တောင်ပင်လယ်များကို ဆင့်ခေါ်ခြင်း
Vol. 112 Ch. 1555
တောင်ကိုးလုံး၊ ပင်လယ်ကိုးစင်းဖြင့် တောင်ပင်လယ်လောကသည် ပါရာဂွန်အင်မော်တယ်လောက ဖျက်စီးခံခဲ့ရပြီးနောက်ပိုင်း အဓိကအင်အားစုကြီးနှစ်စုနှင့် သူပုန်များကို ပြန်တိုက်ခိုက်ဖို့ ပါရာဂွန်ကိုးတံဆိပ် ဖန်ဆင်းခဲ့သော အဖိုးထိုက်ရတနာတစ်ပါး ဖြစ်ခဲ့၏။
အဆိုပါအဖိုးထိုက်ရတနာသည် တန်ခိုးရှင်တစ်ပိုင်းအဆင့်တမျှ အစွမ်းကြီးမားခဲ့ရာ နောင်မျိုးဆက်များအတွက် ခိုလှုံရာဖြစ်လာခဲ့ပြီး အပြင်အင်အားစုများ ကျူးကျော်မလာနိုင်အောင်ပင် ကာကွယ်ပေးခဲ့သည်။
တောင်ပင်လယ်လောကသည် ၎င်းအတွင်း၌ နေထိုင်သော ကျင့်ကြံသူများအား လွန်ခဲ့သောနှစ်နှစ်ထောင်က စစ်ပွဲမဖြစ်ခင်အထိ ကာကွယ်စောင့်ရှောက်ပေးခဲ့၏။ ထိုစစ်ပွဲအတောအတွင်း နဝမပင်လယ်၏ သစ္စာဖောက်မှုနှင့် တခြားအဖြစ်အပျက်များစွာက တောင်ပင်လယ်လောကအား အဖျက်စီးခံခဲ့ရစေသည်။
ထို့နောက် ပျက်စီးသွားသောအကြွင်းအကျန် အစအနများသည် ဟိုဟိုသည်သည် လွင့်စင်ပြန့်ကြဲသွားလေသည်။
သို့သော် ယခုတွင် မန်ဟိုသည် ကြယ်တာရာကောင်းကင်တစ်ခုလုံးအား တဂျိန်းဂျိန်းမြည်ဟည်းနေစေသော ဝဲတစ်ဝဲကို ဖန်ဆင်းခဲ့ကာ ပြန့်ကြဲနေခဲ့သည့် အကြွင်းအကျန်အစအနများကိုလည်း အလင်းတန်းများအသွင်ဖြင့် စုစည်းသွားစေလိုက်ရာ .... တောင်ပင်လယ်လောကကား လူတိုင်း၏ရှေ့မှောက်၌ နောက်တစ်ကြိမ် ပြန်ပေါ်လာတော့သည်။
ထိုမျှသာမက မန်ဟိုက အပိုင်းအစများကို ပြန်ဆက်ရုံသာ ဆက်နေခြင်းမဟုတ်၊ တန်ခိုးရှင်အဆင့်စွမ်းအားနှင့် သူ၏မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို အသုံးပြုရင်း လောကအသစ်အား အသစ်ပြန်တည်ဆောက်နေလေသည်။
ဤသည်မှာ .... မှော်အစွမ်းကို အရိုးများအဖြစ်၊ တောင်ပင်လယ်များကို အသားအဖြစ် တည်ဆောက်နေခြင်းပင်။
