← Chapters

တန်ခိုးရှင်အဆင့်ရတနာ

Vol. 112 Ch. 1554

တန်ခိုးရှင်အဆင့်ရတနာ

Vol. 112 Ch. 1554

ပါးပြင်တစ်လျှောက် စီးကျနေသော မျက်ရည်များကြားမှ ရှုချင်က ပြုံးလေသည်။ မန်ဟို့အဖေနှင့် အမေသည်လည်း အတိုင်းထက်အလွန် စိတ်လှုပ်ရှားပြီး ဂုဏ်ယူနေဟန်ဖြင့် သူမဘေး၌ ရပ်နေသည်။

ဤလူသည် သူတို့၏သား၊ သူတို့၏မန်ဟိုပင်။

တောင်ပင်လယ်ကျင့်ကြံသူများ စိတ်လှုပ်ရှားနေကြစဉ် အဝေး၌ နဝမပင်လယ်သည် ပါရာဂွန်ရုပ်သေးရုပ်နှင့် တိုက်ခိုက်နေ၏။

နဝမပင်လယ်မှာ နောက်ဆုံးအတိုင်းအတာအထိ ဖိတိုက်ခံနေရ၍ များစွာကျုံ့သွားခဲ့ရာ ယခင်ကဲ့သို့ ကြီးကျယ်ခမ်းနားခြင်းမရှိတော့ပေ။

ယခုတွင် နဝမပင်လယ်သည် မန်ဟို၏ပေါ်ထွက်လာမှုကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို အခွင့်အကောင်းယူဖို့ ကြိုးစားနေသယောင်ပင်။ ပင်လယ်ထဲ၌ အမျိုးသမီးမျက်နှာပေါ်လာပြီး သူမက ထွက်သွားဖို့ ပြင်သည်။ ထိုအခိုက်အတန့်၌ မန်ဟိုက လှမ်းကြည့်လိုက်လေသည်။

“မင်း သွားနိုင်ပြီလို့ ငါ ပြောလား” သူက အေးစက်စက် မေးသည်။

သူ့အကြည့်သည် နဝမပင်လယ်အား ဓားချက်ဖြင့် ထိုးနှက်လိုက်သကဲ့သို့ပင်။ နဝမပင်လယ်မှာ တုန်ရီစပြုလာပြီး အမျိုးသမီး၏မျက်နှာတွင် ကြောက်စိတ်တို့ ပြည့်နှက်နေသည်။ သူ့အသံက မိုးနှင့်မြေ၏ မှော်ဥပဒေအလား နဝမပင်လယ်၏ ပြေးပေါက်ကို ပိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် တောင်ပင်လယ်ကျင့်ကြံသူအားလုံးသည် သတ်ဖြတ်လိုသောမျက်လုံးများဖြင့် နဝမပင်လယ်အား လှည့်ကြည့်၏။ အထူးသဖြင့် နဝမပင်လယ်ကို ရိုးတွင်းခြင်ဆီထဲမှ မုန်းတီးနေသော တောင်ပင်လယ်စစ်ပွဲ၏ စစ်သည်တော်ဟောင်းများပင်။

ကျင့်ကြံသူပေါင်းများစွာ၏ အကြည့်ကို ရင်ဆိုင်ရလျှင်ချင်း နဝမပင်လယ်၏ အမျိုးသမီးမျက်နှာက ဒေါသတကြီး အော်ဟစ်တော့သည်။

“နင်ကြောင့် ငါ ဒီလိုလုပ်ခဲ့ရတာ။ နင်က တောင်ပင်လယ်လောကရဲ့ အရှင်သခင်၊ နင်က ငါ့စိတ်ဆန္ဒကို ဖျက်စီးဖို့ ကျမ်းကျိန်ခဲ့တာလေ။ ငါ့မှာ တောင်ပင်လယ်တွေကို သစ္စာဖောက်ဖို့အပြင် တခြားဘာရွေးစရာရှိတော့လို့လဲ

