ရန်ကျောက်ကဲ၏ရည်ရွယ်ချက်
Vol. 49 Ch. 688
အခန်း (၆၈၈) ရန်ကျောက်ကဲ၏ရည်ရွယ်ချက်
ဖန်းယွင်ရှန်းက လေဟုန်စီးကောင်းကင်ရွက်လှေကြီးထက်ရှိ အစီအရင်စက်ဝန်းအတွင်းမှ ကျယ်ပြန့်သောကုန်းမြေနှင့် စီးဆင်းနေသောမြစ်ရေကို လှမ်းကြည့်ရင်း အသံပို့လွှတ်စနစ်ဖြင့် မေးလိုက်သည်။
“ဒီလိုဆိုရင်တော့... ကောင်းကင်စွမ်းအားအစီအရင်က ကျူတောပင်လယ်ဒေသမှာ တည်ရှိတယ်ဆိုတာ သက်သေပြနိုင်ပြီပေါ့ ၊ ဒါပေမဲ့ ဘယ်သူက အဲဒါကို တည်ဆောက်ခဲ့လဲ အတိအကျ မသိရသေးဘူး”
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“အဲဒါတော့ မဆုံးဖြတ်နိုင်သေးဘူး ၊ အခု ဒီ ဆရာ’ကျန့်မင်’ အသုံးပြုတဲ့ အစီအရင်က ပကတိမြေပြင်သွေးကြောတွေ လှည့်ပတ်နေတောကို သက်ရောက်မှုရှိတဲ့ အစီအရင်ကြီးတစ်ခုကို ရှာဖွေနေတာ ၊ လက်ရှိ ငါတို့သိထားသလောက်ဆိုရင်... တာ့ရွှမ်တိုင်းပြည်အပါအဝင် ကျူတောပင်လယ်ဒေသက ထိပ်သီးသိုင်းဂိုဏ်းကြီးတွေရဲ့ ပင်မအစီအရင်တွေက ပကတိမြေပြင်သွေးကြောတွေကို မသက်ရောက်နိုင်ဘူး”
ရန်ကျောက်ကဲလည်း ကြီးမားသော ရွက်လှေကြီးထက်မှ အစီအရင်စက်ဝန်းကို ခေါင်းမော့ကြည့်လိုက်သည်။
“ဒါကြောင့် အဲဒီလို အစီအရင်မျိုးတစ်ခုရှိနေရင် ပစ်မှတ်ကို သိနိုင်တယ် ၊ နေရာမှားမှာ စိုးရိမ်စရာမရှိတော့ဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ပကတိမြေပြင်သွေးကြောတွေကို သက်ရောက်နိုင်တဲ့ ကြီးမားတဲ့အစီအရင်မျိုးက ကောင်းကင်စွမ်းအားအစီအရင်တစ်ခုတည်း မဟုတ်နိုင်ဘူး ၊ ဒါကြောင့် တည်နေရာသေသေချာချာ သိရမှ အတည်ပြုနိုင်မှာပဲ”
ဒါကိုကြားတော့ ဖန်းယွင်ရှန်းနှင့် အားဟူတို့ ခေါင်းညိတ်လိုက်ကြသည်။
အားဟူက ရိုးသားစွာပြုံးရင်း...
“တာ့ရွှမ်တိုင်းပြည်ကတော့ ဒီအတိုင်းရပ်ပြီး သေမှာကိုစောင့်နေမှာမဟုတ်ဘူးမလား”
ရန်ကျောက်ကဲက...
“ဘယ်နေလိမ့်မလဲ ၊ ဒါပေမဲ့ အရှေ့တောင် ထိပ်တန်းအရှင်သခင်ရဲ့ ဖိအားကို ရင်ဆိုင်ဖို့ က မလွယ်နိုင်ဘူးလေ ၊ ဆိုတော့... သူတို့တွေ ကျူတောပင်လယ်ဒေသကအခြေအနေတွေကို အာရုံသိပ်စိုက်နိုင်တော့မှာ မဟုတ်ဘူး ၊ တာ့ရွှမ်တိုင်းပြည်ရဲ့ အာရုံစိုက်မှုနဲ့ ဖိနှိပ်မှုလျော့ကျသွားရင် ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်း ၊ မြောက်ပင်လယ်ဓားခန်းမနဲ့ တခြားစွမ်းအားစုတွေကြားက တင်းမှာမှုတွေ ပိုပြီး ဆိုးရွားလာလိမ့်မယ်”
အားဟူက ခေါင်းကုတ်ရင်း...