ပထမတောင်ပင်လယ်ပေါ်လာသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ ထို့နောက် မန်ဟို၏အသံသည် ပဲ့တင်ထပ်လာပြီး ကြယ်တာရာကောင်းကင်အား လှုပ်ခတ်သွားစေ၏။ သဘာဝနိယာမများ ပြောင်းလဲသွားကာ မှော်ဥပဒေများ စုတ်ဖြဲခံလိုက်ရသည်။ မန်ဟို့ပတ်ပတ်လည်၌ စုဝေးနေသော ကျင့်ကြံသူများမှာ ဆက်လက်ဒူးထောက်နေကြရင်း စိတ်လှုပ်ရှားနေကြလေသည်။
အထူးသဖြင့် တောင်ပင်လယ်စစ်ပွဲ၌ တိုက်ခိုက်ခဲ့သော ကျင့်ကြံသူများပင်။ ပထမတောင်ပင်လယ်သားတို့မှာတော့ ကိုယ့်မျက်စိကိုယ်မယုံနိုင်ဖြစ်ကာ မျက်ရည်မထိန်းနိုင်ကြတော့ပေ။ ပထမတောင်ပင်လယ်နှင့် ၎င်း၏ဂြိုဟ်များ ဖြစ်တည်လာသည့်အခါ သူတို့သတိရနေခဲ့သော အိမ်ကို မြင်လိုက်ကြရလေပြီ။
၎င်းသည် တောင်ပင်လယ်လောကအသစ် ဖြစ်၏။ ယခုမှစ၍ ပထမတောင်ပင်လယ်က မန်ဟို၏ပထမမန္တန်၊ အစ-အဆုံးမန္တန်ကို ကိုယ်စားပြုလိမ့်မည်။
ထိုနေရာ၏ ကျင့်ကြံသူတို့သည် အစ-အဆုံးမန္တန်နှင့် ပတ်သက်လာလျှင် အလိုလိုသိမြင်နားလည်ကြလိမ့်မည်။ ထိုသိမြင်နားလည်မှု တိုးတက်ကျယ်ပြန့်လာပါက .. နောက်ဆုံးရလဒ် မည်သို့ဖြစ်လာမည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်လေသည်။
ထိုမျှသာမက အသစ်တည်ဆောက်ခံထားရသော ပထမတောင်ပင်လယ်သည် တောင်ပင်လယ်လောကရှိ ရာသီဥတုအပြောင်းအလဲများအတွက် တာဝန်ရှိလာ၏။ ပထမတောင်ပင်လယ်၏ နွေ၊ မိုး၊ ဆောင်းတို့က တောင်ပင်လယ်လောကတစ်ခုလုံးကို သက်ရောက်လိမ့်မည်။
ထို့အပြင် ပထမတောင်ပင်လယ်၏ အရှင်သခင်ဖြစ်လာသော ပုဂ္ဂိုလ်သည် အစနှင့်အဆုံးအားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ခြယ်လှယ်နိုင်လိမ့်မည်။
ပတ်ဝန်းကျင်၌ စုဝေးလာသော ကျောက်ခဲများ ပိုမိုများပြားလာသဖြင့် လူများမှာ တုန်လှုပ်သထက် တုန်လှုပ်လာကြတော့သည်။ မန်ဟို၏စကားလုံးများက ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒကို နောင်တစ်ကြိမ်အစားထိုး၍ တောင်ပင်လယ်များအတွက် သဘာဝနိယာမအသစ်များနှင့် မှော်ဥပဒေအသစ်များကို ဖန်တီးလိုက်သဖြင့် တဂျုန်းဂျုန်းထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။
