← Chapters

ကောင်းကင်လမ်းစဉ်က သေဆုံးခဲ့ပြီ၊ ဖူရှင်း အုပ်စိုးရမယ်

Vol. 202 Ch. 2880

ကောင်းကင်လမ်းစဉ်က သေဆုံးခဲ့ပြီ၊ ဖူရှင်း အုပ်စိုးရမယ်

Vol. 202 Ch. 2880

သူတို့ တွေ့ဆုံခဲ့ဖူး၏။

ရီဖူရှင်း တွေးတောလိုက်သည်။ ထိုအခိုက်တွင် သူ့စိတ်ထဲတွင် ပုံရိပ်များစွာ ထွက်ပေါ်လာ၏။

လွန်ခဲ့သော နှစ်ပေါင်း(၂၀၀)ကျော်က သူ၏အမေဖြစ်သော ကောင်းကင်မင်းသမီးသည် ရောက်လာမည့် အန္တရာယ်ကို ကြိုမြင်ခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းကိစ္စများ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ကောင်းကင်မင်းသမီးကိုယ်တိုင်လည်း ကျဆုံးခဲ့သည်။

သို့သော် ယခုတွင် အရှင်ဒွန်ဟောင်က သူမသည် အမြဲရှိနေခဲ့သည်ဟု ပြောခဲ့လေသည်။ ရီဖူရှင်းသည် သူမနှင့် တွေ့ဆုံခဲ့ပြီးပြီဟုပင် ပြောလေသည်။

သို့ဆိုလျှင် ဖြစ်နိုင်ချေတစ်ခုသာ ကျန်တော့လေသည်။ ထိုဖြစ်နိုင်ချေမှာ သူမသည် လောကထဲတွင် အခြားပုံစံတစ်ခုအနေဖြင့် တည်ရှိနေခြင်းဖြစ်ပေမည်။

“ဆက်နွယ်မှုရှိ‌နေတာ အံ့ဩစရာ မရှိတော့ပါဘူး”

ရီဖူရှင်းက အရှင်ဒွန်ဟောင်ကိုကြည့်၍ ရင်ထဲမှ မှတ်ချက်ပြုလိုက်သည်။

“ကောင်းကင်ဘုံက ကောင်းကင်(၉၉)လွှာမြောက်က အဲဒီကောင်းကင်လမ်းစဉ်”

“အင်း...”

အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်သည်။

“အတိတ်တုန်းက သူက သူ့ရဲ့ကောင်းကင်လမ်းစဉ်ကို အရာအားလုံးကို ကြီးထွားစေနိုင်တဲ့ ရှေးဟောင်းသစ်ပင်အဖြစ် ပြောင်းလဲခဲ့တယ်။ နောက်တော့ သူက ကောင်းကင်လမ်းစဉ်ရဲ့ ဝိညာဉ်ကို မင်းရဲ့ကိုယ်ထဲကို ထည့်ပေးခဲ့တယ်။ အဲဒါက မင်းရဲ့ စိတ်ဝိညာဉ်ဖြစ်လာပြီး မင်း ကြီးပြင်းလာတဲ့တစ်လျှောက် မင်းကို အဖော်ပြုပေးခဲ့တာပဲ။ သူက လောကထဲမှ ဆက်ရှိနေဖို့ သူ့ကိုယ်သူ မပြီးပြည့်စုံတဲ့ ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းပစ်လိုက်တယ်။ အဲဒါက တခြားသူတွေ သံသယဝင်တာကို ရှောင်ရှားဖို့ပဲ”

“အဲဒီကို အင်ပါယာ‌ခြောက်ပါး ရောက်မလာခဲ့တာ အံ့ဩစရာ မရှိတော့ဘူး”

