← Chapters

မဟာမြေကြီး၊ မဟာ ကြေညာချက်

Vol. 33 Ch. 450

မဟာမြေကြီး၊ မဟာ ကြေညာချက်

Vol. 33 Ch. 450

မြေကြီး ဒြပ်စင်တိုကင် အတွင်းရှိ ရည်ရွယ်ချက် အော်ရာက အလွန် အစွမ်းထက်သည်။ တိုက်ခိုက်ရေး စမ်းသပ်မှုကို အောင်မြင်ပြီးပြီချင်း တတိယမြောက် တြိဂံ အမှတ်အသားကို လက်ခံ ရရှိစဥ်ကတည်းက ထိုအထဲတွင် အလွန် သန့်စင်သည့် မြေကြီး စွမ်းအင်များ ပါဝင်နေကြောင်း ဝေ့ဝူယင် သတိထားမိခဲ့သည်။ ထိုစွမ်းအင်များမှာ အလွန် သန့်စင်လွန်းရကား ဧဒင် အမှတ်အသား အတွင်း ပါဝင်နေသည့် သစ်သား စွမ်းအင်များနှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိသည်။

တိုကင်ကို လက်ခံ ရရှိပြီးနောက်တွင် အမှတ်အသားအတွင်းရှိ သန့်စင်သော စွမ်းအင်များမှာ တိုကင်အတွင်း ရွေ့လျားသွားကာ မြေကြီး ရည်ရွယ်ချက်ကို နိုးထစေခဲ့ဟန် တူသည်။ ထိုမြေကြီး ရည်ရွယ်ချက်မှာ အလွန် ကျယ်ပြန့်၍ အကန့်အသတ်မဲ့ကာ လေးနက်လှ၏။ ၎င်းအား ထိတွေ့လိုက်သည့် အချိန်တိုင်းတွင် အကြွင်းမဲ့ သုည ရေခဲ ရည်ရွယ်ချက်နှင့် တူညီသည့် ခံစားချက်မျိုးအား သူ့ကို ခံစားရစေသည်။

တိုက်ရိုက်ဆန်ဆန် တိုက်ခိုက်တတ်သူ တစ်ယောက် အနေဖြင့် အကြွင်းမဲ့ သုည ရည်ရွယ်ချက်ကို ဝေ့ဝူယင် သုံးလေ့သုံးထ မရှိသော်လည်း ၎င်းကြောင့်ပင် သူ၏ မူလ ဒြပ်စင် ရည်ရွယ်ချက်က အခြားလူများထက် သာလွန်နေခဲ့ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ၌ အကြွင်းမဲ့ သုည ရည်ရွယ်ချက်မှာ သေမျိုး အဆင့် အကန့်အသတ်ထက်ပင် ကျော်လွန်နေသည်ဟု ဝေ့ဝူယင် ခံစားရသည်။ အကယ်၍ အခြား အဆင့်မြင့် ရည်ရွယ်ချက်များကိုပါက မူလ ဒြပ်စင် ရည်ရွယ်ချက်ထဲ ပေါင်းထည့်နိုင်ပါက သူ၏ ခွန်အားက အဆများစွာ ပိုမို တိုးတက်လာမည်မှာ သေချာသည်။

ဝေ့ဝူယင် အိုရီကို ချက်ချင်း စုပ်ယူခိုင်းခြင်း မပြုသေးပဲ ရည်ရွယ်ချက် ဒြပ်စင် တိုကင်ကို သေချာစွာ လေ့လာနေခဲ့၏။ ထိုအထဲတွင် မြေကြီး ရည်ရွယ်ချက်နှင့် အပြန်အလှန် ချိတ်ဆက်နေသည့် အချက်အလက် အချို့ ရှိနေပေသည်။ ၎င်းတို့ကို လေ့လာပြီးနောက်တွင် ရည်ရွယ်ချက် အော်ရာမှာ တိုကင် အတွင်းရှိ အရာအားလုံးနှင့် ခွဲထွက်ကာ သီးခြား တည်ရှိနေကြောင်း ဝေ့ဝူယင် သဘောပေါက် သွားသည်။