“ဒုတိယတောင်ပင်လယ်။ ငါ၏နာမတော်ဖြင့် ဒုတိယမန္တန်၊ အစစ်အမှန်-အတုအယောင်မန္တန်၏ စွမ်းအားကို သင့်ဆီ အပ်နှင်းတော်မူတယ်။ ဒုတိယမန္တန်ကို ယူဆောင်၍ .... အစစ်အမှန်-အတုအယောင်တောင်ပင်လယ် ဖြစ်လာလော့။ သင်ဟာ တောင်ပင်လယ်လောကသားတို့ စစ်မှန်ခြင်းနှင့် မစစ်မှန်ခြင်းကို ခွဲခြားသိမြင်ပြီး သံသယတွေကို ဖျောက်ဖျက်ရင်း ရှင်းလင်းစွာ နားလည်သိမြင်လာဖို့အတွက်၊ တောင်ပင်လယ်လောကထဲက ရှင်းလင်းပြတ်သားမှုအပေါင်းအတွက် တာဝန်ရှိလာခဲ့ပြီ
“ဒီတောင်ပင်လယ်ရဲ့ကျင့်ကြံသူအပေါင်းတို့ ငါ၏ အစစ်အမှန်-အတုအယောင်မန္တန်ကို ကျင့်ကြံပြီး အရှိတရားနှင့် မရှိတရားကို ဉာဏ်အလင်းရအောင် အားထုတ်ကြကုန်လော့။ ဒီမန္တန်ကို အခုကစပြီး တောင်ပင်လယ်တွေရဲ့ ဒုတိယမန္တန်ဟု ခေါ်ကြကုန်လော့” မန်ဟို၏အသံသည် ကောင်းကင်ဘုံ၏မိုးခြိမ်းသံကြီးပမာ ပဲ့တင်ထပ်နေပြီး တစ်ချိန်တည်းမှာပင် ပထမတောင်ပင်လယ်၏အနောက်၌ ရှုပ်ထွေးရှေးဆန်သောမှော်သင်္ကေတများစွာ ပေါ်ပေါက်လာသည်။ မကြာမီ ဒုတိယပင်လယ်နှင့် ဒုတိယတောင်၏ အသွင်သဏ္ဍာန် ဖြစ်ပေါ်လာခဲ့ချေပြီ။
တစ်ဆက်တည်းဆိုသလို တောင်ပင်လယ်များ၏ အပိုင်းအစများက မှော်သင်္ကေတများ၏ပတ်ပတ်လည်တွင် စတင်စုဝေးလာသည်။ မကြာမီ ဒုတိယတောင်နှင့် ဒုတိယပင်လယ်ကား အပြည့်အဝရုပ်လုံး ပေါ်လာတော့သည်။
ဒုတိယတောင်ပင်လယ် ဖြစ်ပေါ်လာသည့်အခါ မိုးကောင်းကင်များ လှုပ်ခတ်သွားပြီး ကြယ်တာရာကောင်းကင် တုန်ရီသွားသည်။
ဂြိုဟ်များလည်း ဒုတိယတောင်ကို ဝန်းရံလျက် ဖြစ်ပေါ်လာ၏။
ရင်သပ်ရှုမောဖွယ်မြင်ကွင်းက တောင်ပင်လယ်လောကသားများအား စိတ်လှုပ်ရှားစွာ ကြွေးကြော်အော်ဟစ်ကြစေတော့သည်။ ဒုတိယတောင်ပင်လယ်သားများမှာတော့ ဝမ်းသာမျက်ရည်များ ကျနေကြ၏။
နောင်အနာဂတ်တွင် ဒုတိယတောင်ပင်လယ်၌ ကျင့်ကြံအားထုတ်သူတိုင်းသည် အရှိတရားနှင့်မရှိတရား၏ တာအိုကို ခြယ်လှယ်နိုင်လိမ့်မည်။ သူတို့သည် ယုံမှားသံသယများကို ပယ်ဖျောက်ကာ အာရုံလှည့်စားမှော်ပညာရပ်အရာ၌ တစ်ဖက်ကမ်းခတ် ထူးချွန်ကြလိမ့်မည်။
