေသည်။ သူတို့၏ဘဝအတွင်း ထိုကဲ့သို့သော တွေ့ဆုံမှုမျိုးဖြစ်ခြင်းမှာ ကံကြမ္မာကြောင့်သာ ဖြစ်ပေမည်။

အရှင်ဒွန်ဟောင်ပြောခဲ့သလိုပင်။ သူသည် ဤသို့ တွေ့ဆုံရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်။

သူ လက်ကိုဝှေ့ယမ်းလိုက်ရာ ရုတ်ခြည်းပင် အဆုံးမဲ့အာကာပြင်ကို လွှမ်းခြုံထားသော ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် ရီဖူရှင်းထံမှ ၎င်းဘာသာ ဖယ်သွားပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ ထိုနေရာကို ချိပ်ပိတ်လိုက်သည်။ သို့သော် ၎င်းသည် ရီဖူရှင်းကို မထိတော့ပေ။

“ဟမ်...”

ရီဖူရှင်း အံ့အားသင့်သွားသည်။ သူသည် အရှင်ဒွန်ဟောင်၏ ထုတ်ဖော်ခြင်းနတ်စွမ်းအား၏ စွမ်းအားကြီးမှုကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သည်။ အရှင်ဒွန်ဟောင် သူ့ထံမှ ထိုစွမ်းအားကို ဖယ်လိုက်သည့် ရည်ရွယ်ချက်သည် အဘယ်နည်း။

ထို့နောက် အရှင်ဒွန်ဟောင်သည် ငွေလှံတစ်ချောင်း ထုတ်လိုက်ပြီး လက်ထဲတွင် ကိုင်လိုက်သည်။ သူသည် ရီဖူရှင်းနှင့် မျှမျှတတ တိုက်ခိုက်လိုပုံပင်။

သူ၏ အနက်ရောင် ဆံပင်များသည် လေထဲတွင် ဝဲလွင့်နေပြီး သူ၏ဝတ်ရုံရှည်သည်လည်း တဖျပ်ဖျပ် ခတ်နေလေသည်။ သူသည် သူ့လက်ထဲမှ လှံကို အလျားလိုက်ကိုင်ထားသည်။ ထို့နောက် သူ ရီဖူရှင်းကို ကြည့်၍ အော်ပြောလိုက်၏။

“စကြတာပေါ့”

ရီဖူရှင်းသည် အရှင်ဒွန်ဟောင်ကို ငေးကြည့်လိုက်၏။ ထို့နောက် သူ့လက်ထဲရှိ လှံမှနေ၍ နတ်အလင်း ထွက်ပေါ်လာ၏။ လွန်စွာ စွမ်းအားကြီးသော နတ်စွမ်းအား ထွက်လာပြီး နေရာတစ်ခုလုံးသည် အားကောင်းသော ဖိအား၏ ဖိနှိပ်မှုကို ခံလိုက်ရလေသည်။

သူ့ခန္ဓာကိုယ်သည် သူ၏လှံနှင့်အတူ လျှပ်စီးတန်းတစ်ခုအလား လှုပ်ရှားသွားသည်။ သူထိုးဖောက်သွား၏။

အရှင်ဒွန်ဟောင်၏ မျက်လုံးများသည် အလွန်ထူးဆန်းလာသည်။ ထိုမျက်လုံးများထဲတွင် နတ်အလင်း လှည့်ပတ်နေ၏။ ၎င်းတို့ထဲတွင် နတ်စွမ်းအား ရှိသကဲ့သို့ပင်။ သူ၏လက် အနည်းငယ် လှုပ်ရှားသွားပြီး သူသည်လည်း သူ၏လှံနှင့် တိုက်ခိုက်လိုက်လေသည်။

ဝုန်း...