“မြေကြီး ရည်ရွယ်ချက်က တော်ဝင် သားတော် တစ်ယောက် အတွက် အကျိုးအမြတ်ပဲ... ဒါပေမဲ့ အဲ့တာက ဘယ်လို မြေကြီး ရည်ရွယ်ချက်မျိုးလဲ”

ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်ရင်း မေးခွန်းထုတ်လိုက်၏။ ထိုအချိန်တွင်ပင် အိုရီမှာ စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ထွက်ပေါ်လာသည်။ ၎င်းက အဖြူရောင် ဒြပ်စင် အလင်းစက်ဝန်း တစ်ခု အသွင် တည်ရှိနေသည်။

ဝှစ်...

၎င်းက ဒြပ်စင်တိုကင် တစ်ခုလုံးကို အဖြူရောင် အလင်းများဖြင့် ဝန်းရံလိုက်၏။ အချိန်တစ်ခဏ ကြာပြီးနောက် အလင်းများက ပြန်လည် ဆုတ်ခွာသွားကာ အိုရီမှာ ထျန်းတျန် အတွင်း ပြန်လည် ဝင်ရောက် သွားခဲ့သည်။

“ပြီးပြီ... ပြီးပြီ... ပြီးပြီ...”

အိုရီက ဂုဏ်ယူစွာဖြင့် အော်ဟစ်လိုက်၏။

“ပြီးသွားပြီလား...”

ဝေ့ဝူယင် အံ့အားသင့် သွားခဲ့သည်။ ထိုရည်ရွယ်ချက် အော်ရာက အလွန် အဆင့်အတန်း မြင့်မားကာ သူ ကိုယ်တိုင် တစ်ပတ် တိတိ လေ့လာခဲ့သည့်တိုင် နားမလည်နိုင်ခဲ့ချေ။  ၎င်းအား အပြည့်အဝ နားလည်နိုင်ရန် ဆိုလျှင် အလွန် မြင့်မား‌‌သော စိတ်စွမ်းအင် အထောက်အပံ့နှင့်ပင် နှစ်နှင့်ချီ အချိန်ယူရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း အိုရီကတော့ တစ်မိနစ်မျှ မကြာခင် အချိန်ကလေး အတွင်းမှာပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရုတ်တရက်... များစွာသော အချက်အလက်များမှာ ဝိညာဥ်စွမ်းအင် အဖြစ် အိုရီဆီမှ ဧဒင်ထံသို့ စီးဝင် လာ၏။ ဧဒင်က ထိုဝိညာဥ်စွမ်းအင်များကို စိတ်စွမ်းအင် အဖြစ် ပြောင်းလဲကာ အသိစိတ် အာရုံထဲသို့ ပို့လွှတ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ဝေ့ဝူယင်မှာ များစွာသော အချက်အလက်များ စိတ်ထဲတွင် ပေါင်းစည်းသွားသလို ခံစားလိုက်ရ၏။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ အနည်းငယ် အညိုရောင် တောက်ပလာကာ အဆုံးမဲ့ မြေကြီး စွမ်းအင်များနှင့် ပြည့်နှက်သွား၏။ ထိုစွမ်းအင်များက အဆုံးမဲ့လှ၏။ တိကျ၏။ လေးလံ၏။ သန့်စင်၏။

စမ်းသပ်ကြည့်ရန် စိတ်ကူးလိုက်သည်နှင့် ထိုစွမ်းအင်များက သူ့ခန္ဓာကိုယ် အတွင်း ပေါက်ကွဲ ထွက်ပေါ်လာကာ ငလျင် ဗဟိုချက် ကဲ့သို့ မမြင်နိုင်သည့် အင်အားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။

ဂျိန်း...

