ဒေါသူပုန်ထသွားခြင်း
Vol. 202 Ch. 2882
ကောင်းကင်အလွှာ(၉၉)လွှာမြောက်ရှိ လေထုသည် အနည်းငယ် ထူးဆန်းနေသည်။ လူများစွာသည် တစ်စုံတစ်ခု ဖြစ်နေကြောင်း သတိမထားမိဘဲ သူတို့၏ ကိုယ်ပိုင်လောကအသေးလေးများထဲတွင် ဆက်လက် ကျင့်ကြံနေကြသည်။ အချို့သည် ပြောင်းလဲမှုများကို စတင် သတိပြုမိလာပြီး ကောင်းကင်နန်းတော်အထက်ရှိ ကျိဝူတောက်ကို ကြည့်သည်။
ကျိဝူတောက်ကို လေပြေတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး ကျိဝူတောက်၏ ဝတ်ရုံတွင် တံလျှပ်လေးများ ထင်သွားစေသည်။ လက်ရှိတွင် သူသည် ကောင်းကင်အင်ပါယာထံတွင်သာ တွေ့နိုင်သည့် တော်ဝင်ဆန်သော ဟန်ပန်အရှိန်အဝါကို ပိုင်ဆိုင်နေပြီဖြစ်သည်။ သူသည် လောက၏ ထိပ်ဆုံးတွင် ရှိသူများထဲမှ တစ်ယောက်ဖြစ်သည်။ အနာဂတ်တွင် သူသည် အထွတ်အထိပ်တွင် ရှိသော တစ်ယောက်တည်းသောသူပင် ဖြစ်လာနိုင်ပေသည်။
ထိုအတွေးသည် လောကကြီးက တွေးခဲ့သောအတွေး၊ ကျိဝူတောက်က တွေးခဲ့သောအတွေး ဖြစ်စသည်။ သူသည် ကောင်းကင်ဘုံ၏ အဓိကမျိုးဆက်မှဖြစ်ပြီး ကောင်းကင်အင်ပါယာ၏ ဆက်ခံသူဖြစ်သည်။ ထို့အပြင် သူက လက်ရှိ ကောင်းကင်အင်ပါယာအဖြစ် အုပ်စိုးနေသည်။
တစ်ချိန်တုန်းက သူသည် ကောင်းကင်အင်ပါယာ၏ မျိုးဆက်တစ်ဦးဖြစ်သော ဒွန်ဟောင်တိယွမ်နှင့် သူလက်ထက်ပြီးသွားလျှင် အရာအားလုံး ပြီးပြည့်စုံသွားလိမ့်မည်ဟု တွေးခဲ့သည်။ သူတို့သည် လောကထဲတွင် အခြားသူများ အားအကျရဆုံး စုံတွဲဖြစ်လာမည်ဖြစ်ပြီး နတ်ဖက်သောစုံတွဲ ဖြစ်ပေလိမ့်မည်။
သို့သော် ဒွန်ဟောင်တိယွမ်သည် ကောင်းကင်အင်ပါယာ၏ မျိုးဆက်မဟုတ်ချေ။
ကောင်းကင်အင်ပါယာ၏ မျိုးဆက်အစစ်အမှန်သည် ဤနေရာသို့ လာနေပေပြီ။
အောက်ဘက်တွင် တိမ်များ၊ မြူခိုးများသည် လည်ပတ်ရစ်ဝဲနေပြီး လူတစ်ယောက်သည် ကောင်းကင်(၉၉)လွှာမြောက်ကို ဖြတ်ကာ အထက်သို့ ရောက်လာလေသည်။
ကောင်းကင်(၉၉)လွှာမြောက်မှ ကျင့်ကြံသူများသည် ထိုလူထွက်ပေါ်လာသည်ကို တွေ့လိုက်သောအခါ အံ့အားသင့်သွားကြသည်။ သူတို့သည် ထိုလူက ဤနေရာအထိ ရောက်လာနိုင်ခဲ့သဖြင့် အံ့ဩနေကြသည်။
ရောက်လာသူသည် ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး လွန်စွာသန့်စင်သဖြင့် မည်သည့် အညစ်အကြေးကမှ သူ့ကို မထိနိုင်ဟု ထင်ရသည်။ သူ၏ ငွေဖြူရောင် ဆံပင်ရှည်များသည် လေထဲတွင် ဝဲလွင့်နေပြီး သူသည် ဟင်းလင်းပြင်ထဲတွင် တိတ်တဆိတ် ရပ်နေသည်။ သူသည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ သူသည် ထိုနေရာမှ တစ်စုံတစ်ခုကို အာရုံခံမိခဲ့သလိုပင်။
“ဟမ်...”
