← Chapters

မဟာမိတ်များ စုဆောင်းခြင်း

Vol. 33 Ch. 452

မဟာမိတ်များ စုဆောင်းခြင်း

Vol. 33 Ch. 452

မိန်းကလေး နှစ်ယောက်မှာ လေပြည် လွင်ပြင်ကို ဖြတ်သန်း၍ ခရီးနှင် နေကြ၏။ သူတို့ နှစ်ယောက်စလုံးက ကိုယ့်နည်းကိုယ့်ဟန်နှင့် လှပကြသူများ ဖြစ်သည်။ မိန်းကလေး နှစ်ယောက် အနက် တစ်ယောက်မှာ ရဲရင့် တည်ကြည်၍ ပြတ်သားပုံ ပေါ်ကာ အခြားတစ်ယောက်ကတော့ နူးညံ့သိမ်မွေ့၍ မိန်းမ ပီသသူလေး ဖြစ်သည်။

ဟုန်ချွင်းဟွာနှင့် လျဲ့ယုတို့မှာ နယ်မြေကြီး ငါးခုအနက် တစ်ခု ဖြစ်သည့် လေပြည်လွင်ပြင်ကို ဖြတ်သန်းကာ ခရီးနှင် နေကြခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ မြက်ခင်းပြင်မှ ထုတ်လွှတ်နေသည့် လေစွမ်းအင် ခပ်ဖျော့ဖျော့ ပေါ်တွင် မြောလွင့်နေကြခြင်း ဖြစ်ပြီး ဖိနပ်နှင့် မြေပြင် ထိတွေ့ခြင်း မရှိကြချေ။

လျဲ့ယုမှာ လေပြည်လွင်ပြင် အကြောင်း ကောင်းကောင်းကြီး သိသည်။ မြက်ခင်းစိမ်းများမှာ နူးညံ့ သိမ်မွေ့ပုံ ပေါ်သည့်တိုင် ထိတွေ့သည်နှင့် အလွန်အမင်း ရန်လိုကာ ထက်ရှသည်။ ပျက်သုဥ်းခြင်း နယ်မြေ၏ မီးခိုးရောင် သဲများနှင့် လေများ အကြားတွင် ပျက်သုဥ်းခြင်း စွမ်းအားများ ပါဝင်နေသကဲ့သို့ လေပြည်စွမ်းအားမှာ လေပြည် လွင်ပြင်တစ်ခုလုံးကို လွှမ်းခြုံ သိမ်းပိုက်ထားသည်။

“ငါတို့ ဘယ်သွားနေကြတာလဲ...”

လျဲ့ယုက မေးလိုက်၏။ ကျွန်စျေးမှ လွတ်မြောက်လာပြီး ကတည်းက သူမ ဟုန်ချွင်းဟွာနှင့် အတူ နေနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်း အဆင့်က ကြယ်တာရာ အမြုတေ အဆင့်တစ်‌တွင် ရှိနေသေးချိန်တွင် ဟုန်ချွင်းဟွာက အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက် ဖြစ်လေရာ လျဲ့ယု ပျော်ရွှင်နေမိသည်။ ဤသည်က အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးကို ရောက်ရှိလာပြီးကတည်းက စိတ်လုံခြုံမှုကို ပထမဆုံး အကြိမ် ခံစားမိခြင်း ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်း အခြေခံ အားနည်းမှုနှင့် နိမ့်ကျသော ပါရမီတို့က ရတနာ မုဆိုးများ အတွက် လွယ်ကူသော ပစ်မှတ် တစ်ခု ဖြစ်လာစေကာ လူသား ရေစစ် (စွမ်းအင်ကူးပြောင်းသူ) အဖြစ် ဖမ်းဆီး ရောင်းချခြင်း ခံခဲ့ရသည်။ လှောင်အိမ်အတွင်း သူမ နေ့ရက်ပေါင်းများစွာ နေခဲ့ရကာ ဝယ်ယူသူ ‌ရောက်ရှိလာမည့် နေ့ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်း ခဲ့ရသည်။

