ဧဒင်၏ စကားလုံးများ
Vol. 33 Ch. 449
နောက်ထပ် သုံးရက် ထပ်မံ ကုန်ဆုံးသွားခဲ့၏။ ဝေ့ဝူယင် တော်ဝင်သားတော် တစ်ပါး ဖြစ်လာခဲ့သည့် နေ့မှ စ၍ ရေတွက်လျှင် စုစုပေါင်း ဆယ့်တစ်ရက် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အစစ်အမှန် ပျက်သုဥ်းခြင်းတွင်တော့ ဘာသာရေး ပူဇော်ပွဲ အခမ်းအနားများကို အရှိန်အဟုန်နှင့် ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။
ထို့အပြင် နေ့တိုင်းနေ့တိုင်းတွင် မရေမတွက်နိုင်သည့် ပျက်သုဥ်းခြင်း နယ်မြေသားများမှာ အစစ်အမှန် ပျက်သုဥ်းခြင်းဆီသို့ တဖွဲဖွဲ ရောက်ရှိလာကြကာ အသစ် ပေါ်ထွန်းလာသည့် တော်ဝင်သားတော်ကို လက်ဆောင် ဘဏ္ဍာများဖြင့် ချီးကျူး ဂုဏ်ပြုကြသည်။
သူတို့၏ လက်ဆောင် အများစုက အဆင့်နိမ့် ဆေးပင်များ၊ လက်နက်များနှင့် ရတနာများသာ ဖြစ်သည်။ ထိုအထဲမှ အများစုမှာ အဂ္ဂိရတ် အာဏာရှင် တစ်ပါး အတွက် သိပ်တန်ဖိုး မရှိသည့်တိုင် အစစ်အမှန် ပျက်သုဥ်းခြင်း၏ ဓလေ့ ထုံးတမ်းများ အရ ဝေ့ဝူယင် လက်ခံခဲ့ပေသည်။
အားလုံးထဲ၌ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ် ဝေ့ဝူယင်ကို ပေးအပ်ခဲ့သည့် လက်ဆောင်များမှာ အများပြားဆုံး ဖြစ်သည်။ ထိုအထဲ၌ အလွန် ချောမော လှပကာ ကျင့်ကြံခြင်း ပါရမီ မြင့်မားသည့် အယ်ဗန် မျိုးနွယ်ဝင် မိန်းမပျိုလေးများပင် ပါဝင်နေသည်။ သို့သော်လည်း... သူတို့၏ ရည်ရွယ်ချက်များကတော့ ရှုပ်ထွေးလှကာ ဝေ့ဝူယင်၏ သွေးမျိုးဆက်ကို ဆက်ခံပြီး အမွေခံ တော်ဝင် ကလေးငယ် တစ်ယောက် မွေးဖွားနိုင်ဖို့ ဖြစ်ပေသည်။
သို့သော်လည်း ဝေ့ဝူယင်မှာ မိန်းမလှများကို မြင်သည်နှင့် စုံလုံးကန်းတတ်သည့် တဏှာရူး တစ်ယောက်တော့ မဟုတ်ပါချေ။ ယခု သူ့တွင် အိယင်နှင့် စီတတို့ ရှိပေသည်။ ထို့အပြင် အိကျူးလင်ကိုလည်း သူမ၏ မိသားစုနှင့် အတူ လွန်ခဲ့သည့် ရက်ပိုင်းက သူ ခေါ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုမိန်းကလေးများက သူ့အတွက် လုံလောက်ပေသည်။