“သခင်လေးရဲ့ ပစ်မှတ်က အခုထိ ကွမ်းမင်ဂိုဏ်းဖြစ်နေတုန်းပဲလား”
“ဒါပဲလေ...”
ရန်ကျောက်ကဲအကြည့်များက ချက်ချင်း နက်ရှိုင်းသွားသည်။
“ထူးကဲယင်သရဖူက သူတို့လက်ထဲမှာပဲ ၊ ဒီအချက်ကို မေ့ထားလို့မရဘူး”
သူ့စကားကြားတော့ ဖန်းယွင်ရှန်းက ညင်သာစွာဖြင့်...
“ထူးကဲယင်သရဖူက သမိုင်းထဲမှာ ကျန်ခဲ့ပါပြီ ၊ အခုတော့ ထူးကဲယင်သရဖူကို ဘယ်သူပိုင်ဆိုင်မလဲဆိုတာက တန်ခိုးစွမ်းအားရှင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်နေပြီ မဟုတ်လား”
ရန်ကျောက်ကဲက ပြုံးရင်း...
“တစ်နေ့တော့ အဲဒီသရဖူ မင်းလက်ထဲရောက်အောင် လုပ်ပေးမယ်”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲမျက်ဝန်းများကို စူးစိုက်ကြည့်ရင်း...
“ကောင်းပြီလေ...”
အားဟူက...
“အပြန်အလှန် ရန်ငြိုးဖွဲ့တဲ့ကိစ္စကိုပြောရရင်... တာ့ရွှမ်တိုင်းပြည်က သခင်လေးအပေါ်ထားတဲ့ အမုန်းတရားက ကွမ်းမင်ဂိုဏ်းထက် မလျော့ဘူးနော်”
ရန်ကျောက်ကဲက သူ့ခြေထောက်အောက်မှ လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို ငုံ့ကြည့်ရင်း...
“ဒါ့ကြောင့် သူတို့အတွက်လည်း တစ်ခုခုလုပ်ဖို့ နည်းလမ်းရှာရတာပေါ့”
အားဟူက...
“သခင်လေး... တကယ်လို့များ တာ့ရွှမ်တိုင်းပြည်က ဘာကိုမှအရေးမစိုက်ဘဲ လှုပ်ရှားမယ် ဆိုရင်ရော... သူတို့ကတန်းပြီး...”
သူ့စကားအဆုံးမသတ်သော်လည်း ဘာကိုဆိုလိုကြောင်း ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါ နားလည်ကြသည်။ သူတို့အားလုံးကို တာ့ရွှမ်တိုင်းပြည်က နှုတ်ပိတ်သတ်ဖြတ်ပစ်လိုက်မည်ကို အားဟူက စိုးရိမ်နေခြင်းပင်။
ကျူတောပင်လယ်ဒေသမှသတင်းများ အရှေ့တောင် ထိပ်တန်းမျိုးနွယ်မျးဆီသို့ ပျံ့နှံ့မသွားစေရန် တာ့ရွှမ်တိုင်းပြည်က ဤနေရာမှာပင် ကျန့်မင်တို့အုပ်စုအားလုံးကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်နိုင်သည်။
ကျန့်မင်တို့အုပ်စုက ထူးခြားသောစွမ်းအားများ ပိုင်ဆိုင်ထားပြီး လေဟုန်စီးကောင်းကင်ရွက်လှေကဲ့သို့ အစွမ်းထက်ရတနာယဉ်ပျံများ ရှိနေသည့်တိုင် တာ့ရွှမ်တိုင်းပြည်သည်လည်း အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များနှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာ ပိုင်ဆိုင်ထားသည်။
ရန်ကျောက်ကဲက စိတ်ရှုတ်ထွေးသွားခြင်း မရှိဘဲ...
