← Chapters

ကြီးမားကျယ်ပြန့်သောအစီအစဉ်

Vol. 49 Ch. 687

ကြီးမားကျယ်ပြန့်သောအစီအစဉ်

Vol. 49 Ch. 687

အခန်း (၆၈၇) ကြီးမားကျယ်ပြန့်သောအစီအစဉ်

ကျူတောပင်လယ်ဒေသကို တာ့ရွှမ်မင်းဆက်က ထူးဆန်းစွာ အုပ်စိုးသိမ်းပိုက်ခြင်းနှင့်ပတ်သက်ပြီး အရှေ့တောင်ထိပ်တန်းမျိုးနွယ်များက အမြဲတမ်း ခန့်မှန်းချက်များ ပြုလုပ်ခဲ့ကြသည်။

သို့သော် အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုယ်တိုင်က မသိချင်ယောင်ဆောင်ကာ ခွင့်ပြုထားသဖြင့် ကျန့်မင် ၊ ချန်ကျိလင်တို့ကဲ့သိုသော တပည့်များက ထိုအကြောင်းကို မေးခွန်းမထုတ်ကြတော့ပေ။

ရန်ကျောက်ကဲစကားက သိပ်မရှင်းလင်းသော်လည်း ကျန့်မင်နှင့် ချန်ကျိလျန်တို့စိတ်ထဲလှုပ်ရှားသွားပြီး အရင်ကအကြောင်းများ အတွေးထဲပြန်ပေါ်လာကြသည်။

ချန်ကျိလျန်က...

“တာအိုဆရာ’ရှီ’ ရဲ့ အစီအရင်ပညာက အရမ်းအစွမ်းထက်တယ် ၊ သူ့တပည့်တွေက သူ့လောက်တော်ဖို့ မဖြစ်နိုင်ဘူး”

ကျန့်မင်နှင့် ချန်ကျိလျန်တို့၏ စကားလုံးနှင့် မျက်နှာအမူအရာကို အကဲခတ်ရင်း ရန်ကျောက်ကဲစိတ်ထဲ တစ်စုံတစ်ခုကို နားလည်သွားသည်။

ဟိုစဉ်တစ်ချိန် ဧကရာဇ်ရွှမ်ဝမ် ၊ ရှန်လင်ကျီနှင့် တာအိုဆရာ’ရှီ’တို့ ကျူတောပင်လယ်ဒေသကို သိမ်းပိုက်ခဲ့သည်မှာ အ‌ရှေ့တောင်ထိပ်တန်းအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် မဖြစ်နိုင်ပေ။

ထိုသူများက ကျူတောပင်လယ်ဒေသမှ မဟုတ်သည့်အပြင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှလူများလည်း မဟုတ်ကြပေ။

သို့ဆိုလျှင် ထိုသူများ ကျူတောပင်လယ်ဒေသတွင် ‘ကောင်းကင်စွမ်းအားအစီအရင်’ တည်ဆောက်မည်ကို အရှေ့တောင်ထိပ်တန်းအရှင်သခင်က အဘယ့်ကြောင့် တိတ်ဆိတ်ခွင့်ပြုခဲ့ပါသနည်း။

“မြေကမ္ဘာဘုရင်မ ကိုးကွယ်ပသခြင်း” နှင့်ပတ်သက်သော သဲလွန်စများအတွက် ဖြစ်နိုင်ခြေ (၂)ခု ရှိလာသည်။

ပထမတစ်ချက်မှာ...

တာ့ရွှမ်မင်းဆက်နောက်ကွယ်တွင် ရပ်တည်ပေးနေသော ပုဂ္ဂိုလ်က နှယ်နှယ်ရရမဟုတ်ဘဲ အရှေ့တောင်ထိပ်တန်းအရှင်သခင်ပင် ကြောက်ရွံ့ရသောသူ ဖြစ်နိုင်သည်။ ထို့ကြောင့် သူက ကိစ္စရပ်အားလုံးကို မသိသလိုဟန်ဆောင်ကာ ခွင့်ပြုပေးထားခြင်း ဖြစ်နိုင်၏။

ဒုတိယအချက်မှာ...