ဝေ့ဝူယင်နှင့် အိကျူးလင်တို့၏ အတိတ်မှ ဆက်ဆံကြောင်း ကြားသိခဲ့ရစဥ်၌ အိယင်မှာ အလွန် စိတ်လှုပ်ရှား သွားခဲ့သည်။ သူမက ချက်ချင်းပင် အိကျူးလင်ကို ညီမအဖြစ် လက်ခံကာ ကျင့်စဥ်များကိုပင် သင်ကြား ပေးခဲ့သည်။ အိကျူးလင်၏ အဆင့်အတန်းက အိကလန်တွင် အမြင့်ဆုံး ဖြစ်သည်။ ထို့ကြောင့်ပင် အိကျူးလင်၏ မိဘများမှာ အလွန် စိတ်လှုပ်ရှားကာ ဝမ်းသာနေခဲ့ကြသည်။
တစ်ချိန်တည်း၌ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးရှိ အမျိုးမျိုးသော အင်အားစုများကတော့ ဖြည်းညင်းစွာပင် ပြင်ဆင် နေခဲ့ကြသည်။ သူတို့က လောခြင်း မရှိချေ။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ကို စိတ်ဝင်စား နေချိန်တွင် စီထံမှ အလွန် အံ့သြဖွယ်ကောင်းသည့် အချက်တစ်ချက်ကို ဝေ့ဝူယင် သိရှိခဲ့ရသည်။
နယ်မြေဒေသ တစ်ခုတွင် တော်တင် သားတော် တည်ရှိနေသမျှ ကာလပတ်လုံး မိစ္ဆာ အားလုံးမှာ ထိုနယ်မြေကို ဝင်ရောက်ခြင်းမှ ရှောင်ကျဥ်လိမ့်မည် ဖြစ်ကာ ထိုနယ်မြေအတွင်း တည်ရှိနေသည့် မိစ္ဆာများမှာလည်း အလိုအလျောက် စွန့်ခွာ သွားကြလိမ့်မည် ဖြစ်သည်။
ထို့အပြင် တော်ဝင်သားတော် ပေါ်ထွက်လာမှုကြောင့် ပျက်သုဥ်းခြင်း ရာသီစက်ဝန်း ပြီးဆုံးသွားသည်နှင့် အမတေနှင့် မန်နာများမှာ အစစ်အမှန် ပျက်သုဥ်းခြင်း နယ်မြေတွင် ဗဟိုနယ်မြေများလိုပင် ပေါကြွယ်ဝ လာတော့မည် ဖြစ်သည်။
ထို့ကြောင့်ပင် ပျက်သုဥ်းခြင်း နယ်မြေသားများမှာ တော်ဝင် သားတော်ကို လက်ဆောင် ဘဏ္ဍာများ ဆက်သခဲ့ကြခြင်းပင် ဖြစ်သည်။ ၎င်းက ရိုးရာ အစဥ်အလာ တစ်ခု အနေဖြင့် နှစ်စဥ်နှစ်တိုင်း ဆက်လက် တည်ရှိလိမ့်မည် ဖြစ်ကာ လာမည့် နှစ်ရာချီ အတွင်း၌ ဝေ့ဝူယင်မှာ သန်းပေါင်း ရာထောင်ချီ ထိုက်တန်သည့် ပိုင်ဆိုင်မှုများကို လက်တစ်ချောင်းပင် လှုပ်စရာ မလိုပဲ ရရှိနိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင်... အစစ်အမှန် ပျက်သုဥ်းခြင်း ဒေသခံများမှာ ဝေ့ဝူယင်၏ လုံခြုံရေး အတွက် အရာအားလုံးကို ရင်းနှီး၍ သူတို့ အသက်များကို စွန့်လွှတ်ရလျှင်ပင် ကာကွယ် ကြလိမ့်မည် ဖြစ်သည်။
