လှံနှင့် လူငယ်
Vol. 33 Ch. 451
“ရုန်းရင်းဆန်ခတ် ဖြစ်အောင်...”
မိန်းမငယ်လေးက သိပ်နားမလည်ဟန်နှင့် လိုက်လံ ရေရွတ်လိုက်၏။ လူအိုကြီးက အကြောများကို ဆန့်ရင်း သမ်းဝေလိုက်သည်။
“ရတနာသိုက်က လျှို့ဝှက်ချက် တစ်ခု မဟုတ်ဘူး... အဲဒီလောက် အဖိုးတန်တဲ့ ရင်းမြစ်တွေကို အခြားလူတွေက သူ့ကို လွယ်လွယ်နဲ့ ယူခွင့်ပြုမယ် လို့ ညည်းထင်နေတာလား... ပျက်သုဥ်းခြင်း နယ်မြေ အပြင်ဘက်က လူတွေက သူတို့ အသက်ရှင်ဖို့ အတွက် တော်ဝင်သားတော် မလိုဘူး... သူတို့က ကိုယ်ပိုင် လုံခြုံမှုတွေကို တည်ဆောက် ပြီးနေကြပြီ...”
“နောက်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်လုံးလုံး သူတို့ ငြိမ်နေတယ် ဆိုတာကလည်း အကောင်း မဟုတ်ဘူး... တော်ဝင် သားတော် တစ်ယောက်ပဲ ဖွင့်နိုင်တဲ့ ရတနာသိုက် ပွင့်လာမယ့် အချိန်ကို မြေခွေးချောင်း ချောင်းပြီး စောင့်နေကြတာ... တော်ဝင်သားတော်ရဲ့ ပေါ်ထွက်လာမှုဟာ လူတွေ အားလုံးရဲ့ စိတ်ဝင်စားမှုတွေကို ခြိမ်းခြောက်ပြီး မနာလိုမှုတွေ ဖြစ်စေခဲ့တယ်... ဒါပေမဲ့ ဒီလှုပ်ရှားမှုကပဲ အားလုံးကို ပျက်စီးသွားစေခဲ့ပြန်တယ်... ဘာကြောင့်လဲ ဆိုတာ နင်သိလား”
“ ... “
မိန်းမငယ်လေးမှာ ငြိမ်သက်နေ၏။ တည်ငြိမ်နေသည့် ကောင်းကင်အောက်တွင် ထိုမျှ ကြမ်းတမ်း ခက်ထန်သည့် မိုးသက်မုန်တိုင်းများ တည်ရှိနေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။ မည်သူတို့က တော်ဝင်သားတော်ကို ကျားချောင်းချောင်းကာ စောင့်ဆိုင်းနေသနည်း။ အခြားနယ်မြေကြီး သုံးခုရှိ လူသားများလော။ အယ်ဗန်မျိုးနွယ်များလော။ သို့မဟုတ် ဗဟိုနယ်မြေမှ ကျင့်ကြံသူများလော။ တော်ဝင်မျိုးနွယ်များလော။
အမျိုးမျိုးသော အတွေးများနှင့် အတူ သူမ နှလုံးသားက စတင်ကာ တုန်ရီလာခဲ့၏။ သူမ ခေါင်းကို ဘယ်ပြန်ညာပြန် ခါရင်း လူအိုကြီးကို အဖြေပေးလိုက်သည်။ တော်ဝင်သားတော်၏ ကြေညာချက်နှင့် ပတ်သက်သည့် အရှုပ်အထွေးများက သူမ၏ နားလည်မှုကို ကျော်လွန်နေသည်။
လူအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်၏။