ဒုတိယတောင်ပင်လယ်သည် တောင်ပင်လယ်လောက၌ မည်သည့်ယုံမှားသံသယမှ ကိန်းအောင်းမနေစေဖို့ ရှင်းလင်းပြတ်သားမှုအတွက် တာဝန်ရှိ၏။ ၎င်းက လောက၏ကျင့်ကြံသူအပေါင်းကို ကာကွယ်ပေးလိမ့်မည်။ သူတို့၏ကျင့်ကြံခြင်းလမ်းစဉ် ချောမွေ့စေအောင် ကူညီပေးလိမ့်မည်။ ၎င်းမှ ပေးသော တောင်ပင်လယ်လောတစ်ခုလုံးအတွက် အကျိုးအမြတ်မှာ ပထမတောင်ပင်လယ်ထက် နည်းနည်းမှ မလျော့ပေ။
ဒုတိယတောင်ပင်လယ်၏အရှင်သခင် ဖြစ်လာသူသည် တောင်ပင်လယ်လောကရှိ ကျင့်ကြံသူအားလုံး၏ အတွင်းနတ်ဆိုးတဖြစ်လဲ ၊ ယုံမှားသံသယများကို ကိုင်တွယ်နိုင်လိမ့်မည်။ ဒုတိယတောင်ပင်လယ်မရှိလျှင် ထိုကဲ့သို့ အတွင်းနတ်ဆိုးများကို ဖယ်ရှားဖို့ လွန်စွာ ခက်ခဲလိမ့်မည်။
ခေတ်သစ်တစ်ခေတ်၏ဥဒါန်း ပျိုးနေချေပြီ။
ဤကဲ့သို့ တန်ခိုးရှင်အဆင့်ရတနာတစ်ခုသည် တိုက်ခိုက်ဖို့အတွက်သာမဟုတ်၊ ၎င်း၏လောကသားများကို ထူးချွန်ပြောင်မြောက်လာစေဖို့အတွက်လည်း ဖြစ်ကြောင်း သိသာထင်ရှားပေ၏။
ဤသည်မှာ ကျင့်ကြံခြင်းလောကအသစ်ကို ဖန်တီးပေးဖို့၊ ၎င်း၏လောကသားများအတွက် အထူးသီးသန့်တည်ဆောက်ထားသော တောင်ပင်လယ်လောက ဖြစ်သည်။
၎င်းက ပါရာဂွန်ကိုးတံဆိပ် တစ်စိတ်တစ်ပိုင်းသာ ရယူနိုင်ခဲ့သော ခမ်းနားကြီးကျယ်မှု၏အရှိန်အဝါ ဖြစ်ပေသည်။ မန်ဟိုက မိုးနှင့်မြေအသစ်ကို ဖန်ဆင်းဖို့ တန်ခိုးရှင်စွမ်းအားကို အသုံးပြုနေချေပြီ။
“တတိယတောင်ပင်လယ်” သူက ဟိန်းဟောက်သည်။ အရောင်အဝါများသည် သူ့ထံမှ ကွန့်မြူးဖြာထွက်နေရာ သူ့အား နတ်မင်းကြီးတစ်ပါးနှင့် တူနေစေတော့၏။ မန်ဟိုက မျက်ဝန်းများဆန်းပြားစွာ တောက်ပနေလျက် ဝဲထံ လက်ချောင်းဝှေ့ယမ်းလိုက်ရာ သူ၏အသွင်အပြင်ကား ကြယ်တာရာများပင် သူ့ကို ဦးညွှတ်ခစားနေသကဲ့သို့ လွန်စွာတင့်တယ်ခံညားနေတော့သည်။
“အို တတိယတောင်ပင်လယ်၊ ငါ၏နာမတော်ဖြင့် တတိယမန္တန်၊ ပစ္စုပ္ပန်-ရှေးခေတ်မန္တန်ကို ကိုယ်စားပြုပါလော့။ အခုကစပြီး သင်ဟာ .... တောင်ပင်လယ်လောကထဲ၌ တည်ရှိသော အချိန်စီးကြောင်းအတွက် တာဝန်ရှိတဲ့ ပစ္စုပ္ပန်-ရှေးခေတ်တောင်ပင်လယ် ဖြစ်လာခဲ့ပြီ
