နန်းတက်ခြင်း
Vol. 202 Ch. 2887
“သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်”
ထိုအခိုက်တွင် အသံတစ်သံကို ကြားလိုက်ရ၏။ အဖြူနှင့်အနက်ကောင်းကင်အရှင်များက ဦးညွှတ်ကာ ရီဖူရှင်းကို အရိုအသေပေးလိုက်ခြင်းပင်။
အခြားကျင့်ကြံသူများသည် ထိုအခြင်းအရာကို မြင်သောအခါ ဤအခြေအနေကို ရှောင်လွှဲ၍ မရတော့ကြောင်း သိသွားကြသည်။ ထို့ကြောင့် သူတို့သည်လည်း ဦးညွှတ်ကာ ရီဖူရှင်းကို အသိအမှတ်ပြုလိုက်ကြသည်။
“သခင်လေး...”
သူတို့ ခေါ်လိုက်ကြသည်။
ကောင်းကင်အင်ပါယာနန်းတော်ထဲတွင် တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးနေကြသည်။
ကောင်းကင်အင်ပါယာနန်းတော်မှ မျိုးဆက်ဟောင်းများသည် မင်းသမီး၏ အမိန့်ကို နာခံလိုကြသော်လည်း ကိစ္စများသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသဖြင့် သူတို့အတွက် တုံ့ပြန်ရန် အချိန်မရခဲ့ပေ။ တစ်ချိန်က သူတို့ ရန်သူအဖြစ် သတ်မှတ်ခဲ့သော ရီဖူရှင်းသည် သူတို့ အမှုထမ်းရမည့် သခင်လေးဖြစ်နေလေသည်။ ထို့ကြောင့် ထိုအခြင်းအရာသည် သူတို့တော်တော်များများအတွက် စိတ်မသက်မသာ ဖြစ်စေသည်။
သို့သော် ထိုကိစ္စကို ပို၍တွေးတောဆင်ခြင်ကြည့်သောအခါ အချို့သည် ရီဖူရှင်းမှာ အမှန်ပင် လောကထဲရှိ အထူးချွန်ဆုံးသူဖြစ်ကြောင်း နားလည်သွားကြသည်။ သူသည် အရှင်ဒွန်ဟောင်နှင့် ကောင်းကင်အင်ပါယာ၏ သမီးတော်တို့၏ ရင်သွေးဖြစ်သည်။ ယင်းသည် လောကထဲရှိ ဂုဏ်ဩဇာအကြီးဆုံး မျိုးရိုးဖြစ်သည်။ သူသည် ကောင်းကင်အင်ပါယာ၏ မျိုးဆက်ဖြစ်ရုံသာမက အရှင်ဒွန်ဟောင်၏ သားတော်လည်း ဖြစ်နေသေးသည်။ ထိုကဲ့သို့ ပေါင်းစပ်မှုကို အခြားမည်သူက ယှဉ်နိုင်မည်နည်း။
ထို့အပြင် ရီဖူရှင်းသည် ဤကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းကို သုံး၍ အသာစီးမယူခဲ့ဘဲ အပြင်သို့သွားကာ ကျိဝူတောက်နှင့် တိုက်ခိုက်ခဲ့သည်။ သူသည် ကျိဝူတောက်ကို အနိုင်ယူနိုင်ခဲ့သည်။ သူသည် မည်သည့်ကိုမှ သက်သေထပ်ပြနေရန် မလိုတော့ပေ။
ကောင်းကင်(၉၉)လွှာတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့အထက်ရှိ ကောင်းကင်နန်းတော်ထဲတွင် ဖြစ်ပေါ်နေသော ကိစ္စများသည် အိပ်မက်ကဲ့သို့ ခံစားနေရလေသည်။
ရီဖူရှင်းက ကောင်းကင်အင်ပါယာသခင်၏ ဆရာသခင်ဖြစ်လာပြီး ကောင်းကင်ဘုံ၏ ဆရာသခင်လည်း ဖြစ်လာခဲ့သည်။