ရီဖူရှင်း ရေရွတ်လိုက်သည်။ ထိုကောင်းကင်လမ်းစဉ်သည် အသိစိတ်ဝိညာဉ်ရှိကြောင်း အားလုံးသိကြသည်။ မဟုတ်လျှင် ၎င်းသည် ထိုကဲ့သို့ နတ်ပစ္စည်းများ ချပေးခဲ့မည် မဟုတ်ပေ။ သို့သော် ထိုကောင်းကင်လမ်းစဉ်၏ အသိစိတ်သည် လောကအတွင်းရှိ အထူးချွန်ဆုံး အမျိုးသမီးဖြစ်သည့် သူ့အမေ၏ အသိစိတ်ဖြစ်နေလိမ့်မည်ဟု ရီဖူရှင်း အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

ထိုအခိုက်တွင် ရီဖူရှင်းသည် သူ၏ရင်ထဲမှ စူးရှသော ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရ၏။ သူတို့သည် တွေ့ဆုံးခဲ့ပြီးပေပြီ။

“ဒီတော့ ကျိဝူတောက်က နယ်ရုပ်တစ်ရုပ်လား”

ရီဖူရှင်း မေးလိုက်၏။

“ဟုတ်တယ်”

အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်သည်။

“ကျိဝူတောက်က အမြဲ အစီအစဉ်ထဲမှာ ပါခဲ့တယ်။ တိယွမ်နဲ့ ယူချင်းတို့လိုပဲ သူတို့က ကောင်းကင်နဲ့ မြေကြီးကြားက စည်းမျဉ်းကို အုပ်ချုပ်မယ့် အနာဂတ်အုပ်ချုပ်သူတွေပဲ။ တစ်ချိန်တည်းမှာပဲ အာရုံလွှဲဖို့အတွက် သူတို့ကို အသုံးချရတယ်။ အဲဒါမှ တခြားသူတွေက ကျိဝူတောက်က ကောင်းကင်ကို တပ်မက်တဲ့သူလို့ ထင်သွားကြမှာ။ တကယ်လည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှ အားလုံးက အဲဒီလို ထင်ခဲ့ကြတာပဲ”

“လောကကြီးတင် အဲဒီလိုထင်တာ မဟုတ်ဘူး... ကျိဝူတောက် ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တယ်။ သူ့ရဲ့ တိုးတက်နှုန်းက အားလုံးထင်ထားတာထက် ပိုပြီး သာလွန်ခဲ့တယ်။ ကျိဝူတောက်က ပရမ်းပတာကောင်းကင်ဝါးမျို အတတ်ကို ပြီးမြောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။ အဲဒီအတတ်က တခြားသူတွေရဲ့ စွမ်းရည်တွေကို ဝါးမျိုစုပ်ယူပြီး ကိုယ့်ရဲ့စွမ်းရည်တွေဖြစ်သွားအောင် လုပ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ နတ်အတတ်တစ်ခုပဲ။ ပိုပြီးတိတိကျကျပြောရရင်တော့ ကျိဝူတောက်က ကျားခုံက လွတ်သွားခဲ့တဲ့ နယ်ရုပ်တစ်ရုပ်ပေါ့”

အရှင်ဒွန်ဟောင် ဆက်ပြောလိုက်၏။

“တကယ်လို့ သူသာ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးရင် သူက ကောင်းကင်အင်ပါယာရဲ့ ပလ္လင်ကို ဆက်ခံခဲ့ရရင်တောင် မင်း သူ့ကို အသုံးချနိုင်ဦးမှာပဲ။ သူက ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးဆိုရင်တော့ သူ့ကို အစားထိုးပစ်ရမှာပေါ့။ ဖူရှင်း... မင်းကမှ ကောင်းကင်အင်ပါယာအစစ်ပဲ”

ရီဖူရှင်းသည် အရှင်ဒွန်ဟောင် သူ့ကို ပြောသည့်စကားကို ကြားလိုက်‌သောအခါ ဝမ်းသာမသွားပေ။ ထိုအစား သူသည် ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရ၏။