တာ့ရွှမ်မင်းဆက်တွင် ကျောထောက်နောက်ခံ တစ်ခုရှိနိုင်သည်။

သို့သော် သူတို့ကျောထောက်နောက်ခံက အရှေ့တောင်ထိပ်တန်းအကြီးအကဲ ကြောက်ရွံ့ရသည့်အဆင့် မဟုတ်သည့်တိုင် ထိုသူကိုမဆန့်ကျင်လိုသဖြင့် နားလည်မှုပေးထားခြင်း ဖြစ်နိုင်၏။

ထို့ပြင် ကျူတောပင်လယ်ဒေသတွင် ‘ကောင်းကင်စွမ်းအား’ အစီအရင် ပြုလုပ်ရန် ကြံစည်နေကြောင့် အရှေ့တောင် ထိပ်တန်းအကြီးအကဲ သတိမထားခဲ့မိသလို သူတို့ဘာလုပ်ချင်သည်ကိုလည်း အတိအကျ မသိခြင်း ဖြစ်နိုင်သည်။

ထို (၂)ချက်တွင် ပထမအချက်က ဖြစ်နိုင်ခြေ နည်းပါးသည်။

အထက်ဘုံကမ္ဘာတွင် ‘တိဟွမ်ဧကရာဇ်’ က အခြားသော ဧကရာဇ်နှစ်ပါးနှင့် အာဏာမျှချေကို ထိန်းညှိထားသည်။ ထို့ကြောင့် မည်သူမှ စိတ်တိုင်းကျ ထင်တိုင်းကျဲနိုင်မည် မဟုတ်ပေ။

တာ့ရွှမ်တိုင်းပြည် ၊ ချီဝေနှင့် ‘ခန်း’ သခင်မတို့က အရှေ့တောင် ထိပ်တန်းအရှင်သခင် မသိရှိအောင် လျှို့ဝှက်စွာလုပ်ဆောင်နေခြင်း ဖြစ်ဟန်တူသည်။

အကယ်၍ သူ ခန့်မှန်းသည့် ဒုတိယအချက်သာ မှန်သည်ဆိုလျှင် သူလုပ်နိုင်သည့်အရာများစွာ ရှိလာနိုင်၏။

ရန်ကျောက်ကဲက ပြုံးရင်း...

“အဲဒီလူက တကယ်တော်တဲ့ပုဂ္ဂိုလ်ဆိုတာတော့ ဝန်ခံရမယ် ၊ ဒီ ‘ရန်’ သာ အစီအရင်ပညာ နည်းနည်းပါးပါး မသိဘူးဆိုရင် သူ့ရဲ့ ခွန်ယွမ်အစီအရင်ကနေတောင် လွတ်မြောက်လာနိုင်မှာ မဟုတ်ဘူး ၊ ပြီးတော့ သူက နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် တန်ခိုးစွမ်းအားရှင် တစ်ယောက်လေ”

ကျန့်မင်မျက်ဝန်းများ တောက်ပသွားပြီး...

“မင်း သူနဲ့တိုက်ခဲ့သေးတာလား”

ချန်ကျိလျန် ၊ ပိုင်ကျစ်မင်နှင့် ဝန်လော့ရှာတို့အားလုံး မှင်တက်သွားကြသည်။

“သိုင်းသူတော်စင် ပဉ္စမအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် တည်ဆောက်ထားတဲ့ အစီအရင်ကနေ သိုင်းသူတော်စင် ပထမအဆင့် သိုင်းသူတော်စင်အဆင့်နဲ့ လွတ်မြောက်လာတယ်ဆိုတော့ ... သူ့ရဲ့အစီအရင်ပညာက သာမန်မဟုတ်နိုင်ဘူး”

ရန်ကျောက်ကဲက...