“တတိယတောင်ပင်လယ်သားအပေါင်းတို့၊ ငါ၏ ပစ္စုပ္ပန်-ရှေးခေတ်မန္တန်ကို ကျင့်ကြံအားထုတ်၍ ပစ္စုပ္ပန်နဲ့ရှေးခေတ်ရဲ့ အနှစ်သာရကို နားလည်သိမြင်အောင် အားထုတ်ကြကုန်လော့။ အခုကစပြီး ဒီမန္တန်ကို တောင်ပင်လယ်တွေရဲ့ တတိယမန္တန်လို့ ခေါ်ကြကုန်လော့”
မန်ဟို၏စကားလုံးများ ပဲ့တင်ထပ်နေစဉ် ထစ်ချုန်းသံများ ကြယ်တာရာကောင်းကင်ထဲ၌ ဆူညံနေသည်။ မှော်သင်္ကေတအမြောက်အမြားသည် တတိယတောင်ပင်လယ်၏ ကောက်ကြောင်းကို ဖော်ဆောင်လျက် စုဝေးသွားကြ၏။ ထို့နောက် ပတ်ပတ်လည်ရှိ ကျောက်ခဲများ၊ ကျောက်မှုန်များ စုပ်ယူခံလိုက်ရကာ နောက်ဆုံးတော့ တတိယတောင်ပင်လယ်ကား ကျင့်ကြံသူများ၏ရှေ့မှောက်၌ ပေါ်လာခဲ့လေပြီ။
တတိယပင်လယ်ရေများကား လှိုင်းလုံးကြီးများကို ပင်လယ်မျက်နှာပြင်တစ်လျှောက် လိမ့်ပြေးနေစေရင်း အုံကြွနေ၏။
တတိယတောင်သည် ခမ်းနားကြီးကျယ်စွာ ကြယ်တာရာကောင်းကင်ထဲသို့ ထိုးတက်မြင့်မားနေလေသည်။
တတိယမန္တန်သည် ပစ္စုပ္ပန်-ရှေးခေတ်မန္တန်ဖြစ်၏။ မန်ဟို နဝမမန္တန်ကို မဖန်ဆင်းခင်တုန်းက မိစ္ဆာချုပ်နှောင်သူများအနက် အစွမ်းထက်ဆုံး တတိယမိစ္ဆာချုပ်နှောင်သူ ဖန်တီးခဲ့သော ယင်းမန္တန်ကား မန္တန်များအနက် အင်အားအကြီးဆုံးဖြစ်ခဲ့၏။ ၎င်းက အချိန်စီးကြောင်းကို ထိန်းချုပ်နိုင်ပြီး ယခုတွင် အသစ်တည်ဆောက်ခံထားရသော တတိယတောင်ပင်လယ်၏အရိုးများကို ဖော်ဆောင်ပေးထားလေသည်။ ရှင်းရှင်းပြောရလျှင် အတိုက်အခိုက်စွမ်းရည်အရ ဤတောင်ပင်လယ်သည် အခြားတောင်ပင်လယ်များနှင့် ယှဉ်လျှင် ထူးခြား၏။
အချိန်စွမ်းအားက ဟိုဟိုသည်သည် စီးဆင်းနေသည်။ ပထမတောင်ပင်လယ်နှင့် ဒုတိယတောင်ပင်လယ်နည်းတူ တတိယတောင်ပင်လယ်သားတို့သည် သူတို့၏ကျင့်စဉ်အရာ၌ ထူးခြားသောအကျိုးကျေးဇူးများကို ရရှိကြ၏။ သူတို့သည် အံ့ဖွယ်အချိန်အနှစ်သာရကို ထိန်းချုပ်နိုင်ကြလိမ့်မည်။
ထို့အပြင် တောင်ပင်လယ်လောကတစ်ခုလုံးရှိ အချိန်သဘာဝသည် တတိယတောင်ပင်လယ်၏ ထိန်းချုပ်မှုအောက်၌ ဖြစ်နေလိမ့်မည်။