“နင့်ကြောင့်။ အကုန်လုံး နင်ကြောင့်။ နင်က ငါ့သားသမီးတွေကို သုတ်သင်ချင်ခဲ့တယ်။ ငါ့ကို ဖယ်ရှားချင်ခဲ့တယ်။ ငါက ပြန်မတိုက်ခိုက်ဘဲ နေရမှာလား၊ မခုခံဘဲ နေရမှာလား။ ငါ သစ္စာဖောက်ခဲ့တာ နင့်အမှားပဲ”

စစချင်း မန်ဟိုသည် နဝမပင်လယ်၏ အော်သံကို မတုံ့ပြန်ပေ။ သို့‌သော် သက်ပြင်းချလိုက်၏။

“အဲ့ဒီအကြံအစည်က မင်းရဲ့ဖောက်ပြန်နေတဲ့ နှလုံးသားထဲမှာ ငုပ်လျှိုးနေခဲ့တာ ခေတ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငါ မကျိန်ခဲ့ရင်တောင်မှ မင်းက သစ္စာဖောက်ဖို့ အချိန်ကောင်းတစ်ခုခု ရွေးဦးမှာပဲ” မန်ဟိုသည် လက်ရှိကျင့်ကြံအဆင့်နှင့် အတွေ့အကြုံအရ နဝမပင်လယ်၏အပြုအမူအများကို ရှင်းလင်းပြတ်သားစွာ နားလည်ခဲ့သည်မှာ ကြာခဲ့ချေပြီ။

နဝမပင်လယ်မှာ တခဏတွန့်ဆုတ်နေပြီးနောက် ခါးခါးသီးသီး အော်တော့သည်။ “ငါ မမှားဘူး။ ငါ့အတွက် တွေးချင်ခဲ့ရုံလေးပဲ၊ ငါ တောင်ပင်လယ်လောကရဲ့ တစ်စိတ်တစ်ပိုင်းပဲ အမြဲတမ်း ဖြစ်မနေချင်ဘူး” ရုတ်တရက် ပင်လယ်ရေများ ပွက်ပွက်ဆူလာပြီး အမျိုးသမီး၏မျက်နှာက ထွက်ပြေးတော့မည့်အလား ရုန်းတော့သည်။

သို့သော် သူမ ထွက်ပြေးနိုင်မည်မဟုတ်ကြောင်း သိသာသည်။ အမှန်တွင် သူမ၏ဆုံးဖြတ်ချက်သည် ထွက်ပြေးဖို့ ကြိုးစားရန်မဟုတ်၊ သေဖို့လမ်းရှာခြင်းပင်။ ဤအခိုက်အတန့်၌ ဖြစ်ပျက်သွားခဲ့သော အရာအားလုံးကို ပြောင်းလဲရန် သူမ ဘာမှမတတ်နိုင်သည်သာ။

“မင်း သေပြီးရင်” မန်ဟိုက ပြောသည်။ “အရာအားလုံးဟာ အတိတ်ပဲ ဖြစ်သွားလိမ့်မယ်။ အကြောင်းကြောင့် အကျိုးဖြစ်လာတာပဲ မဟုတ်ပေလား....

“မင်းဟာ ‌တောင်ပင်လယ်လောကကို မလိုအပ်သလို၊ အနာဂတ်ရဲ့ တောင်ပင်လယ်လောကလည်း မင်းကို မလိုအပ်ဘူး ..... “ မန်ဟိုသည် ညာလက်ကို ဆန့်တန်း၍ နဝမပင်လယ်အား ရက်ရက်စက်စက် ဖမ်းဆုပ်လိုက်ဟန် လုပ်လိုက်၏။ မမြင်ရသောလက်ကြီးတစ်ဖက်သည် အမျိုးသမီး၏မျက်နှာအား ဖမ်းဆုပ်လိုက်ရာ သူမမှာ မည်မှရုန်းကန်စေကာမူ၊ ပင်လယ်ရေများ မည်မျှဆူပွက်နေစေကာမူ ထွက်မပြေးနိုင်တော့ပေ။ ထို့နောက် သူသည် နဝမပင်လယ်အား မီးပင်လယ်ထဲသို့ ပစ်ထည့်လိုက်၏။

