ရတနာသိုက် ဖွင့်ပွဲ
Vol. 33 Ch. 453
"ဒီနေရာပဲ"
မီတာ ဒါဇင် ဂဏန်းခန့် မြင့်မားသည့် ကောင်းကင်ထက်တွင် လွင့်မျောရင်း မီးခိုးရောင် အညစ်အကြေးများနှင့် ပြည့်နှက် နေသည့် တောင်တစ်လုံးကို ဝေ့ဝူယင် ငေးမော ကြည့်နေခဲ့သည်။
ထိုနေရာတွင် ပျက်သုဉ်ခြင်း စွမ်းအင်များက အလွန်အမင်း သန်မာနေကာ တိုက်ခိုက်နေသည့် လေပင်လျှင် အသားများကို ထိုးခွဲသွားတော့ မတတ် ပြင်းထန်နေသည်။
ဝေ့ဝူယင်သည် ဤနေရာကို တစ်ယောက်တည်း ရောက်ရှိလာခြင်း မဟုတ်ချေ။ သောင်းနှင့်ချီသည့် ကျင့်ကြံသူများကို ဝန်းရံကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး သူတို့ အားလုံး၏ အမူအရာများက စိတ်ဝင်စားမှု၊ မသေချာ မရေရာမှု၊ မျှော်လင့်ထားမှု၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် နေကြပေသည်။
လူအုပ်ကြီးထဲတွင် လူသား မျိုးနွယ်များ အပြင် မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်၊ သစ်တောစိမ်း အယ်ဗန်၊ ရေနေ မြစ်မျိုးနွယ် အယ်ဗန်၊ မဟူရာ တောင်တန်း အယ်ဗန်… စသည်ဖြင့် အယ်ဗန် မျိုးနွယ်အားလုံးပါ ရောနှော ပါဝင်နေကြသည်။
မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များမှာ မွဲခြောက်ခြောက် အရောင်အဆင်း ရှိသည့် မီးခိုးရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့ အသားအရေကတော့ ကြေးရောင်ဘက်ကို အနည်းငယ် သမ်းနေကာ လှုပ်ရှားမှုတိုင်းတွင် ပျက်သုဉ်းခြင်း အရှိန်အဝါ ခပ်ဖျော့ဖျော့ကို ထုတ်လွှတ် နေကြသည်။
သစ်တောစိမ်း အယ်ဗန်များကတော့ အစိမ်းရောင် မျက်လုံးများနှင့် အရောင်စုံသည့် ဆံပင်ရှည်များကို ပိုင်ဆိုင် ထားကြ၏။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ် နေသည့် အရှိန်အဝါများက သဘာဝ ဆန်လှကာ သူတို့၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ လေပြည်တိုးဝှေ့ ခံရသည့် သစ်ပင်များ ကဲ့သို့ လိုက်လျောညီထွေ ရှိလှသည်။
ရေနေ မြစ်အယ်ဗန်များကတော့ အပြာရောင် အကြေးခွံများကို ပိုင်ဆိုင်ထားကြကာ လည်ပင်းထက်တွင် ပါးဟက်ငယ်များ ပါရှိသည်။ သို့သော်လည်း သူတို့၏ ထိုအသွင်သဏ္ဍာန်က သဘာဝ အတိုင်း မွေးဖွားလာခြင်းမျိုး မဟုတ်ပဲ ရေနှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်ရန် ထူးဆန်းသည့် ကျင့်စဥ်တစ်မျိုးကို ကျင့်ကြံ၍ အသွင် သဏ္ဍာန် ပြောင်းထားခြင်းသာ ဖြစ်သည်။ ထိုအရာက ဘေးဥပဒ် ပင်လယ် ကဲ့သို့ နေရာများတွင် လွတ်မြောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ထွက်ပေါ်နေသည့် အရှိန်အဝါများက နက်မှောင်ကာ သမုဒ္ဒရာ ချောက်နက်ကြီးများ ကဲ့သို့ လျှို့ဝှက် ဆန်းကြယ်လှပေသည်။