တောင်ပင်လယ်ကျင့်ကြံသူများသည် ဒူးထောက်ရှိခိုးနေကြပြီး အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူစစ်တပ်ကြီးပင် တုန်လှုပ်နေကြသည်။ ဂိုဏ်းချုပ်နှင့်အခြားသူများ၊ ပုတ်သင်ဘုရင်နှင့် ကျန်ဖြစ်တည်မှုများလည်း စိတ်နှလုံးတုန်လှုပ်နေကြတော့သည်။ တန်ခိုးရှင်အဆင့်ကျင့်ကြံသူများသည် တန်ခိုးအနန္တကြီးမားကြောင်း သူတို့ သိသော်လည်း မျက်စိရှေ့ရှိ သက်သေမှာ အံ့ဖွယ်သရဲအတိဖြစ်ချေသည်။
ပထမမှ တတိယတောင်ပင်လယ်အထိ မြင်တွေ့ပြီးနောက် သူတို့သည် တောင်ပင်လယ်လောကသားများအတွက် သီးသန့်ဖန်ဆင်းထားသော အဖိုးထိုက်ရတနာတစ်ပါး၏တန်ခိုးကို နားလည်သွားကြသဖြင့် အားကျမနာလိုဖြစ်လာကြတော့သည်။ ဤအချိန်တွင် သူတို့မှာ တောင်ပင်လယ်လောက၌ပင် နေချင်လာကြ၏။
“အဲဒီမှာ နေလို့ကတော့ တာအိုနယ်ပယ်ကို လွယ်လွယ်ကူကူ ရောက်နိုင်ရုံတင်မကဘူး အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ပညာရှင်တောင် ဖြစ်လာနိုင်တယ်။ တကယ်ဆို... တန်ခိုးရှင်အဆင့်တက်ဖို့ ဆိုတာကတောင် မဖြစ်နိုင်တဲ့အရာ မဟုတ်တန်ဘူး”
“အဲဒါ တန်ခိုးရှင်အဆင့် ရတနာလို့ခေါ်တယ်။ တန်ခိုးရှင်အဆင့်တက်သွားတဲ့လူတိုင်း သူ့လူတွေအတွက် သင့်တော်တဲ့ တန်ခိုးရှင်ရတနာတစ်ပါးကို တည်ဆောက်နိုင်လိမ့်မယ်”
အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများမှာ စိတ်နှလုံး ချာချာလည်နေကြတော့သည်။ မန်ဟိုကမူ သူ ယခုလေးတင် ဖန်ဆင်းခဲ့သော တောင်ပင်လယ်သုံးခုကို ကြည့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူသည် လက်ဝှေ့ယမ်းလိုက်ကာ တန်ခိုးရှင်အဆင့်စွမ်းအားအား ကောင်းကင်အားလုံးကို လှုပ်ခတ်သွားစေရင်း ဖြန့်ကျက်လိုက်၏။
“စတုတ္ထတောင်ပင်လယ်
“ငါ၏ နာမတော်ဖြင့် စတုတ္ထမန္တန်၊ ကိုယ်မန္တန်ကို သင့်ဆီ အပ်နှင်းတော်မူတယ်။ အခုကစပြီး သင်ဟာ မြေအောက်ကမ္ဘာနဲ့ တောင်ပင်လယ်လောကရဲ့ ဘဝပြန်ဝင်စားခြင်းစက်ဝန်းအတွက် တာဝန်ရှိတဲ့ ကိုယ်မန္တန်တောင်ပင်လယ်ဖြစ်လာခဲ့ပြီ