တောင်ပင်လယ်ကျင့်ကြံသူများ ကြည့်နေစဉ် နဝမပင်လယ်ကို ကိုယ်စားပြုသော မျက်နှာသည် မီးပင်လယ်ထဲသို့ ဝင်ရောက်ကာ မီးမြိုက်ခံရတော့သည်။ မျက်နှာမှာ စူးစူးဝါးဝါး အော်ဟစ်ရင်း ကျုံ့ကျုံ့သွားသည်။ မကြာမီ နဝမပင်လယ်၏ဝိညာဉ်သာ ကျန်ရစ်ခဲ့လေသည်။

၎င်းသည် ငရဲမီးပင်လယ်ထဲ၌ မသေနိုင်ဘဲ ထာဝရလောင်ကျွမ်းနေလိမ့်မည်။

မန်ဟိုက လက်ချောင်းဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ဘုံ (၁) မှ (၁၀) အတွင်း အသတ်ခံခဲ့ရသော အပြင်သူတို့၏ဝိညာဉ်အားလုံး ပျံထွက်လာကြသည်။

သူတို့သည် ကြောက်လန့်နေသောမျက်နှာများဖြင့် အော်ဟစ်အသနားခံကြသော်လည်း မန်ဟိုက အင်္ကျီလက်စခါကာ ဝိညာဉ်ပေါင်းများစွာအား မီးပင်လယ်ထဲ ပို့လွှတ်လိုက်တော့သည်။

တဟုန်းဟုန်းတောက်နေသော မီးတောက်မီးလျှံတို့က အပြင်သူဝိညာဉ်များအား တိုက်စားနေတော့သည် ....

သံသရာအဆက်ဆက် ငရဲဟူသည် ... ထိုအရာပေတည်း။

အဆိုပါမြင်ကွင်းက တောင်ပင်လယ်ကျင့်ကြံသူများအား တုန်ရီလာစေသည်။ ကြောက်လန့်၍မဟုတ်၊ နောက်ဆုံးတော့ အောင်မြင်စွာ ကလဲ့စားချေနိုင်သွား၍ပင်။

“ဆရာရေ၊ မြင်လားဟင်။ ကျွန်‌တော် ဆရာ့အတွက် ကလဲ့စားချေနိုင်ခဲ့ပြီဗျာ”

“အဖေ၊ အမေ၊ အဖေတို့သား ကလဲ့စားချေနိုင်သွားပါပြီ”

“သွေ့ခုန်းကျစ် မင်း သေတဲ့နေ့တုန်းက ငါ အသက်ရှင်ခဲ့ရင် မင်းအတွက် ကလဲ့စားချေမယ်လို့ ငါ ကတိပေးခဲ့တယ်။ နောက်ဆုံးတော့ ကတိတည်နိုင်ခဲ့ပြီ”

“ဂိုဏ်းချုပ်နဲ့ ဂိုဏ်းသူဂိုဏ်းသားတွေ အနားယူနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်...” တောင်ပင်လယ်စစ်ပွဲ၌ တိုက်ခိုက်ခဲ့သော ကျင့်ကြံသူများထံမှ အော်ဟစ်ငိုသံများ ကြားရသည်။ အကုန်လုံးတွင် အသတ်ခံခဲ့ရသော မိတ်ဆွေများ၊ မိသားစုများ ရှိလေသည်။ နောက်ဆုံးတော့ ရန်ကြွေးကို ချေပြီးသွားပြီဖြစ်၍ သူတို့သည် အတိတ်ကိုပြန်တွေးရင်း ငိုကြွေးနေကြ၏။ ငိုသံများက ဟင်းလင်းပြင်တစ်လျှောက် ပဲ့တင်ထပ်ပျံ့လွင့်နေသည်။

ဖက်တီးသည် အတိတ်တုန်းက သူ့ဘေး၌ ရပ်နေခဲ့သော တာအိုလက်တွဲဖော်များနှင့် ကလေးများကို မြင်နေရသည့်အလား တအီးအီးငိုနေသည်။ ဝမ်ယိုချိုင်လည်း တစ်ချိန်တုန်းက သူ ဂိုဏ်သားဖြစ်ခဲ့ဖူးသော ဂိုဏ်းများကို ပြန်တွေးရင်း ခါးသီးနေသည့်အမူအရာ ရှိ၏။