“တကယ်လို့ မင်းက ဘဝမှာ အသက်နဲ့ ရင်းပြီး တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ခဲ့ဖူးမယ် ဆိုရင်... ကြမ်းတမ်း ခက်ထန်တဲ့ မုဆိုးတွေရဲ့ အမဲလိုက်တာကို ခံရဖူးမယ် ဆိုရင်... သူတို့ရဲ့ အားနည်းချက်တွေနဲ့ အားသာချက်တွေကို ဘယ်လို ကောင်းကောင်း ကိုင်တွယ်ရမလဲ ဆိုတာ နားလည်လာလိမ့်မယ်... ကြယ်တာရာ နယ်မြေတွေမှာ ငါတို့ လည်ပတ်ခဲ့တဲ့ လေလံပွဲတွေ အကြောင်း တွေးကြည့်လိုက်... ဘာလို့ လုပွဲ သတ်ပွဲတွေ မဖြစ်တာလဲ... လေလံပစ်တဲ့ လူတွေတိုင်းက အမြဲတမ်း အကြွင်းမဲ့ ခွန်အားကို ပိုင်ဆိုင်ထားလို့လား”
မိန်းမငယ်လေးက တစ်ခဏမျှ ငြိမ်သက်ကာ ထိုကုန်သည်များ အကြောင်းကို ပြန်လည် တွေးတော ကြည့်လိုက်သည်။ ထို့နောက် သူမက ခေါင်းခါလိုက်၏။
“အများအားဖြင့် သူတို့က ထိပ်တန်းကျင့်ကြံသူတွေ ဆိုပေမဲ့ အားနည်းတဲ့ လူတွေလည်း ပါတယ်...”
“အမှန်ပဲ...”
လူအိုကြီးက ခေါင်းညိတ်လိုက်၏။
“ညည်းပြောတဲ့ အတိုင်း အားနည်တဲ့ လူတွေ ပါတယ် ဆိုရင် သူတို့က ဘာလို့ နှောက်ယှက်မခံရတာလဲ...”
“ ... ”
မိန်းမငယ်လေးမှာ ဖြေစရာ စကား မရှိဖြစ်သွား၏။ သူမ၏ မျက်လုံးလေးများကတော့ စိတ်ရှုပ်ထွေးနေသည့်ပုံ ပေါ်သည်။
လူအိုကြီးက မြေးမလေးကို ကြည့်ကာ သဘောကျစွာ ရယ်မောလိုက်လိုက်၏။
“ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ပစ်မှတ်နဲ့ ရန်သူက ပြောင်းလဲသွားကြလို့ပဲ...”
“ပစ်မှတ်နဲ့ ရန်သူက ပြောင်းလဲသွားလို့...”
မိန်းမငယ်လေး၏ မျက်လုံးများမှာ တောက်ပသွား၏။ ယခု၌ သူမ နားလည်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ လေလံပွဲ နိယာမကို သုံးကာ လောဘသားကောင်များ အကြား ရုန်းရင်းဆန်ခတ် ဖြစ်အောင် ပြုလုပ်လိုက်ခြင်းသာ ဖြစ်သည်။ လူအိုကြီးက လေးနက်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။
“ကိုယ့်အတွက် ဖြစ်မလာနိုင်တဲ့ အကျိုးအမြတ် အတွက် ဘယ်သူမှ အသက်ကို ရင်းပြီး စွန့်စားမှာ မဟုတ်တဲ့ အတွက် ရတနာသိုက်နဲ့ ပတ်သက်တဲ့ ပဋိပက္ခက ဖြစ်မလာနိုင်တော့ဘူးလို့ ပြောလို့ ရတယ်... ဒါပေမဲ့ ဒါက ယာယီ ငြိမ်းချမ်းရေး သဘောပဲ ရှိတယ်... မဟာ မြေကြီး တော်ဝင် သားတော်ရဲ့ တည်ရှိမှုက အချို့လူတွေကို ခြိမ်းခြောက် နေတုန်းပဲ... အထူးသဖြင့် အမွေခံ တော်ဝင် ကလေးငယ်တွေနဲ့ ကလန်ကြီးတွေကိုပေါ့... ဒီပြဿနာတွေကို သူ ဘယ်လို ဆက်ပြီး ကိုင်တွယ် မလဲ ဆိုတာ ကြည့်ရသေးတာပေါ့”
မိန်းမငယ်လေးမှာ တိတ်ဆိတ် သွားတော့၏။
...
