← Chapters

မင်း သူနဲ့တွေ့ခဲ့ပြီးပြီ

Vol. 202 Ch. 2879

မင်း သူနဲ့တွေ့ခဲ့ပြီးပြီ

Vol. 202 Ch. 2879

ဒွန်ဟောင်သည် နန်းစွန့်ခဲ့ပေပြီ။ ယခုတွင် အင်ပါယာအသစ်တစ်ပါး မွေးဖွားလာပြီဖြစ်သည်။

ကောင်းကင်ဒေသနှင့် ကုန်းမြေ(၁၈)ခုတို့သည် အနန္တကုန်းမြေတစ်ခုပေါ်တွင် တည်ရှိပြီး ထိုကုန်းမြေပေါ်တွင် သက်ရှိများစွာ နေထိုင်ကြလေသည်။ သူတို့အားလုံးသည် ကောင်းကင်ထက်တွင် ပဲ့တင်ထပ်နေသော အသံကို ကြားလိုက်သောအခါ မော့ကြည့်လိုက်ကြသည်။ ထိုအသံသည် လောကအပြင်ဘက်မှ ထွက်ပေါ်လာသော အသံဟုပင် ထင်ရသည်။ ထိုအသံသည် အရှင်ဒွန်ဟောင်၏အသံ ဖြစ်သည်။

ထိုအသံသည် မိုးချုန်းသံကဲ့သို့ပင်။ ကောင်းကင်ဒေသ၏ ပင်မကုန်းမြေပေါ်ရှိ ကျင့်ကြံသူများသည် မည်သည်ကို လုပ်နေသည်ဖြစ်စေ တစ်ခဏမျှ ရပ်တန့်သွားကြလေသည်။ သူတို့သည် အပြင်အထန် ရင်တုန်သွားကြသည်။

ထိုအခိုက်တွင် ကောင်းကင်ဒေသတစ်ခွင်လုံး လုံးဝတိတ်ဆိတ်သွားသည်။

မည်သူမှ စကားမပြောကြ၊ မည်သူမှ မကျင့်ကြံကြ၊ မည်သူမှ မတိုက်ခိုက်ကြပေ။

သို့သော် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင် အုပ်အုပ်ကြွက်ကြွက် ဖြစ်လာလေသည်။

မည်သည့်ကိစ္စများ ဖြစ်ပျက်နေခြင်းနည်း။

အရှင်ဒွန်ဟောင်သည် နန်းစွန့်ကာ ရီဖူရှင်းကို ပေးခဲ့ပေသည်။

သူတို့သိသလောက် မကြာသေးခင်ကမှ လူသားဘိုးဘေးသည် နတ်ဆိုးအင်ပါယာ၊ မိစ္ဆာအင်ပါယာနှင့် မှော်နက်အရှင်တို့နှင့်အတူ ကောင်းကင်ဒေသကို တိုက်ခိုက်ခဲ့သည်။ ရီဖူရှင်းမှာလည်း ရီအင်ပါယာနန်းတော်မှ အင်အားစုများကို ဦးဆောင်ကာ ဝင်ပါခဲ့သည်။ အဘယ်ကြောင့် အခြေအနေသည် ဤမျှ အကြီးအကျယ် ပြောင်းလဲသွားကြောင်းကို သူတို့ နားမလည်နိုင်ပေ။

ယခုတွင် ရီဖူရှင်းက ကောင်းကင်ဒေသ၏ ပလ္လင်ကို ဆက်ခံတော့ပေမည်။

အတိတ်က အင်ပါယာရီချင်၏ သေဆုံးမှုနောက်ကွယ်တွင် လျှို့ဝှက်ချက်များ ရှိခဲ့သည်။ အရှင်ဒွန်ဟောင်သည် ရွေးချယ်စရာမရှိသဖြင့် ထိုသို့ လုပ်ခဲ့ရခြင်းပင်။ သို့သော် သူသည် အဘယ်ကြောင့် ရီဖူရှင်းကို ပလ္လင်လွှဲပြောင်းပေးရသနည်း။ သို့မဟုတ် အရှင်ဒွန်ဟောင်သည် အပြစ်ရှိစိတ်ကြောင့် ပလ္လင်ကို အင်ပါယာရီချင်၏ ဆက်ခံသူကို ပြန်ပေးခဲ့ခြင်းလော။