တစ်လောကလုံးမှာ တုန်ရီသွား၏။ ပျက်သုဥ်းခြင်း နယ်မြေတစ်ခုတည်းသာ မဟုတ်ပဲ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးပါ တုန်ရီသွားခဲ့ခြင်း ဖြစ်သည်။ ပြောရလျှင် ၎င်းက ငလျင်လှုပ်ခတ်သလိုမျိုးပင်။ အင်အားလှိုင်းများကို ထုတ်လွှတ်ချိန်က စက္ကန့် အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း အလွန် မြန်ဆန်လွန်းသောကြောင့် ကုန်းမြေတိုက်ကြီး တစ်ခုလုံးပါ အကျိုးသက်ရောက် သွားခဲ့ရခြင်း ဖြစ်သည်။

ဝေ့ဝူယင်၏ မျက်လုံးထဲရှိ မြေကြီး စွမ်းအင်များက တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားကာ ပင်ကိုယ် ငွေရောင်ကို ပြန်လည် ရရှိလာ၏။ သူ အလွန် အံ့သြနေသလို မယုံကြည်နိုင်အောင်လည်း ဖြစ်နေခဲ့မိသည်။

“မဟာမြေကြီး ရည်ရွယ်ချက်...”

ဝေ့ဝူယင် အသက်ကို လေးလေးပင်ပင် ရှူသွင်းလိုက်မိ၏။ ဤသည်က ရည်ရွယ်ချက်ကို ထိုနည်းဖြင့် နားလည်ခဲ့သည့် ပထမဆုံး အကြိမ်တော့ မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အနန္တ ကုန်းမြေတိုက်ကြီးတွင် သူ့ဝိညာဥ်များမှာ အကြွင်းမဲ့ သုည ရေခဲ အမတေကို စုပ်ယူကာ အကြွင်းမဲ့ သုည ရေခဲ ရည်ရွယ်ချက်ကို ဖွဲ့စည်းနိုင်ခဲ့ဖူးပေသည်။ သို့သော်လည်း ထိုစဥ်က အချက်အလက်များကို ပေါင်းစည်းကာ ဖြစ်စဥ်တစ်ခုလုံးကို နားလည်နိုင်ဖို့ သူ အချိန် အတော်ကြာကြာ ယူခဲ့ရပေသည်။

ယခုတွင်လည်း ထိုနည်း၎င်းပင် မဟာမြေကြီး ရည်ရွယ်ချက်ကို သူ နားလည်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ကျေနပ်စွာဖြင့် ရယ်မောလိုက်၏။

“မင်းတို့လေးတွေက ကောင်းကင်ဘုံကို ဆန်ကျင်နိုင်တဲ့ တကယ့် ဖြတ်လမ်းနည်းတွေပဲ... အခြားလူတွေသာ အဲဒီ အကြောင်း သိရင် မနာလိုပြီး သေသွားမှာ သေချာတယ်... သေပြီးသား လူတွေတောင် ငြူစူပြီးတော့ ပြန်ထချင် ထလာမှာ”

ဤကဲ့သို့သော ကြယ်တာရာ ဝိညာဥ်လေးများကို ပိုင်ဆိုင်ထားသည်မှာ အလွန်ပင် ကံကောင်းလွန်းသည်။ သူတို့မှာ ရည်ရွယ်ချက်များကို ကိုယ်တိုင် နားမလည်နိုင်၊ တိုက်ရိုက် အသုံးမချနိုင်သည့်တိုင် ရှုပ်ထွေးသည့် ပဟေဠိများကို အရှင်းလင်း ဆုံးအဆင့်ထိ ရောက်အောင် ဝေ့ဝူယင်ကို ပြသပေးနိုင်စွမ်း ရှိသည်။

မဟာမြေကြီး ရည်ရွယ်ချက်မှာ ပထဝီမြေကြီးကို အခြေခံသည့် အရာအားလုံးနှင့် ဆက်စပ် ပတ်သက်နေ၏။ ၎င်းနှင့် အတူ သူ ကမ္ဘာလောကများကို ဖျက်ဆီးနိုင်သလို အသစ်အသစ်သော ကမ္ဘာများကိုလည်း ဖန်တီးနိုင်စွမ်း ရှိကြသည်။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ရန် မြင့်မားသော ကျင့်ကြံခြင်း အခြေခံ တစ်ခုကို လိုအပ်ပေသည်။