“အဲဒီလိုဖြစ်သွားတာ သိပ်တောင်မကြာသေးဘူး‌ဗျ ၊ ပြောရရင် နည်းနည်းတော့ ရှက်စရာကောင်းတယ် ၊ ငါက ရှန်လင်ကျီအဆက်အနွယ်တစ်ယောက်ဆီက ပစ္စည်းလေးနည်းနည်းပါး ယူမိတာကို အဲဒီ တာအိုဆရာ’ရှီ’ နဲ့ တခြားသူတွေ ဝိုင်းပြီးအလစ်တိုက်ခိုက်ခဲ့ကြတယ်လေ”

ရန်ကျောက်ကဲဇာတ်လမ်း သေချာပေါက် မပြီးဆုံးသေးကြောင်း ရိပ်မိသဖြင့် ကျန့်မင်နှင့် ချန်ကျိလင်တို့က ဆက်နားထောင်နေကြသည်။

ရန်ကျောက်ကဲကလည်း ကွေ့ပတ်မနေဘဲ တည့်ထိုးပင် ဖွင့်ပြောလိုက်၏။

“ပစ္စည်းလေးက နည်းနည်းပါးပါးလေးပါဗျာ ၊ ကောင်းကင်ပွဲတော် အမွှေးနံ့သာ ၊ ပရမ်းပမာမြေသား ၊ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်... အဲဒီလို ပစ္စည်းလေးတွေပါ”

ထိုစကားကြားတော့ ချန်ကျိလျန် မျက်မှောင်ကြုံ့လိုက်ပြီး ကျန့်မင်ကို မရေမရာဖြင့် လှမ်းကြည့်လိုက်သည်။

“ဂိုဏ်းတူအစ်ကို’ကျန့်’ ... ဒီပစ္စည်းတွေက...”

အရှေ့တောင် ထိပ်တန်းအရှင်သခင်၏ တပည့်ရင်းများအနေဖြင့် သူတို့က အခြားသူများထက် အသိပညာ သာလွန်သူများ ဖြစ်ကြသည်။

အထူးသဖြင့် ကောင်းကင်ပွဲတော်အမွှေးနံ့သာက အလွန်ထူးခြားထင်ရှားပြီး တိကျသေချာသည့် လုပ်ဆောင်ချက်တစ်ခုသာလျှင် ပိုင်ဆိုင်သည်။

ချန်ကျိလျန် တစ်စုံတစ်ခုကို တွေးမိဟန်ရှိသော်လည်း မသေချာသဖြင့် ကျန့်မင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကျန့်မင်က မည်သည့်စကားမှမဆိုဘဲ မျက်နှာအမူအရာ တည်ကြည်လေးနက်နေသည်။

ထို့နောက် သူက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်တော့ လူငယ်က ခေါင်းညိတ်ကာ သူ့ကို ပြုံးပြရင်း...

“ငါသိသလောက်... ဒီပစ္စည်းတွေက ကောင်းကင်စွမ်းအားအစီအရင် တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေပဲ”

ကျန့်မင်က ဖြည်းညင်းစွာဖြင့်...

“မိတ်ဆွေလေး’ရန်’ က တကယ် ဗဟုသုတကြွယ်ဝတယ် ၊ ငါ ‘ကျန့်မင်’ တကယ် လေးစားမိပါတယ်”

ရန်ကျောက်ကဲက...