စီတ၏ အဆိုအရဆိုလျှင် နှစ်စဥ်နှစ်တိုင်း၌ မိစ္ဆာရာသီသည် လူဦးရေ တစ်ခုလုံး၏ သုံးဆယ် ရာခိုင်နှုန်းခန့်ကို ဝိညာဥ်ချွေလေ့ ရှိသည်။ ထိုအရာက အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ရာသီတစ်ခု ဖြစ်ကာ ဗဟိုနယ်မြေ တစ်ခုသာလျှင် ကင်းလွတ်ခွင့် ရရှိကြသည်။ ကံဆိုးစွာပင် ဗဟိုနယ်မြေမှာ ဝင်ခွင့် လူဦးရေကို ကန့်သတ်ထားကာ လူနေသိပ်သည်းမှု အလွန် မများပြားစေရန် ထိန်းချုပ်ထားသည်။
ထိုနည်းဖြင့် သူတို့က မည်သူ သေရမည်၊ မည်သူ ရှင်ရမည်ကို ဆုံးဖြတ်ကြသည်။
ထိုအကြောင်းအရာများကို ကြားသိခဲ့ရစဥ်၌ ဝေ့ဝူယင်မှာ အလွန်ပင် အံ့သြ အထွေထွေ ဖြစ်ခဲ့ရသည်။ အမျိုးမျိုးသော နည်းပညာ တိုးတက်မှုများ၊ မိစ္ဆာများကို ခုခံရန် ထူးဆန်းသည့် နည်းလမ်းများ၊ အစွမ်းထက် ကျင့်ကြံသူများနှင့် သေချာ ကျနစွာ ဆောက်လုပ်ထားသည့် မြို့ကြီးများကို ပိုင်ဆိုင်ထားသည့်တိုင် လူဦးရေ တစ်ခုလုံး၏ ပျမ်းမျှ သုံးဆယ် ရာခိုင်နှုန်းခန့်က သေဆုံးရသည်လား။ ထိုအရာက အလွန်အမင်း ကြောက်စရာ ကောင်းလှပေသည်။
ပထမ၌ ဝေ့ဝူယင်မှာ တော်ဝင် သားတော်များ အဘယ်ကြောင့် နတ်ဘုရား တစ်ပါးလို ကိုးကွယ် ချီးမြှောက်ခြင်း ခံရကြကြောင်း နားမလည်နိုင်ခဲ့သော်လည်း ထိုအကြောင်းအရာကို ကြားသိပြီး နောက်တွင်တော့ သံသယ အားလုံး ကင်းရှင်း သွားခဲ့သည်။
တော်ဝင် ကလေးငယ်များမှာ မည်သူက အထွတ်အမြတ် နယ်မြေ အတွင်း ဆက်လက် နေထိုင်နိုင်သည် ဆိုသော သြဇာ အာဏာကို ဆုပ်ကိုင်ကာ အားလုံး၏ အသက်များကို ထိန်းချုပ်ထားသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ဂဏန်း အတွင်း ဗဟို နယ်မြေရှိ တော်ဝင် သားတော်နှင့် သမီးတော်များမှာ ထိုအတိုင်းပင် သူတို့ သြဇာ အာဏာကို တည်မြဲအောင် ဆုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် ဘုရားကျောင်း၏ ထိပ်တွင် ထိုင်ရင်း ကောင်းကင်တွင် တောက်ပစွာ ထွန်းလင်းနေသည့် နေမင်းကြီးကို ငေးမော ကြည့်နေခဲ့၏။ သိမ်မွေ့ကာ တည်ငြိမ်သည့် အလင်းစ တစ်ချို့က သူ့ ငွေရောင် မျက်လုံးများတွင် နေရာယူနေခဲ့သည်။
သူ ဤကမ္ဘာအသစ်ကို လူသစ် တစ်ယောက် အနေဖြင့် ရောက်ရှိလာခဲ့သည်။ မရေမတွက်နိုင်သည့် အခက်အခဲ ပေါင်းစုံကို ရင်ဆိုင်ခဲ့ရသည်။ မကြာခင် ပိုမို ဆိုးရွားသည့် အရာများလည်း ရောက်ရှိ လာနိုင်ချေ ရှိသည်။ သို့သော်လည်း ထိုအခက်အခဲ ဆိုသော အရာများမှာ ငရဲ၏ ကပ်ဘေးကြီး ဆယ့်ရှစ်ခုနှင့် နှိုင်းယှဥ်ပါက မျက်လုံးထဲ ဝင်သည့် ဖုန်မှုန့်တစ်မှုန်စာမျှသာ ရှိသည်။