မဟာဧကရီနှစ်ပါးသည် ထိုအခြင်းအရာကို မြင်သောအခါ ရီဖူရှင်းထံ လျှောက်သွားကာ အနည်းငယ် ဦးညွှတ်လိုက်ကြသည်။
“တကယ်လို့ သခင်လေးက ကောင်းကင်ဒေသကို မဆက်ခံဖို့ ရွေးချယ်လိုက်ပြီဆိုရင် ကောင်းကင်အင်ပါယာနန်းတော်ကို ဆက်ခံမယ့် တခြားသူမရှိတော့ပါဘူး။ အဲဒါကြောင့် သခင်လေးက ကောင်းကင်အင်ပါယာအနေနဲ့ နန်းတက်ပြီး ကောင်းကင်နန်းတော်ကို ပြန်တည်ထောင်ပြီးတော့ ကောင်းကင်ဘုံတစ်ခုလုံးကို အုပ်စိုးဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်”
ကောင်းကင်အင်ပါယာနန်းတော်ထဲမှ လူအားလုံးသည် ရီဖူရှင်းကို ကြည့်နေကြသည်။ လက်ရှိ လောကထဲတွင် အင်ပါယာခြောက်ပါးကိုထည့်မတွက်လျှင် ရီဖူရှင်းသည် ပြိုင်ဘက်ကင်းဖြစ်သည်။ ထို့အပြင် သူသည် တိုးတက်နေဆဲဖြစ်သည်။ အမှန်ပင် သူသည် ကောင်းကင်အင်ပါယာဖြစ်လာရန် စံချိန်မီ သင့်တော်သူဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ယင်းသည် သူ၏မွေးရာပါ အခွင့်အရေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်ဘုံ၏ ဆက်ခံသူအစစ်အမှန် ဖြစ်သောကြောင့်ပင်။
“သခင်လေး... ကောင်းကင်အင်ပါယာအဖြစ် နန်းတက်ပြီး ကောင်းကင်နန်းတော်ကို ပြန်တည်ထောင်ပေးပါ”
အဖြူနှင့်အနက်ကောင်းကင်အရှင်များကလည်း တောင်းဆိုလိုက်ကြသည်။
“သခင်လေး ကောင်းကင်အင်ပါယာအဖြစ် နန်းတက်ပြီး ကောင်းကင်နန်းတော်ကို ပြန်တည်ထောင်ပေးပါ”
အခြားကျင့်ကြံသူများသည်လည်း သူ့ကို နန်းတက်ရန် တောင်းဆိုလိုက်ကြလေသည်။ သူတို့၏ တောင်းဆိုသံများသည် ကောင်းကင်(၉၉)လွှာတွင် တစ်ခဏမျှ ပဲ့တင်ထပ်သွားသည်။
သူတို့သည် ရီဖူရှင်း၏ ကောင်းကင်အင်ပါယာအဖြစ် နန်းတက်ရန် တောင်းဆိုခဲ့ကြသည်။
ရီဖူရှင်းသည် အားလုံးကို ကြည့်လိုက်ပြီးနောက် သူ့အထက်ရှိ ကောင်းကင်ကို ကြည့်လိုက်လေသည်။ သူ့အပေါ်သို့ နတ်အလင်းတန်းများ ကျဆင်းလာ၏။ သူသည် ထိုအလင်းတန်းများမှနေ၍ နွေးထွေးမှုအချို့ ခံစားနေရပုံပေါ်လေသည်။
“အမေကရော ကျုပ်ကို အင်ပါယာအဖြစ် နန်းတက်စေချင်လား”
ရီဖူရှင်းသည် သူ၏အသံကို မသုံးဘဲ စိတ်ထဲမှ မေးလိုက်သည်။ ကောင်းကင်အင်ပါယာ ကျဆုံးသွားပြီးနောက်တွင် သူ၏အမေ ကောင်းကင်မင်းသမီးသည် ကောင်းကင်အင်ပါယာအဖြစ် နန်းမတက်ခဲ့ချေ။ သူမ၏ အစွမ်းသည် မယုံနိုင်လောက်အောင် ကြီးမားနေခဲ့ပြီဖြစ်သော်လည်း သူမသည် အင်ပါယာ၏ ပလ္လင်ကို မဆက်ခံခဲ့ချေ။ ထို့ကြောင့် ယနေ့ခေတ် ကျင့်ကြံသူများသည် သူမကို”မင်းသမီး”ဟု ခေါ်နေကြခြင်းဖြစ်သည်။