“သူတို့ အဲဒီလိုလုပ်မှာမဟုတ်ဘူး ၊ သူတို့က အခုချိန်မှာ တာ့ရွှမ်တိုင်းပြည်ကို ပုန်ကန်တဲ့အင်အားစုတွေကို အပြည့်အဝ အာရုံစိုက်နေတာ ၊ ထိပ်တန်း တန်ခိုးစွမ်းအားရှင်တွေလည်း သိပ်မကျန်တော့ဘူး ၊ တာ့ရွှမ်တိုင်းပြည်က စစ်မြေပြင်မှာ အသာစီးရနေပေမယ့် ထင်တိုင်းမကျဲရဲပါဘူး ၊ မဟုတ်ရင် ကွမ်းမင်ဂိုဏ်းဌာနချုပ် ချေမှုန်းခံရတာ ကြာပေါ့”
သူက ဆက်ပြောသည်။
“တကယ်လို့ အရှေ့တောင် ထိပ်တန်းအကြီးအကဲက ဒီကိစ္စကို သံသယဝင်သွားမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ မဆုတ်မနစ် အဖြေရှာဖို့ ကြိုးစားမှာပဲ ၊ ဒါပေမဲ့ တာ့ရွှမ်တိုင်းပြည်ဘက်က လုပ်နိုင်တာက ကျန့်မင်နဲ့ ချန်ကျိလျန် မသိအောင် ကောင်းကင်စွမ်းအားအစီအရင်ကို ဖျက်သိမ်းလိုက်တာပဲ”
ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းရင်း...
“ငါက သူတို့ရဲ့ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေကို သုံးပစ်လိုက်တာ ၊ အဲဒါတွေမရှိဘဲ သူတို့ရဲ့ ကောင်းကင်စွမ်းအားအစီအရင်ကို ဘယ်လောက်ထိန်းထားနိုင်မလဲ သိချင်မိတယ် ၊ အခုဆိုရင် အဲဒီအစီအရင် တန်လန်းကြီး ရပ်နေမလား မသိနိုင်ဘူး”
အားဟူက ပြုံးရင်း...
“သခင်လေး... အစကတည်းက အဲဒီပစ္စည်းတွေအကုန် ယူထားလိုက်ရမှာ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ငါ့အတွက် ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေကပဲ အသုံးဝင်တာလေ ၊ တခြားဟာတွေယူထားရင် သိမ်းရတာ အလုပ်ရှုတ်တယ်”
သူက မေးစေ့ကိုပွတ်သပ်ရင်း...
“အခုတော့ ဒီအကြောင်းတွေ တွေးနေစရာမလိုတော့ပါဘူး ၊ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေမရှိပေမဲ့ ကောင်းကင်စွမ်းအားအစီအရင်ကို ဆက်ထိန်းထားနိုင်ရင်ပဲ ကံကောင်းပြီလို့ မျှော်လင့်ရမယ် ၊ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ သိပ်မရှိပါဘူး ၊ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေကို လွယ်လွယ်နဲ့ အစားထိုးလို့ မရနိုင်ဘူး”
ဖန်းယွင်ရှန်းက...
“တာ့ရွှမ်တိုင်းပြည်က ကောင်းကင်စွမ်းအားအစီအရင်ကို ရပ်လိုက်မယ်ဆိုရင် ကျွန်မတို့ရဲ့ အခုခရီးစဉ်က အလကားဖြစ်သွားမှာပေါ့”
ရန်ကျောက်ကဲက အဝေးမှစီးဆင်းနေသော ရှည်လျားသည့်မြစ်ဆီသို့ စူးစိုက်ကြည့်ရင်း ဖြည်းညင်းစွာဆိုသည်။
“လောလောဆယ် ဘာမှမသေချာသေးဘူး ၊ တိကျတဲ့အခြေအနေတစ်ခုကို အရင်ဆုံး ရှာဖွေရမှာပဲ”
ဤအကြောင်းအရာများကို ရန်ကျောက်ကဲတို့အုပ်စု ဆွေးနွေးနေကြစဉ် ကျန့်မင် ၊ ချန်ကျိလျန်နှင့် ဝန်လော့ရှာတို့သည်လည်း သီးသန့် လှုပ်ရှားမှုများ ပြုလုပ်နေကြသည်။
“ကောင်းကင်စွမ်းအားအစီအရင်... ဧကရာဇ်ရွှမ်ဝမ်နဲ့ တာအိုဆရာ’ရှီ’ တို့ ဘာတွေများ ကြံစည်ခဲ့တာလဲ”
ချန်ကျိလျန်က တစ်နေရာသို့ ငေးရင်းဆိုသည်။
“ဒါမှမဟုတ်... အဲဒီလူက ဘာတွေကြံစည်နေတာလဲ”
ဝန်လော့ရှာက...