အမွေခံ အပြစ်သား တစ်ယောက် အနေဖြင့် ထိုကပ်ဘေးများကို သူ မလွဲမသွေ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ ထို့အပြင် အနက်ရောင် အရိုးစု ပြောပြခဲ့သည့် လောကီ ပြန်လည် မွေးဖွားသူက သူ့စိတ်အတွင်း လေးပင် နေခဲ့သည်။ ကောင်းကင်နှင့် မြေကြီး အကြားတွင် မည်ကဲ့သို့သော ကောင်းချီးခံ အမျိုးအစားများ ရှိသေးသနည်း။ ကောင်းကင်တာအိုက သူနှစ်သက်သည့် ကလေးငယ်များ အတွက် မည်သည့် အတိုင်းအတာ ပမာဏ အထိ ကောင်းချီးပေးလိမ့်မည်နည်း။
မသေချာ မရေရာသော မီးတောက်များက ဝေ့ဝူယင်၏ နှလုံးသား အတွင်း ကျွမ်းလောင် နေခဲ့သည်။ အကယ်၍ ဆက်လက် အသက်ရှင်သန်နိုင်ခဲ့လျှင်ပင် တစ်နေ့တွင်တော့ မလွဲမသွေ သူ ကောင်းကင်တာအိုနှင့် ရင်ဆိုင်ရနိုင်သည်။
ဘယ်ဆီဘယ်ဝယ်မှန်း မသိသည့် ရည်ရွယ်ချက် တစ်ခု အတွက် ပြုစုပျိုးထောင်ပေးခံနေရသည် ဆိုသော အတွေးက ဝေ့ဝူယင်ကို ယားကျိကျိ ဖြစ်စေ၏။
သူ၏ ကျင့်ကြံခြင်း အခြေခံက အမွေခံ အပြစ်သား တစ်ယောက် ဖြစ်ဖို့ အဆင်သင့် မဖြစ်သေးချေ။ အနက်ရောင် အရိုးစု ကိုယ်တိုင်က သူ့အသက် ရှင်သန်ရေး အတွက် အတင်းအကြပ် စီစဥ် ခဲ့ရကြောင်း ပြောပြခဲ့ဖူးသည်။ ထို့အပြင် သူက အစစ်အမှန် အပြစ်သား ဝိညာဥ်ကို ပင်လျှင် မကျင့်ကြံနိုင်ချေ။ မည်မျှ ရယ်စရာ ကောင်းလိုက်သနည်း။
နောက်ပြီး သူ့ကို အပြစ်သား သွေးမျိုးဆက် လက်ဆင့်ကမ်း ပေးခဲ့သည့် ငွေရောင် ဆံပင်များနှင့် အရူး လူငယ်ကရော မည်သူနည်း။ အဘယ်ကြောင့် သူ့ကို ရွေးချယ်ခဲ့ရသနည်း။
“ငါက အဆင့် အနိမ့်ဆုံး ကောင်းချီးခံ တစ်ယောက် ဖြစ်နေလို့လား...”
ကိုယ့်ကိုယ်ကို စိတ်ပျက်လက်ပျက် ဖြစ်မှုနှင့် အတူ ဝေ့ဝူယင် ဟာသလုပ်မိလိုက်၏။ လုံချန်၊ ယွမ်လုံရှိ၊ လောကီ ပြန်လည် မွေးဖွားသူတို့နှင့် ယှဥ်ပါက သူက ဘာမလို့နည်း။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူ သတ်ဖြတ်ခဲ့ဖူးသည့် သုံးလွှာ လက်စွပ်ပိုင်ရှင် ဗိုလ်မှူးနှင့်ပင် တူညီသည့် အဆင့်၌ မရှိခဲ့ချေ။
“အဲဒါတွေက ဘာအရေးပါလို့လဲ...”
