အမှန်နှင့်အမှား
Vol. 202 Ch. 2886
မြင့်မားသော ကောင်းကင်ထက်တွင် အရာအားလုံးသည် နဂိုအတိုင်း ပြန်တည်ငြိမ်သွားပေပြီ။ ကျိဝူတောက်လည်း ပျောက်ကွယ်သွားသည်။ သူသည် ရှုံးနိမ့်သွားသည့်ပုံပင်။
“ရီဖူရှင်း နိုင်သွားပြီ”
အောက်ဘက်မှ အားလုံးသည် ငွေဖြူရောင်ဆံပင်နှင့် လူကို မော့ကြည့်လိုက်ကြသည်။ လက်ရှိမျိုးဆက်၏ စွမ်းအားအကြီးဆုံးသူ နှစ်ယောက်၏ ထိုတိုက်ပွဲတွင် ရီဖူရှင်းသည် ကျိဝူတောက်ကို အမှန်ပင် အနိုင်ယူနိုင်ခဲ့လေသည်။
မူလဘုံ၏ နံပါတ်တစ် ပါရမီရှင်သည် ဘုံခုနစ်ခု၏ စွမ်းအားအကြီးဆုံး ပါရမီရှင်ဖြစ်သော လက်ရှိအုပ်စိုးနေသည့် ကောင်းကင်အင်ပါယာ ကျိဝူတောက်ကို အနိုင်ယူနိုင်ခဲ့သည်။
သူ အင်ပါယာခုနစ်ပါးကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။ လူများစွာသည် ရင်ထဲမှ ကြိတ်၍ ချီးကျူးလိုက်ကြသည်။
ဤတိုက်ပွဲ ပြီးနောက်တွင် ရီဖူရှင်းသည် မူလဘုံ၏ နံပါတ်တစ် ပါရမီရှင်သာ မဟုတ်တော့ပေ။ သူက လက်ရှိ လောကတစ်ခွင်လုံး၏ စွမ်းအားအကြီးဆုံး ပါရမီရှင် ဖြစ်သွားပေပြီ။ သူနှင့်ယှဉ်နိုင်သူ မည်သူမှ မရှိတော့ပေ။
ငွေလှံ ပျောက်ကွယ်သွား၏။ ရီဖူရှင်းမှာလည်း ဝိညာဉ်ပုံရိပ်အဖြစ်ပြောင်းကာ ပျောက်ကွယ်သွားသည်။
ကျိဝူတောက်သည် ရှုံးနိမ့်သွားသော်လည်း အရေးပါသည့် အန္တရာယ်တစ်ခုအဖြစ် ဆက်ရှိနေသေးပေသည်။ သူ၏ အလားအလာသည်လည်း မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်း၏။ ကောင်းကင်အရင်းအမြစ်ဝါးမျိုခြင်းအတတ်ကို ကျင့်ကြံခဲ့သော ကျိဝူတောက်သည် အကန့်အသတ်၊ အထိန်းအကွပ်မရှိ တိုးတက်လာနိုင်ပေသည်။ အနာဂတ်တွင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲ သေချာပေါက် ဖြစ်လာဦးမည်ဖြစ်သည်။
ဘုံခုနစ်ခုတွင် လက်ရှိဖြစ်နေသော အရှုပ်အထွေးများကြောင့် သူသည် သူ၏အစွမ်းကို အင်ပါယာခြောက်ပါး၏အဆင့်သို့ ရောက်အောင် မြန်နိုင်သမျှ မြန်မြန် မြှင့်တင်ရပေမည်။
