အဆုံးစွန်တိုက်ပွဲ
Vol. 202 Ch. 2884
ရီဖူရှင်းက ပြန်မတုံ့ပြန်လိုက်ပေ။ သူ့အပေါ်ရှိ အကန့်အသတ်မဲ့သော ဧရာမ နတ်ဝင်္ကပါကြီးသည် အဆုံးမဲ့နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများ နတ်ဝင်္ကပါမှနေ၍ ပြုတ်ကျလာသည်။
၎င်းသည် ကောင်းကင်ဇီဝိန်ခြွေဝင်္ကပါပေ။ နတ်ဓားတိုင်းတွင် ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအား ပါဝင်ပေသည်။
နတ်ဓားများသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကြောက်မက်ဖွယ် ခက်ထန်မှုနှင့် ဆင်းသက်လာကြသည်။ ၎င်းသည် အဆုံးမဲ့ အာကာပြင်ကို ဖျက်စီးသွားပြီး ကျိဝူတောက်အနီးသို့ သတ်ဖြတ်ရန် ချဉ်းကပ်လာသည်။
ကျိဝူတောက်၏ ခန္ဓာကိုယ်ကို နဂါးကိုးကောင်သန့်စင်ချီက ကာကွယ်ထားသဖြင့် စည်းမျဉ်းနတ်အလင်း ဝန်းရံထားသော ပေ(၁၀,၀၀၀) မြင့်သည့် အင်ပါယာအရိပ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ကြောက်မက်ဖွယ် ကောင်းကင်ဇီဝိန်ခြွေဓားများ ကျဆင်းလာသည်။ ၎င်းတို့အားလုံးသည် ကျိဝူတောက်ကို ဝန်းရံထားသော အကာအရံနတ်အလင်း၏ တားဆီးမှုကို ခံလိုက်ရ၏။ နတ်ဓားများသည် ပစ်မှတ်ကို ထိုးစိုက်နိုင်ခဲ့သော်လည်း အကာအရံကို မဖောက်နိုင်သဖြင့် ကျိဝူတောက်ကို မထိနိုင်ချေ။
ရီဖူရှင်းသည် လက်မြှောက်၍ ဟင်းလင်းပြင်ဆီသို့ ဆန့်တန်းလိုက်သည်။ ရုတ်တရက် ကောင်းကင်ထက်ရှိ ကောင်းကင်ဇီဝိန်ခြွေဝင်္ကပါထဲတွင် ဧရာမ နတ်ဓားများ ထွက်ပေါ်လာ၏။ နတ်အလင်းများ ဖြာကျကြလာပြီး နတ်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် အကန့်အသတ်မဲ့သော ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားသည်။
“ကောင်းကင်ဇီဝိန်ခြွေ”
ရီဖူရှင်း အော်ပြောလိုက်၏။ သူ၏အသံ လွင့်ပြယ်သွားသည့်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးသည် စုတ်ပြဲသွားပြီး ကြောက်မက်ဖွယ် အာကာသအက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ နတ်ဓားများမှ အလင်းတန်းသည် ကြောက်မက်ဖွယ် အနက်ရောင်အက်ကြောင်းကြီးအတွင်း ဝင်သွားသည်။ ကောင်းကင်နှင့်မြေကြီးအကြားတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံကို ကြားလိုက်ရလေသည်။
နတ်ဓားများ ရုတ်ခြည်းအတွင်း ကျဆင်းသွားပြီး ကြောက်မက်ဖွယ် အက်ကြောင်းကြီးကို စုတ်ဖြဲလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ နဂါးကိုးကောင်သန့်စင်ချီမှ ဖြစ်ပေါ်လာသော အကာအရံအလင်းမျက်နှာပြင်သည် ကွဲအက်ပျက်စီးသွားသည်။ သို့သော် ထိုကြောက်မက်ဖွယ် နတ်ဓားများသည် အောက်ဘက်သို့ ဆက်ဆင်းသွားပြီး ဧရာမအင်ပါယာအရိပ်ကြီးကို ခုတ်ဖြတ်လိုက်ကြသည်။
ကျိဝူတောက်သည် လက်မြှောက်၍ ရိုက်ထုတ်လိုက်ရာ ကောင်းကင်အင်ပါယာချိပ်စည်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဓားများနှင့် ထိတိုက်သွားသည်။ အဖျက်မုန်တိုင်းသည် ထိုကောင်းကင်ကို ရိုက်ခတ်သွားသည်။ ကျိဝူတောက်သည်ပင် အောက်ဘက်သို့ ရိုက်ချခံလိုက်ရပြီး မြင့်မားသော ထိုအင်ပါယာအရိပ်ကြီးသည်လည်း လွင့်သွားသည်။
သူသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ့အနေဖြင့် ကောင်းကင်လမ်းစဉ်အသေးစား၏ နတ်စွမ်းအားနှင့် ယှဉ်နိုင်ရန်အတွက် ရီဖူရှင်းဖန်တီးထားသော နတ်စွမ်းအားအဆင့်သည် အလွန်မြင့်နေသည်ဟု တွေးလိုက်လေသည်။
သူသည် သူ၏လက်များကို ဆန့်တန်းလိုက်ရာ ရုတ်တရက် သူ့ပတ်ပတ်လည်တွင် အဆုံးမဲ့ နတ်ဓားများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် ထျန်ရှင်းနတ်ဓားများဖြစ်သည်။ သူ၏ ထည်ဝါသောခန္ဓာကိုယ်သည် ကောင်းကင်ပြစ်ဒဏ်ပေးခြင်း စစ်နတ်ဘုရားအဖြစ် ပြောင်းလဲသွား၏။ သူသည် ကောင်းကင်ထက်မှနေ၍ နတ်ဓားများ ကျဆင်းလာသည်ကို တွေ့လိုက်သောအခါ ထျန်ရှင်းနတ်ဓားများသည်လည်း ချက်ချင်း ပေါက်ကွဲကာ အဟုန်ကို အံတု၍ အထက်သို့ ပျံတက်သွားကြ၏။
ထိုအခိုက်တွင် ဟင်းလင်းပြင်ထဲတွင် လွန်စွာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။ နတ်ဓားများအချင်းချင်း ထိတိုက်သွားပြီး ဓားအလင်းများသည် အကန့်အသတ်မဲ့ ဟင်းလင်းပြင်ကို အလင်းပေးလိုက်လေသည်။ အဖျက်မုန်တိုင်းသည် ဤအာကာပြင်ထဲတွင် ဗြောင်းဆန်သွားပြီး အဝေးရှိ ကုန်းမြေအချို့သည်ပင် ဓားဝိညာဉ်စွမ်းအား၏ ဖောက်ထွင်း ဖျက်ဆီးမှုကို ခံလိုက်ရ၏။ ထိုဓားချီသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။
သို့သော် ထိုအခိုက်တွင် ဗုဒ္ဓတရားသံကို ကြားလိုက်ရပြီး ဗုဒ္ဓအလင်းတောက်ပလာကာ ဤအာကာပြင်ကို လွှမ်းခြုံသွားသည်။ ကောင်းကင်ထဲတွင် တောက်ပမြင့်မြတ်သော ဗုဒ္ဓအလင်းထွက်ပေါ်လာပြီး အဆုံးမဲ့ အလင်းပေးနေလေသည်။
ကောင်းကင်နှင့် မြေကြီးအကြားတွင် ဧရာမ ရှေးဟောင်းဗုဒ္ဓများ ထွက်ပေါ်လာ၏။ ဗုဒ္ဓတိုင်းသည် ဉာဏ်အလင်းပွင့်ထားသော ဗုဒ္ဓဟု ထင်ရသည်။ သူတို့သည် နေရာတစ်ခုစီကို ယူထားကြသည်။ ကောင်းကင်ထဲတွင် ဗုဒ္ဓအားလုံး အတူတကွ ထွက်ပေါ်လာသကဲ့သို့ပင်။
ရီဖူရှင်းသည် အလယ်တွင် ရပ်နေပြီး သူ့လက်ကို မြှောက်ကာ အောက်ဘက်သို့ ရိုက်ချလိုက်ရာ ဧရာမ ဝမ်စာလုံးသင်္ကေတကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုဝမ်စာလုံးသင်္ကေတသည် ဆက်၍ ပြန့်ကားလာပြီး ကောင်းကင်တစ်ခွင်လုံးနှင့် နေလုံးကို ကာရံသွားသည်။ ဗုဒ္ဓမုဒြာအထက်တွင် အတုမဲ့ ရွှေရောင်ဗုဒ္ဓအလင်း တောက်ပလာ၏။ ၎င်းသည် မရေမတွက်နိုင်သော ဝမ်စာလုံးသင်္ကေတများမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သင်္ကေတတန်းများထဲတွင် အဆုံးမဲ့ စီးဆင်းနေလေသည်။ ထိုဝမ်စာလုံးသင်္ကေတများသည် အသက်ရှိကာ လှုပ်ရှားနေပုံပေါ်လေသည်။
ထိုလက်ဝါးရာသည် မာကြောခိုင်မာပြီး ဖျက်ဆီး၍မရနိုင်ပေ။ ၎င်းသည် လောကကို ဖိနှိပ်ကာ အသက်များကို သေကျေစေခဲ့သည်။ ၎င်းဖြတ်သန်းသွားသော နေရာတိုင်းတွင် အရာအားလုံးကို ဖျက်ဆီးသွားသည်။ ၎င်းသည် ရီဖူရှင်း ဗုဒ္ဓလောကတွင် ကျင့်ကြံခဲ့စဉ်က သိမြင်နားလည်ခဲ့သော ဗုဒ္ဓတိုက်ခိုက်အတတ်မဟုတ်တော့ဘဲ သူ သူ၏ကောင်းကင်လမ်းစဉ်အသေးစားကို ကျင့်ကြံချိန်တွင် ပြောင်းလဲခဲ့သော အတတ်တစ်ခု ဖြစ်နေပေပြီ။ သင်္ကေတတိုင်းတွင် ဗုဒ္ဓလောကစွမ်းအား ပါဝင်ပေသည်။