နေ့တိုင်းနေ့တိုင်း၊ ညတိုင်းညတိုင်း၌ လုံချန် ‌သူရဲကောင်း ဆန်ဆန် ရောက်ရှိလာစေဖို့ သူမ အကြိမ်ကြိမ် ဆုတောင်းခဲ့သည်။ ထိုကဲ့သို့ မဟုတ်လျှင်လည်း မသေခင် သူမ သူ့ကို နှုတ်ဆက်ချင်သည်။ သို့သော်လည်း တစ်ခါမှ ထင်မထားခဲ့သည့် ဟုန်ချွင်းဟွာသာလျှင် ရောက်ရှိလာကာ သူမကို ကယ်တင်ခဲ့သည်။

ဟုန်ချွင်းဟွာက နဖူးပေါ် ကျလာသည့် ဆံနွယ်စများကို နားရွက်နောက်သို့ သပ်တင်ရင်း လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်၏။

“မဟာမိတ်တွေဆီကို...”

သူမက အေးအေးဆေးဆေးပင် အဖြေပေးလိုက်သည်။

“ ... “

လျဲ့ယုမှာ သူမ ပြောသည့် အဓိပ္ပာယ်ကို သိပ်နားမလည်ချေ။ တုန့်ဆိုင်းစွာဖြင့် သူမက မေးလိုက်၏။

“ငါတို့ ဝေ့ဝူယင်ဆီကို သွားမှာလား...”

ဟုန်ချွင်းဟွာက ရပ်လိုက်၏။ ထို့နောက် သူမက မျက်မှောင်ကြုတ်ကာ လျဲ့ယုကို လှည့်ကြည့်လိုက်သည်။

“မင်းနဲ့ အရှင်ဝေ့က နာမည်တပ် ခေါ်ရလောက်အောင် ရင်းနှီးလို့လား”

ဒေါသအလင်းတန်း ခပ်ဖျော့ဖျော့က ဟုန်ချွင်းဟွာ၏ မျက်လုံး အတွင်း လင်းလက်နေ၏။ ထိုမိန်းမက လေးစားမှု၏ အဓိပ္ပာယ်ကို နားမလည်ဟန် ရသည်။

ဟုန်ချွင်းဟွာ လျဲ့ယုအား ကယ်တင်ရန် ဆုံးဖြတ် လိုက်သည့် အကြောင်းပြချက် သုံးချက် ရှိသည်။ ပထမ တစ်ချက် သူမအား ကြည့်ရသည်က သနားစရာ ကောင်းသည်။ ဒုတိယ တစ်ချက် အရှင်ဝေ့မှာ သူမကို ကယ်တင်ဖူးသည်။ အကယ်၍ စွမ်းအင် ကူးပြောင်းသူ တစ်ယောက် အနေဖြင့် သေဆုံးသွားပါက အရှင်ဝေ့၏ အားထုတ်မှုများက အလဟသတ် ဖြစ်သွားပေလိမ့်မည်။ တတိယတစ်ချက်... သူတို့ နှစ်ယောက်စလုံးက ဂိုဏ်းတစ်ခုတည်းမှ လာ၍ ဖြစ်သည်။

လျဲ့ယုမှာ ဘာပြန်ပြောရမှန်း မသိပဲ ဖြစ်သွား၏။ အမှန်အတိုင်း ဝန်ခံရပါက သူမနှင့် ဝေ့ဝူယင်တို့မှာ ဒီလောက်ကြီး ရင်းနှီးကြသူများ မဟုတ်ချေ။ အနန္တ ကုန်းမြေတိုက်ကြီးတွင် နေထိုင်ခဲ့စဥ်က ထိပ်တန်း အလှမယ် စာရင်းဝင် တစ်ယောက် အနေဖြင့် သူမ၏ အဆင့်အတန်းက အလွန် မြင့်မားခဲ့သည့်တိုင် ယခုတွင်တော့ အရာရာက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမက အဏ္ဏဝါ ပဲ့တင်သံဂိုဏ်း၏ နတ်သမီးလေး မဟုတ်တော့ သလို ဝေ့ဝူယင်ကလည်း နေသွေးနီနီဂိုဏ်း၏ အဓိက တပည့် တစ်ယောက် မဟုတ်တော့ချေ။

ဒင်...