လူများစွာသည် အံ့အားသင့်သော မျက်နှာထားများ ပြလိုက်ကြသည်။ ရီဖူရှင်း ရှိနေမှုသည် ကောင်းကင်(၉၉)လွှာမြောက်မှ ကျင့်ကြံသူများသည် သတိကြီးနေကြသည်။ သူတို့အားလုံးသည် သူ့ကို ကြည့်နေကြလေသည်။
သူသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်လာရသနည်း။ လက်ရှိလောကထဲတွင် ရီဖူရှင်းနှင့် ကျိဝူတောက်တို့သည် ထူးကဲသူနှစ်ယောက်ဖြစ်ကြောင်း သူတို့ သိပေသည်။ ကျိဝူတောက်သည် သိုသိုသိပ်သိပ်နေခဲ့သည်။ ထို့အပြင် သူသည် သူ၏အစွမ်းအကုန်ကို ခပ်ဖြည်းဖြည်းသာ ထုတ်ပြခဲ့သည်။ သို့သော် သူ၏အစွမ်းကို ထုတ်ပြပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ အဆင့်အတန်းမြင့်တက်မှုကို ရှောင်လွှဲ၍ မရတော့ပေ။ သူသည် ကောင်းကင်အင်ပါယာအဖြစ်ပင် အုပ်စိုးလာနိုင်ခဲ့သည်။
တစ်ဘက်တွင်လည်း ရီဖူရှင်းသည် မူလဘုံတွင် နာမည်ကျော်ကြားခဲ့ပြီး မူလဘုံ၏ နံပါတ်တစ် ပါရမီဖြစ်ခဲ့ကာ လမ်းတစ်လျှောက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစား တက်လှမ်းခဲ့သည်။
ထိုနှစ်ယောက်သည် ယနေ့လောကတွင် အတောက်ပဆုံး လူငယ်နှစ်ယောက်ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ မည်သူမှ သူတို့နှင့် မယှဉ်နိုင်ချေ။ ဒွန်ဟောင်တိယွမ်၊ တိဟောက်နှင့် အခြားသူများပင် သူတို့နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ယခုတွင် အဘယ်ကြောင့် ရီဖူရှင်းသည် ဤနေရာသို့ လာခဲ့ရသနည်း။
သို့သော် ရီဖူရှင်းသည် ဟင်းလင်းပြင်ထဲတွင် ရှိနေပြီး ကျိဝူတောက်သည် ကောင်းကင်နန်းတော်အထက်တွင် ရပ်နေကာ သူတို့နှစ်ယောက်စလုံး ကောင်းကင်ထက်သို့ တစ်ချိန်တည်း မော့ကြည့်နေခြင်းက ပို၍ ထူးဆန်းနေလေသည်။ သူ ထူးဆန်းသော မြင်ကွင်းသည် အားလုံးကို စိတ်ဝင်စားသွားစေ၏။
ထိုအခြင်းအရာသည် ကောင်းကင်(၉၉)လွှာမြောက်ရှိ ကောင်းကင်လမ်းစဉ်နှင့် သက်ဆိုင်နေသလော။
သူတို့နှစ်ယောက်သည် သူတို့၏ အာရုံများကို ထုတ်လွှတ်လိုက်သဖြင့် ကောင်းကင်(၉၉)လွှာမြောက်ရှိ ကောင်းကင်လမ်းစဉ်နှင့် တစ်ချိန်တည်းတွင် ချိတ်ဆက်သွားသည်။ ရုတ်တရက် ကောင်းကင်အထက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်လမ်းစဉ်မှနေ၍ စည်းမျဉ်းနတ်အလင်း ဖြာကျလာပြီး သူတို့အပေါ်သို့ ကျဆင်းလာလေသည်။
ထိုအချိန်တွင် ရီဖူရှင်းသည် ကျိဝူတောက်ကို အရေးမစိုက်အားပေ။ သူ၏အာရုံတစ်ခုလုံးသည် ထိုကောင်းကင်လမ်းစဉ် တစ်စိတ်တစ်ပိုင်းထဲတွင် နစ်မြုပ်နေသည်။ သူသည် သူ၏နှလုံးသားကို ဖွင့်လိုက်ပြီး သူ၏စိတ်ကို ၎င်းနှင့် ချိတ်ဆက်စေနေလေသည်။ ရုတ်ခြည်းပင် ထိုကောင်းကင်လမ်းစဉ်ထဲတွင် ပုံရိပ်ယောင်လောကတစ်ခု ဖြစ်ပေါ်လာ၏။