ထိုလက်ဝါးရာကြီး ကျဆင်းလာသောအခါ အနန္တလောက ကျဆင်းလာသည်ဟုပင် ထင်ရသည်။ ဝမ်စာလုံးသင်္ကေတအားလုံးပင် လည်ပတ်နေလေသည်။ သို့သော် ထိုအရာအားလုံးကို အောက်ဘက်မှ အာရုံခံ၍ မရပေ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် လွှမ်းခြုံခံထားရ၍ ဖြစ်သည်။
ကျိဝူတောက်သည် ကောင်းကင်နှင့်နေလုံးကို ကာရံထားသည့် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဗုဒ္ဓလက်ဝါးရာကို ကြည့်သည်။ သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူသည် ထိုလက်ဝါးရာအောက်တွင်သာ ရှိနေသည်။ ထိုလက်ဝါးရာသည် ကောင်းကင်ကိုပင် နှစ်မြှုပ်ထားလေသည်။ ရီဖူရှင်းသည် တိုက်ခိုက်ရန် ဤနေရာသို့ လာခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။ အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင်သာ သူတို့သည် ဆင်ခြင်နေရာမလိုဘဲ စိတ်တိုင်းကျ တိုက်ခိုက်နိုင်မည်ဖြစ်သည်။
အကယ်၍ သူတို့သာ ကောင်းကင်(၉၉)လွှာတွင် ဖြစ်ပါက ထိုဗုဒ္ဓလက်ဝါးရာကြီးသည် ကောင်းကင်(၉၉)လွှာစလုံးကို လွှမ်းခြုံသွားမည်ဖြစ်သည်။ လက်ဝါးချက်တစ်ချက်သည် ကောင်းကင်(၉၉)လွှာစလုံးကို ပျက်စီးသွားစေနိုင်လေသည်။
‘သူက တကယ့်ကို ဆရာ့ရဲ့ မျိုးဆက်ဖြစ်ဖို့ ထိုက်တန်ပါတယ်’
ကျိဝူတောက်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရင်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်သည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် အမှန်ပင် ပြန်တုံ့ပြန်ရန် ထိုက်တန်သော တိုက်ခိုက်မှုတစ်ခုပင်။
ဤမတိုင်ခင်က သူတွေ့ခဲ့ရသော မဟာအင်ပါယာအများစုကို သူ့စိတ်ထဲတွင် မဟာအင်ပါယာများဟု အသိအမှတ် မပြုနိုင်ပေ။ သူတို့သည် အားနည်းလွန်းပြီး အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ အထူးသဖြင့် ပြန်ရောက်လာသော ရှေးဟောင်းအင်ပါယာများကို သူ့ကဲ့သို့သော သူများက အရေးစိုက်ရန်ပင် မလိုပေ။
သို့သော် သူ့ကို တိုက်ခိုက်နိုင်သောသူသည် သူ့ဘဝထဲတွင် သူလေးစားခဲ့သည့် တစ်ဦးတည်းသော ဆရာ၏ မျိုးဆက်ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
ထိုအရာကိုပင် ကံကြမ္မာဟုခေါ်ခြင်း ဖြစ်ပေမည်။
ကောင်းကင်အင်ပါယာ၏ ဧရာမပုံရိပ်ကြီးသည် လက်မြှောက်လိုက်၏။ ရုတ်ခြည်းပင် နဂါးကိုးကောင်သန့်စင်ချီသည် သူ့လက်ဝါးကို လှည့်ပတ်သွားပြီး ပတ်ဝန်းကျင်လောကသည် များစွာပြောင်းလဲသွား၏။ အာကာပြင်သည် တွန့်ခေါက်လာကာ အားကောင်းသော မုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
သူက လက်မြှောက်၍ ကောင်းကင်ထက်မှ ဝမ်ဗုဒ္ဓမုဒြာကို ပင့်ရိုက်လိုက်သည်။ ထိုအခါ ဧရာမဗုဒ္ဓချိပ်စည်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် စကြဝဠာချိပ်စည်းပင်။
ဝုန်း...
ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ စကြဝဠာချိပ်စည်းသည် စကြဝဠာကို ကပြောင်းကပြန် ဖြစ်သွားနိုင်စေသည်။ ထိုတိုက်ခိုက်မှုနှင့် ထိတိုက်သွားသောအခါ ဝမ်စာလုံးသင်္ကေတအထက်ရှိ ဗုဒ္ဓအလင်းသည် လှုပ်ရှားမှု ရပ်တန့်သွားသည်။ သို့သော် ပြင်းထန်သော မြည်ဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် နတ်ချိပ်စည်းသည် အောက်ဘက်သို့ ဆက်ဆင်းလာကာ စကြဝဠာချိပ်စည်းကို ဖိချေဖျက်ဆီး၍ ကျိဝူတောက်ကို ရိုက်ချလိုက်သည်။
ကျိဝူတောက်၏ အတွေး လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော နတ်ဓားများသည် အဟုန်ကို အံတုကာ အထက်သို့ ပျံတက်သွားကာ ဝမ်ဗုဒ္ဓမုဒြာ၏ အစိတ်အပိုင်းများကို ထိုးစိုက်လိုက်ကြသည်။ ထို မရေမတွက်နိုင်သော ဧရာမနတ်ဓားများသည် ကောင်းကင်မှကျဆင်းလာသည့် ဧရာမဗုဒ္ဓမုဒြာကို ထောက်ခံထားကြသည်။ ထို့နောက် ကျိဝူတောက်သည် လက်ဆန့်တန်း၍ ဟောင်ထျန်းစေတီများကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့သည် ဝမ်ဗုဒ္ဓမုဒြာထံ ပျံတက်ထိတိုက်သွားကြသည်။
နောက်ဆုံးတွင် ဝမ်ဗုဒ္ဓမုဒြာပေါ်၌ အက်ကြောင်းများ ပေါ်လာလေသည်။ ယင်းအက်ကြောင်းများသည် ဆက်၍ ပြန့်ကားလာ၏။ ကျိဝူတောက်သည် ကောင်းကင်အင်ပါယာ၏ကိုယ်ပွားပုံစံဖြင့် ဟင်းလင်းပြင်ထက်သို့ ပျံတက်လိုက်သည်။ သူ့လက်ထဲတွင် ကောင်းကင်အင်ပါယာဓားရှိပြီး ထိုဓားဖြင့် ဝမ်ဗုဒ္ဓမုဒြာကို နောက်ဆုံးတစ်ချက်အဖြစ် ခုတ်ချလိုက်လေသည်။
ဝုန်း...