လူများစွာသည် ခန့်မှန်း ပြောဆိုနေကြသည်။ ထိုကြေညာချက်သည် အားလုံးကို မှင်တက်သွားပြီး အလွန်အံ့အားသင့်သွားစေဖြင့် သူတို့သည် ခေတ္တမျှ မည်သို့မှ မတုံ့ပြန်နိုင်ခဲ့ပေ။ အရာအားလုံးသည် လျင်မြန်စွာ ဖြစ်ပျက်နေသဖြင့် သူတို့သည် ဤသို့ဖြစ်လာမည်ကို မမျှော်လင့်ခဲ့ချေ။

“ကောင်းကင်က ပြောင်းလဲနေတယ်”

တစ်စုံတစ်ယောက်က ကောင်းကင်သို့ ကြည့်၍ အံ့ဩတကြီး ပြောလိုက်၏။

ကောင်းကင်ဒေသတွင် ကောင်းကင်သည် ပြောင်းလဲနေပေပြီ။

ကောင်းကင်ဒေသသာမဟုတ်၊ ခေတ်တစ်ခေတ်လုံး ပြောင်းလဲ‌တော့မည့်ပုံပင်။

ဤတစ်ခေါက် ကောင်းကင်ဒေသရှိ ပြောင်းလဲမှုစွမ်းအားသည် သူတို့မြင်ရသည်ထက် ပိုပေသည်။

အကယ်၍ ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုမှ ကျင့်ကြံသူများပင် ထိုမျှ အံ့အားသင့်နေလျှင် ဤအခိုက်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းရှိ ကျင့်ကြံသူများ၏ တုံ့ပြန်မှုသည် မည်သို့ဖြစ်နေမည်ကို တွေးကြည့်နိုင်လေသည်။

ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းရှိ အရေးပါသူမျာသည် ထိုအသံကြောင့် အံ့အားသင့်သွားကြသည်။ ထိုသူများထဲတွင် အရှင်ဒွန်ဟောင်၏ တပည့်ရင်းများလည်း ပါပေသည်။

လူပေါင်းများစွာသည် အင်ပါယာနန်းတော်၏ အမြင့်ဆုံးနေရာကို ကြည့်လိုက်ကြ၏။ သူတို့သည် ဆွံ့အနေကြသည်။ သို့သော် ခေတ္တမျှ ကြာပြီးနောက် အကြီးအကဲအချို့သည် ရုတ်တရက် သဘောပေါက်သွားဟန်များ ပေါ်လာကြ၏။ ရီဖူရှင်းတစ်ယောက် ယခုအထိ ရှင်သန်နိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။ ထိုအခိုက်တွင် သူတို့၏ရင်ထဲရှိ သံသယအချို့ ရှင်းလင်းသွားသည်။

မည်သို့ပင်ဖြစ်စေ အချို့သည် သိပ်၍ ကျေနပ်ဟန် မပေါ်ချေ။

ဥပမာအနေဖြင့် ရှေးဟောင်းနတ်ဘုးရာများမှ ရှေးဟောင်းအင်ပါယာလေးပါးသည် မကျေနပ်ကြပေ။

အရှင်ဟောင်ထျန်း၊ အရှင်ယွမ်ရှစ်၊ အရှင်ဝူလျန့်နှင့် ကောင်းကင်အင်ပါယာကျန်းတို့သည် မျက်နှာဖြူဖျော့သွားသည်။ အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို ကောင်းကင်‌ဒေသတွင် သဘောရှိလုပ်ခွင့်ပြုထားခြင်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။ ထိုအခိုက်တွင် သူတို့သည် အမှန်တရားကို သိလိုက်ရပြီဖြစ်၍ သူတို့အတွက် အရာအားလုံး ပြီးဆုံးသွားပြီဟု သဘောပေါက်သွားသည်။

အရာအားလုံး ပြီးဆုံးသွားပေပြီ။

သူတို့သည် သူတို့အလိုရှိသလို ရီဖူရှင်းသေဆုံးသည်ကို မြင်ရတော့မည် မဟုတ်ပေ။ ထိုအစား သူတို့သည် သူ ကောင်းကင်ဒေသ၏ ပလ္လင်ကို ဆက်ခံသည်ကို မြင်ခဲ့ရသည်။ ဤတစ်ကြိမ်တွင် သူတို့သည် ခုခံရန် အခွင့်အရေးမရှိတော့ပေ။