“စတုတ္ထတောင်ပင်လယ်သားကျင့်ကြံသူအပေါင်းတို့ ငါ၏ကိုယ်မန္တန်ကို ကျင့်ကြံအားထုတ်၍ ကိုယ်အနှစ်သာရကို ဉာဏ်အလင်းရှာကြကုန်လော့။ အခုကစပြီး ဒီမန္တန်ကို တောင်ပင်လယ်တွေရဲ့ စတုတ္ထမန္တန်ဟု ခေါ်ကြလော့”
မန်ဟို၏စတုတ္ထမန္တန် ကိုယ်မန္တန်၏ ကြောက်ခမန်းလိလိအင်အားအောက်တွင် ကြယ်တာရာကောင်းကင်မှာ လှုပ်ခတ်နေသည်။ ကိုယ်မန္တန်သည် သန်းပေါင်းများစွာသော ကိုယ်များကို ပွားပေးနိုင်ရာ ဘဝပြန်ဝင်စားခြင်းအတွက် ပြီးပြည့်စုံသောဓာတ်ကို အားဖြည့်ပေးနိုင်၏။ စတုတ္ထတောင်ပင်လယ်က တောင်ပင်လယ်လောက၏ မြေအောက်ကမ္ဘာ အမြဲတမ်းဖြစ်ခဲ့သည်ကို ထည့်ပေါင်းလိုက်လျှင် ဤမြေအောက်ကမ္ဘာအသစ်သည် ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလာ၏။ ၎င်းက တောင်ပင်လယ်လောကသားကျင့်ကြံသူတို့ သွားရမည့်နောက်ဆုံးခရီးမှတ်တိုင် ဖြစ်ပေသည်။
စတုတ္ထတောင်ပင်လယ်၏ အရှင်သခင်သည် တောင်ပင်လယ်လောကအတွင်းရှိ လူသေများ၏ဝိညာဉ်ကို အစိုးရလိမ့်မည်။
ဤတောင်ပင်လယ်တစ်ခုစီတိုင်းသည် ကြီးကျယ်ခမ်းနားပေ၏။ ဤအခိုက်အတန့်တွင် မန်ဟိုက တစ်ချက်လေးမှတွန့်ဆုတ်မနေဘဲ နောက်တစ်ကြိမ် ထပ်မိန့်ကြားသည်။
“ပဉ္စမတောင်ပင်လယ်” သူ့အသံက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားလေသည်။ သူသည် အင်္ကျီလက်စဝှေ့ယမ်းလိုက်ပြီး ပဉ္စမတောင်ပင်လယ်၏ ကောက်ကြောင်း ဖြစ်ပေါ်လာ၏။
“ငါ၏နာမတော်ဖြင့် အတွင်း-အပြင်မန္တန်ကို အသင်ပဉ္စမတောင်ပင်လယ်ထဲ ထည့်ပေးတော်မူမယ်။ အခုကစပြီး... သင်ဟာ တောင်ပင်လယ်လောကအတွင်း၌ ရှိသော ဓာတ်ငါးပါးအတွက် တာဝန်ရှိတဲ့ အတွင်း-အပြင်တောင်ပင်လယ် ဖြစ်လာခဲ့ပြီ
“ပဉ္စမတောင်ပင်လယ်သားအပေါင်းတို့ ငါ၏အတွင်းအပြင်မန္တန်ကို ကျင့်ကြံ၍ အတွင်းအပြင်ဉာဏ်အလင်းကို ရှာဖွေကြကုန်လော့။ ဒီမန္တန်ကို အခုကစပြီး တောင်ပင်လယ်တွေရဲ့ ပဉ္စမမန္တန်လို့ ခေါ်ကြကုန်လော့”