ယခုတွင် သူတို့သည် သူ့ကို ကောင်းကင်အင်ပါယာ၏ ပလ္လင်ကို ဆက်ခံရန် မျှော်လင့်နေကြသည်။ သို့သော် ထိုတောင်းဆိုချက်သည် မျိုးဆက်တစ်ဆက် ကျော်ခဲ့ပြီဖြစ်သည်။
အရှိန်အဝါ ကျဆင်းနေသည့် ကောင်းကင်အင်ပါယာနန်းတော်နှင့် ယိုယွင်းနေသော ကောင်းကင်ဘုံသည် ကောင်းကင်အင်ပါယာအသစ်၏ ခေါင်းဆောင်မှုကို လိုအပ်ပေလိမ့်မည်။
ရီဖူရှင်းသည် အဖြေကို အာရုံခံမိလိုက်၏။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။ သူသည် ကောင်းကင်အင်ပါယာနန်းတော်ဘက်သို့ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
ကောင်းကင်ဒေသတွင် အရှင်ဒွန်ဟောင် ရှိနေသေးပေသည်။ သူက လက်ရှိလောကထဲမှ အုပ်စိုးသူ အင်ပါယာခြောက်ပါးထဲမှ တစ်ပါးဖြစ်သည်။ သူသည် အလွန်စွမ်းအားကြီးပြီး လောကထဲရှိ စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်။ အနာဂတ်တွင် ဒွန်ဟောင်တိယွမ်သည် အရှင်ဒွန်ဟောင်၏ ပလ္လင်ကို ဆက်ခံနိုင်မည်ဖြစ်သည်။ ယခင်က အင်ပါယာရီချင်သည် ဤအကြံအစည်အတွက် သူ့ကိုယ့်သူ စတေးခဲ့သည်။ ထို့ကြောင့် ဒွန်ဟောင်တိယွမ်ကို ကောင်းကင်ဒေသ ပြန်ပေးခြင်းသည် အကျိုးအကြောင်း ဆီလျော်ပေသည်။
သို့သော် ကောင်းကင်ဘုံမှာမူ မတူပေ။ ကောင်းကင်ဘုံသည် နှစ်ပေါင်းများစွာ အရှိန်အဝါ ကျဆင်းနေခဲ့သည်။ ယနေ့ခေတ်ရောက်ခါမှ ပြန်ခေါင်းထောင်လာနိုင်ရန် အခွင့်အရေးတစ်ခုကို မြင်ခဲ့ရခြင်းဖြစ်သည်။ ယခင်က ကျိဝူတောက်သည် ကောင်းကင်ဘုံကို ပြန်ဂုဏ်ရှိန်ပြောင်လာရန် ဦးဆောင်မည့် ကောင်းကင်အင်ပါယာအဖြစ် အုပ်စိုးခဲ့သည်။ သို့သော် ယခုတွင် ထိုတာဝန်သည် ရီဖူရှင်းအပေါ်သို့ ရောက်လာပေပြီ။
ယခုတွင် သူသည် ထိုလေးလံသောတာဝန်ကို ပခုံးထမ်းရမည့် တစ်ဦးတည်းသော သင့်တော်သူ ဖြစ်နေပြီဖြစ်သည်။
“သခင်လေး... ကြွပါ”
သူ့ဘေးဘယ်ညာတွင် မဟာဧကရီ တစ်ပါးစီရှိနေပြီး သူ့ကိုစောင့်ရှောက်ကာကွယ်ကာ ကောင်းကင်အင်ပါယာနန်းတော်ထိပ်ဆုံးသို့ ခေါ်ဆောင်သွားသည်။