လှံနှစ်ချောင်း ထိတွေ့သွားသာအခါ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ လှံဖျားနှစ်ခု ထိတွေ့သွားပြီး ပတ်ဝန်းကျင်အာကာပြင်ကို အပြင်းအထန် တုန်ခါသွားစေ၏။ သို့သော် ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် နေရာတစ်ခုလုံးကို ချိပ်ပိတ်ထားသဖြင့် မုန်တိုင်းသည် အပြင်သို့ မပြန့်သွားနိုင်ဘဲ ထိုနေရာအတွင်း၌သာ တုန်ခါနေသည်။

မည်မျှ လျင်မြန်ပေသနည်း။ ရီဖူရှင်းသည် သူ့စိတ်ထဲတွင် ထိုသို့ ရေရွတ်လိုက်သည်။ ဤကဲ့သို့ နီးကပ်သည့်နေရာတွင် အရှင်ဒွန်ဟောင်သည် သူ၏လျင်မြန်စွာ တိုက်ခိုက်လိုက်မှုကို ကာလိုက်နိုင်ပေသည်။ သူ့မျက်လုံးများထဲတွင် အရှင်ဒွန်ဟောင်၏ လှုပ်ရှားမှုသည် မမြန်ပေ။ သို့သော် သူ၏လှုပ်ရှားမှုသည် လှံဖျားချင်း ထိတိုက်သွားလောက်သည်အထိ တိကျပေသည်။

ကြောက်မက်ဖွယ်အားတစ်ခုသည် ရီဖူရှင်းကို သူ၏ မူလနေရာသို့ တွန်းထုတ်လိုက်လေသည်။ ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအား ပါဝင်သော လှံသည် သူ၏ပြိုင်ဘက်ကို တုန်လှုပ်မသွားစေပေ။

သို့သော် ရီဖူရှင်းသည် အရှုံးမပေးလိုသေးပေ။ နတ်စွမ်းအား မုန်တိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး ထိုနေရာကို လွှမ်းခြုံသွားသည်။ တိုက်ပွဲပြင်သည် အလွန် ဖိအားကြီးလာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်သည် တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ သို့သော် အစောက သူရပ်နေသော နေရာတွင် ဝေဝါးနေသည့် အရိပ်တစ်ခု ရှိနေလေသည်။ ထို့အပြင် သူသည် သူ့နောက်တွင် ပုံရိပ်တန်းတစ်ခု ချန်ခဲ့သည်။

ဒုတိယ တိုက်ခိုက်မှု ထွက်ပေါ်လာ၏။

ထိုဒုတိယတိုက်ခိုက်မှုတွင် ထူးကဲသော စွမ်းအားတစ်ခု ပါဝင်ပေသည်။ ထိုစွမ်းအားသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားပြီး ကောင်းကင်တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးလိုက်သည်။ ထိုချိပ်ပိတ်ခံစားရသည့် စက်ကွင်းထဲရှိ စွမ်းအားသည် မည်မျှ ပြင်းထန်ကြောင်း တွေးကြည့်နိုင်ပေသည်။

လွန်စွာ စွမ်းအားကြီးသော အင်ပါယာအရှိန်အဝါသည် ထိုနေရာကို လွှမ်းခြုံသွား၏။ အရှင်ဒွန်ဟောင်၏ ဝတ်ရုံ ဝဲလွင့်သွား၏။ ထို့နောက် သူသည် သူ့လက်ထဲရှိ လှံနှင့် ထပ်မံ တိုက်ခိုက်လိုက်သည်။ ထို့အပြင် သူ၏လှံသည် ရီဖူရှင်း၏ လှံကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ သူတို့၏ လှံများ ထိခတ်သွားပြီး ရီဖူရှင်း၏စိတ်ထဲသို့ ထူးဆန်းသော ခံစားချက်တစ်ခု ဝင်သွားသည်။ သူ့လှံအတတ်သည် အဆုံးစွန်အဆင့်ထိ မရောက်သေးကြောင်း သူ ခပ်ရေးရေး ခံစားရ၏။ ၎င်းသည် ဖိနှိပ်ခံလိုက်ရသကဲ့သို့ပင်။ ၎င်းသည် အရှင်ဒွန်ဟောင်၏ လှံအတတ်နှင့် ထိတွေ့လိုက်ရသောအခါ အစွမ်းအကုန် မထုတ်နိုင်တော့သလိုပင်။