ဝှစ်... ဝှစ်...
ချွင်... ချွင်...
ဘုန်း...
မီးတောက် ကောင်းကင် ဒေသ၊ မီးခိုးရောင် တိမ်တိုက်များ၏ အောက်တွင် လက်နက်ချင်း ထိခတ်သံများနှင့် တိုက်ခိုက်နေသည့် အသံများမှာ ပဲ့တင်ရိုက်ကာ ထွက်ပေါ်နေ၏။ ကြယ်တာရာနှင့် ဒြပ်စင်အင်အားများမှာ တစ်ခုကို တစ်ခု ပြင်းထန်စွာ ထိပ်တိုက် တွေ့နေကြသည်။ ၎င်းတို့၏ အရှိန်တွင် အမှောင် တိမ်တိုက်များပင် ပြန့်ကြဲသွားကာ ပြာများ ပြည့်နှက်နေသည့် မြေပြင်မှာ တဟုန်းဟုန်း ထတောက်နေ၏။
မျက်ခုံးနှစ်ခုကြားတွင် ကိုးရောင်ခြယ် အစက်တစ်စက်နှင့် မီးခိုးရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ချောမောသော လူငယ်လေး တစ်ယောက်မှာ ကျင့်ကြံသူ နှစ်ဒါဇင်ကျော်ခန့်နှင့် အပြင်းအထန်ပင် တိုက်ခိုက် နေသည်။ သူက အဖြူရောင် လှံတံ တစ်စင်းကို ကိုင်ဆောင်ကာ ရန်သူ အားလုံးကို ရဲရဲဝံ့ဝံ့ဖြင့် တစ်ကိုယ်တော် ရင်ဆိုင်နေသည်။
သူနှင့် တိုက်ခိုက်နေသည့် ကျင့်ကြံသူ နှစ်ဒါဇင်ကျော်လုံးမှာ အာကာသ စွမ်းအင်ကို အမြင့်ဆုံးထိ ထုတ်လွှတ်နေကြရာ မြင်ရုံဖြင့်ပင် အာကာသ ပဲ့တင်သံ ထိပ်ဆုံး အဆင့်များ ဖြစ်ကြကြောင်း သိသာလှပေသည်။
“သတ်စမ်း... သူ့ကို သတ်ကြစမ်း”
ထိုအထဲရှိ အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်မှာ လုံးဝ ရူးသွပ်နေဟန် ရ၏။ သူမ၏ မျက်လုံးများက သွေးရောင်ဖြင့် ချင်းချင်းနီနေကာ ခံစားချက်များ မည်မျှ ပြင်းထန်နေကြောင်း ဖော်ပြနေသည်။ တစ်ချိန်တည်းတွင်ပင် အခြားလူကြီး တစ်ယောက်က လက်သီးကို ဆုပ်ကာ လူငယ်လေးကို မြွေလိမ်မြွေကောက် သဏ္ဌာန် တိုက်ခိုက်လိုက်၏။
ချောမောသော လူငယ်လေးကတော့ လင်းမင်ပင် ဖြစ်သည်။ သူက တည်ငြိမ်စွာပင် ဘယ်ဘက်မှ အမျိုးသမီး၏ တိုက်ခိုက်မှုကို ဒြပ်စင်အင်အားဖြင့် ခုခံလိုက်ကာ ညာဘက်လက်မှ လှံကို ဝှေ့ယမ်းကာ မြွေလိမ်မြွေကောက် သဏ္ဌာန် တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဘုန်း...