ရီဖူရှင်းက ကောင်းကင်အင်ပါယာနန်းတော်ဆီသို့ မလျှောက်သွားမီ ထိုနေရာကို လှမ်းကြည့်သည်။ သူသည် နတ်ဘုံကျောင်းများစွာကို ဖြတ်သွားရသည်။ သူသည် ထိပ်ဆုံးတွင်ရှိသည့် ဘုံကျောင်းသို့ ရောက်လာ၏။ ထိုနေရာတွင် ကောင်းကင်အပြင်ထိ မြင့်မားသည့် တိုင်ကြီးများ ရှိနေပြီး မြင့်မားသည့် နန်းတော်ကြီးတစ်ခုကို ထောက်ကန်ပေးထားသည်။ ထိပ်ဆုံးနေရာတွင် နတ်ပလ္လင်တစ်ခု ရှိနေသည်။
ရီဖူရှင်းသည် ရှေးဟောင်းနတ်ပလ္လင်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် နောက်လှည့်ကာ ထိုပလ္လင်တွင် ထိုင်လိုက်လေသည်။
မဟာဧကရီနှစ်ပါးသည် ဒူးတစ်ဘက်ထောက်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
“ကောင်းကင်အင်ပါယာ သက်တော်ရှည်ပါစေ”
သူမတို့လိုပင် ကောင်းကင်အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများသည် ဒူးတစ်ဘက်ထောက်ကာ အရိုအသေပေးလိုက်ကြသည်။ သူတို့သည်လည်း ကျယ်လောင်စွာ ပြောလိုက်လေသည်။
“ကောင်းကင်အင်ပါယာ သက်တော်ရှည်ပါစေ”
ကောင်းကင်အင်ပါယာနန်းတော်သည် ယိုယွင်းနေသော်လည်း ကျင့်ကြံသူများစွာ ရှိနေပေသေးသည်။ ထိုအခိုက်တွင် သူတို့အားလုံးသည် ဒူးတစ်ဘက်ထောက်ကာ အင်ပါယာအသစ်ကို အရိုအသေပေးနေကြသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်အင်ပါယာသည် လောကထဲရှိ အလေးမြတ်ဆုံး မဟာအင်ပါယာဖြစ်ခဲ့သည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်သွားပြီးနောက် ခေတ်တွင် ကောင်းကင်အင်ပါယာသည် အကြီးမြတ်ဆုံးဖြစ်လုနီးပါး အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်။
သို့သော် ကောင်းကင်အင်ပါယာ ကျဆုံးသွားပြီးနောက်တွင် ကောင်းကင်ဘုံသည် လျင်မြန်စွာ အရှိန်အဝါ ကျဆင်းလာခဲ့သည်။
ကောင်းကင်(၉၉)လွှာအထက်တွင် လူများစွာသည် ရပ်ကြည့်နေကြသည်။ သူတို့သည် ဤကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းအတွက် ကောင်းကင်အင်ပါယာနန်းတော်သို့ ဝင်လာသူများဖြစ်သည်။ သူတို့သည် ကောင်းကင်အင်ပါယာနန်းတော်အပေါ် သစ္စာစောင့်သိစိတ် မရှိကြပေ။ ထို့အပြင် ယခင်က ကျိဝူတောက်သည် ကတိဖျက်သူတိုင်း ခြွင်းချက်မရှိ အသတ်ခံရမည်ဟု သူတို့ကို ပြောထားပေသည်။
သို့သော် ယခုတွင် ကျိဝူတောက် မရှိတော့ပေ။ ထို့ကြောင့် အချို့သည် ရီဖူရှင်း ကောင်းကင်အင်ပါယာအဖြစ် နန်းတက်သွားသောအခါ သူ့ကို ဒူးထောက် အရိုအသေပေးရန် အင်တင်တင်ဖြစ်နေကြသည်။ သူတို့တော်တော်များများသည် ရှေးဟောင်းအင်ပါယာများ မဟုတ်ပါလား။ အချို့သည် အင်ပါယာဖြစ်လာနိုင်မည့်အဆင့်ရှိသူများ ဖြစ်သည်။