သူ၏ ပုံရိပ်ယောင်သည်လည်း ထိုလောကထဲတွင် ရှိနေပြီး ထိုကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းပေါ်တွင် မျောလွင့်နေသည်။ သူသည် တစ်စုံတစ်ခုကို လိုက်ရှာနေသကဲ့သို့ပင်။
ထိုအချိန်တွင် ကောင်းကင်လမ်းစဉ်အထက်၌ ဆန်းကြယ်သော စွမ်းအားတစ်ခု စုဝေးလာပြီး မျက်နှာတစ်ခု ထွက်ပေါ်လာလေသည်။
ရီဖူရှင်းသည် တဖြည်းဖြည်း ပုံပေါ်လာသည့် ထိုမျက်နှာကို ကြည့်သည်။ သူ လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ၎င်းသည် ပြစ်မျိုးမှဲ့မထင်သော မျက်နှာတစ်ခုဖြစ်ပြီး ရေကဲ့သို့ သိမ်မွေ့ကာ တည်ငြိမ်၍ နန်းဆန်ပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူ့ကို သက်တောင့်သက်သာ ခံစားစေရန် လုံလောက်ပေသည်။
ရီဖူရှင်းသည် ထိုပြီးပြည့်စုံသော မျက်နှာကိုကြည့်ကာ ဝမ်းနည်းမှုတစ်ခုကိုသာ ခံစားလိုက်ရ၏။ ထိုမျက်နှာသည် လောကအတွင်းရှိ အထူးချွန်ဆုံး အမျိုးသမီး၊ ကောင်းကင်အင်ပါယာ၏ သမီးတော်၊ ကောင်းကင်လမ်းစဉ်ကို ပြန်တည်ဆောက်လိုခဲ့သည့် သူ့အမေလော။
သို့သော် သူသည် ယခုမှ သူ့အမေကို ပထမဆုံး မြင်ဖူးခြင်းပင်။
ရီဖူရှင်းသည် ဤကောင်းကင်လမ်းစဉ်၏ နတ်စွမ်းအားနှင့် ဝန်းရံခံထားရပြီး အလွန် သက်တောင့်သက်သာရှိသည့် နွေးထွေးမှုတစ်ခုကို ခံစားနေရလေသည်။
ထိုအကြောင်းအားလုံးသည် အမှန်ဖြစ်ကြောင်း သူနားလည်၏။ သူသည် အမှန်ပင် ကောင်းကင်မင်းသမီးနှင့် အရှင်ဒွန်ဟောင်တို့၏ သားတော်ဖြစ်သည်။
“အမေ...”
ရီဖူရှင်းသည် လေသံတိုးတိုးဖြင့် ခေါ်လိုက်၏။ သူသည် မထင်မရှား အရိပ်ကို ဆုပ်ကိုင်မလို လက်ဆန့်တန်းလိုက်သည်။ သို့သော် ဤလောကထဲတွင် သူသည်ပင် အစစ်အမှန် မဟုတ်ပေ။ သူသည် အရိပ်က တဖြည်းဖြည်း ပျောက်ကွယ်လာသည်ကို တွေ့လိုက်ရ၏။ သို့သော် သူသည် သူ့တစ်ကိုယ်လုံးကို ဖြတ်၍ စီးဆင်းနေသော နွေးထွေးမှုကို ခံစားနေရဆဲပင်။
ထိုအချိန်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်အစစ်သည် နတ်ရောင်ဝါအောက်တွင် ရှိနေပြီး ထိုကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းမှနေ၍ နတ်အလင်း ဖြာကျနေသည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်နှင့် ဆက်နွယ်နေပြီး တောက်ပသောအလင်းသည် လူမျက်လုံးနှင့် မြင်နိုင်သော အကွာအဝေးကို အလင်းပေးနေလေသည်။
“ဒါက...”