ဒွန်ဟောင်တိယွမ်၊ ယူချင်းနှင့် ကျိဝူတောက်တို့အားလုံးသည် သူနှင့် သက်တူရွယ်တူများဖြစ်သည်။

အရှင်ဒွန်ဟောင် ပြောသည်များသာ အမှန်တရားဖြစ်ပါက သူတို့အားလုံးသည် တူညီသော ရည်ရွယ်ချက်တစ်ခုအတွက် မွေးဖွားလာခြင်းဖြစ်သည်။ သူတို့အားလုံးသည် ဤကစားပွဲတွင် နယ်ရုပ်များဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ကစားခံနေရပေသည်။

သို့သော် အရှင်ဒွန်ဟောင်သည် ကစားပွဲကို ပြောင်းခဲ့သည်။ သူ၏လုံခြုံမှုအတွက် သူနှင့် ဒွန်ဟောင်တိယွမ်သည် သူတို့၏ဇစ်မြစ်ကို ပြောင်းလဲခဲ့ရသည်။ ထိုအကြောင်းကို အင်ပါယာရီချင်းပင် မသိခဲ့ချေ။ ထို့ကြောင့် အင်ပါယာရီချင်သည် သူ၏စိတ်ဝိညာဉ်ကို ကြည့်ပြီးနောက်တွင် အလွန်ဝမ်းနည်းသွားရခြင်းဖြစ်သည်။

အားလုံးသည် သူ့အတွက် မွေးဖွားလာခဲ့ခြင်းပင်။

ထိုအချက်သည် ဒွန်ဟောင်တိယွမ်၊ ယူချင်းနှင့် ကျိဝူတောက်တို့အတွက် မည်မျှ ဝမ်းနည်းစရာကောင်းသနည်း။

“ဒီတော့ ချန်ယိကလည်း အတူတူပဲလား”

ရီဖူရှင်းသည် ကုန်းမြေ(၁၈)ခုထဲမှ မဟာအလင်းကုန်းမြေတွင် ဖြစ်ပျက်ခဲ့သည်များကို တွေးမိသွားသည်။ ထို့အဖြစ်အပျက်များကြောင်း မျက်မမြင်ချန်သေခဲ့ရသည်။ ယခုတွင် အရှင်ဒွန်ဟောင်က ထိုအဖြစ်အပျက်များကို စီစဉ်ခဲ့သည်ဟု သူထင်မိသည်။

အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

“မင်းဆီမှာ တခြားမေးခွန်းတွေ ရှိသေးလား”

“ချင်းယောင်ကျတော့ရော”

ရီဖူရှင်း မေးလိုက်သည်။

“ဒီက ဒီကိစ္စထဲမှာ မပါဘူး”

အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်၏။

“ရီချင်းယောင်က မတော်တဆမှုတစ်ခုပဲ... အစီအစဉ်ထဲမှာ အမှောင်ထုရဲ့ရင်သွေး မပါဘူး”

“ဒါဆို အစီအစဉ်ထဲမှာ ဆရာသခင်ရော ပါလား”

ရီဖူရှင်း ထပ်မေးလိုက်သည်။

“ဆရာသခင်က ထူးဆန်းတဲ့သူတစ်ယောက်ပဲ”

အရှင်ဒွန်ဟောင် ပြောလိုက်၏။

“တချို့ကိစ္စတွေ ပြီးမြောက်ခဲ့တာက ငါ ဆရာသခင်ကို လုပ်ခိုင်းခဲ့လို့ပဲ”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သို့ဆိုလျှင် သူသည် လေးမျက်နှာကျေးရွာကို တာဝန်ယူရသူတစ်ယောက် ဖြစ်ခဲ့ခြင်းမှာ အံ့ဩစရာမရှိတော့ပေ။

“ဒီလို အစီအစဉ်အကြီးကြီး ချထားတာဆိုတော့ ရန်သူက ဘယ်သူလဲ”