မဟူရာ တောင်တန်း အယ်ဗန်များကတော့ အညိုရင့်ရောင် အသားအရေကို ပိုင်ဆိုင်ထားကြသည်။ အချို့ဆိုလျှင် လုံးဝပင် နက်မှောင်နေ၏။ သူတို့၏ ထိုအသားအရေက မီးတောက်ကောင်းကင် ဒေသ၏ အပူချိန်နှင့် ချိန်ညှိရင်း တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များမှ မြင့်မားသော အပူချိန်များမှာ အဆက်မပြတ်ပင် ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ရှိ လေထု၏ နွေးထွေးမှုကို တိုးမြှင့်ပေးနေသည်။
ထိုမျိုးနွယ် အားလုံး၏ ခေါင်းဆောင်များကား ယနေ့တွင် ဝေ့ဝူယင်နှင့် အတူ စုစည်းနေကြပြီ ဖြစ်သည်။ အတိအကျ ရေတွက်ရလျှင် နယ်မြေကြီး ငါးခုမှ လူသား ကျင့်ကြံသူများ အပါအဝင် လောကသခင် အဆင့် သုံးရာခန့်နှင့် အချိန်သခင် တစ်ဒါဇင်ခန့် အထိ ရောက်ရှိနေပေသည်။ သူတို့ထံမှ ထွက်ပေါ်နေသည့် ပြင်းထန်သော အရှိန်အဝါများ အောက်တွင် ကောင်းကင်နှင့် မြေကြီးပင် တုန်ရီယိမ်းထိုးနေ၏။
နတ်ဘုရား ရင်းမြစ်များ ပိုင်ဆိုင်ထားသည့် ရတနာသိုက် ဖွင့်ပွဲကို မည်သူမှ မလွတ်လိုကြချေ။ အချို့ ကောလဟာလများ အရဆိုလျှင် ထိုရတနာသိုက်ထဲတွင် ဆန်းကြယ် အရှင် တစီ ကိုယ်တိုင် ချန်ရစ်ခဲ့သည့် အလွန်အမင်း အဖိုးတန်သော ရင်းမြစ်များပင် ပါဝင်နေသည်ဟု ဆိုသည်။
မဟာ သီလရှင် စီတနှင့် အစစ်အမှန် ပျက်သုဥ်းခြင်း အဖွဲ့ဝင်များမှာလည်း ထိုနေရာသို့ ရောက်ရှိ နေကြသည်။ ပုရွက်ဆိတ်များ ကဲ့သို့ တဖွဲဖွဲ စုစည်းနေသည့် လူအုပ်ကြီးကို ကြည့်ရင်း သူတို့၏ အမူအရာများက သုန်မှုန် နေကြသည်။
“အဲဒါ မှန်ရဲ့လား...”
ရုတ်တရက် စီတ၏ နောက်ရှိ တစ်ယောက်က မေးလိုက်၏။
“ ... “
အခြားလူများမှာလည်း မသေချာချေ။ ဒဏ္ဍာရီများ အရဆိုလျှင် ပထမဆုံး နတ်ဘုရား ကလေးငယ် နှစ်ယောက်သည် မွေးဖွားပြီးပြီးချင်းပင် ထိုရတနာသိုက်များကို အသုံးပြု၍ တော်ဝင် ကလန်များ တည်ထောင်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုရတနာများကို ပြိုင်ဘက်များထံတွင် အဆုံးရှုံး ခံတော့မည်လော။
စီတက မျက်မှောင်ကြုတ်လိုက်၏။ သူမတွင်လည်း သံသယများ ရှိသော်လည်း ဝေ့ဝူယင်၏ ရည်ရွယ်ချက်များကို ခိုးကြောင်ခိုးဝှက် စုံစမ်းဖို့ ကြိုးစားသည့် အခါတိုင်း ခုတင်ပေါ်တွင် အသက်ရှူ မဝသည် အထိ ဖြစ်ခဲ့ရသည်။ ကြည့်ရသည်က တော်ဝင်သားတော်မှာ ထိုကိစ္စကို လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ထိန်းသိမ်း ထားလိုဟန် ရသည်။
...
မလှမ်းမကမ်း နေရာတစ်ခု၌ မိန်းမငယ်လေးနှင့် လူအိုကြီးတို့မှာ ပုရွက်ဆိတ်များ သဖွယ် စုစည်းနေသည့် များစွာသော လူအုပ်ကြီးကို လှမ်းကာ ကြည့်နေခဲ့၏။
“အဘိုး... လူတွေကို ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်ချင်တယ် ဆိုရင်တောင် ဒါကြီးက မများလွန်းဘူးလား”
မိန်းမငယ်လေးက မေးလိုက်၏။ လူအိုကြီးက အသာအယာပင် ပြုံးလိုက်သည်။
“ညည်းအနေနဲ့ အပေါ်က ရွှေအိုးကိုပဲ ကြည့်နေမယ် ဆိုရင် အောက်က ဓားမြှောင်ကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး”
“ဟမ်...”