မြွေလိမ်မြွေကောက် တိုက်ခိုက်မှုက မရေမတွက်နိုင်သည့် အပိုင်းအစများ အဖြစ် ပျက်စီးသွားကာ လူကြီးမှာ နောက်သို့ လွင့်စဥ် သွား၏။ သူ၏ ခန္ဓာကိုယ်က အရှိန်အဟုန်ဖြင့် မြေကြီးကို ပွတ်တိုက်သွားရာ အနက်ရောင် စွတ်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။
လင်းမင်က ထိုအခွင့်အရေးကို အလွတ်မပေးပဲ လက်နှစ်ချောင်းကို သုံး၍ လှံတံ တစ်ခုအား ဖန်ဆင်းကာ လူကြီးထံ ပစ်လွှတ်လိုက်သည်။ ပြင်းထန်သော လေပြင်းများနှင့် အတူ ချွန်ထက်သည့် ဒြပ်စင်အင်အား တစ်ခု ဖြစ်ပေါ်လာကာ ဟင်းလင်းပြင်ကို ထိုးဖောက်သွား၏။
“မဟုတ်ဘူး...”
လူကြီးက ငယ်သံပါအောင် အော်ဟစ်လိုက်စဥ်မှာပင် အဖြူရောင် လေပြင်းများမှာ သူ့ခန္ဓာကိုယ်ကို ဝန်းရံသွား၏။ တစ်ပြိုင်နက်တည်း လိုလိုပင် လှံတံမှာ သူ့ခန္ဓာကိုယ်ကို ထုတ်ချင်း ဖောက်ထွက်ကာ အသက်ကို အသာအယာပင် နှုတ်ယူသွားသည်။
ရန်သူများမှာ သူတို့ မဟာမိတ် တစ်ယောက် ထပ်မံ သေဆုံးသွားရသည်ကို ကြည့်ကာ တုန်လှုပ် ချောက်ချားစပြု လာကြ၏။
လင်းမင်က ဆက်တိုက်ဆိုသလိုပင် လှံကို ဒေါင်လိုက် ဝှေ့ယမ်းကာ မူလ ဒြပ်စင် အင်အား များစွာကို ရန်သူများထံ ပစ်လွှတ်လိုက်၏။ သို့သော်လည်း ထိုအရာက အရောင်ပြသာ ဖြစ်ကာ အမှန်တကယ်တမ်း တိုက်ကွက်က အလျားလိုက် ထိုးချက် သုံးချက်သာ ဖြစ်ပေသည်။
ဝှစ်... ဝှစ်... ဝှစ်...
ရန်သူသုံးယောက်မှာ နဖူးတွင် အပေါက် သုံးပေါက် ဖြစ်ပေါ်လာကာ သွေးများ စီးကျ၍ မြေပြင်ပေါ် လဲကျ သွားကြ၏။
“နင်...”
အမျိုးသမီးမှာ အလောင်းသုံးလောင်း မြေပြင်ပေါ် ထပ်မံ လဲကျသွားသည်ကို ကြည့်ကာ စိတ်တစ်ခုလုံး ကစဥ့်ကလျား ဖြစ်သွား၏။ ရူးသွပ်စွာဖြင့် အော်ဟစ်လု ဆဲဆဲ အချိန်ကလေးမှာပင် လှံသွားတစ်ခုမှာ သူမ၏ လည်ချောင်း အတွင်း တိုးဝင်လာသည်။ နောက်ဆုံး အခိုက်အတန့်၌ သူမ အတွေးထဲသို့ ဝင်ရောက် လာသည်က ချစ်သူ မဟုတ်သလို မိသားစုဝင် တစ်ဦးဦးလည်း မဟုတ်ချေ။ သေခြင်းရှင်ခြင်း တိုက်ပွဲများတွင် စိတ်ခံစားချက် အလွဲအမှားလေး တစ်ခုကပင် အရာရာအား ပြောင်းလဲပစ်နိုင်သည် ဆိုသည့် နောင်တတရားပင်။
လင်းမင်းက မူလ လှံတံကို တစ်ချက် ဝှေ့ယမ်းကာ ကျန်ရန်သူများဘက်ကို လှည့်လိုက်၏။ အလောင်းချင်း ထပ်နေသည့် မြေပြင်နှင့် လင်းမင်၏ ရဲဝံ့ တည်ကြည့်သည့် မျက်နှာတို့ကို ကြည့်ကာ လက်ကျန် ကျင့်ကြံသူ နှစ်ဒါဇင်မှာ ထိတ်လန့်ချောက်ချား သွားကြ၏။
“မင်း... မင်းက လူသတ်သမားပဲ”
အမျိုးသား ကျင့်ကြံသူ တစ်ယောက်က မုန်းတီးစွာဖြင့် အော်ဟစ် လိုက်၏။ သူ၏ မျက်လုံးများက လင်းမင်ကို ရွံရှာစွာ စူးစိုက် ကြည့်နေကာ သတ်ဖြတ်ချင်စိတ်များနှင့် တဟုန်းဟုန်း တောက်လောင် နေသည်။
“ငါက လူသတ်သမားဆို မင်းတို့က ကြောင်သူတော်တွေ...”