နောက်ဆုံးတွင် ရီဖူရှင်း မေးလိုက်သည်။

“သူ(မ)ကို ဘယ်သူက ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့တာလဲ။ ပြီးတော့ ဘာလို့ အင်ပါယာရီချင်က သေဖို့လိုခဲ့တာလဲ။ ပြီးတော့ ဘာလို့ အင်ပါယာရီချင်ဘက်က အုပ်စုအကုန်လုံးကို ရှင်းပစ်ခဲ့ရတာလဲ”

ကောင်းကင်ဒေသ စည်းလုံးပြီးနောက် နှစ်(၃၀၀)အကြာတွင် အင်ပါယာနှစ်ပါးကြားမှ စစ်ပွဲဖြစ်ပေါ်လာခဲ့ပြီး အင်ပါယာရီချင်ဘက်မှ အုပ်စုအားလုံး ရှင်းပစ်ခံခဲ့ရသည်။ ထိုတိုက်ပွဲတွင် သွေးများသည် မြစ်တစ်စင်းကဲ့သို့ပင် စီးဆင်းသွားအောင် များပြားခဲ့သည်ဟု ဆိုကြသည်။ အသတ်ခံရသူမှာ အင်ပါယာရီချင်သာ မဟုတ်ပေ။ ထိုတိုက်ပွဲထဲတွင် မဟာဒီမွန်းများစွာလည်း အသတ်ခံလိုက်ရပြီး ဒီမွန်းဘုံတွင် ဒီမွန်းအရေအတွက် သိသိသာသာ လျော့ချသွားခဲ့သည်ဟု ယုံကြည်ကြသည်။

အဓိကကျသူအနည်းငယ်သာ အမှန်တရားကိုသိပြီး အသေခံလိုခဲ့ခြင်းဖြစ်မည်။ သူတို့ထဲမှ အများစုမှာမူ အမှန်တရားကို မသိဘဲ အစီအစဉ်ကြောင့် ထိခိုက်ခဲ့ရသူများဖြစ်ပေမည်။

ထိုလူများအတွက် ထိုလုပ်ရပ်သည် မယုံနိုင်လောက်အောင် ရက်စက်လွန်း၏။ တစ်ချိန်က သူတို့သည် ကောင်းကင်ဒေသကို တည်ထောင်ခဲ့သူများဖြစ်ခဲ့သည်။ သို့သော် သူတို့သည် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို ထိုမေးခွန်းကိုကြားသောအခါ မျက်နှာထား ရှုပ်ထွေးသွားသည်။ ထိုအရာသည် သူ့ရင်ထဲတွင် နှစ်ပေါင်းများစွာ ခံစားနေခဲ့ရသော နာကျင်မှုဖြစ်သည်။ သူသည် ထိုအရာကို ရင်မဆိုင်လိုပေ။ အကယ်၍ သူ့တွင်သာ ‌ရွေးချယ်စရာရှိခဲ့လျှင် သူသာ သေလိုခဲ့သည်။

“အဲဒီမေးခွန်းကို သူ့အစား ငါဖြေပေးပါမယ်”

အသံတစ်သံက ပြောလိုက်၏။

ရီဖူရှင်း နောက်လှည့်ကြည့်လိုက်ရာ ရင်းနှီးသူတစ်ယောက်သည် သူတို့ထံသို့ လာနေသည်ကို သူမြင်လိုက်ရလေသည်။

ရီဖူရှင်းသည် ထိုသူကို မြင်သောအခါ အနည်းငယ် ရင်တုန်သွားသည်။ သို့သော် သူသည် ထိုသူကို သူခေါ်နေကြအတိုင်း မခေါ်နိုင်တော့ပေ။

ယခုတွင် သူသည် ခါးကုန်းကုန်း အဘိုးအိုတစ်ယောက် မဟုတ်တော့ချေ။ သူ့ထံမှနေ၍ အေးစက်သော အရှိန်အဝါတစ်ခု ထွက်နေပြီး သူ၏မျက်လုံးများသည် ကျောစိမ့်ဖွယ်ဖြစ်နေပြီး ရက်စက်မှုနှင့် ‌ရောပြွမ်းနေသည်။ ထိုမျက်လုံးများသည် ရီဖူရှင်းကို ကြည့်လိုက်၏။