“ထကြပါ”
ရီဖူရှင်းက ကောင်းကင်နန်းတော်ထက်ရှိ ကျင့်ကြံသူများကို ကြည့်၍ ပြောလိုက်၏။ မဟာဧကရီနှစ်ပါးသည် ထရပ်လိုက်ပြီး နောက်လှည့်ကာ ကောင်းကင်(၉၉)လွှာရှိ ကျန်ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အပြစ်တင်လိုက်သည်။
“နင်တို့အားလုံးက ကောင်းကင်အင်ပါယာနန်းတော်နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တယ်။ အခု ပလ္လင်ပေါ်မှာ ကောင်းကင်အင်ပါယာရှိနေပြီ... ဘာလို့ နင်တို့က ကောင်းကင်အင်ပါယာကို အရိုအသေမပေးသေးတာလဲ”
အားလုံးသည် ကောင်းကင်အင်ပါယာအထက်ကို မော့ကြည့်လိုက်ကြသည်။ သို့သော် ထိုအခိုက်တွင် ရီဖူရှင်း ပြောလိုက်လေသည်။
“ရပါတယ်.. ဘာမှ မဖြစ်ပါဘူး”
ကောင်းကင်ဘုံကို ပြန်တည်ထောင်ရန် စွမ်းအားကြီးကျင့်ကြံသူများကို လိုအပ်ပေသည်။ သူ့ ကျင့်ကြံရန်အတွက်လည်း ထိုသူများကို လိုအပ်သည်။
“အားလုံးက နှစ်ပေါင်းများစွာ ကျင့်ကြံပြီးပြီပဲ... တကယ်လို့ ခင်ဗျားတို့က ကောင်းကင်အင်ပါယာနန်းတော်နဲ့ မပူးပေါင်းချင်တော့ဘူဆိုရင်လည်း အခု ထွက်သွားနိုင်ပါတယ်”
ရီဖူရှင်း ကျယ်လောင်စွာ ကြေညာလိုက်သည်။ သူ၏အမေသည် သဘောထားကြီးကာ အစွဲမရှိသူဖြစ်သည်။ သူမသည် မှော်နက်လောကနှင့် လူသားဘုံတို့ကို လေ့လာကျင့်ကြံရာတွင် ကူညီပေးရန် နတ်ပစ္စည်းများ လက်ဆောင်ပေးခဲ့သည်။
ရီဖူရှင်းသည် သူ့ကိုယ်သူ ထိုမျှ သဘောထားကြီးသူဟု မတွေးပေ။ သူ ကောင်းကင်အင်ပါယာနန်းတော်ကို ဆက်ခံပြီးနောက်တွင် ကောင်းကင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ဤကောင်းကင်လမ်းစဉ်အောက်တွင် နေခွင့် မပြုနိုင်ချေ။ အနာဂတ်တွင် သူ ထိပ်ဆုံးသို့ ရောက်လာသောအခါ သူသည် အကျိုးကျေးဇူးများကို လောကတစ်ခွင်လုံးနှင့် မျှဝေမည်ဖြစ်သည်။
လောက၏ အခြေအနေသည် မရေရာပေ။ ထို့အပြင် မည်သူက မိတ်ဆွေ၊ မည်သူက ရန်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိနိုင်ချေ။ အမှောင်ထဲတွင် လှုပ်ရှားနေသော အခြားအင်ပါယာအဆင့်အင်အားစုများလည်း ရှိနေနိုင်ပေသည်။ ရန်သူများကို ကူညီခြင်းသည် ဉာဏ်နည်းရာကျမည်ဟု ရီဖူရှင်း တွေး၏။