ထိုတိုက်ပွဲသတင်းသည် ဘုံခုနစ်ခုလုံးနှင့် မူလဘုံရှိ နတ်ဘုရားကုန်းမြေတွင် လျင်မြန်စွာ ပျံ့နှံ့သွားကာ လောကကြီးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေ၏။ တစ်ချိန်တည်းမှာပင် အခြားသတင်းများလည်း ထွက်ပေါ်လာ၏။ မကြာသေးခင်က အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို ပလ္လင်လွှဲပေးကာ”အရှင်ဖူရှင်း”ဟု ဘွဲ့အမည် ပေးလိုခဲ့သည်။ သို့သော် ရီဖူရှင်းသည် သူ၏ကမ်းလှမ်းချက်ကို ငြင်းလိုက်ပြီး ကောင်းကင်ဒေသ၏ ပလ္လင်ကို လက်မခံခဲ့ချေ။
ထိုသတင်းသည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ လူများသည် အရှင်ဒွန်ဟောင်က အင်ပါယာရီချင်အပေါ် အပြစ်ရှိသဖြင့် ထိုအပြစ်ကို ချေရန် အင်ပါယာရီချင်၏ မျိုးဆက်အား ပလ္လင်ပြန်ပေးခြင်း ဖြစ်သည်ဟု ပြောကြ၏။ သို့သော် သူတို့သည် တဖြည်းဖြည်းဖြင့် ရီဖူရှင်းမှာ ကောင်းကင်ဒေသ၏ ဆရာသခင်ဖြစ်ပြီး အရှင်ဒွန်ဟောင်၏ သားတော်ဖြစ်ကြောင်း စတင်သိရှိလာကြသည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းက ကောင်းကင်အင်ပါယာ၏ မျိုးဆက်လည်းဖြစ်ကြောင်း သူတို့ သိရှိသွားကြသည်။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံသို့သွား၍ ကျိဝူတောက်နှင့် တိုက်ခိုက်ခဲ့ခြင်းပင်။ သူသည် ကောင်းကင်ဘုံ၏ ဆက်ခံသူအစစ်အမှန် ဖြစ်ပေသည်။
ကောင်းကင်(၉၉)လွှာမြောက်ရှိ ကောင်းကင်လမ်းစဉ်သည် ရှေးဟောင်းကောင်းကင်လမ်းစဉ် ချန်ထားခဲ့သော အကြွင်းအကျန်အသိစိတ်မဟုတ်သလို၊ ကောင်းကင်အင်ပါယာလည်း မဟုတ်ပေ။ ၎င်းသည် ကောင်းကင်မင်းသမီး၏ အခြားပုံစံတစ်ခု ဖြစ်ပေသည်။ လူအများစုသည် ကောင်းကင်အင်ပါယာဟောင်း၏ သမီးတော်အကြောင်းကို မသိကြပေ။ အထူးသဖြင့် အဆင့်နိမ့်ကမ္ဘာများမှ ကျင့်ကြံသူများသည် ကောင်းကင်မင်းသမီးအကြောင်းကို မသိကြချေ။ သူမရှိကြောင်းကိုပင် လူအနည်းငယ်သာ သိပေသည်။ အထက်ပိုင်းတွင် ရှိသူများသာ သူမသည် မည်မျှ ထူးချွန်ခဲ့သည် သို့မဟုတ် သူမသည် ကောင်းကင်လမ်းစဉ်ကို ပြန်တည်ဆောက်လိုခဲ့သည်ဟူသော သူမအကြောင်းအနည်းငယ်ကိုသာ သိကြလေသည်။
ထို့ကြောင့် သူမကျဆုံးသွားခဲ့သော တိုက်ပွဲအကြောင်းကို လောကကြီးက မသိခြင်းပင်။ ထိုအကြောင်းကို အနည်းငယ်သာ သိရပေသည်။