ရီဖူရှင်းသည် သူ၏မူလနေရာသို့ ထပ်မံ တွန်းထုတ်ခံလိုက်ရပြန်သည်။ သူ၏ စွမ်းအားကြီးကာ ပြိုင်ဘက်ကင်းသော လှံအတတ်သည် ဝါဂွမ်းကို တိုက်ခိုက်နေရသကဲ့သို့ပင်။ သူ၏တိုက်ခိုက်မှုများသည် မည်သည့် ထင်ရှားသည့် သက်ရောက်မှုမှ မဖြစ်စေပေ။

“အဲဒါက ဘယ်လို လှံအတတ်မျိုးလဲ”

ရီဖူရှင်းသည် အရှင်ဒွန်ဟောင်၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်၏။ ထိုမျက်လုံးများထဲတွင် ရွှေရောင်နတ်စွမ်းအား ရှိနေပြီး အရာအားလုံးကို ဖောက်မြင်နိုင်သည့် ထူးကဲသော သိမြင်ခြင်းစွမ်းအလားလည်းရှိနေသည်ကို သူ တစ်နည်းနည်းဖြင့် သိလိုက်ရ၏။

သူ သူ၏လှံကို ထိုးစိုက်လိုက်သည့်အခိုက်ကတည်းက အရှင်ဒွန်ဟောင်သည် အရာအားလုံးကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီး ဖြစ်ပေမည်။

“အဲဒါက ဘာလဲ...”

ရီဖူရှင်း စတင် ရင်ခုန်မြန်လာသည်။ အရှင်ဒွန်ဟောင်၏ ထိုစွမ်းရည်သည် သူ လူငယ်ဘဝကတည်းက သူ့ထံတွင် ရှိခဲ့သည် စွမ်းရည်တစ်ခုနှင့် အလွန်ဆင်တူပေသည်။

အဘယ်ကြောင့် ထိုသို့ ဆင်တူရသနည်း။

ရီဖူရှင်းထံမှနေ၍ ပို၍ပင် ခက်ထန်သော အရှိန်အဝါတစ်ခု ထွက်လာခဲ့သည်။ သူ့ငွေလှံအထက်တွင် နတ်စွမ်းအား လည်ပတ်လာပြီး လှံဖျားသည် နတ်အလင်းနှင့် တောက်ပလာသည်။ ကြောက်မက်ဖွယ် ဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာသကဲ့သို့ပင်။

သူ ထပ်မံ တိုက်ခိုက်လိုက်သည်။

အချိန်နှင့်နေရာသည် ထိုတိုက်ခိုက်မှုကြောင့် တွန့်ခေါက်သွားသလိုပင်။ ထို့အပြင် လွန်စွာ ဖိအားကြီးသော အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာလေသည်။

သို့သော် အရှင်ဒွန်ဟောင်၏ တန်ပြန်တိုက်ခိုက်မှုသည် အလွန်တိကျပေသည်။ သို့ပေသည့် ဤတစ်ခေါက် ရီဖူရှင်း၏လှံသည် ရုတ်တရက် အလွန် လျင်မြန်လာပြီး အရင်ဆုံး ကျရောက်သွားသည်။

ထိုအခိုက်တွင် အရှင်ဒွန်ဟောင်သည် သူအမှားလုပ်ခဲ့မိပြီဟု ခံစားလိုက်ရ၏။ သို့ရာတွင် အမှန်တွင်မူ သူ၏အင်ပါယာမျက်လုံးများသည် အချိန်စီဆင်းနှုန်း ကွဲပြားမှုကို မြင်ခဲ့ပြီးဖြစ်သည်။

ဝုန်း...