ခိတိဂဗ္ဗမှာ ခါးသီးစွာ ရယ်နေပြီး ငိုလည်း ငိုနေသည်။ လီလင်းအာက ပင်လယ်အိပ်မက်၏နာမည်ကို ခပ်တိုးတိုး ရေရွတ်နေသည်။

ကျင်ရှန်းသည် တုန်ရီနေ၏။ တောင်ပင်လယ်စစ်ပွဲတုန်းက သူမ၏ကျင့်ကြံအဆင့်ကို ထည့်တွက်လျှင် သူမ အသက်ရှင်ခဲ့သည်မှာပင် အံ့အားသင့်ဖွယ်ကောင်းနေချေပြီ။ သူမဘဝနှင့်ပတ်သက်၍ ဇာတ်လမ်းပေါင်းများစွာ ပြောနိုင်သည်။

ရှေးတုန်းက လူတိုင်း ငိုကြွေးနေကြသည်။

မန်ဟိုသည်လည်း သူ့အား လူပေါ်ကြော့အဖြစ်မှ ရင့်ကျက်လာစေခဲ့သော မေ့မရနိုင်သည့် ခါးသီးစရာအဖြစ်အပျက်များကို ပြန်တွေးရင်း ဝမ်းနည်းကြေကွဲမှုတို့ မျက်ဝန်းများ၌ ထင်ဟပ်နေသည်။

အကြာမှအကြာကြီးကြာသော် မည်သူ ပထမဆုံးလုပ်လိုက်သလဲ မပြောတတ်သော်လည်း တောင်ပင်လယ်ကျင့်ကြံသူများသည် မျက်ရည်များ သုတ်၍ ဒူးထောက်လိုက်ကြ၏။

“ကျေးဇူးတင်ပါတယ် တာအိုဥသျှောင်”

တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကြရာ နောက်ဆုံးတော့ တောင်ပင်လယ်ကျင့်ကြံသူအားလုံး သူ့အား တိုင်တည်ရှိခိုးနေကြလေပြီ။

“ကျေးဇူးအများကြီးတင်ပါတယ် မိစ္ဆာဘုရင်ခင်ဗျား”

“ကျေးဇူးအများကြီးတင်ပါတယ် မိစ္ဆာဘုရင်ခင်ဗျား”

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူ၍ လူတိုင်းကို ကြည့်လိုက်သည်။ သူ့အနေဖြင့် ကောင်းကင်ဘုံ ၃၃ ဘုံကို အလွယ်တကူ သုတ်သင်နိုင်သော်လည်း မသုတ်သင်ပေ။ သူတို့အား လက်စားချေနိုင်မည့် အခွင့်အရေးပေးခဲ့သည်။

၎င်းက သူ၏ကလဲ့စားချေပွဲသာမဟုတ်။ တောင်ပင်လယ်လောကသားကျင့်ကြံသူအားလုံးနှင့် သက်ဆိုင်လေသည်။

မှန်သည်၊ ဤသည်မှာ ကလဲ့စားချေပွဲ၏ တစ်စိတ်တစ်ပိုင်းသာ ရှိသေးကြောင်း မန်ဟို သိသည်။ အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေအား ရင်ဆိုင်ဖို့ လိုသေးသည်။ ယခုတွင် သူတို့နှင့်ပတ်သက်၍ သူ၏ခန့်မှန်းချက်များက မှန်ကန်ကြောင်း မန်ဟို သေချာသ‌လောက် ရှိချေပြီ။ လောကပါလနတ်မင်း၏စိတ်ဆန္ဒက သူ့ကို တိုက်ခိုက်ဖို့ မြေထုနှစ်ခုအား စေ့ဆော်ပေးခဲ့ကြောင်းလည်း သေချာသည်။