ယခုမှသာ သတင်းအချက်အလက်များစွာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဘုံအားလုံးတွင် လျှို့ဝှက်ချက်အချို့ စတင် ပေါ်လာခြင်းဖြစ်သည်။
****
ရီဖူရှင်း ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာမြောက်သို့ ပြန်ရောက်လာသောအခါ ကျင့်ကြံသူအများစုသည် ထိုနေရာတွင် ရှိနေသေးပေသည်။ ကောင်းကင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများလည်း ရှိနေသည်။
သူတို့သည် ရီဖူရှင်းက ပြန်လာသည်ကို မြင်လိုက်သောအခါ တိုက်ပွဲ၏ ရလဒ်ကို သိသွားကြသည်။ ကောင်းကင်အင်ပါယာနန်းတော်မှ လူများသည် ရှုပ်ထွေးသောခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။ အထူးသဖြင့် မျိုးဆက်ဟောင်းမှ လူများသည် ခံစားချက် ရှုပ်ထွေးသွားကြသည်။ ကျိဝူတောက်သည် ကောင်းကင်မင်းသမီးက ရွေးချယ်ထားသော ဆက်ခံသူဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် သူတို့၏အထင်သည် မမှန်ခဲ့ပေ။ ကောင်းကင်ဘုံ၏ ဆက်ခံသူမှာ ရီဖူရှင်း ဖြစ်နေခဲ့သည်။
သူသည် ကောင်းကင်ဘုံ၏ စစ်မှန်သော ဆက်ခံသူမျိုးဆက်ဖြစ်သည်။ သူ့သွေးထဲတွင် ကောင်းကင်အင်ပါယာ၏သွေးများ စီးဆင်းနေသည်။
အဖြူနှင့်အနက်ကောင်းကင်အရှင်များ၊ ကောင်းကင်ဘုရင်များ၊ ကြယ်တာရာသခင်ကိုးပါးနှင့် ကောင်းကင်အင်ပါယာနန်းတော်မှ အခြားကျင့်ကြံသူများသည် ထိုနေရာတွင် ရှိနေကြသည်။ သူတို့အရှေ့တွင် နောက်ထပ် နှစ်ယောက် ရှိနေ၏။ ထိုနှစ်ယောက်သည် ရီဖူရှင်း မကြာသေးခင်က ဒွန်ဟောင်အင်ပါယာနန်းတော်တွင် တွေ့ခဲ့သော မဟာဧကရီနှစ်ပါး ဖြစ်ပေသည်။ ယခုတွင် သူမတို့သည် ဤနေရာတွင် ရှိနေလေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် သူမတို့သည် ကောင်းကင်အင်ပါယာနန်းတော်မှ ဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူမတို့သည် သူ့အမေ၏ နောက်လိုက်များ ဖြစ်ပေမည်။ ထို့ကြောင့် သူမတို့သည် ကောင်းကင်ဘုံကို ပြန်ယူရန် လူကိုယ်တိုင် လာခဲ့ကြခြင်းဖြစ်မည်။