မိန်းမငယ်လေးမှာ နားမလည် ဖြစ်သွားသည်။
“ရှင်းပြ...”
သူမက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ဝေ့ဝူယင် ပါဝင်ပတ်သက်နေသည့် ကိစ္စ အားလုံးတွင် အမြဲတမ်း ဉာဏ်ရည် နိမ့်ပါးသူလို လိုက်မမှီ ဖြစ်နေခဲ့ရာ သူမ ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိ၏။ လူအိုကြီးက မိန်းမငယ်လေးကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။
“ညည်းက ဘာဖြစ်လို့ အဲဒီကောင်လေးကို ဘာလို့ အခြား တော်ဝင် ကလေးငယ်တွေနဲ့ တစ်တန်းတည်း ထားပြီး နှိုင်းယှဥ် နေရတာလဲ... သူ့ရဲ့ ရည်ရွယ်ချက်က အခြားလူတွေနဲ့ တူလို့လား”
မိန်းမငယ်လေးမှာ ငြိမ်သက်သွား၏။ သူမက မျက်မှောင်ကြုတ်ရင်း လူအိုကြီး၏ စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို ဖော်ထုတ်ရန် ကြိုးစားလိုက်သည်။ ဝေ့ဝူယင်၏ ရည်ရွယ်ချက်က အဘယ်နည်း။ အခြား တော်ဝင် ကလေးငယ်များနှင့် မည်ကဲ့သို့ ကွာခြားသနည်း။ အတန်ကြာပြီးနောက် မိန်းမငယ်လေး၏ မျက်လုံးများက ဉာဏ်အလင်း ပွင့်သွားသလို လင်းလက်လာ၏။ သူမက သောင်းနှင့် ချီသည့် ကျင့်ကြံသူများ အကြားသို့ အကြည့်များကို ပို့လွှတ်လိုက်ရင်း တော်ဝင် ကလန်များကို ရှာဖွေရန် ကြိုးပမ်းလိုက်သည်။
မိန်းမငယ်လေး၏ ဉာဏ်အလင်း ပွင့်သွားပုံကို ကြည့်ကာ လူအိုကြီးက ကျေနပ်စွာ ပြုံးလိုက်၏။ သူက ဆက်၍ ပြောလိုက်လေသည်။
“ရုန်းရင်း ဆန်ခတ် ဆိုတာက လောကသားကောင်တွေရန်က ရှောင်လွှဲဖို့ အပေါ်ယံ မျက်နှာပြင် သက်သက် ပဲ... သူက အဲဒါကို ဘယ်တုန်းကမှ ပြဿနာ တစ်ခုလို မြင်ခဲ့တဲ့ပုံ မပေါဘူး”
ထိုလူငယ်လေး၏ လှုပ်ရှားမှုများကို ပိုမို၍ မြင်တွေ့လေလေ ပို၍ လေးစားစရာ ကောင်းလေလေဟု လူအိုကြီးမှာ ခံစားနေရသည်။
“ဒါပေမဲ့... သူတို့က တကယ်ပဲ အဲဒီ ထောင်ချောက်ထဲကို ကျသွားမှာလား”
မိန်းမငယ်လေးမှာ စိတ်ဝင်တစားဖြင့် မေးလိုက်၏။ အကယ်၍ လူအိုကြီးပင် တွေးတောမိလျှင်ပင် သူတို့ကရော မတွေးတောမိနိုင်ဘူးလား။
လူအိုကြီးက ရယ်မောလိုက်၏။
“ညည်းက သူတို့ကို တအား အထင်ကြီး နေတာပဲ... သူတို့ အားလုံးက ခု ထောင်ချောက်ထဲကို ရောက်နေကြပြီလေ”
သူတို့ နှစ်ယောက် စကားပြောနေစဥ်မှာပင် ကောင်းကင် အစွန်း တစ်နေရာ၌ ပုံရိပ်နှစ်ခုမှာ တဖြည်းဖြည်း ပေါ်လာခဲ့၏။ လောကသခင်နှင့် အချိန်သခင်များ အပါအဝင် အားလုံး၏ အာရုံစူးစိုက်မှုများက အလွန် ကြီးမားသည့် ထိုပုံရိပ်ကြီးများအပေါ်သို့ စုပြုံ ကျရောက်သွား၏။