သူတို့သာမဟုတ် အခြားသူများသည်လည်း ကုန်းမြေ(၁၈)ခုတွင် ရီဖူရှင်းကို အခက်တွေ့အောင် လုပ်ခဲ့ဖူးသည်။ အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်နှင့် ရှန့်ချင်းကုန်းမြေ၏ ကုန်းမြေသခင်တို့ကဲ့သို့သော သူများဖြစ်သည်။ သူတို့သည် အစွမ်းများစွာ တိုးတက်လာခဲ့သည်ကား မှန်၏။ သို့သော် ရီဖူရှင်းအရှေ့တွင်မူ သူတို့သည် ဘာမှမဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ ယခုတွင် ရီဖူရှင်းသည် ပလ္လင်ကို ဆက်ခံခဲ့ပြီဖြစ်သည်။ သူတို့သည် သူ၏အမိန့်အောက်သို့ ရောက်တော့မည်ဖြစ်သည်။

သူတို့အတွက် ထိုသတင်းသည် စိတ်ပျက်စေသော သတင်းဖြစ်သည်။

နတ်ဆိုးအင်ပါယာသည် ခေါင်းမော့၍ အရှင်ဒွန်ဟောင်ဘက်သို့ ကြည့်လိုက်၏။ သူ ရုတ်တရက် ရယ်လိုက်လေသည်။ သူ အရင်တစ်ခေါက်က အရှင်ဒွန်ဟောင်ထံမှ သတင်းအချက်အလက် ရနိုင်ရန် ဒွန်ဟောင်အင်ပါယာနန်း‌တော်သို့ လာခဲ့သည်ကို ပြန်အမှတ်ရသွားသည်။ သူတို့သည် ရီဖူရှင်းတစ်ယောက် အရှင်ဟောင်ထျန်းနှင့် အရှင်ယွမ်ရှစ်တို့နှင့် တိုက်ခိုက်နေသည်ကို ကြည့်ရင်း စကားပြောခဲ့ကြသည်။ သူသည် အရှင်ဒွန်ဟောင်ကို ရီဖူရှင်းအကြောင်း မေးခဲ့သည်။ အရှင်ဒွန်ဟောင်သည် ရီဖူရှင်းက သူ့ကို ယှဉ်နိုင်ကြောင်း‌ ပြောခဲ့သည်။

နောက်တွင် သူသည် ဒွန်ဟောင်ကို အင်ပါယာရီချင်၏ ဆက်ခံသူကို ပလ္လင်ပြန်ပေးလောက်သည်အထိ အပြစ်ရှိသလို ခံစားနေရသလောဟု မေးခဲ့သည်။ အရှင်ဒွန်ဟောင်က အပြစ်ရှိစိတ်အနည်းငယ် ရှိသော်လည်း သူတွေးထားသလို မဟုတ်ဟု ပြန်ပြောခဲ့လေသည်။

အမှန်ပင် ကိစ္စများသည် နတ်ဆိုးအင်ပါယာ တွေးထားခဲ့သည်ထက် ရှုပ်ထွေးကာ စိတ်ဝင်စားစရာကောင်းပေသည်။ ကိစ္စများသည် သူ့ကို အံ့အားသင့်စေခဲ့သည်ဟုပင် ပြောနိုင်ပေသည်။

“ဒီနေ့အတွက် မင်းတို့က နှစ်(၂၀၀)လောက် ပြင်ဆင်ခဲ့တာပဲ။ ပြီးတော့ အင်ပါယာရီချင်းကလည်း ဒီအကြံအစဉ်အတွက် အသက်ကိုတောင် စတေးလိုခဲ့တယ်။ အဲဒါက မင်းတို့ရဲ့ ယုံကြည်မှုပဲ”

နတ်ဆိုးအင်ပါယာက သရော်လိုသောမျက်ဝန်းများဖြင့် ပြောလိုက်၏။

“ယူချင်းတောင် မင်းတို့ရဲ့အကြံအစဉ်ထဲက တစ်စိတ်တစ်ပိုင်းထက် မပိုဘူး။ မင်းလုပ်ခဲ့တာတွေအားလုံးက ရီဖူရှင်းကို ကူညီဖို့အတွက်ပဲလို့ ငါ့ကို ပြောချင်တာလား”

ယူချင်းသည် သူ့အဖေကို ကြည့်သည်။ နတ်ဆိုးအင်ပါယာပြောလိုက်သောစကားသည် အမှန်ပင် သူ့အဖေ သူငယ်စဉ်က ပြောခဲ့သော စကားများဖြစ်သည်။ သူသည် ရီဖူရှင်းအတွက် မွေးဖွားလာခြင်းဖြစ်သည်။ သူသည် ရီဖူရှင်းကို ကူညီရန်အတွက် မွေးဖွားလာခြင်းပင်။

ထိုအခိုက်တွင် သူသည် ကွဲပြားသော အဖြေတစ်ခုကို မျှော်လင့်နေမိသည်။

“မဟုတ်ဘူး...”