ချက်ချင်းပင် မန္တန်အစွမ်းသည် အတူတကွစုဝေးနေသော မှော်သင်္ကေတအမြောက်အမြားမှ ကိုယ်စားပြုသည့် အရိုးများကို ဖော်ဆောင်လိုက်၏။ ကောက်ကြောင်း ပေါ်လွင်လာသည့်အခါ ပျက်စီးခဲ့သည်တောင်ပင်လယ်လောကမှ ကျောက်မှုန်ကျောက်မွှားတို့သည် စုဝေးလာပြီး ပဉ္စမတောင်ပင်လယ်ကား လူတိုင်း၏ရှေ့ ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေလေပြီ။
ပဉ္စမတောင်ပင်လယ်သည် ၎င်းမှော်အစွမ်း၏ အခြေခံအုတ်မြစ်အဖြစ် ဓာတ်ငါးပါးကို အားပြု၏။ ဓာတ်ငါးပါးမှာ ကျင့်ကြံအားထုတ်ရာတွင် အရေးပါသည်ဖြစ်ရာ ဤအခိုက်အတန့်မှစ၍ ပဉ္စမတောင်ပင်လယ်သားတို့သည် ဓာတ်ငါးပါးတာအိုကို ထူးခြားပြောင်မြောက်စွာ ထိန်းချုပ်နိုင်ကြလိမ့်မည်။
ပဉ္စမတောင်ပင်လယ်၏ အရှင်သခင်ဖြစ်လာသောသူသည် တောင်ပင်လယ်လောကတစ်ခွင်ရှိ ဓာတ်ငါးပါး၏ အခြေခံသဘာဝအားလုံးကို ခြယ်လှယ်ပိုင်စိုးနိုင်လိမ့်မည်။
“ဓာတ်ငါးပါး ပေါ်လာတဲ့အခါ မိုးနှင့်မြေ ပွင့်လာတယ်” မန်ဟိုသည် ပဉ္စမတောင်ပင်လယ်အား နောက်ဆုံးအကြိမ် ပြုပြင်မွမ်းမံပြီးနောက် မျက်လုံးများတောက်ပလာ၏။
ပဉ္စမတောင်ပင်လယ်သည် တောင်ပင်လယ်လောက၏ ဝင်ရိုးဖြစ်သည့်အပြင် ဓာတ်ငါးပါးသည် မရှိမဖြစ်အရေးပါလေရာ အမှားတစ်ချက်မှ ပါ၍မဖြစ်ပေ။
တောင်ပင်လယ်သခင်တစ်ဦးဖြစ်လာဖို့အလို့ငှာ.... အကြင်သူသည် တောင်ပင်လယ်လောက၏ အသိအမှတ်ပြုမှုကို လိုအပ်သည်။ မန်ဟို ချန်ရစ်ခဲ့သော မိစ္ဆာချုပ်နှောင်မှော်အစွမ်းကိုလည်း အပြည့်အဝထိုးထွင်းသိမြင်ဖို့ လိုအပ်၏။
မိစ္ဆာချုပ်နှောင်မှော်အစွမ်းအား သက်ဆိုင်ရာတောင်အသီးသီး၌ ၎င်းတို့၏အရိုးများသဖွယ် မြှုပ်နှံထားလေသည်။
မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို ဉာဏ်အလင်းရမှသာ တောင်ပင်လယ်သခင်တစ်ဦး ဖြစ်လာဖို့ အရည်အချင်းပြည့်မှီသည်ဟု ဆိုလိုသည်။ ထိုနည်းလမ်းနှင့်မှသာ တောင်ပင်လယ်လောကသခင်၏ ဆက်ခံသူတစ်ဦး ဖြစ်လာနိုင်မည်။
တောင်ပင်လယ်လောကသည် မန္တန်မှော်အစွမ်းများကို ၎င်း၏အရိုးများအဖြစ်၊ တောင်ပင်လယ်များကို ၎င်း၏အသားများအဖြစ်၊ မိစ္ဆာချုပ်နှောင်သူအမွေကို ... ၎င်း၏ဝိညာဉ်အဖြစ် ပိုင်ဆိုင်ထားသည်ဟု ဆိုရလိမ့်မည်။