သို့‌သော်လည်း မဟာမြေကြီး ရည်ရွယ်ချက်ထဲတွင် ဝေ့ဝူယင် မဆုပ်ကိုင်နိုင်သေးသည့် အခြား စွမ်းရည် များစွာ ရှိနေသေးဆဲ ဖြစ်သည်။ ၎င်းက အကြွင်းမဲ့ သုည ရည်ရွယ်ချက်လို တိုက်ရိုက် မဆန်သည့်တိုင် တူညီသည့် အဆင့် တစ်ခုတွင် ရှိသည်ကတော့ ကျိန်းသေသည်။ မဟာမြေကြီး ရည်ရွယ်ချက်ကိုပါ ပေါင်းထည့်လိုက်ပါက သူ၏ မူလ ဒြပ်စင် ရည်ရွယ်ချက်က ကြီးမားစွာ ပြောင်းလဲသွားမည်မှာ ကျိန်းသေပေသည်။

“ဒြပ်စင်တိုကင် တစ်ခုချင်းစီတိုင်းမှာ ဒြပ်စင် တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ အမြင့်မားဆုံး ရည်ရွယ်ချက်တွေများ ပါဝင်နေမလား...”

တစ်ခဏမျှ တွေးတောပြီးနောက်တွင် ဝေ့ဝူယင်က မသေချာ မရေရာစွာဖြင့် ရေရွတ် လိုက်၏။ အကယ်၍ အဆင့်မြင့် ရည်ရွယ်ချက် ငါးခု၊ အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် တစ်ခု ပေါင်းရုံဖြင့်ပင် မူလ ဒြပ်စင် ရည်ရွယ်ချက် ဤမျှ အစွမ်းထက်နေလျှင် အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် ကိုးခု ပေါင်းပါက မည်သည့် အဆင့်ထိ တက်လှမ်းသွားမည်နည်း။ အကြီးအကျယ်ဆုံးသော မဟာ မူလ ဒြပ်စင် ရည်ရွယ်ချက် ဖြစ်ပေါ်လာမည်လော။

ထိုအတွေးက နတ်ဘုရား သင်္ကေတများကို စုဆောင်းလိုသည့် ဝေ့ဝူယင်၏ ဆန္ဒကို မီးစာသဖွယ် လောင်ကျွမ်းကာ ဖြစ်နိုင်ချေကို အတည်ပြုရန် လှုံ့ဆော်ပေး၏။ အကယ်၍ အိုရီနင့် ဧဒင်တို့သာ မရှိပါက ၎င်းက စိတ်ကူးယဉ် အိပ်မက် တစ်ခု အဖြစ်သာ ဝေဝါး ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ကံ‌ကောင်း ထောက်မစွာပင် သူ့ထံတွင် ဧဒင်နှင့် အိုရီတို့ ရှိပေသည်။

...

လေးရက် ထပ်မံ ကုန်ဆုံးသွား၏။ ဝေ့ဝူယင် ‌တော်ဝင် သားတော် အဖြစ် ခံယူခဲ့သည့် နေ့မှ စတင်၍ ရေတွက်လျှင် ဆယ့်ငါးရက် တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထိုအတောအတွင်း၌ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို အံ့အားသင့်စေသည့် သတင်း အပိုင်းအစ တစ်ခုမှာ တဖြည်းဖြည်း စတင်ကာ ပျံ့လွင့်နေခဲ့လေသည်။ ထိုသတင်းအပိုင်းအစက မရေမတွက်နိုင်သည့် ကျင့်ကြံသူများ၏ နှလုံးသားများ အတွင်း ပျံ့နှံ့ သွားကာ များစွာသော မေးခွန်းများနှင့် မျှော်လင့်ချက်တို့ကို ယူဆောင်လာခဲ့ပေသည်။