“မင်းရဲ့အမေက လောကကြီးရဲ့ စည်းမျဉ်းကို ပြန်လုပ်ပြီး ပရမ်းပတာခေတ်ကို အဆုံးသတ်ချင်ခဲ့တာ။ ဒါပေမဲ့ လောကကြီးကို ပြောင်းလဲနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက လောကကြီးကို တိုက်ရိုက်ထိန်းချုပ်နိုင်ခွင့်ရဖို့ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူက ရလဒ်ကို ခန့်မှန်းပြီးခဲ့ပြီ။ အဲဒါကြောင့် သူမကျဆုံးခင်ကတည်းက အစီအစဉ်က ရှိနေခဲ့ပြီ။ ကွဲပြားသွားတာ တစ်ခုက အဲဒီအချိန်တုန်းက အစီအစဉ်က ဒီလောက်မကြီးသေးဘူး။ ကိစ္စနည်းနည်းလောက်ကိုပဲ လုပ်ပြီးသေးတယ်။ သူကျဆုံးသွားပြီးနောက်မှာ အစီအစဉ်က စပြီး ပုံပေါ်လာခဲ့တာပဲ...”

“သူ သေသွားတာကတော့... ရန်သူက ဘယ်သူဆိုတာ ငါတို့ အခုထိ မသိရသေးဘူး။ ဒါပေမဲ့ ငါတို့ သိသလောက်ကတော့ လူသားဘိုးဘေးဖြစ်ဖို့များတယ်။ အဲဒီလူသားဘိုးဘေးဆိုတာ ဒီနေ့ မင်းတွေ့ရဲ့ လူသားဘိုးဘေးတော့ မဟုတ်ဘူးပေါ့”

ရီဖူရှင်း၏ မွေးစားအဖေသည် ရီဖူရှင်းကိုကြည့်ကာ ဆက်ရှင်းပြလိုက်သည်။

“အတိတ်တုန်းက ရန်သူကလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး အိပ်မောကျသွားခဲ့တယ်။ ဒီနေ့ခေတ် မင်းမြင်ရတဲ့ လူသားဘိုးဘေးက လောကထဲက လူသားဘိုးဘေးကို ကိုယ်စားပြုတဲ့သူတစ်ယောက် ဖြစ်မှာပဲ”

ရီဖူရှင်းသည် ရင်ထဲတွင် အလွန်အံ့အားသင့်သွားသည်။ လူသားဘိုးဘေးသည် လူသားဘုံ၏ ဘိုးဘေးဖြစ်ပြီး လောကစည်းမျဉ်းကို တာဝန်ယူရပေသည်။ သူ့နောက်ကွယ်တွင် ထိုကဲ့သို့ နက်ရှိုင်းသည့် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်ပါမည်လော။