“ငါ ကတိနှစ်ခု ပေးခဲ့တယ်....” မန်ဟိုက လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်ရင်း နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ တောင်ပင်လယ်လောက၏ ကျင့်ကြံသူအားလုံးသည် လေးစားကြည်ညိုမှုတို့ တောက်ပနေသော မျက်လုံးများဖြင့် သူ့အား မော့ကြည့်ကြ၏။

“တစ်ခုက ငါ ပြန်လာမယ်ဆိုတဲ့ ကတိ

“နောက်တစ်ခုကတော့ ... ဖျက်စီးခံခဲ့ရတဲ့ တောင်ပင်လယ်လောကကို ပြန်တည်ဆောက်ပေးမယ်ဆိုတဲ့ ကတိပဲ” စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည်နှင့် တောင်ပင်လယ်လောကသားကျင့်ကြံသူတို့မှာ တုန်ရီလာကြတော့သည်။ အထူးသဖြင့် သက်တော်ရှည်ကျင့်ကြံသူများပင်။ လောလောလတ်လတ်ကမှ မွေးဖွားလာခဲ့သူများလည်း စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် တောင်ပင်လယ်လောက၏ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းအကြောင်း ဇာတ်လမ်းများကို ကြားခဲ့ဖူးသည်မဟုတ်ပါလော။

၎င်းက သူတို့၏ဘိုးဘေးအိမ်လည်း ဖြစ်ပေသည်။

မန်ဟိုက လက်ဆန့်တန်း၍ ဖမ်းဆုပ်ဟန် လုပ်သည်။ ဟင်းလင်းပြင်သည် တုန်ခါသွားပြီး မန်ဟို့လက်ကို ဗဟိုပြုလျက် ဝဲကြီးတစ်ဝဲ ပေါ်လာသဖြင့် တဝေါဝေါမြည်သံများ ကြားလာရသည်။ မျက်စိတစ်မှိတ်အတွင်း ဝဲသည် ပတ်ဝန်းကျင်အပြည့် ဖြာထွက်သွား၏။

“အို အဖျက်စီးခံခဲ့ရတဲ့ ‌တောင်ပင်လယ်အပေါင်းတို့။ ငါ မန်ဟိုရဲ့ အာဏာစက်နဲ့ မင်းတို့ကို ... ပြန်လာဖို့ ဆင့်ခေါ်တော်မူတယ်” သူ့အသံ ပဲ့တင်ထပ်နေစဉ် သဘာဝနိယာမသည် ပြောင်းလဲသွားပြီး မှော်ဥပဒေများ သွေဖယ်သွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော သဲဖုန်ကျောက်မှုန်တို့ မြောက်တက်စပြုလာကြသည်။

ကြယ်တာရာကောင်းကင်ထဲ၌ ရာစုနှစ်ပေါင်းများစွာ ပျံဝဲနေခဲ့သော ‌ကျောက်ဆောင်ကြီးတစ်ခုသည် တုန်ခါစပြုလာပြီး မျက်စိကျိန်းဖွယ် အရောင်အဝါဖြင့် တောက်ပလာ၏။

ပြန့်ကြဲနေခဲ့သော ရေစက်များကား အသိစိတ်ရှိလာပြီး နိုးထလာကြသည့်အလား ရွေ့လျားစပြုလာကြ၏။ တောက်ပ‌‌သောအရောင်အဝါများ ဖြာထွက်လာသည်။

သက်ရောက်မှုက အဆုံးမဲ့ကြယ်တာရာကောင်းကင်တစ်လျှောက် ကူးစက်သွားသည်။ ကျောက်ဆောင်များ၊ ကြေမွနေသော ကျောက်ခဲများ၊ ရေစက်များ၊ ဖုန်မှုန့်များ .... မည်သည့်နေရာသို့ ရောက်နေပါစေ၊ မည်သည့်ပုံသဏ္ဍာန်ရှိပါစေ အကုန်လုံး မန်ဟို့ဆီ ပျံသန်းစပြုလာကြသည်။