သူ့အဖေသည် ယူချင်းကိုကြည့်ကာ ဆက်ပြောလိုက်၏။

“အဲဒီလို မဟုတ်ဘူး။ ယူချင်းက သမိုင်းဖန်တီးတဲ့သူ ဖြစ်လာမှာ။ သူက ‌ကောင်းကင်နဲ့ မြေကြီကြားက အနာဂတ်စည်းမျဉ်းတွေကို ထိန်းချုပ်သူဖြစ်လာပြီး လောကထဲက ဒီမွန်းတွေကို အုပ်စိုးရတဲ့သူဖြစ်လာမှာ။ ဖူရှင်းက သူ့ကို အမြဲ ညီအစ်ကိုလို ဆက်ဆံခဲ့တာပဲ”

“အဲဒီလိုလား...”

နတ်ဆိုးအင်ပါယာ၏ မျက်လုံးများထဲတွင် ထေ့ငေါ့သည့်အရိပ်အယောင်များ ပြည့်နှက်နေသည်။ ထိုမျက်လုံးနက်များသည် အရာအားလုံးကို ဖောက်မြင်နိုင်သကဲ့သို့ပင်။ သူပြောလိုက်၏။

“တာဝန်တစ်ခုနဲ့ မွေးဖွားလာတဲ့သူတစ်ယောက်က မင်းတို့ရဲ့ ယုံကြည်မှုတွေကို ဖြည့်စည်းပေးဖို့ မွေးဖွားလာရတာပဲ... သူက မင်းတို့ရဲ့ နယ်ရုပ်မဟုတ်ဘူးဆိုရင် သူ့ကို မင်းတို့ ဘယ်လိုခေါ်ကြလဲ”

“လောကထဲက ဒီမွန်းတွေကို အုပ်စိုးနိုင်ဖို့လောက်ကတော့ သူ ဘယ်သူ့ကိုမှ ဦးညွှတ်၊ ဘယ်သူ့ကိုမှ အညံ့ခံစရာမလိုဘဲ လုပ်နိုင်ပါတယ်”

ယူချင်း၏ အဖေသည် မငြင်းလိုက်ပေ။ သူသည် ယူချင်းကို နှစ်သိမ့်ရန် လိမ်ညာခဲ့သည်။

နတ်ဆိုးအင်ပါယာပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ယူချင်းသည် ရည်ရွယ်ချက်တစ်ခုဖြင့် မွေးဖွားလာခြင်းပင်။ သို့သော် ထိုသို့မွေးဖွားလာသူမှာ ယူချင်းသာမဟုတ်ပေ။ ဒွန်ဟောင်တိယွမ်လည်း ထို့အတူပင်ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် ရီဖူရှင်းကို ကူညီရန် မွေးဖွားလာခြင်းပင်။

ထိုအမှန်တရားသည် ယူချင်းအတွက် လက်ခံရန် ခက်ခဲပေလိမ့်မည်။ သို့သော် ကိုယ်တိုင်စတေးခံစေကာမူ အချို့ကိစ္စများကို လက်ခံရပေမည်။

အင်ပါယာရီချင်သည် ထိုအကြံအစဉ်အတွက် သေရန်ပင် ဆန္ဒရှိခဲ့သည်။

“မင်းရဲ့ ကိုယ်တွင်းမှာ ဒီမွန်းသွေးတွေ အမြဲစီးဆင်းနေခဲ့တာ... ပြီးတော့ မင်းလိုမျိုး သွေးအေးပြီး ရက်စက်တဲ့သူတစ်ယောက်က ဘယ်လိုတန်ကြေးပဲပေးရရ ကိုယ့်ရဲ့ယုံကြည်ချက်ကို ပြီးမြောက်အောင် လုပ်တယ်ဆိုတော့ မင်းအပေါ် သူ့ရဲ့ လွှမ်းမိုးနိုင်မှုက တကယ့်ကို ထူးကဲတာပဲ”

နတ်ဆိုးအင်ပါယာက လေသံတိုးတိုးဖြင့် မှတ်ချက်ပြုလိုက်သည်။ သူသည် ကောင်းကင်မင်းသမီးက အရှင်ဒွန်ဟောင်၊ အင်ပါယာရီချင်နှင့် သူ၏ညီတော်တို့ကိုပင် သူမအတွက် အတူပူးပေါင်းလုပ်ဆောင်စေခဲ့သဖြင့် သူမသည် မည်သို့သော သူမျိုးဖြစ်ကြောင်း အမှန်ပင် စိတ်ဝင်စားနေလေသည်။