ဧဒင်၏ အသံက သူ့စိတ်အတွင်း ပျံ့လွင့် လာခဲ့၏။ ဝေ့ဝူယင် အတွေးစများကို ရုတ်သိမ်းရင်း သူ့အာရုံကို ဧဒင်ထံသို့ ပို့လွှတ်လိုက်သည်။
“ကျုပ်ကိုယ်တိုင်လည်း သစ်ပင်တစ်ပင် ဖြစ်ခဲ့ဖူးတယ်... သက်ရှိတွေ ပြုသမျှ နုခံရတဲ့ သစ်ပင် တစ်ပင်ပေါ့... ကျုပ်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး... ရှင်သန်ခဲ့တဲ့ တစ်လျှောက်လုံး... တစ်နေ့နေ့မှာ ကိုယ်ပိုင် ကံကြမ္မာကို ဖန်တီးနိုင်ခွင့် ရှိရမယ် ဆိုတဲ့ မျှော်လင့်ချက် တစ်ခုပဲ ရှိခဲ့တယ်... လှောင်အိမ်ထဲကနေ အပြီး လွတ်မြောက်နိုင်မယ့် မျှော်လင့်ချက်ပေါ့... နောက်ပိုင်းမှာ ကျုပ် မင်းနဲ့ တွေ့ဆုံခဲ့တယ်”
ယနေ့၌ ဧဒင်မှာ ရှားရှားပါးပါးပင် စကားများစွာ ပြောဆိုနေခဲ့၏။ ဝေ့ဝူယင် ငြိမ်သက်စွာ နားထောင်ရင်း သူ မြင်တွေ့ခဲ့ရသည့် ဧဒင်၏ ဘဝ မှတ်ဉာဏ်များက ပြန်လည် မြင်ယောင် နေခဲ့မိသည်။
ဧဒင်တွင် ဝိညာဥ် မရှိချေ။ သူက နတ်ဆိုးတစ်ကောင်းပင် မဟုတ်ခဲ့။ သို့သော်လည်း သူ့တွင် မှတ်ဉာဏ်များ၊ အတွေးများနှင့် အိပ်မက်များ ရှိသည်။ ထို့နောက် ကိုယ်ပိုင် ခန္ဓာထဲတွင် အကျဥ်းကျ ခံနေခဲ့ရသည့် စိတ်တစ်ခု အနေဖြင့် သူ ကောင်းကင်ဘုံကို အန်တုခဲ့သည်။ သူ လွတ်မြောက်ချင်သည်။
သူ့အတွက်တော့ ထောင်သောင်းချီသော နှစ်များ၏ စက္ကန့်တိုင်းက ငရဲလိုပင် ဖြစ်သည်။ စိတ်ချင်း ဆက်သွယ်ကာ ဧဒင်၏ စိတ်ဝိညာဥ်ကို စုပ်ယူပြီးနောက်တွင် ဝေ့ဝူယင်မှာ ဧဒင် ခံစားရသည့် ခံစားချက်တိုင်းကို ခံစားလာနိုင်ခဲ့သည်။ သူ တွေးသမျှ အတွေးတိုင်းကို ကြားသိလာနိုင်ခဲ့သည်။ ထိုနည်းဖြင့် ဧဒင်ဟု ခေါ်သည့် စိတ်တာအို မွေးဖွားလာခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြန်လည် ကြည်လင်လာခဲ့၏။
“သောက်အဓိပ္ပာယ် မရှိတာ... ကောင်းကင်တာအို ဖြစ်ဖြစ်... အပြစ်သား ဆိုတဲ့ကောင်တွေ ဖြစ်ဖြစ်... သူတို့က ငါ့ဓားသွားအောက်မှာ ဘာမလို့လဲ”
ဘုရင်၏ အသံက ဝေ့ဝူယင်၏ စိတ်အတွင်း ပျံ့လွင့်လာသည်။ သူ၏ အသံက လူသန်းထောင်ပေါင်းများစွာ၏ အသက်များကို ဆုံးဖြတ်ပေးနိုင်သည့်အလား မောက်မာမှုများဖြင့် ပြည့်နှက်နေသော်လည်း ထူးထူးခြားခြားပင် နှစ်သိမ့် ပေးနိုင်စွမ်း တစ်ခုကို သယ်ဆောင်ထားသည်။
“နေဦး... ဘုရင် စကားပြောလိုက်လား...”
ဝေ့ဝူယင်၊ အိုရီ၊ ခရာတိုနှင့် ဧဒင်တို့ အားလုံးမှာ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင် ဆိုလျှင် ရင်အစုံပင် တဒိုင်းဒိုင်း ခုန်သွားခဲ့သည်။ သို့သော်လည်း ထိုဖြစ်စဥ်က နောက်တစ်ကြိမ် ထပ်ပေါ် မလာတော့ချေ။
“ကလန့်...”