ထိုအခိုက်တွင်ပင် အသံတစ်ခု ထွက်ပေါ်လာ၏။ ဟုန်ချွင်းဟွာ၏ မျက်လုံးများက တောက်ပသွားကာ လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမက ကြယ်တာရာ အင်အားဖြင့် လျဲ့ယုကို ပတ်လိုက်ရင်း ပိုမို လျှင်မြန်စွာ ပျံသန်းလိုက်၏။

မကြာခင်မှာပင် လည်ပင်းတွင် များစွာသော ဟင်းလင်းပြင် လက်စွပ်များ ဆွဲထားသည့် ပုံရိပ်တစ်ခုကို အဝေးဆီတွင် သူမတို့ လှမ်းမြင် လိုက်ကြရသည်။

“ပထမ ဗိုလ်ချုပ်...”

ပုံရိပ်က သူမတို့ ထံသို့ ပျံသန်းလာကာ ဝမ်းသာအားရ နှုတ်ဆက်လိုက်၏။ ဟုန်ချွင်းဟွာ ပြန်လည် ပြုံးပြ နှုတ်ဆက် လိုက်သည်။ ထို့နောက် သူမက အသိအမှတ် ပြုဟန်နှင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။

“နင် ဟင်းလင်းပြင် ပဲ့တင်သံ အဆင့်ကို ရောက်သွားပြီပဲ...”

လျဲ့ယုမှာ တိတ်ဆိတ်စွာဖြင့် ထိုမြင်ကွင်းကို ငေးမောကြည့်နေခဲ့သည်။ ထိုလူမှာလည်း ဝေ့ဝူယင်၏ အာဏာရှင် အဖွဲ့သား တစ်ယောက် ဖြစ်ရပေမည်။ အနန္တ ဧကရာဇ်ဂိုဏ်း တစ်ခုလုံး နာမည် ကြားလျှင် ကြောက်လန့်ရသည့် ထိုအဖွဲ့က ပြန်လည် စုစည်းတော့မည်လော။

…

"သူက လူတွေ မျှော်လင့်မထားတဲ့ဟာကို တကယ် လုပ်ခဲ့တာပဲ…"

မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသည့်  မိန်းမလှလေးတစ်ယောက်က ရွှင်မြူးစွာဖြင့် ရယ်မောလိုက်၏။ အကယ်၍ ဝေ့ဝူယင်သာ သူမကို တွေ့မြင်ပါက တန်းကာ မှတ်မိလိမ့်မည် ဖြစ်သည်။ သူမကတော့ သစ်တောစိမ်း အယ်ဗန်မှင်စာ မျိုးနွယ် တစ်ဖြစ်လည်း ဝေ့ဝူယင်၏ အရင်းနှီးဆုံး မိတ်ဆွေ ချင်ချူးမူပင်။

လက်ရှိ၌ ချင်ချူးမူမှာ မီးခိုးရောင် အယ်ဗန် မျိုးနွယ်ကြီး ကိုးခု အနက် တစ်ခု ဖြစ်သည့် ပင်းကလန်၏ မြေအောက်မြို့တော်ကို ရောက်ရှိ နေခဲ့ခြင်း ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်သုံးကို ချိုးဖျက်ပြီး နောက်တွင် သူမက ဤလောကနယ်မြေ အကြောင်း ပိုမို လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ ကံကောင်းထောက်မစွာပင် အယ်ဗန် မျိုးနွယ် တစ်ယောက် အနေဖြင့် သူမနှင့် မြေအောက် မြိုတော်များမှာ ပြီးပြည့်စုံစွာ အံဝင်ခွင်ကျ ဖြစ်ခဲ့သည်။