“မင်းရဲ့အမေ ကျဆုံးသွားပြီးတော့ ရန်သူတွေက လက်မလျှော့သေးဘဲ ကောင်းကင်ဒေသမှာ အင်ပါယာနှစ်ပါးမရှိသင့်ဘူးလို့ တားမြစ်ခဲ့တယ်။ သူတို့က မှော်နက်လောက၊ နတ်ဆိုးလောကနဲ့ ဗလာနတ္တိလောကတို့နဲ့ အင်အားပူးပေါင်းပြီး စစ်ပွဲတစ်ပွဲ စခဲ့ပြီးတော့ ကောင်းကင်ဒေသကို ဖျက်ဆီးပစ်ချင်ခဲ့ကြတယ်။ အဲဒါကြောင့် အင်ပါယာနှစ်ပါးကြားက စစ်ပွဲဖြစ်ခဲ့ရတာပဲ။ ကောင်းကင်ဒေသကလည်း ကောင်းကင်ဘုံကနေပြီး ခွဲထုတ်ခံလိုက်ရတယ်။ အဲဒါက ငါတို့ရဲ့ ရန်သူ ရပ်သွားအောင်လို့ ပေးခဲ့ရတဲ့ ကြီးမားတဲ့ တန်ကြေးပေါ့။ အဲဒီအချိန်တုန်းက ရန်သူဘက်ကလည်း ချောင်ပိတ်မိနေတယ်။ ဒီတော့ တိုက်ပွဲက နှစ်ဘက်လုံး ဆုံးရှုံးရမယ့် အခြေအနေဖြစ်နေခဲ့တယ်။ ငါတို့ရဲ့ ရန်သူတွေကလည်း နတ်ဆိုးလောက,က အင်အားစုတွေနဲ့ တခြားအင်အားစုတွေကို စိုးရိမ်နေခဲ့ရတော့ သူတို့ကိုယ်သူတို့ အပြည့်အဝ လူလုံးထွက်မပြဝံ့ဘူး။ အဲဒီတော့ အခြေအနေတွေနဲ့ အင်အားစုတွေကြောင့် ကိစ္စတွေက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့တယ်။ ဒါပေမဲ့ သူတို့က ဒွန်ဟောင်အင်ပါယာနန်းတော်ကို စောင့်ကြည့်နေတာကို မရပ်ခဲ့ဘူး။ အဲဒါကြောင့် ဒွန်ဟောင်အင်ပါယာနန်းတော်က ငါတို့အတွက် နှစ်(၂၀၀)လောက် အချိန်ရအောင်လို့ ကျန်ခဲ့တဲ့ အင်ပါယာရီချင်ဘက်က အင်အားစုတွေကို ရှင်းပစ်ခဲ့ရတယ်။ ငါတို့သာ အဲဒီအင်အားစုတွေကို မစ‌တေးခဲ့ရင် ငါတို့ရဲ့ ရန်သူတွေက အစွမ်းကုန်သုံးပြီး တိုက်ခိုက်ခဲ့မှာပဲ။ အဲဒီလိုဆို ကောင်းကင်ဒေသက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျက်စီးသွားခဲ့မှာပဲ”

“အခု လောကကြီးက အများကြီး ပြောင်းလဲလာပြီ။ နတ်ဘုရားခေတ် ပြန်ရောက်လာတော့မယ်... ပြီးတော့ လူသားဘိုးဘေးကလည်း သူ့ရဲ့ လျှို့ဝှက်စွမ်းအားတွေကို စပြီး သုံးလာပြီ။ အဲဒီတော့ တကယ့် နောက်ကွယ်ကကြိုးကိုင်တဲ့သူလည်း ပြန်ရောက်လာတော့မယ်ဆိုတဲ့ သဘောပဲ။ ငါတို့မှာ အချိန်မရှိတော့ဘူး။ မင်း နန်းတက်ပြီးရင် မင်းအမေမလုပ်နိုင်ခဲ့တဲ့ တာဝန်က မင်းပခုံးအပေါ် ကျလာမှာပဲ”

သူသည် ထိုသို့ပြောလိုက်ပြီးနောက် ဒူးနှစ်ဘက်လုံး ထောက်လိုက်ကာ လှေကားထစ်အောက်တွင် ရိုရိုကျိုးကျိုး နေလိုက်သည်။ သူသည် ရီဖူရှင်းကို အရိုအသေပေး၍ ပြောလိုက်၏။

“သခင်လေးရဲ့ ကျေးကျွန် ယွီထူ သခင်လေးကို နန်းတက်ဖို့ တောင်းဆိုတယ်။ ကောင်းကင်လမ်းစဉ်က သေဆုံးသွားခဲ့ပါပြီ... အခု ဖူရှင်း အုပ်စိုးရပါ‌တော့မယ်”

All Chapters