“ချီးကျူးလွန်းနေပါပြီ”

ထို့နောက် ကျန့်မင်က ရန်ကျောက်ကဲကို နက်ရှိုင်းစွာကြည့်လိုက်သည်။

ဤအကြောင်းများပြောပြရန်အတွက် ရန်ကျောက်ကဲက ဝန်လော့ရှာကို ကယ်တင်ခဲ့ခြင်းဖြစ်မည်ဟု တွေးလိုက်သည်။

ကျန့်မင်၏အကြည့်ကို အကဲခတ်မိသည်နှင့် ထိုသူ့စိတ်ထဲ ဘာတွေးနေကြောင်း ရန်ကျောက်ကဲ ချက်ချင်း ရိပ်မိသွားသည်။ သို့သော် သူက ထိတ်လန့်သွားခြင်းမရှိသလို ကူရာကယ်ရာမဲ့သွားဟန်လည်းမရှိဘဲ ပွင့်ပွင့်လင်းလင်း အမူအရာဖြင့်သာ ကျန့်မင်အကြည့်ကို ရင်ဆိုင်လိုက်၏။

ဒါကိုမြင်တော့ ကျန့်မင်က သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ရန်ကျောက်ကဲအပေါ်လည်း မကျေမနပ် ဖြစ်မိခြင်း မရှိပေ။

ရန်ကျောက်ကဲက ရည်ရွယ်ချက်ဖြင့် အလုပ်လုပ်နေခြင်းဖြစ်ပြီး သူ့အစီအစဉ်က အလွန်ကျယ်ပြန့်လွန်းသည်။ သို့သော် အရာအားလုံးက ကျန့်မင်နှင့် ချန်ကျိလျန်တို့၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်သည်။

ပြီးတော့ ကောင်းကင်စွမ်းအားအစီအရင်နှင့် ထိုအစီအရင်နှင့်ပတ်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်များက အရှေ့တောင် ထိပ်တန်းမျိုးနွယ်များအတွက် လျစ်လျူရှုမရသောကိစ္စ ဖြစ်သည်။ ရန်ကျောက်ကဲက အကျိုးအမြတ် ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူတို့က လုပ်စရာရှိသည်ကို လုပ်ဆောင်ကြမည်ပဲ ဖြစ်၏။

ထို့ပြင် သူတို့ကို ဤအကြောင်း ပြောပြခဲ့သော ရန်ကျောက်ကဲကိုပင် ကျေးဇူးတင်မည်ဖြစ်သည်။ အကြောင်းမှာ ဤအစီအရင်နှင့်ပတ်သက်ပြီး နောက်ပိုင်းကိစ္စက မည်သို့ဖြစ်လာမည်ကို ဘယ်သူမှ ခန့်မှန်းမရနိုင်သောကြောင့်ပင်။

လူအများဆက်ဆံရေးတွင် တစ်ယောက်နှင့်တစ်ယောက် အထင်ကြီးလေးစားခြင်းက အလွန်အရေးကြီးသည်။ အထူးသဖြင့် ပထမဆုံး တွေ့တွေ့ချင်းတွင် အထင်ကြီးလေးစားခံရခြင်းက အရေးပါလှ၏။

တူညီသည့်ပုဂ္ဂိုလ် ၊ တူညီသည့်ကိစ္စပင်ဖြစ်သော်လည်း တစ်ဖက်လူအပေါ် အထင်ကြီးလေးစားမှုမရှိပါက အတွေးအခေါ်များ တူညီတော့မည် မဟုတ်ပေ။

လူသားများ မကြာခဏပြောသည်မှာ...

“သဘောကျလွန်းလို့ သူ့ကို ငေးကြည့်နေရတယ်”

သို့မဟုတ်

“ငါ သူ့အကြည့်တွေကို သဘောမကျဘူး”

ဤသည်က မြင်မြင်ခြင်း အထင်ကြီးလေးစားမှု၏ နောက်ဆက်တွဲရလဒ်များဖြစ်သည်။

ယခုတော့ ချန်ကျိလျန်အနေဖြင့် ရန်ကျောက်ကဲကို လေးစားသွားသည် အမှန်ပင်။

“စိတ်ဝင်စားစရာလူငယ်ပဲ ၊ သိုင်းပညာတစ်ခုတည်းမှာပဲ တော်တာမဟုတ်ဘူး... နယ်ပယ်စုံမှာ အသိအမြင်ထူးခြားတယ်”