“ဆရာ... အဲဒီလူဆိုတာ ဘယ်သူ့ကိုပြောတာလဲ”
ချန်ကျိလျန်က ကျန့်မင်ကိုလှမ်းကြည့်သည်။
ကျန့်မင်က သူ့လက်များကို ဆန့်ထုတ်ပြီး လက်ချောင်း (၅)ချောင်း ထောင်ပြသည်။ ထို့နောက် ကျန်လက်လေးချောင်းကို ရုတ်သိမ်းပြီး လက်ညှိုးတစ်ချောင်းထောင်ပြသည်။ အုပ်စိုးရှင် (၅)ပါးမှ တစ်ပါးဆိုသည့်အဓိပ္ပါယ် ဖြစ်၏။
ဝန်လော့ရှာသည် ချက်ချင်းပင် သဘောပေါက်သွားပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
ချန်ကျိလျန်က...
“ဘယ်တစ်ယောက်လဲဆိုတာ အတိအကျ သိဖို့မလိုဘူး ၊ အခုအခြေအနေက လုံးဝ သာမန်မဟုတ်ဘူး ၊ ဒါကြောင့် အရမ်းဝင်မပတ်သက်မိဖို့တော့လိုတယ်”
ဝန်လော့ရှာက အမြန်ပင် ဆိုသည်။
“ဆရာနဲ့ ဆရာဦးလေး သင်ပြပေးတာ ကျေးဇူးတင်ပါတယ် ၊ တပည့် မှတ်ထားပါ့မယ်”
ချန်ကျိလျန်က ကျန့်မင်ကို လှည့်ကြည့်ရင်း...
"အဲဒီလူက မြေကမ္ဘာဘုရင်မရဲ့ နေရာကို ရှာချင်နေတာလား ၊ မြေကမ္ဘာဘုရင်မ မသေဘူးဆိုတဲ့ သက်သေအရိပ်အယောင်တွေ မရှိသလို သူ ဒီကမ္ဘာမှာ ရှိနေတယ်ဆိုတဲ့ အရိပ်အယောင်တွေလည်း တစ်ခါမှ မတွေ့ရဘူးလေ”
ကျန့်မင် အနည်းငယ်မျက်နှာပျက်သွားပြီး...
“သော့ချက်ကတော့ အဲဒီလူက ဘာလို့ သဲလွန်စတွေကို ရှာဖွေဖို့ လျှို့ဝှက်လုပ်ဆောင်နေတာလဲ ၊ သူက ဘယ်သူ့ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ ဆိုတာပဲ”
ချန်ကျိလျန်က အကြည့်လွှဲလိုက်ပြီး...
“ဂိုဏ်းတူအစ်ကို’ကျန့်’ ၊ ဒီကိစ္စကို ကျွန်တော်တို့ အရေးမစိုက်သင့်ဘူးလို့ ခံစားနေရတယ် ၊ ဒီကိစ္စက တကယ့်ကပ်ဘေးကြီးနော် ၊ ကျွန်တော်တို့ သိတာများလေ မြန်မြန်သေနိုင်လေပဲ”
အရှေ့တောင် ထိပ်တန်းအရှင်သခင်၏ တပည့်ရင်းများအနေဖြင့် သတိထားရမည့်အရာ အနည်းငယ်သာ ရှိသည်။
သို့သော် သူတို့၏ မြင့်မားစွာရပ်တည်နိုင်မှုကြောင့် ဝေးဝေးမြင်ရပြီး အသိပညာများစွာရှိကာ လူအများမသိသည်များကို သိရှိကြသည်။ သာမန်ဟုထင်ရသော အကြောင်းအရာအချို့နောက်ကွယ်မှ ဖုံးကွယ်ထားသောအန္တရယ်များကိုလည်း မြင်နိုင်စွမ်း ရှိသည်။
သူတို့၏ အသိပညာ အမြင်ကျယ်လေ သူတို့တစ်ဦးချင်းအနေဖြင့် ဘာကောင်မှမဟုတ်ကြောင်း နားလည်ခံစားရလေ ဖြစ်သည်။
တာအိုဝါဒ၏ ကောင်းကင်ဘုံ မင်း (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မြေကမ္ဘာဘုရင်မသည် မဟာကပ်ဘေးကြီးမတိုင်ခင်က မိုးမြေတစ်ခွင် အထွတ်ထိပ်စိုးစံခဲ့သော အဓိကပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ ဤသို့သောပုဂ္ဂိုလ်မျိုးနှင့် ဆက်စပ်နေသည်က အသေးအဖွဲကိစ္စမဟုတ်သည်မှာ သေချာသည်။
ပြီးတော့ လက်ရှိအခြေအနေက အတော်လေး ထူးခြားသည် အမှန်ပင်။
ကျန့်မင်က သိမ်မွေ့စွာဖြင့်...