ဝေ့ဝူယင် တော်ဝင်သားတော် တစ်ယောက် ဖြစ်လာကြောင်း တွေ့မြင်ရပြီး နောက်တွင် သူမ အလွန် အံ့ဩခဲ့ရသည်။ သို့သော်လည်း အမှန်တကယ်အားဖြင့် သူမ ထိုအရာကို မျှော်လင့်ခဲ့ပြီး ဖြစ်သည်။ သုံးလွှာ ကြယ်တရာ နယ်မြေကြီး၏ အသက် အငယ်ဆုံး အဂ္ဂိရတ် အင်ပါယာမှာ ဤကဲ့သို့သော နေရာတွင် မည်ကဲ့သို့ သာမန် ဖြစ်နိုင်ပါမည်နည်း။

ယခုတစ်ဖန် တော်ဝင်သားတော် အသစ်စက်စက် ဝေ့ဝူယင်ထံမှ နောက်ထပ် သတင်း တစ်ပုဒ်ကို သူမ ထပ်မံ ကြားခဲ့ရပြန်သည်။ ထိုသတင်းက နတ်ဘုရား အရှင် တရှီ၏ မဟာမြေကြီး ရတနာသိုက်ကို ဖွင့်လှစ်ကာ ကုန်သွယ်ရေး ပွဲတော် တစ်ခု ပြုလုပ်မည် ဆိုသည့် သတင်းပင်။

ထိုကုန်သွယ်ရေး ပွဲတော်တွင် ဝေ့ဝူယင်သည် အစွန်းလေးဖက် ကုန်းမြေ တိုက်ကြီး တစ်ခုလုံးရှိ ကျင့်ကြံသူများကို သူတို့ လုံလောက်စွာ ချမ်းသာနေသရွေ့၊ လဲလှယ်ရန် ရတနာများ ရှိနေသရွေ့ အလိုရှိရာ ပစ္စည်းများကို ရတနာသိုက်ထဲမှ ထုတ်ယူကာ ရောင်းချလိမ့်မည် ဖြစ်သည်။ ကောလဟာလများ အရဆိုလျှင် ထိုအထဲတွင် သေမျိုး အကန့်အသတ်ကို ကျော်လွန်အောင် ထောက်ပံ့ပေးနိုင်သည့် ရင်းမြစ်များပင် ပါဝင်နေသည်ဟု ဆိုသည်။

အစစ်အမှန် ပျက်သုဥ်းခြင်းသို့ သွားကာ ဝေ့ဝူယင်နှင့် တွေ့ဆုံရလျှင် ကောင်းမည်ဟု  ချင်ချူးမူ တွေးမိသေးသည်။ သို့သော်လည်း အဆုံးသတ်၌ သူမက မသွားရန်သာ ဆုံးဖြတ်ခဲ့သည်။

သူမက အရာရာ ဝေ့ဝူယင် အပေါ် အားကိုး နေရသူ တစ်ယောက် မဖြစ်လိုပေ။ ထို့အပြင် သူမတွင် ပြီးမြောက်ရန် ကိုယ်ပိုင် ရည်မှန်းချက်များ ရှိပေသေးသည်။ ချင်ချူးမူ လက်ထဲရှိ ရွှေရောင် ဖျော်ရည်ခွက်ကို မော့ကာ သောက်လိုက်၏။

"အရသာ ရှိလိုက်တာ…"

ချီအီမွှေးပျံ့သည့် အရသာကို ခံစားရင်း သူမ မျက်နှာကျက်ကို မော့ကြည့် လိုက်သည်။  ငွေရောင် မျက်လုံးများနှင့် ချောမော ခန့်ညားသော မျက်နှာတစ်ခုက သူမ၏ အာရုံဝယ် သိမ်းပိုက်ကာ နေရာယူနေခဲ့၏။

"နောက်မှ တွေ့ကြတာပေါ့…"

သူမက ထိုင်ရာမှ ထရပ်ရင်း ငွေပေးချေကာ စားသောက်ဆိုင်ထဲမှ ထွက်ခွာ လာခဲ့တော့သည်။

***

All Chapters