နတ်ဘုရားများ ချန်ရစ်ခဲ့သည့် ရတနာသိုက်များမှာ အစွန်းလေးဖက် ကမ္ဘာတွင် အလွန် ကျော်ကြားလှသည်။ ယင်းတို့မှာ တော်ဝင် ကလေးငယ်များကို ထိပ်သီး ကျင့်ကြံသူများ အဖြစ် မြှင့်တင်ပေးနိုင်သည့် ရင်းမြစ်များ ဖြစ်ပေသည်။ ထိုကဲ့သို့ နတ်ဘုရားများ ချန်ထားခဲ့သည့် ဆုလာဘ်များကို ရယူလိုသည်က မရေမတွက်နိုင်သော လူများ၏ ဆန္ဒနှင့်‌ မျှော်လင့်ချက် ဖြစ်ပေသည်။

“သူက တကယ်ကြီးလား...”

အစစ်အမှန် ပျက်သုဥ်းခြင်း နယ်မြေကြီး၏ တစ်နေရာ၌ မိန်းမငယ်လေး တစ်ယောက်က ထိုင်ခုံတွင် ထိုင်ရင်း မေးမြန်းလိုက်သည်။ မယုံကြည်နိုင်ခြင်းနှင့် သံသယများမှာ သူမ၏ လေသံထဲတွင် ပြည့်နှက်နေ၏။

“သူက ရူးနေတာလား... ဒါမှမဟုတ် စိတ်မနှံ့တာလား”

“ဟဟ... ငါကတော့ အဲ့ဒါကို ရူးတယ်လို့ မခေါ်ချင်ဘူး...”

ဘေးနားရှိ လူအိုကြီးက မုတ်ဆိတ်နှင့် နှုတ်ခမ်းမွေးများကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။ မိန်းကလေးက လူအိုကြီးကို လှည့်ကြည့်လိုက်၏။ ထိုအဘိုးကြီး၏ မျက်လုံးထဲတွင် အလင်းရောင် ခပ်ဖျော့ဖျော့ လင်းလက်နေသည်ကို သူမ သတိထားမိလိုက်သည်။

“သမီးမသိတဲ့ဟာ တစ်ခုခုကို အဘိုး သိထားလို့လား...”

သူမက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“မင်းမသိတာတွေ အများကြီး ငါသိထားတာပေါ့... ဟဟ...”

အဘိုးအို၏ တင်တင်စီးစီး စကားကြောင့် မိန်းမငယ်လေးမှာ နှုတ်ခမ်းကလေး စူသွား၏။ ထိုလူအိုကြီးက ဘယ်တုန်းက ထိုမျှ လျှို့ဝှက် ဆန်းကြယ်ကာ ဉာဏ်ရည်မြင့်မားသည့်ပုံ ပေါက်သွားရသနည်း။ မိန်းမငယ်လေးက မျက်မှောင်ကြုတ်ရင်း မေးခွန်းထုတ်လိုက်၏။

“ဒါဆို... သူက ဘာလို့ ရတနာသိုက် ဖွင့်ဖို့ ကိစ္စကို ကြေညာရတာလဲ... ဘာလို့ အထဲမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ ရတနာတွေကို ရောင်းဝယ် ဖလှယ်ဖို့ ခွင့်ပြုရတာလဲ... အဲ့တာတွေက ဘာတွေလဲ... ဘယ်သူကရော အဲဒီလို လုပ်မှာလဲ... အဲဒီ ရတနာ သိုက်ထဲမှာ ကြယ်တာရာ သခင်တွေတောင် လောဘတက်နိုင်တဲ့ ပစ္စည်းတွေ ရှိနေတယ် မဟုတ်ဘူးလား”

လူအိုကြီးမှာ တစ်ခဏမျှ ငြိမ်သက်သွား၏။ ထို့နောက် သူ့နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခုက ဖြည်းညင်းစွာ ပေါ်လွင်လာခဲ့သည်။

“ရုန်းရင်းဆန်ခတ် ဖြစ်အောင်ပေါ့...”

***

All Chapters