“သိတာများလေ မြန်မြန်သေနိုင်လေဆိုတာ ဟုတ်တယ် ၊ ဒါပေမဲ့ နည်းနည်းပဲသိရင်တော့ ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး”
သူက ဆက်ပြောသည်။
“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က ဆရာ့ရဲ့ အုပ်စိုးမှုအောက်မှာ ရှိတယ် ၊ ဒီပြည်နယ်ထဲမှာ တစ်ခုခု ဖောက်ပြန်ပြောင်းလဲနေရင် ... တကယ်လို့ ဆရာသာ အဲဒီကိစ္စကို မသိခဲ့ဘူးဆိုရင် ကိုင်တွယ်ဖို့ ခက်လိမ့်မယ် ၊ ငါတို့ ဝင်ရောက်မစွက်ဖက်ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ဆရာ့ကိုပြောပြဖို့ အခြေအနေမှန်ကိုသိအောင်လုပ်ရလိမ့်မယ်”
ချန်ကျိလျန်က သဘောတူစွာ ခေါင်းညိတ်တော့ ကျန့်မင်က ဆက်ပြောသည်။
“ငါတို့မသွားခင် အခြေအနေကို ပြန်တင်ပြဖို့ ဆရာ့ဆီကို လူတစ်ယောက် လွှတ်ထားတယ်”
ကျန်းကျိလျန်က ခေါင်းညိတ်ရင်း...
“အဲဒါ အကောင်းဆုံးပဲ”
ထို့နောက် သူက ဝန်လော့ရှာကို လှည့်ကြည့်ရင်း...
“ယဲ့ရှင်း အခု ဘယ်မှာလဲ ၊ မင်းတို့နှစ်ယောက် အတူတူ ခရီးထွက်သွားတာ မဟုတ်လား”
ဝန်လော့ရှာက...
“ကျူတောပင်လယ်ဒေသ အဝင်မှာပဲ ကျွန်မတို့ လူစုကွဲသွားတယ် ၊ ဂိုဏ်းတူညီမလေး’ယဲ့’ အခု ဘယ်ရောက်နေလဲ ဒီတပည့် မသိပါဘူး”
ချန်ကျိလျန် သက်ပြင်းချလိုက်သည်။ နောက်ထပ် စိတ်ပူစရာကိစ္စတစ်ခု ရှိလာပြန်လေပြီ။
မရေမတွက်နိုင်သော တောင်နှင့်မြစ်ရေများကို ဖြတ်ကျော်ကာ လေဟုန်စီးကောင်းကင်ရွက်လှေကြီး ခရီးနှင်နေစဉ် ရွက်လှေထက်မှ လူတိုင်း၏စိတ်ထဲတွင်လည်း အတွေးကိုယ်စီ ရှိနေကြသည်။
ထို့နောက် သူတို့ရှေ့တွင် ကြီးမားသောမြေပြင်ကြီးတစ်ခု ထွက်ပေါ်လာပြီး အစီအရင်ထဲမှ ပုံရိပ်ယောင်မြစ်ကြီးသည်လည်း ကွယ်ပျောက်သွားသည်။ သို့သော် သူတို့ကို သိမြင်စေရန် သဲလွန်စများ ကျန်ရစ်ခဲ့၏။
ရန်ကျောက်ကဲက သူတို့ဦးတည်ရာသို့ ရောက်ရှိတော့မည်ကို သိရှိသဖြင့် သူ့အရှေ့တွင် ပေါ်လာသော ကုန်းမြေဒေသကြီးကို စူးစိုက်ကြည့်လျှက် ရှိလေသည်။