“ကျိဝူတောက်က ကောင်းကင်ဘုံကို သစ္စာဖောက်ခဲ့တယ်။ ဒီနေ့ကစပြီး သူက ကောင်းကင်အင်ပါယာကနေပြီး နှင်ထုတ်ခံရမယ်။ သူက ကောင်းကင်အင်ပါယာနန်းတော်နဲ့ မသက်ဆိုင်တော့ဘူး။ ပြီးတော့ သူက ကောင်းကင်အင်ပါယာနန်းတော်ရဲ့ သစ္စာဖောက်တစ်ယောက်ပဲ”
မဟာဧကရီတစ်ပါးက ကောင်းကင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ကြေညာလိုက်သည်။ ထိုကြေညာချက်သည် အားလုံး သိထားပြီးသာ အရာဖြစ်သော်လည်း သူတို့သည် ရင်ထဲတွင် တစ်မျိုးတစ်မည် ခံစားလိုက်ကြရသေးပေသည်။
သူတို့သည် ယနေ့အထိ ကျိဝူတောက် ကြီးပြင်းလာသည်ကို ကြည့်ခဲ့ပြီး ကျိဝူတောက်သည် အနာဂတ်ကောင်းကင်အင်ပါယာ ဖြစ်မည့်သူဟု မှတ်ယူကာ သူ အင်ပါယာအဆင့်သို့ ရောက်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် ကျိဝူတောက်တစ်ယောက် အင်ပါယာလမ်းစဉ်ပေါ်သို့ ရောက်သွားပြီး ကောင်းကင်အင်ပါယာအဖြစ် ကင်ပွန်းတပ်ခံရတော့မည့် အချိန်တွင် ဆက်ခံသူအစစ်အမှန် ပေါ်ထွက်လာလေသည်။ ထို့ကြောင့် ကျိဝူတောက်သည် ထိုဆက်ခံသူအစစ်ကို ကူညီပေးရမည့် အဓိပ္ပာယ်ဖြစ်သွားသည်။ ထိုကဲ့သို့သော ကံကြမ္မာအပြောင်းအလဲကို မည်သူက လိုလိုချင်ချင် လက်ခံနိုင်ပါမည်နည်း။
ထို့အပြင် သူသည် အလွန် မာနကြီး၍ စိတ်ကြီးဝင်နေသော ကျိဝူတောက်ဖြစ်သည်။ သူ့ကိုယ်သူ အထင်ကြီးသော ကျိဝူတောက်သည် ကောင်းကင်ဘုံကို ပြန်ဂုဏ်ရှိန်ကြီးလာအောင် လုပ်ရန်နှင့် သူ့ဆရာအတွက် လက်စားချေပေးရန်တွင်သာ သူ့ကိုယ်သူ နှစ်မြှုပ်ထားခဲ့သည်။ သူသည် ဘုံခုနစ်ခုကိုပင် ပြန်လည်ပေါင်းစည်းကာ စကြဝဠာကို အုပ်စိုးလိုခဲ့သူဖြစ်သည်။ ထိုကဲ့သို့သော ရည်မှန်းချက်ကြီးသူတစ်ဦးသည် အဘယ်သို့ အခြားသူတစ်ယောက်အောက်တွင် တာဝန်ထမ်းဆောင်လိုမည်နည်း။
အရာအားလုံးကို ထည့်စဉ်းစားလျှင် ကျိဝူတောက်၏ သစ္စာဖောက်ခြင်းသည် ရှောင်လွှဲ၍မရနိုင်သော ကိစ္စဖြစ်သည်။ သူ၏တစ်ခုတည်းသော အပြစ်သည် အလွန်ထူးချွန်နေခြင်းသာ။ အကယ်၍ သူသာ အလွန်ထူးချွန်မနေဘဲ ထိုသို့သော ရည်မှန်းချက်များ မရှိလျှင် သူသည် သစ္စာဖောက်လိမ့်မည်မဟုတ်ဘဲ ရီဖူရှင်းထံတွင် လိုလိုချင်ချင် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
ကျိဝူတောက်သည် ဘာအမှားလုပ်ခဲ့သနည်း။