ဘေးနားတွင်ရပ်ကာ တစ်ချိန်လုံးတိတ်ဆိတ်နေသည့် ပိုင်ကျစ်မင်ကတော့ စိတ်ခံစားချက်အပြည့်ဖြင့် အခြေအနေများကို လေ့လာနေသည်။

အရင်ဆုံး ကျန့်မင်က လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို မောင်းနှင်ထိန်းချုပ်ပြီး သဘာဝပသာဒနယ်မြေမှ ထွက်ခွာလာသည်။

သူတို့အနောက်မှ အဆုံးမဲ့သံလိုက်မုန်တိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း လူတိုင်း စိတ်သက်သာရာရသွားကြသည်။

ဖန်းယွင်ရှန်းနှင့် အားဟူတို့က ကျန့်မင်နှင့် ချန်ကျိလျန်တို့အုပ်စုကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်နေကြသည်။

အားဟူက အသံပို့လွှတ်စနစ်ဖြင့် တိတ်တဆိတ်မေးမြန်းလိုက်၏။

“သခင်လေး... သူတို့ကို ဒီအတိုင်းပြောလိုက်တာ အဆင်ပြေပါ့မလား ၊ တာ့ရွှမ်တိုင်းပြည်က ငြင်းချင်တယ်ဆို ငြင်းလို့ရတာပဲလေ ၊ ဆိုရိုးရှိတယ် မဟုတ်လား... အိမ်ထောင်ဖောက်ပြန်တဲ့သူကို အိပ်ရာထဲမှာဖမ်း ၊ သူခိုးကို ခိုးရာပါပစ္စည်းနဲ့ဖမ်းဆိုတာ ၊ လက်ပူးလက်ကြပ်မိမှ ဖမ်းလို့အဆင်ပြေတာပေါ့ ၊ အခု ကျွန်တော်တို့က ကောင်းကင်စွမ်းအားအစီအရင် ဘယ်နေရာမှာ လုပ်ထားလဲဆိုတာ သိမှမသိတာ”

ဖန်းယွင်ရှန်းကလည်း သံသယဝင်ဟန်ဖြင့်...

“အဲဒီအစီအရင်က တာ့ရွှမ်တိုင်းပြည် မြို့တော်မှာ ရှိမှာလား ၊ မသေချာဘူးနော်...”

ရန်ကျောက်ကဲ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး...

“ဒီကိစ္စက မသေချာပါဘူး ၊ ဒါပေမဲ့ စိုးရိမ်စရာမရှိဘူး  ၊ ငါတို့ မသိပေမယ့် တခြားသူတွေက သိနိုင်တယ်လေ”

အားဟူက ကျန့်မင်နှင့် ချန်ကျိလင်တို့ကို လှမ်းကြည့်ရင်း နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။

“အရှေ့တောင် ထိပ်တန်းအရှင်သခင်ရဲ့ တပည့်တွေက တာ့ရွှမ်တိုင်းပြည်ကလူတွေကို သွားမေးရင် သူတို့က ကြည်ကြည်ဖြူဖြူနဲ့ အစီအရင်ကို လိုက်ပြမှာတဲ့လား”

ရန်ကျောက်ကဲက ပြုံးရင်း...

“အဲဒီလောက် မလိုပါဘူးကွာ ၊ ငြိမ်ငြိမ်လေးကြည့်နေ ၊ အခု စ တော့ မယ်”

ထိုအချိန် ကျန့်မင်က ချန်ကျိလျန်ကို လှမ်းကြည့်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် အသံပို့လွှတ်စနစ်ဖြင့် တစ်စုံတစ်ခု ပြောလိုက်၏။

ချန်ကျိလျန် ခေါင်းညိတ်လိုက်ပြီး နေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။

သို့သော် မကြာခင် သူ ပြန်ပေါ်လာပြီး ကျန့်မင်ထံသို့ အရိပ်ကျုံ့အိတ်တစ်လုံး ကမ်းပေးလိုက်လေ၏။