“အဲဒါ တော်ဝင် ကလန် နှစ်ခုက အာကာသ သင်္ဘောကြီးတွေ မလား”
“တော်ဝင် ကလန်တွေက တကယ်ကို ရောက်လာကြတာပဲ... ငါတော့ မစောင့်နိုင်တော့ဘူးဟေ့... ခေါင်းဆောင်ကြီးတွေ ကြားထဲမှာ ပြိုင်ဆိုင်မှုကြီး တစ်ခု ဖြစ်လာတော့မှာ သေချာတယ်”
“ငါတော့ ရတနာသိုက်ထဲက အကြွင်းအကျန် ပစ္စည်း နည်းနည်းရဖို့ပဲ သူတို့ မတိုက်ခိုက်ကြဖို့ပဲ မျှော်လင့်တယ်... ကျွဲနှစ်ကောင် ခတ်တဲ့ ကြားမှာ မြေစာပင် ဖြစ်သွားရင် ဒုက္ခ”
လူများမှာ စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြ၏။ ဝေ့ဝူယင် ကောင်းကင်တွင် တိတ်တဆိတ် မြောလွင့်ရင်း ချည်းကပ်လာနေသည့် မိုးပျံယာဥ်ကြီးများဘက်ကို လှည့်လိုက်၏။ တစ်ခဏမျှ တွေးတောပြီးနောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်း၍ မြေကြီးဒြပ်စင် တိုကင်ကို ထုတ်ယူလိုက်သည်။ မျှားနှစ်စင်းမှာ ၎င်း၏ မျက်နှာပြင်ထက်တွင် ပေါ်နေကာ အဝေးရှိ ပုံရိပ်များ ပုံရိပ်များထံသို့ ညွှန်ပြနေ၏။ ဝေ့ဝူယင် အားရပါးရပင် ရယ်မောလိုက်သည်။
“မင်းတို့ ရောက်လာကြပြီပေါ့”
သပွတ်အူလို ရှုပ်ထွေး ပွေလီကာ အမျိုးမျိုးသော လှည့်ကွက်များနှင့် ပြည့်နှက်နေတတ်သည့် ကျင့်ကြံခြင်း လောကတွင် ရိုးရိုးရှင်းရှင်းနဲ့ တိုက်ရိုက်ဆန်သော နည်းလမ်းများက ပို၍ ကောင်းမွန်သွားတတ်သော အခါများ ရှိပေသည်။ အကယ်၍ နည်းဗျူဟာ နှစ်မျိုးကို ပေါင်းစပ်၍ သုံးတတ်လျှင် အကောင်းဆုံး ဖြစ်ပေသည်။
...
ဝှစ်...
အိယင်မှာ ဝေ့ဝူယင် နံဘေးကို ဖျပ်ခနဲ ရောက်ရှိလာကာ နီးကပ်စွာ ရပ်လိုက်၏။ သူမ၏ လှပသော မျက်လုံးလေးများကတော့ အဝေးမှ ချည်းကပ်လာနေသည့် ပုံရိပ်နှစ်ခုကို သုန်မှုန်စွာ စိုက်ကြည့်နေသည်။ သူမအား ကြည့်ရသည်က တော်ဝင်ကလန် နှစ်ခု ဝေ့ဝူယင် အပေါ် တစ်ခုခု ကြံစည်မည်ကို စိုးရိမ်နေသည့်ပုံပင်။
ဝေ့ဝူယင် အသာအယာပင် ပြုံးလိုက်၏။ တော်ဝင်ကလန် နှစ်ခု၏ အမည်များက လဲ့ကလန်နှင့် ရှန်း ကလန် တို့ ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ လဲ့ကလန်မှာ မိုးကြိုးဒြပ်စင် နတ်ဘုရား သင်္ကေတကို ကိုင်ဆောင်ထားကာ ယွင်နီဟု ခေါ်သည့် နတ်ဘုရားကို ကိုးကွယ်ကြသည်။ ရှန်းကလန်ကတော့ ရေခဲ ဒြပ်စင်တိုကင်ကို ကိုင်ဆောင်ကာ နတ်ဘုရား မိုတုကို ကိုးကွယ်ကြ၏။