လူများစွာသည် ရီဖူရှင်းကို ကြည့်ကာ နောက်လှည့်၍ အဝေးသို့ လျှောက်သွားသည်။ သူတို့သည် ဤမျှကျင့်ကြံနိုင်ခဲ့လျှင် လုံလောက်ပြီဟု သူတို့ တွေးသည်။ သူတို့သည် အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ ပြန်တက်နိုင်ခဲ့ပြီဖြစ်သည်။ အချို့သည် မဟာအင်ပါယာအဆင့်သို့ပင် ရောက်သွားပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဆက်နေရန် မလိုတော့ပေ။
သို့သော် ချီတုံချတုံဖြစ်နေသူများလည်း ရှိနေသေးပေသည်။ ထွက်သွားသည် ကျင့်ကြံသူများစွာရှိသလို နေခဲ့သူများလည်း များစွာ ရှိလေသည်။
ရီဖူရှင်းသည် အောက်ဘက်သို့ ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။
“အခု ကျုပ် ကောင်းကင်အင်ပါယာအဖြစ် နန်းတက်ပြီးပြီဆိုတော့ ကောင်းကင်အင်ပါယာနန်းတော်ကို ပြန်တည်ထောင်မယ်။ တကယ်လို့ ခင်ဗျားတို့က ကိုယ့်ရဲ့ကျင့်ကြံခြင်းအတွက်၊ ကိုယ်တိုးတက်ဖို့အတွက်ပဲ နေခဲ့တာဆိုရင်၊ စိတ်ကို ပြင်ဆင်မထားဘူးဆိုရင်တော့ ခင်ဗျားတို့ကို ထွက်သွားဖို့ ကျုပ် အကြံပေးတယ်။ တကယ်လို့ ခင်ဗျားတို့ နေခဲ့ဖို့ ရွေးချယ်ပြီး ကောင်းကင်အင်ပါယာနန်းတော်ရဲ့ လူတွေဖြစ်လာပြီဆိုရင်တော့ အနာဂတ်မှာ စစ်ပွဲကြီးတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်။ အဲဒီအချိန်ကျရင် တုံ့ဆိုင်းနေဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ ဒီတော့ ဒီကိစ္စကို ခင်ဗျားတို့ သေသေချာချာ စဉ်းစားသင့်တယ်”
ရီဖူရှင်း ထိုသို့ပြောပြီးသောအခါ ကျင့်ကြံသူများ ထပ်ထွက်သွားကြသည်။ နေခဲ့ရန် ရွေးချယ်သူများသည် တဖြည်းဖြည်း နည်း၍ နည်း၍ လာလေသည်။ နေခဲ့ရန် ရွေးချယ်ခြင်းသည် ကောင်းကင်အင်ပါယာနန်းတော်၏ အနာဂတ်ပေါ်တွင် လောင်းကြေးကြီးကြီးမားမား ထပ်သကဲ့သို့ပင်။ ယခုတွင် လောကကြီးသည် ပရမ်းပတာ ဖြစ်နေပြီဖြစ်၍ အချိန်မရွေး စစ်ဖြစ်လာနိုင်ပေသည်။ ကောင်းကင်အင်ပါယာနန်းတော်သည် ပျက်စီးပျောက်ကွယ်သွားနိုင်သလို ဂုဏ်ရှိန်လည်း ကြီးမြင့်လာနိုင်သည်။
သို့သော် ၎င်းသည် ပြာပုံထဲမှ ပြန်ထလာနိုင်လျှင်ပင် ထိုအဖြစ်သည် ဆိုးဝါးသောတိုက်ပွဲကို ကြုံရပြီးမှ ဖြစ်လာမည်ဖြစ်သည်။ သူတို့သည် ထိုသို့ တွေးမိသောအခါ နိုင်နိုင်ချေသည် နည်းလွန်းသဖြင့် ဆက်နေဖို့ ဆုံးဖြတ်ရန် ခက်ခဲလာပေပြီ။