တုန်လှုပ်ဖွယ် ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရပြီး ကောင်းကင်နှင့် မြေကြီးပင် ပြိုပျက်သွားတော့မလို ထင်လိုက်ရ၏။ ထိုဧရာမဝမ်ဗုဒ္ဓမုဒြာသည် နောက်ဆုံးတွင် ကွဲအက်ပျက်စီးသွားကာ ရွှေရောင်ဗုဒ္ဓအလင်းများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးကို အလင်းပေးနေလေသည်။
သို့သော် ထိုအခိုက်တွင် ကောင်းကင်အပြင်ဘက်မှနေ၍ နတ်အလင်းတန်းတစ်တန်း ကျဆင်းလာပြီး ဝမ်စာလုံးသင်္ကေတ ကွဲအက်ပျက်စီးသွားသည်။ ရီဖူရှင်းသည် လှံရှည်ကို ကိုင်၍ အလင်းတန်းတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားကာ ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းသွားသည်။ လှံချက်တစ်ချက်သည် ကောင်းကင်များကို ထိုးဖောက်သွားလေ၏။ ၎င်းသည် မတွေးနိုင်လောက်အောင် မြန်ပေသည်။
ကျိဝူတောက်သည် ကျယ်လောင်စွာ အော်လိုက်၏။ နဂါးကိုးကောင်သန့်စင်ချီက သူ့ကို ကာကွယ်ပေးထားသောလည်း လှံသည် ထိုအကာအကွယ်ကို ထိုးဖောက်သွားသည်။ သူ လက်မြှောက်လိုက်၏။ သူ၏လက်ဝါးပြင်တွင် ကြောက်မက်ဖွယ် ဝဲကတော့ပုံစံ ဝါးမျိုမုန်တိုင်းတစ်ခု ထွက်ပေါ်လာလေသည်။ သူသည် သတ်ဖြတ်လှံရှည်နှင့် ရီဖူရှင်းတို့ကို ထိုမုန်တိုင်းအတွင်းသို့ စုပ်ယူလိုနေသည်။
ရွှီး...
လှံရှည်သည် ရီဖူရှင်း၏ လက်ထဲမှ ထွက်သွားပြီး သေစေလောက်သော စွမ်းအားဖြင့် ကျဆင်းသွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ကျိဝူတောက်၏ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက်သွားသည်။ သူသည် သူ့လက်ကို ကြည့်လိုက်ရာ သွေးထွက်နေသည့်နေရာ တစ်ခုကိုနေ တွေ့လိုက်ရ၏။ သို့သော် ထိုဒဏ်ရာသည် လျင်မြန်စွာ ပျောက်ကင်းလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးထွက်နေသောနေရာ ပျောက်ကွယ်သွားသည်။
ကျိဝူတောက်သည် ခေါင်းမော့၍ ရီဖူရှင်းကို ကြည့်လိုက်၏။ ယခုတွင် သူ၏မျက်လုံးများထဲတွင် လေးနက်မှုအနည်းငယ် ရှိလာပေပြီ။ သူသည် ရီဖူရှင်းကို လျှော့တွက်မိခဲ့သည့်ပုံပင်။
သူသည် တစ်ဘက်သို့ ပျံသန်းသွားပြီး ကြယ်တာရာကုန်းမြေတစ်ခုနှင့် မနီးမဝေးသို့ ရောက်သွားသည်။ သူ အခြားတစ်ဘက်သို့ လက်ဝါးဆန့်ထုတ်လိုက်ရာ သူ့လက်ဝါးထဲတွင် ကြောက်မက်ဖွယ် ဝဲကတော့မုန်တိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းသည် အာကာသတွင်းနက်ကြီးတစ်ခုကဲ့သို့ပင်။
ကြောက်မက်ဖွယ် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ထိုကြယ်တာရာကုန်းမြေ ပျက်စီးသွားသည်။ ၎င်း၏ အကြွင်းအကျန်များမှာမူ သူ၏လက်ဝါးအတွင်း ဝင်သွားသည်။ ထို့နောက် သူ့လက်ဝါးအရှေ့ရှိ ဝဲကတော့ထဲတွင် ဧရာမလှံတစ်ချောင်း ဖြစ်ပေါ်လာ၏။
သူသည် ကုန်းမြေတစ်ခုကို တိုက်ရိုက်ဝါးမျိုကာ လှံတစ်ချောင်းအဖြစ် သို့ ပြောင်းလိုက်ခြင်းပင်။ ထိုလှံသည် ရီဖူရှင်း၏လှံနှင့် ယှဉ်နိုင်သည့်ပုံပင်။
၎င်းသည် ဧရာမ အနက်ရောင်လှံရှည်တစ်ချောင်းဖြစ်ပြီး မည်းနက်နေကာ စွမ်းအားကြီးပေသည်။ ထို့အပြင် လှံထဲ၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေသည်။ လှံဖျားတွင် အာကာသတွင်းနက်ကြီးတစ်ခု ရှိနေပြီး ဝဲကတော့တစ်ခုအဖြစ်ပြောင်းလဲသွားကာ ၎င်းပတ်ပတ်လည်ရှိ အရာအားလုံးကို လျင်မြန်စွာ ဝါးမျိုနေလေသည်။