ရီဖူရှင်း၏လှံ ကျဆင်းလာ၏။ ဤတစ်ခေါက်တွင်မူ သူ၏လှံသည် ပြိုင်ဘက်၏ လှံအတတ်၏ တွန်းထုတ်မှုကို မခံရတော့ဘဲ အစွမ်းကုန်ထုတ်၍ တိုက်နိုင်ခဲ့သည်။ ရုတ်ခြည်းအတွင်းမှာပင် ကြောက်မက်ဖွယ် ဝဲကတော့မုန်တိုင်းကြီးတစ်ခုသည် အရာအားလုံးကို ဝါးမျိုသွား၏။ နေရာတစ်ခုလုံးသည် ပြိုပျက်တော့မည်ဟု ထင်ရသည်။

အရှင်ဒွန်ဟောင်၏ လက်ထဲမှ လှံသည် အံ့အားသင့်ဖွယ် ကျိုးပျက်သွားပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ထို့နောက် ၎င်းသည် ဝဲကတော့မုန်တိုင်း၏ ဝါးမျိုမှုကို ခံလိုက်ရ၏။ ရီဖူရှင်း၏ တိုက်ခိုက်မှုသည် ‌ရှေ့သို့ ဆက်သွားနေ၏။ ၎င်းသည် အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်ထံသို့ ချဉ်းကပ်နေပေပြီ။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် ထုတ်ဖော်ခြင်းနတ်အလင်း ထွက်ပေါ်လာလေသည်။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ရီဖူရှင်း၏လှံသည် မမြင်ရသော အားတစ်ခု၏ တားဆီးမှုကို ခံလိုက်ရ၏။ ရီဖူရှင်း၏လက် တုန်ရင်သွားပြီး သူသည် ရှေ့သို့ ဆက်တိုးကာ သူ၏လှံကို လှည့်လိုက်သည်။ သူသည် ထုတ်ဖော်ခြင်းနတ်အလင်းကို ထိုးဖောက်လိုက်ပြီး အရှင်ဒွန်ဟောင်ထံသို့ တစ်လက်မချင်း တိုးဝင်နေသည်။

သူတို့နှစ်ဦးစလုံး ဤမျှ နီးနီကပ်ကပ်ရှိနေသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ အရှင်ဒွန်ဟောင်သည် သူ့ကို စူးစိုက် ကြည့်သည်။ ကြောက်မက်ဖွယ် မုန်တိုင်းသည် အရာအားလုံးကို ဝါးမျို ဆုတ်ဖြဲနေသော်လည်း အရှင်ဒွန်ဟောင်ကို မထိခိုက်စေပေ။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အကြွင်းမဲ့ခံစစ် ထွက်ပေါ်လာပြီး ရီဖူရှင်း၏ လှံစွမ်းအားသည် ရှေ့သို့ ဆက်မတိုးနိုင်တော့သည်အထိ အားနည်းလာလေသည်။

“အချိန်နဲ့နေရာကို တွန့်ခေါက်စေတာက ကောင်းကင်လမ်းစဉ်အသေးစားရဲ့ စည်းမျဉ်းတွေကို အဆုံးစွန်အထိ အသုံးချတာပဲ။ အဲဒီလှံအတတ်ကို ဘယ်လိုခေါ်လဲ”

အရှင်ဒွန်ဟောင်သည် သူနှင့် နီးကပ်နေသော ရီဖူရှင်းကို ကြည့်သည်။ သူသည် ပြန်မတိုက်ခိုက်လိုက်သည့်အပြင် မေးခွန်းတစ်ခုကို မေးလိုက်သေးသည်။

အမှန်တွင် အရှင်ဒွန်ဟောင်ထံ၌ ကြောက်မက်ဖွယ် စွမ်းအားများ ရှိသဖြင့် သူသည် ထိုအခိုက်တွင် ရီဖူရှင်းကို တိုက်ခိုက်နိုင်ပေသည်။ သို့သော် သူ မတိုက်ခိုက်လိုက်ပေ။ ထိုအစားသည် သူသည် ရီဖူရှင်းနှင့် ပုံမှန်အတိုင်း စကားစမြည် ပြောနေသကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် မေးခွန်းတစ်ခု မေးလိုက်လေသည်။

“လက်စဖျောက်...”

ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“လက်စဖျောက်”

အရှင်ဒွန်ဟောင်သည် အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြောလိုက်၏။

“အဲဒါက ငါ့ရဲ့လှံအတတ်ကို ဖျက်ဆီးနိုင်တာပဲ။ မဆိုးဘူး”

“ကျုပ် အစောကြီး လာမိခဲ့တာ နှမြောစရာပဲ။ တကယ်လို့ ကျုပ်ရဲ့ ကောင်းကင်လမ်းစဉ် ပြီးပြည့်စုံသွားပြီး ကျုပ် အင်ပါယာအဆင့်ကို ရောက်နေမယ်ဆိုရင် ကျုပ် ခင်ဗျားနဲ့ မျှတတဲ့ တိုက်ပွဲတစ်ပွဲကို တိုက်နိုင်လောက်တယ်”

ရီဖူရှင်း သက်ပြင်းချလိုက်သည်။ ယခုတွင် သူသည် အရှင်ဒွန်ဟောင်နှင့် အဆင့်မတူသေးပေ။

“ဒီတစ်ခေါက် လူသားဘိုးဘေးက ကျုပ်ကို တိုက်ပွဲထဲမှာ ပါဖို့ ဖိတ်ခေါ်ခဲ့တာပါ။ အဲဒါကြောင့် ကျုပ် ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ကောင်းကင်ဒေသကို ကျူးကျော်ခဲ့တာပါ။ ဒါပေမဲ့ ဒီကိစ္စတစ်ခုလုံးက ကျုပ်ကြောင့်ပါပဲ။ ကျုပ် ဒီနေရာမှာ သေသွားမလားဆိုတာ ကျုပ် မသိဘူး။ ဒါပေမဲ့ ရီအင်ပါယာနန်းတော်က ကျင့်ကြံသူတွေကို လွှတ်ပေးလိုက်ဖို့ ကျုပ် ခင်ဗျားကို တောင်းဆိုပါတယ်”

အရှင်ဒွန်ဟောင်သည် ရီဖူရှင်းသည် တည်ငြိမ်စွာ ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ...”

အရှင်ဒွန်ဟောင် သဘောတူလိုက်သည်ကို တွေ့လိုက်သောအခါ ရီဖူရှင်း၏ကိုယ်တွင်းရှိ နတ်စွမ်းအားသည် အပြင်းအထန် မြည်ဟည်းလာပြီး ပြင်းထန်သည့် တိုက်ခိုက်မှုကို ဆက်ထိန်းထားလိုက်သည်။ သူ့လက်ထဲရှိ လှံသည် ခံစစ်ကို ထိုးဖောက်လိုနေသည်။

ရီဖူရှင်းသည် မည်မျှ ဆုံးဖြတ်ချက်ပြတ်သား၍ ဇွဲနပဲကြီးကြောင်း တွေ့လိုက်ရသောအခါ အရှင်ဒွန်ဟောင်၏ တောက်ပသော မျက်လုံးများထဲတွင် အပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုအပြုံးသည် အလွန် သိမ်မွေ့ပြီး ‌တောက်ပပေသည်။ ထိုအပြုံးသည် ရန်ငြိုးရန်စ ရှိသူတစ်ယောက်၏ အပြုံးဟု မထင်ရချေ။

စွက်...

တိုးလျသော အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

ရီဖူရှင်း အံ့အားသင့်သွား၏။ သူသည် အရှင်ဒွန်ဟောင်၏ အပြုံးနောက်ကွယ်မှု အဓိပ္ပာယ်ကို နားလည်နိုင်ရန် ကြိုးစားနေချိန်မှာပင် အရှင်ဒွန်ဟောင် ပတ်ပတ်လည်ရှိ ခံစစ်အကာအရံသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထို့နောက် သူသိလိုက်သည်မှာ သူ၏လှံက အရှင်ဒွန်ဟောင်ကို ထိုးဖောက်သွားခြင်းကိုပဲ ဖြစ်လေသည်။

All Chapters