သူသည် ကျင့်ကြံသူများစွာကို ဝါးမျိုခဲ့သည်။ ထို့အပြင် ကောင်းကင်အရင်းအမြစ်ဝါးမျိုခြင်းအတတ်သည် မိစ္ဆာအတတ်ဟု သတ်မှတ်ခံထားရသည့် အတတ်ဖြစ်သည်။ ထို့ကြောင့် အပြင်လူများသည် သူ့ကို မိစ္ဆာတစ်ကောင်ဟု မြင်ကြပေလိမ့်မည်။
သို့သော် ကောင်းကင်ဘုံအတွက် ကျိဝူတောက်သည် အမှန်ပင် အမှားတစ်ခု လုပ်ခဲ့ပေသည်။ သူသည် ကောင်းကင်ဘုံ ပြန်ဂုဏ်ရှိန်ကြီးမားလာရေးကို သူ၏တာဝန်အဖြစ် အမြဲ ခံယူခဲ့ပြီး ထိုအတွက် တိုက်ခိုက်ခဲ့သည်။ သူသည် နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ်နေ၍ သည်းခံကာ သူ့ကိုယ်သူ တိုးတက်လာအောင် တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်။
ပြဿနာမှာ သူသည် သူ့ကိုယ်သူ အလွန်အထင်ကြီးခြင်းဖြစ်ပြီး အလွန်ရည်မှန်းချက်ကြီးခြင်းဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကံကြမ္မက ရွေးချယ်သူဟု တွေးပြီး ဤတာဝန်အတွက် သူတစ်ယောက်တည်း ပခုံးထမ်းရမည်ဟု ခံယူထားသည်။
အမှန်တွင် ကောင်းကင်မင်းသမီးသည် သူ့ကို ထိုသို့ လုပ်စေလိုခဲ့ခြင်း မဟုတ်ပေ။
သူသည် ယုံကြည်ရသော တပည့်တစ်ယောက်သာဖြစ်သည်။ အမှန်တရား ထွက်ပေါ်လာချိန်တွင် သူသည် ရီဖူရှင်းကို ကူညီပေးရမည့်သူဖြစ်သည်။
“ကျုပ်ဆီမှာ မေးခွန်းတစ်ခု ရှိတယ်”
ထိုအခိုက်တွင် ကောင်းကင်ဘုရင်လေးပါးထဲမှ စေတီဘုရင်က ရှေ့သို့ ထွက်လာသည်။
“တစ်ချိန်တုန်းက ဒွန်ဟောင်က သူ့ဘာသာ ကောင်းကင်ဘုံနဲ့ အဆက်ဖြတ်ခဲ့တယ်။ ဘာလို့ အခုမှ သူ့ရဲ့ မျိုးဆက်က ကောင်းကင်ဘုံကို ထပ်ပြီး အုပ်စိုးရမှာလဲ။ မင်းသမီးရဲ့ ဆန္ဒက ဘာလဲ”
“ပြီးတော့ တကယ်လို့ မင်းသမီးကသာ ကျိဝူတောက်ကို ကောင်းကင်အင်ပါယာရဲ့ ပလ္လင်ကို မဆက်ခံစေချင်ခဲ့ဘူးဆိုရင် ဘာလို့ သူက ကျိဝူတောက်ကို နဂါးကိုးကောင်းသန့်စင်ချီပေးမှာလဲ။ ကျိဝူတောက်က ဒီနှစ်တွေအတွင်းမှာ ကောင်းကင်အင်ပါယာနန်းတော် ပြန်ပြီးဂုဏ်ရှိန်ကြီးအောင် လုပ်ဖို့ကိစ္စမှာပဲ သူ့ကိုယ်သူ နှစ်မြှုပ်ထားခဲ့တာ။ ဒါပေမဲ့ အခု သူက သစ္စာဖောက်လို့ တံဆိပ်ကပ်ခံလိုက်ရပြီ။ အဲဒါက နည်းနည်းတော့ လွန်တယ်မထင်ဘူးလား...”