ကျန့်မင်က အရိပ်ကျုံ့အိတ်ထဲမှ ပစ္စည်းအချို့ ထုတ်ယူလိုက်ပြီး ရန်ကျောက်ကဲနှင့် ပိုက်ကျစ်မင်တို့ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက လေဟုန်စီးကောင်းကင်ရွက်လှေကြီး၏ ကုန်းပတ်ပေါ်တွင်ကြီးမားသော အစီအရင်တစ်ခု တည်ဆောက်လိုက်၏။

ဒါကို မြင်တော့ ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ သူသည်လည်း အစီအရင်ပညာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရာ ကျန့်မင်၏လုပ်ရပ်ကို နားလည်နိုင်စွမ်းရှိသည် မဟုတ်လား။

များပြားလှစွာသော အလင်းသင်္ကေတများထွက်ပေါ်လာပြီး ကြီးမားသော အစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာကာ လေဟုန်စီးကောင်းကင်ရွက်လှေ အထက်သို့ ပျံတက်သွားသည်။

ထို့နောက်မှာတော့ ကြီးမားသောအစီအရင်ကြီးမှ ရောင်ဝါများဖြာထွက်လာပြီး များပြားလှစွာသော ပုံရိပ်ယောင်မြင်ကွင်းများ ထင်ရှားထွက်ပေါ်လာသည်။

ပုံရိပ်ယောင်မြင်ကွင်းများက ကျယ်ပြန့်သောကုန်းမြေကြီးနှင့် ရှည်လျားသောမြစ်တစ်စင်းစီးဆင်းနေသည်ကို ပုံဖော်ထားသည်။ ရှည်လျားသော ပုံရိပ်ယောင်မြစ်က အဝေးသို့ဆီးဆင်းနေပြီး ပင်လယ်ပြင်ဆီသို့ စီးဝင်သွားသည်။

ချန်ကျိလင်က လေဟုန်စီးကောင်းကင်ရွက်လှေကို ထိန်းချုပ်မောင်းနှင်နေစဉ် ကျန့်မင်က အစီအရင်ကို ထိန်းသိမ်းထား၏။ ကြီးမားလှသောရွက်လှေကြီးမှာ ပုံရိပ်ယောင်မြစ်ကြောင်းတစ်လျှောက် စီးဆင်းနေသည့်အလား ထင်မှတ်ရသည်။

ဒါကိုမြင်တော့ ဖန်းယွင်ရှန်းနှင့် အားဟူတို့က အံ့အားသင့်စွာဖြင့် တက်ခေါက်လိုက်မိကြသည်။

အားဟူက ရန်ကျောက်ကဲကိုလှမ်းကြည့်လိုက်တော့...

ရန်ကျောက်ကဲက စကားဆိုသည်။

“ကောင်းကင်စွမ်းအားအစီအရင်အကြောင်း နားလည်တဲ့သူတွေမှာ တည်နေရာရှာဖို့ နည်းလမ်းရှိတယ် ၊ ကောင်းကင်စွမ်းအားအစီအရင်က ပကတိမြေပြင်သွေးကြော စီးဆင်းမှုကို အမှီပြုထားတဲ့ ယာဇ်ပူဇော်ခြင်းလည်းဖြစ်တယ် ၊ တကယ်တော့ ငါလည်း ဒီလိုခြေရာခံအစီအရင်မျိုး လုပ်တတ်ပါတယ် ၊ ကျင့်ကြံခြင်းအဆင့် မလုံလောက်သေးလို့ မရသေးတာ”

ထို့နောက် သူက ကျန့်မင်ကို တစ်ချက်လှမ်းကြည့်ရင်း...

“သိုင်းသူတော်စင် ပဉ္စမအဆင့်ဆိုရင်တော့ လုံလောက်တာပေါ့ကွာ”

All Chapters