လင်းမင်က ရယ်မောလိုက်သည်။ အုံလိုက်ကျင်းလိုက်နှင့် သူ့ကို အမဲဝိုင်းဖျက်ရန် ကြိုးစားခဲ့သူများက တစ်ပြန်တည်း သူ့ကို လူသတ်သမား နာမည် တပ်နေပြန်သည်။ မည်မျှ ရယ်စရာ ကောင်းလိုက်သနည်း။ အကယ်၍ သူသာ အားနည်းခဲ့ပါက သူတို့လက်မှ သားကောင် ဖြစ်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်သ်ည။
"နင် ကျန်းယုကို သတ်တယ်... ကျန်းဝူရီကိုလည်း သတ်တယ်... ငါတို့က နင့်ကို လွယ်လွယ်နဲ့ ခွင့်လွှတ်နိုင်မယ် လို့ ထင်နေတာလား... နင့်လို ကောင်မျိုးက အပိုင်း တစ်သောင်းလောက် အဖြတ်ခံပြီး သေသင့်တယ်”
အခြား မိန်းကလေး တစ်ယောက်က အော်ဟစ်လိုက်သည်။ သူမ၏ လေသံထဲမှ အမုန်းတရားမှာ ပထမ အမျိုးသား ကျင့်ကြံသူထက်ပင် ပိုမို လွန်ကဲနေပေသေးသည်။
လင်းမင်က အေးစက်စက် နှာခေါင်းရှုံ့ကာ သူတို့၏ စကားများကို လျစ်လျူထားလိုက်၏။ ထိုလူများကား တကယ့်ကို အမှိုက်များ ဖြစ်သည်။ လောဘတရားနှင့် စတင် တိုက်ခိုက်ခဲ့သည့် လူများ မဟုတ်ကြသည့် အတိုင်းပင် သူတို့၏ ကိုယ်ပိုင် အမှားကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို မတရား ခံရသလို ပြုမူနေကြသည်။ ထိုကဲ့သို့ လူစားများကို သူ အမုန်းဆုံးပင်။
“မင်းတို့ထဲက လူ သုံးဆယ့်ခြောက်ယောက်ကို သတ်ပြီးပြီ... နောက်ထပ် နှစ်ဆယ့်လေးယောက်ကို ထပ်သတ်ရဦးမှာပေါ့”
လင်းမင်က အေးစက်စက် ပြောလိုက်၏။ သူ၏ ဝိညာဥ် အရှိန်အဝါက နောက်ထပ် တစ်ဖန် မြင့်တက် လာသည်။ ဝိညာဥ်ဆင်းတု အဆင့်တွင်သာ ရှိနေသေးသည့်တိုင် သူက အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။ အာကာသ ပဲ့တင်သံ အဆင့် ငါးဆယ်ပင် သူနှင့် ပြိုင်ဘက် မဟုတ်တော့ချေ။
“ ... “
လက်ကျန် ကျင့်ကြံသူ နှစ်ဆယ့် လေးယောက်မှာ အကာအကွယ် အလွှာများနှင့် အတူ နောက်သို့ ဆုတ်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက အမုန်းတရားနှင့် တဟုန်းဟုန်း တောက်လောင်နေသလို တစ်ချိန်တည်းတွင် ကြောက်ရွံ့ ထိတ်လန့်မှုကြောင့် ရေခဲလို အေးစက်နေသည်။
သူတို့က အံ့ကို တင်းတင်း ကြိတ်ကာ အော်ရာများကို ထုတ်ဖော်ရင်း လင်းမင်ကို အစိမ်းလိုက် ဝါးစားတော့မတတ် အကြည့်များဖြင့် ကြည့်နေကြ၏။
သို့သော်လည်း လင်းမင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သူတို့က ထိတ်လန့်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။
“သောက်ပေါတွေ...”