စေတီဘုရင်သည် ယခင်က ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် ထိုတိုက်ပွဲသည် နတ်ဘုရားကုန်းမြေကိုပင် ရှာမတွေ့သေးခင် လွန်ခဲ့သောနှစ်ပေါင်းများစွာက မူလဘုံတွင် ဖြစ်ခဲ့သော တိုက်ပွဲဖြစ်သည်။
“တခြား ဘယ်သူတွေ အဲဒီလိုတွေးသေးလဲ။ ဒါမှမဟုတ် တခြားအမြင်ရှိတဲ့သူတွေ ရှိသေးလား”
မဟာဧကရီသည် လူအုပ်ကို ကြည့်သည်။
“ကျုပ်လည်း အဲဒီလိုပဲ တွေးတယ်”
သံစဉ်ဘုရင်က ပြန်ပြောလိုက်၏။
နောက်ထပ် မည်သူမှ ရှေ့မထွက်လာတော့သလို မည်သူမှ ဘာမှ မပြောကြတော့ပေ။
မဟာဧကရီသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“မင်းသမီးရဲ့ ဆန္ဒကို နင်တို့လို လူတွေကို ရှင်းပြနေစရာမလိုဘူး။ နဂါးကိုးကောင်သန့်စင်ချီကတော့ မင်းသမီးက ကျိဝူတောက် ကောင်းကင်အင်ပါယာရဲ့ ပလ္လင်ကို ဆက်ခံမယ်ဆိုလည်း စိတ်မရှိလို့ပဲ။ သခင်လေးကို ကူညီရမှာနဲ့ ကောင်းကင်အင်ပါယာရဲ့ ပလ္လင်နဲ့က ဘာမှ မဆိုင်ဘူး။ ဒါပေမဲ့ ကျိဝူတောက်က အမှန်ကို သိပြီးသွားတာတောင် သူ့ဘာသာ ရွေးချယ်သွားခဲ့တာပဲ.. သူက သခင်လေးကို မလေးမစားဆက်ဆံခဲ့တယ်.. အဲဒါက သစ္စာဖောက်တာနဲ့ အတူတူပဲ။ အဲဒီကိစ္စကို ဘာတွေ ထပ်မေးနေဖို့ လိုဦးမှာလဲ”
“ပြီးတော့ ကျိဝူတောက်ရဲ့ လုပ်ရပ်တွေက အမြဲ မင်းသမီးရဲ့ ယုံကြည်မှုနဲ့ ဆန့်ကျင်နေခဲ့တာပဲ။ နင်တို့အားလုံးလည်း အရင်က သူလုပ်ချင်တာ လုပ်ခွင့်ပေးထားတဲ့အတွက် အပြစ်ရှိတယ်။ ဒါပေမဲ့ ငါတို့အတွက် ငါ ဒီကိစ္စကို လျှော်ပေးလိုက်မယ်။ ဒါပေမဲ့ တကယ်လို့ ကျိဝူတောက်နောက်ကို လိုက်ချင်တဲ့ သူတွေရှိတယ်ဆိုရင်လည်း သွားပါ။ အခု ထွက်သွားပါ”
အားလုံးသည် မဟာဧကရီ၏ စကားများကို ကြားလိုက်သောအခါ ဆွံ့အသွားကြသည်။ ကျိဝူတောက်သည် မည်သည့်အမှားမှ မလုပ်ခဲ့ချေ။ သို့သော် မည်သူကရော အမှားလုပ်ခဲ့ပါသနည်း။
ကျိဝူတောက်တွင် ရှိသော အရာအားလုံးသည် ကောင်းကင်အင်ပါယာနန်းတော်က ချီးမြှင့်ထားသည်များသာဖြစ်သည်။ သူ လက်မခံနိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ သူသည် ရွေးချယ်ခံမဟုတ်ဟူသော အမှန်တရားပင်ဖြစ်သည်။
ရီဖူရှင်းသည် အားလုံးကို ကြည့်လိုက်၏။ သူသည်လည်း ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။ ယခုတွင် ကောင်းကင်ဒေသကို ဒွန်ဟောင်တိယွမ်က ဆက်ခံတော့မည်ဖြစ်သည်။ သို့ဆိုလျှင် ကောင်းကင်ဘုံကို မည်သူဆက်ခံမည်နည်း။
သူ့အတွက် အာဏာက အသုံးမဝင်ပေ။ သို့သော် ကံကြမ္မာသည် ထိုတာဝန်အားလုံးကို သူ့ပခုံးပေါ်သို့ တင်ပေးလိုက်ပြီး သူ့ကို ရှေ့သို့ တွန်းနေပေပြီ။ အချို့ကိစ္စများတွင် သူ မည်သည့်အခါက ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရခဲ့ဖူးပါသနည်း။