နတ်ဆိုးအင်ပါယာသည် ထိုသို့ပြောလိုက်ပြီးနောက် နောက်လှည့်ကာ ပြောလိုက်၏။

“သွားကြစို့”

ယူချင်းသည် သူ၏အဖေကို ကြည့်ကာ ခေတ္တမျှ ချီတုံချတုံ ဖြစ်သွားသည်။ ထို့နောက် သူသည်လည်း နောက်လှည့်ကာ နတ်ဆိုးအင်ပါယာနောက်သို့ လိုက်သွားသည်။

ယူချင်း၏အဖေသည် ယူချင်းထွက်သွားသည်ကို ကြည့်နေသော်လည်း အနည်းငယ်မှပင် စိုးရိမ်ဟန် မပြချေ။ ယူချင်းသည် ကလေးအရွယ်ကတည်းက သူ့ကို မုန်းခဲ့ကြောင်း သူသိပေသည်။

ယူချင်းသည် သူ့ကို မုန်းနိုင်၏။ သူသည် ယူချင်းထံမှ အမုန်းတရားများကို ခံယူရန် ဆန္ဒရှိပေသည်။

သို့သော် ဤနှစ်များအတွင်း၌ ကိစ္စတစ်ခုကို နားလည်ခဲ့သည်။ ယူချင်းသည် သူ့ကို မည်မျှမုန်းစေကာမူ ယူချင်းအရှေ့တွင် ရီဖူရှင်းပေါ်လာလျှင် ယူချင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမည်ဖြစ်သည်။

သူသည် လူအချို့ကို မမုန်းနိုင်ပေ။

သူ နောက်လှည့်လိုက်ပြီး ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းသို့ လျှောက်သွားသည်။

ထိုအချိန်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်း၌ လူများစွာသည် တစ်နေရာသို့ ဦးတည်သွားနေကြသည်။ သူတို့သည် အင်ပါယာအသစ်ကို နှုတ်ဆက်ရန် သွားနေကြခြင်းပင်။

ရီဖူရှင်းသည် နတ်ပလ္လင်အောက်တွင် ရှိနေ၏။ သူသည် ခေါင်းမော့၍ လှေကားထစ်များပေါ်ရှိ အရှင်ဒွန်ဟောင်ကို ကြည့်သည်။ ထိုအခိုက်တွင်ပင် သူသည် စိတ်မတည်ငြိမ်သေးပေ။ ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် သူ့အတွက် အံ့အားသင့်စရာ ကောင်းနေသည်။ ပြီးခဲ့သော နှစ်(၂၀၀)အတွင်း၌ သူသည် အလိမ်အညာများနှင့် ရှင်သန်ခဲ့ရလေသည်။

အရှင်ဒွန်ဟောင်သည် ဤသို့ ပလ္လင်လွှဲပြောင်းပေး၍ ရီဖူရှင်းအပေါ် အပြစ်ရှိစိတ်ကို ချေဖျက်လိုနေသည်။ သို့သော် ထိုကိစ္စသည် သူ့အပြစ်မဟုတ်ကြောင်း သူသိလေသည်။ သို့ဆိုလျှင် မည်သူ၏ အပြစ်ပေနည်း။

အရှင်ဒွန်ဟောင်သည် နတ်ပလ္လင်ဘေးတွင် တိတ်တဆိတ်ရပ်နေ၏။ သူသည် ရီဖူရှင်းကို မလောပေ။ သူသည် ရီဖူရှင်းကို တည်ငြိမ်စွာ ကြည့်နေပြီး ရီဖူရှင်းသည် သူပိုင်ဆိုင်သည့် နတ်ပလ္လင်ပေါ်သို့ တက်လာမည်ကို စောင့်ဆိုင်းနေလေသည်။

“သူ ရှိနေသေးလား”

ရီဖူရှင်းသည် အရှင်ဒွန်ဟောင်ကို ကြည့်၍ မေးလိုက်သည်။

ရီဖူရှင်း မေးသောသူမှာ မည်သူဖြစ်ကြောင်း အရှင်ဒွန်ဟောင်သိပေသည်။

“အင်း... သူက အမြဲရှိနေခဲ့ပြီး မင်းကို စောင့်နေခဲ့တယ်။ မင်း သူနဲ့ တွေ့ခဲ့ပြီးပါပြီ”

အင်ပါယာဒွန်ဟောင်သည် ရီဖူရှင်းကို ပြန်ကြည့်၍ ပြောလိုက်လေသည်။

All Chapters