လင်းမင်က အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ ထို့နောက် သူက အဖြူရောင် လေတစ်စ အသွင် ပြောင်းလဲကာ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းလိုက်တော့သည်။
အခြားလူများမှာ တုန့်ဆိုင်းနေကြ၏။ အသက်လတ် လူတစ်ယောက်က သတ္တိများကို စုစည်းကာ အရဲစွန့်၍ လင်းမင်နောက်ကို လိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရုတ်တရက်ပင် အဖြူရောင် လေက နောက်ပြန် လှည့်လာကာ မူလ လှံတံမှာ မိုးကြိုးသွား တစ်ခု အလား ပြေးဝင်လာ၏။
ဝှစ်...
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် မူလလှံတံမှာ အသက်လတ် လူ၏ အနားသို့ ရောက်ရှိလာ၏။ ကြောက်ရွံ့ခြင်း၊ အံ့အားသင့်ခြင်းများနှင့် အတူ လူကြီးမှာ ဟင်းလင်းပြင် အကျဥ်းထောင်ကို ထုတ်ဖော်ကာ လှံတံကို ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အလုပ်မဖြစ်ချေ။ တစ်စက္ကန့်၏ အပုံတစ်ထောင်ပုံ တစ်ပုံမျှ အတွင်းမှာပင် လှံတံမှာ သူ့နဖူးမှ တစ်ဆင့် ဦးခေါင်း အတွင်း ဝင်ရောက်လာကာ ဦးခေါင်းခွံ အရိုးတစ်ခုလုံးကို အပိုင်းပိုင်း ထိုးခွဲသွားတော့၏။
ဝှစ်...
အသတ်လတ် လူ၏ ဝိညာဥ်ကို နှုတ်ယူပြီးနောက် မူလ လှံတံမှာ အဝေးရှိ လင်းမင်ထံ ပြန်လည် ပျံသန်း သွား၏။
“သုံးဆယ့်ခွန်...”
လင်းမင်က ရယ်မောလိုက်ကာ အဝေးဆီ ဆက်လက် ပျံသန်းသွားသည်။ ယခုတစ်ကြိမ်တွင်တော့ သူ့နောက်ကို ဘယ်သူမှ မလိုက်ရဲတော့။
တစ်မိနစ်မျှ ကြာမြင့်ပြီးနောက် အစိမ်းရောင် မီးတောက်များ ခြံရံနေသည့် ပုဂ္ဂိုလ် တစ်ယောက်မှာ ထိုနေရာသို့ ရောက်ရှိလာ၏။
“သူ ဘယ်ရောက်သွားပြီလဲ...”
ထိုအသံ၏ တည်ရှိမှုက အလွန်အမင်း ပြင်းထန်လှရာ လှိုင်းဂယက်များမှာ ကောင်းကင်ရှိ တိမ်တောင်များကိုပင် ထိုးခွဲသွားသည်။ မိန်းကလေးက အမုန်းတရားများ ပြည့်နှက်နေသည့် မျက်လုံးများနှင့် လင်းမင် ပျောက်ကွယ် သွားသည့် အရပ်ကို လက်ညိုးထိုးပြလိုက်၏။
“အဲဒီဘက်ပဲ...”
အစိမ်းရောင် မီးတောက်များနှင့် ပုဂ္ဂိုလ်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက ဖျပ်ခနဲ ပျောက်ကွယ်သွားကာ လင်းမင်နောက်ကို ထပ်ချက်မကွာ လိုက်လေတော့သည်။
***