ဤအရာတို့သည် တောင်ပင်လယ်လောက၏ ပျက်စီးသွားသောအကြွင်းအကျန်များ ဖြစ်ချေ၏။ ၎င်းတို့ကား ဟင်းလင်းပြင်ကို ဖြတ်လျက်၊ ကြယ်တာရာကောင်းကင်ကို ဖြတ်လျက်၊ အချိန်ကို ဖြတ်လျက် ပျံသန်းလာနေကြလေပြီ။

ကျောက်ခဲအစုအဝေးများက ဝဲအသွင်ပြောင်းကာ တဟုန်ထိုး ပျံထွက်သွားကြသဖြင့် ပေါက်ကွဲသံကြီးများ ဟိန်းထွက်နေသည်။

“ပထမတောင်ပင်လယ်” မန်ဟိုက မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် ပြောသည်။ သူသည် လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လိုက်ရာ အရှိတရားအလုံးစုံ တုန်ခါလာသယောင် ထင်ရ၏။ အာကာပြင်ကျယ်စကြဝဠာအတွင်း၌ တည်ရှိသည့် သက်ရှိအားလုံး သူ ပြောလိုက်သော စကားလုံးများကို ကြားလိုက်ကြရသည်။

“ငါ၏ နာမတော်ဖြင့် ပထမမန္တန် အစ-အဆုံးမန္တန်ကို ဆင့်ခေါ်တော်မူတယ်။ အို ပထမမန္တန် ပထမတောင်ပင်လယ်ထဲမှာ ကိန်းအောင်းပေးလော့၊ အခုကစပြီး ... သင်ဟာ တောင်ပင်လယ်လောကအတွင်း၌ တည်ရှိသော ရာသီဥတုအပြောင်းအလဲအားလုံးအတွက် တာဝန်ရှိတဲ့ အစ-အဆုံးတောင်ပင်လယ် ဖြစ်လာခဲ့ပြီ

“ဒီတောင်ပင်လယ်၏ ကျင့်ကြံသူအပေါင်းတို့ ငါ၏ အစ-အဆုံးမန္တန်ကို ကျင့်ကြံပြီး အစနှင့်အဆုံးတွေရဲ့ အနှစ်သာရကို ဉာဏ်အလင်းရအောင် အားထုတ်ကုန်ကြလော့။ ဒီမန္တန်ကို အခုကစပြီး တောင်ပင်လယ်တွေရဲ့ ပထမမန္တန်ဟု ခေါ်ကြကုန်လော့”

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း တန်ခိုးရှင်အဆင့်စွမ်းအားက ပထမမန္တန်ကို ပထမတောင်ပင်လယ်ထဲ ထည့်သွင်းကာ ၎င်း၏အခြေခံအုတ်မြစ်ဖြစ်လာစေသည်။

မန္တန်၏ မှော်အစွမ်းက အရိုးများ ဖြစ်လာကာ ‌တောင်နှင့်ပင်လယ်က အသားဖြစ်လာသည်။

ချက်ချင်းဆိုသလို ပထမတောင်နှင့် ပထမပင်လယ်၏ အသွင်သဏ္ဍာန်သည် ထင်ရှားလာ၏။

ပထမတောင်ပင်လယ်သား ကျင့်ကြံသူများမှာ အလွန်စိတ်လှုပ်ရှားလွန်း၍ ငိုမိကြတော့သည်။ သူတို့သည် တောင်ပင်လယ်၏ပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်ကို မြင်လျှင် တုန်ရီစပြုလာကြ၏။ သူတို့ကား သူတို့၏အိမ်ကို ကြည့်နေရလေပြီ။

ပထမတောင်သည် ၎င်း၏ ဂြိုဟ်အားလုံးဖြင့် ဝန်းရံလျက် ဝုန်းခနဲ အပြည့်အဝဖြစ်တည်လာ၏။

မန်ဟိုသည် ယခင်တောင်ပင်လယ်လောကကို ပြန်ခေါ်နေခြင်းသာမက... အသစ် ပြန်လည်မွမ်းမံနေလေသည်။

၎င်းကား.... တန်ခိုးရှင်အဆင့်ရတနာ ဖြစ်လာ၏။

All Chapters