“ဘာတွေ ဖြစ်နေတာလဲ”
ကောင်းကင်(၉၉)လွှာမြောက်မှ ကျင့်ကြံသူများသည် ထိုဆန်းကြယ်သော မြင်ကွင်းကို မြင်လိုက်သောအခါ အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့် ရီဖူရှင်းက ကောင်းကင်လမ်းစဉ်၏ နတ်ရောင်ဝါအောက်တွင် ရှိနေရသနည်း။
သူတို့သည် ကောင်းကင်နန်းတော်ထက်ရှိ ကျိဝူတောက်ကို ကြည့်လိုက်ရာ ကျိဝူတောက်သည်လည်း စည်းမျဉ်းနတ်အလင်းအောက်တွင် ရှိနေသည်ကို တွေ့လိုက်ရ၏။ သို့သော် ထိုအလင်းသည် ရီဖူရှင်း၏အလင်းလောက် မတောက်ပပေ။
ကျိဝူတောက်သည် ကောင်းကင်ကို အာရုံစိုက်နေရင်းမှ သူ၏မျက်လုံးများထဲတွင် နားလည်သွားသည့် အကြည့်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူပြောလိုက်၏။
“ဒီတော့ ကျုပ်က အစားထိုးခံ တစ်ယောက်ပဲပေါ့... အဲဒီလိုလား”
တဖြည်းဖြည်းဖြင့် သူ၏မျက်လုံးများသည် ယခင်ကကဲ့သို့ မတည်ငြိမ်တော့ဘဲ အနည်းငယ် အေးစက်လာလေသည်။ သူ မေးလိုက်၏။
“သူရှိနေတယ်ဆိုရင် ဘာလို့ ကျုပ်ကို ရွေးချယ်ရတာလဲ။ ကျုပ်က ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ။ ဘာရည်ရွယ်ချက်ကြောင့် ကျုပ်က ဒီမှာ ရှိနေတာလဲ”
နတ်ရောင်ဝါသည် ဆက်၍ ကျဆင်းလာပြီး ကျိဝူတောက်ကို ဝန်းရံလိုက်သည်။
ကျိဝူတောက်ထံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုအခိုက်တွင် သူ၏အရှိန်အဝါသည် ပြောင်းလဲသွားသည်ဟု ထင်ရ၏။ သူ့ထံမှနေ၍ ထိန်းမနိုင်သိမ်းမရ နတ်စွမ်းအားတစ်ခု အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။ ထိုဝါးမျိုစွမ်းအား ထွက်ပေါ်လာသောအခါ ၎င်းသည် အစောက သူ့အပေါ်သို့ ဖြာကျနေသော နတ်ရောင်ဝါကို ဝါးမျိုပစ်လိုက်သည်။
“ခင်ဗျားက ကျုပ်ကို အသိအမှတ်မပြုရင်လည်း ကျုပ်က ခင်ဗျားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး ဒီကောင်းကင်ကို အစားထိုးပစ်မှာပါ”
ကျိဝူတောက် ထိုသို့ပြောလိုက်သောအခါ သူ့ထံမှနေ၍ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် သူသည် ကောင်းကင်နန်းတော်မှနေ၍ တိုက်ရိုက် ပျောက်ကွယ်သွားသည်။
ဝုန်း...
ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရပြီး ကောင်းကင်(၉၉)လွှာမြောက်မှ လူများသည် ဆုတ်ခွာရန် အခွင့်အရေး မရသေးခင်မှာပင် ရီဖူရှင်းကို ဝန်းရံသွားသော နတ်အလင်းကို တွေ့လိုက်ရလေသည်။ လောကဒြပ်မှုန်များသည် သူ့ကို လှည့်ပတ်နေပြီး အလင်းမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုအလင်းအကာအရံထဲတွင် ဧရာမ လက်ဝါးရာကြီးတစ်ခု ရှိနေသည်။ ထိုဧရာမလက်ဝါးရာကြီးသည် ကျိဝူတောက်ထံမှ ဖြစ်သည်။
ကျိဝူတောက်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူ၏လက်သည် ကြောက်မက်ဖွယ် အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရသည်။
ရုတ်တရက် ရီဖူရှင်းပတ်ပတ်လည်ရှိ အလင်းမျက်နှာပြင်သည် စတင် ပြိုပျက်လာလေသည်။ ထိုလောကဒြပ်မှုန်များသည် ဝါးမျိုခံနေရပြီး အာကာသတွင်းနက်ဝဲကတော့ကြီးထဲသို့ ဝင်သွားကြသည်။ ထိုကြောက်မက်ဖွယ် ဝါးမျိုစွမ်းအားသည် အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံသွားပြီး ရီဖူရှင်းရှိနေသောနေရာကို ရုတ်ခြည်း နှစ်မြှုပ်ပစ်လိုက်သည်။ ကျိဝူတောက်သည် အရာအားလုံးကို ဝါးမျိုပစ်လိုနေပုံပင်။
“ပရမ်းပတာ ကောင်းကင်ဝါးမျိုအတတ်”
ကျင့်ကြံသူအားလုံးသည် အပြင်းအထန် ရင်တုန်သွားကြသည်။ သူတို့သည် ရီဖူရှင်းရှိနေသော အာကာပြင်နေရာသည် လျင်မြန်စွာ ကွဲအက်ပျက်စီးလာသည်ကို မြင်လိုက်ရ၏။ အရာအားလုံး ဝါးမျိုခံရတော့ပေမည်။ လောကနတ်စွမ်းအားက စုစည်းထားသော အကာအရံသည်ပင် ထိုဝါးမျိုစွမ်းအားကို မခုခံနိုင်ချေ။ ထိုစွမ်းအားသည် ရှေးခေတ်မှ ကြောက်မက်ဖွယ်နတ်အတတ်တစ်ခု ဖြစ်သည့် ပရမ်းပတာ ကောင်းကင်ဝါးမျိုအတတ်ပင်။
ကျိဝူတောက်သည် ထိုကဲ့သို့ ပုံမှန်မဟုတ်သည့် အတတ်တစ်ခုကို မည်သည့်နေရာတွင် ကျင့်ကြံခဲ့သည်ကို မသိရသေးချေ။ ကောင်းကင်အင်ပါယာသည် ထိုအတတ်ကို မကျင့်ကြံခဲ့ပေ။ ထို့ကြောင့် သူသည် ထိုအတတ်ကို ကောင်းကင်ဘုံမှ ဆက်ခံရရှိခဲ့ခြင်း မဖြစ်နိုင်ပေ။ ထိုနတ်အတတ်သည် ကန့်သတ်ထားသော အတတ်ဖြစ်သည်။ ၎င်းအတတ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် အခြားသူများ၏ စွမ်းအားများကို ဝါးမျိုကာ ကိုယ်ပိုင်စွမ်းအား ဖြစ်သွားအောင် လုပ်နိုင်လေသည်။
ကျိဝူတောက်၏ ရီဖူရှင်းအပေါ် ရုတ်တရက် တိုက်ခိုက်မှုနှင့် အစောက သူပြောခဲ့သော စကားများက ရီဖူရှင်းသည် ဤကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းနှင့် တစ်နည်းနည်း ဆက်စပ်နေသည်ဟု ဖော်ပြနေသလိုပင်။
သူတို့သည် ကျိဝူတောက်က သူ့ကိုယ်သူ တပည့်ဟုခေါ်၍ ဤကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းသည် ရှေးခေတ်ကောင်းကင်လမ်းစဉ် မဟုတ်ဟု ပြောခဲ့သည်ကိုပင် ကြားခဲ့လေသည်။
ဤကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းသည် သူတို့နှစ်ယောက်အကြားတွင် ရီဖူရှင်းကို ရွေးချယ်ခဲ့သည့်ပုံပင်။ ထို့ကြောင့် ကျိဝူတောက်သည် စိတ်ပျက်ကာ ဒေါသူပုန်ထသွားပြီး ရီဖူရှင်းကို တိုက်ရိုက် ဝါးမျိုပစ်ရန် ကြံရွယ်ခဲ့ခြင်းဖြစ်မည်။