ဘုရင်က ပုံမှန်လိုပင် ပြန်လည် ငြိမ်သက်သွား၏။ ဝေ့ဝူယင် အပါအဝင် ဧဒင်တို့ တစ်သိုက်မှာ မသိစိတ်က သက်ပြင်းတစ်ချက် ချလိုက်မိကြသည်။ အနည်းဆုံးတော့... ဘုရင်က ဆွံအနေသူ တစ်ယောက် မဟုတ်ကြောင်း သူတို့ သိရှိသွားကြပြီ မဟုတ်ပါလား။
ကြယ်တာရာ ဝိညာဥ်များ၏ အတွေးနှင့် တုန့်ပြန်မှုများက ကျင့်ကြံခြင်း ဝိညာဥ်များနှင့် မတူပဲ အစစ်အမှန် ဝိညာဥ်များနှင့် တူညီသည်ဟု ခံစားလိုက်ရရာ ဝေ့ဝူယင် ရယ်မောလိုက်မိ၏။ ထိုအရာက သူ တစ်ယောက်တည်း မဟုတ်ပဲ ကံကြမ္မာမှာ လက်ထဲတွင်သာ ရှိကြောင်း ဝေ့ဝူယင်ကို သတိရစေသည်။ ရှေ့၌ ဆီးကြိုနေမည့် အရာက ကောင်းကင်တာအို ဖြစ်စေ၊ အပြစ်သား သွေးမျိုးဆက် ဖြစ်စေ... သူတို့အားလုံး အတူတကွ ရင်ဆိုင် ဖြတ်ကျော် ကြရမည် ဖြစ်သည်။
“တစ်နေ့ချင်းစီကို ရှင်သန်... ခြေတစ်လှမ်းချင်း လှမ်း...”
အကိုကြီး၏ စကားသံနှင့် သိမ်မွေ့ကာ သူရဲကောင်းဆန်သည့် အပြုံးတို့ကို ဝေ့ဝူယင် ပြန်လည် မြင်ယောင်၊ ကြားယောင် လာမိခဲ့သည်။ မှန်သည်။ အတိတ်ရှိ မှားယွင်းခဲ့မှုများနှင့် ဖြစ်မလာသေးသည့် အနာဂတ်တို့ကို တွေးကာ စိတ်ပူပန်သောက ရောက်နေမည့် အစား တစ်နေ့ချင်းစီကိုသာ ကောင်းမွန်စွာ ရှင်သန်သင့်သည်။ လမ်းတစ်လျှောက် ဓားတောင်နှင့် မီးပင်လယ်များ ဆီးကြိုနေစေကာမူ ခြေတစ်လှမ်းချင်းစီကို အာရုံစိုက်ပါက အောင်မြင်မှုများကို ဆုပ်ကိုင်နိုင်လိမ့်မည် ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်း ပြန်လည် ကြည်လင်လာမှုနှင့် အတူ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တောက်ပလာခဲ့၏။ လက်ထဲရှိ မြေကြီး ဒြပ်စင် တိုကင်ကို လှည့်ကာ ကစားလိုက်ရင်း သူက အိုရီကို မေးလိုက်သည်။
“ဒီတိုကင်ထဲက မြေကြီး ရည်ရွယ်ချက် အော်ရာကို စုပ်ယူနိုင်မယ်လို့ မင်းထင်လား...”
“ဒါပေါ့... ဒါပေါ့... ဒါပေါ့...”
အိုရီက စိတ်လှုပ်ရှားစွာဖြင့် အဖြေပေးလိုက်၏။ ရှုပ်ယှက်ခတ်နေသည့် အတွေးနှင့် စိတ်များအား မည်သို့မည်ပုံ ရှင်းလင်းရမည်ကို မစဥ်းစားတတ်ခြင်းကြောင့် သူ စောစောက တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။ ယခု၌ ဝေ့ဝူယင်က သူ့ကို ခေါ်လိုက်ရာ ဝမ်းသာပီတိ ဂွမ်းဆီထိသည် အထိ ဖြစ်သွားခဲ့ရပေသည်။
***