မှတ်တမ်းများ အရဆိုလျှင် ဗဟိုနယ်မြေကို မိုးကြိုးနှင့် ရေခဲနယ်မြေ နှစ်ခု ပေါင်းစပ်ကာ ဖန်တီးထားသည် ဟု ဆိုသည်။ ထိုအချိန်များက အစွန်းလေးဖက် လောကနယ်မြေ၏ နာမည်မှာ အစွန်းရှစ်ဖက် ကုန်းမြေ တိုက်ကြီး အဖြစ် ရည်ညွှန်းခဲ့ကြသည်။ သို့သော်လည်း နှစ်ထောင်ပေါင်းများစွာ ကျော်လွန်ပြီးနောက်တွင် တော်ဝင် ကလေးငယ် နှစ်ယောက် ပေါ်ထွန်းလာခြင်းနှင့် အတူ နယ်မြေနှစ်ခုမှာ ပေါင်းစပ်သွားကာ ကုန်းမြေတိုက်ကြီး၏ အရွယ်အစားကို ကျုံ့ဝင် သွားစေခဲ့ခြင်း ဖြစ်သည်။
နောင်အခါတွင် ပျက်သုဉ်းခြင်း နယ်မြေသည်လည်း ယင်းကဲ့သို့ တော်ဝင်နယ်မြေ တစ်ခု အဖြစ် ပေါင်းစပ်သွားပါက အစွန်းလေးဖက် ကုန်းမြေ တိုက်ကြီးမှာ အစွန်းသုံးဖက် အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။
ဘုန်း… ဘုန်း…
ယာဉ်ပျံကြီးများ အနားသို့ ရောက်ရှိလာသည်နှင့် လေထုမှာ ကြောက်မက်ဖွယ် ဖိအားများနှင့် ပြည့်နှက် သွား၏။ ၎င်းတို့အား မော့ကြည့်ရင်း ဝေ့ဝူယင် အံ့ဩ အထင်ကြီးမှုကို ခံစားလိုက်ရသည်။ ယာဉ်ပျံ တစ်ခုချင်းစီမှာ မိုင်ပေါင်း ဆယ်နှင့်ချီ ရှည်လျားကာ အလွန်အမင်း ကျယ်ပြန့် လှ၏။
၎င်းတို့၏ ညီညာ ပြန့်ပြူးသော မျက်နှာပြင်ထက်တွင်တော့ ခန့်ညား ထည်ဝါလှသော နန်းတော်များနှင့် အဆောက်အအုံကြီးများ တည်ရှိနေသည်။ ပြောရလျှင် ၎င်းတို့က မိုးပျံ မြို့တော်ကြီးများ သဖွယ်ပင်။
ရှေးဟောင်း မှတ်တမ်းများ အရဆိုလျှင်… ထိုမိုးပျံ သင်္ဘောကြီးများမှာ ဟင်းလင်းပြင်ကို ထိုးခွဲကာ ပျံသန်းနိုင်ကြကာ၊ တော်ဝင် ကလေးငယ်များ လူသား အကန့်အသတ် အထွတ်အထိပ်ကို ကျော်ဖြတ်နိုင်သည့် အခါများ၌ အစွန်းလေးဖက် လောကနယ်မြေကို ထွင်းဖောက် ပျံသန်းနိုင်ဖို့ မျှော်လင့်ချက်ဖြင့် ချန်ရစ် ထားခဲ့ခြင်း ဟု ဆိုကြသည်။
ထိုကဲ့သို့ ဟင်းလင်းပြင် သင်္ဘောကြီးများ အကြောင်းကို သုံးလွှာ ကြယ်တာရာ နယ်မြေရှိ ရှေးဟောင်း မှတ်တမ်းများထဲတွင် ဝေ့ဝူယင် ဖတ်ခဲ့ဖူးသည်။ သို့သော်လည်း ယင်းတို့က ထာဝရ ဧကရာဇ် ရွှေခေတ်က တီထွင်မှုများသာ ဖြစ်ကာ ယခု အချိန်၌ မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ရှိ ပုံရိပ်ကြီးများကို ကြည့်ရင်း ထိုကဲ့သို့ သင်္ဘော တစ်စင်း ပိုင်ဆိုင်လိုသည့် ဆန္ဒက ဝေ့ဝူယင်၏ စိတ်အတွင်း တဖွားဖွား ပေါ်လာနေခဲ့လေ၏။
***