← Chapters

ပျောက်ဆုံးခြင်း

Vol. 33 Ch. 454

ပျောက်ဆုံးခြင်း

Vol. 33 Ch. 454

"ဟမ့်… ငါတို့လို ဟင်းလင်းပြင် နဂါးတွေက ဘာလို့ အဲဒီလို အစုတ်အပြတ် ပစ္စည်းမျိုးကို လိုမှာလဲ"

ခရာတိုက ဝေ့ဝူယင်၏ အတွေးကို နှာခေါင်းရှုံ့ လိုက်၏။ ဟင်းလင်းပြင် နဂါးများမှာ အာကာသ တွန့်ခေါက်လွှာများ အတွင်း တိုးဝင်ကာ  မည်သည့် နေရာကို မဆို လွတ်လွတ်လပ်လပ် သွားလာနိုင်စွမ်း ရှိသည်။ အဘယ်ကြောင့် အာကာသ ခရီးသွားယာဉ် တစ်ခုကို လိုအပ်မည်နည်း။

"မင်းပြောတဲ့ အဓိပ္ပာယ်က အိပ်တာချင်း အတူတူ ဘယ်မှာ အိပ်အိပ် အိပ်လို့ ရတယ်ပေါ့... ဒါဆို ဘာလို့ ကောင်းကင်နန်းတော် တစ်ခု လိုအပ်မှာလဲ... ခုလည်း အဲဒီ သဘောပဲ... ဘာပဲဖြစ်ဖြစ် ဟင်းလင်းပြင် သင်္ဘောတစ်စင်း ပိုင်ထားရင် အနည်းဆုံးတော့ လူအထင်ကြီးတော့ ခံရတာပေါ့ကွာ"

ဝေ့ဝူယင်က ပြန်လည် ပြောလိုက်၏။ လောကကြီး၏ အမျိုးမျိုးသော အလှတရားများ၊ ထူးပြားဆန်းကြယ်မှုများကို လှည့်ပတ် ကြည့်ရှုဖို့က သူ ငယ်ငယ်ကတည်းက မက်ခဲ့ရသည့် အိပ်မက် ဖြစ်သည်။ အလှပဆုံး မိန်းမများနှင့် အလျှံပယ် အစားအသောက်များကို သယ်ဆောင်ကာ ဟင်းလင်းပြင် သင်္ဘောကြီးကို စီးနင်းလျှက် ခရီးထွက်လိုက် ရလျှင် မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းလိုက်မည်နည်း။

ဘုန်း… ဘုန်း…

ထိုအခိုက်တွင်ပင် မိုးပျံယာဉ်ကြီးများမှာ လူအုပ်ကြီးနှင့် မိုင်ပေါင်း အနည်းငယ် အကွာတွင် ရပ်လိုက်ကြ၏။ ထို့နောက် မိုးပျံယာဉ် တစ်ခုချင်းစီမှ လူနှစ်ယောက်ကျနှင့် စုစုပေါင်း လေးယောက် ထွက်ပေါ်လာသည်။ သူတို့က တော်ဝင်ကလန်နှစ်ခု၏ သံတမန်များပင် ဖြစ်လေသည်။

ဝေ့ဝူယင် သူတို့ကို ဆက်လက် အာရုံမစိုက်တော့ပဲ လူအုပ်ကြီးဘက်ကို လှည့်လိုက်၏။

"မဟာမြေကြီး ရတနာသိုက် ဖွင့်ပွဲရဲ့ စည်းမျဉ်းကတော့ ရိုးရှင်းပါတယ်… ကျုပ် ပစ္စည်းတွေကို ရှာဖွေ မပြီးမချင်း၊ ရေတွက် မပြီးမချင်း ဘယ်သူမှ ဝင်ခွင့် မရှိဘူး… ဒါပေမဲ့ စိတ်ချပါ… ခင်ဗျားတို့ လိုချင်တဲ့ ပစ္စည်းတွေကို ဈေးပြိုင်ပေးပြီး ကျုပ် ဝယ်ခွင့်ပြုမှာပါ"

"နောက်ပြီး ဒီကိစ္စကို ကျုပ် ကိုယ်တိုင် ကိုင်တွယ်မှာ မဟုတ်ဘူး… ကျုပ်ရဲ့ အယုံကြည်ရဆုံး လက်ထောက် ဖြစ်တဲ့ မဟာ သီလရှင် စီတကပဲ တာဝန်ယူ ဆောင်ရွက် သွားမှာပါ… တကယ်လို့ ခင်ဗျားတို့ အနေနဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ဖို့ ကြံစည်နေတယ် ဆိုရင်တော့ အခြားလူတွေက ခွင့်ပြုမှာ မဟုတ်ဘူး ဆိုတာ သတိရပါ… ခင်ဗျားတို့ ဘက်က ရိုးသားနေ သရွေ့၊ ပစ္စည်းတွေကို တန်ရာတန်ကြေး ပေးပြီး ဝယ်နေသရွေ့ ဒီဈေးပွဲတော်က မျှတပြီး သမာသမတ် ရှိမယ် ဆိုတာ ကျုပ် အာမခံနိုင်ပါတယ်… အားလုံး နားလည်ကြရဲ့လား မသိဘူး"

ဝေ့ဝူယင်၏ အသံက ဧဒင် စိတ်စွမ်းအင်များကို သယ်ဆောင်ကာ အားလုံး၏ နားများထဲကို ရှင်းလင်းစွာပင် ဝင်ရောက် သွားလေ၏။ ထိုစကားလုံးများကို ခပ်လှမ်းလှမ်းမှ နေ၍ နားထောင်ရင်း တော်ဝင် တမန်တော်များ၏ အမူအရာများက တဖြည်းဖြည်း နက်မှောင် လာကြသည်။

သို့သော်လည်း ဝေ့ဝူယင်ကတော့ သူတို့ကို ဆက်လက် ဥပေက္ခာ ပြုထားဆဲ ဖြစ်သည်။

"မကြာခင် ရတနာသိုက်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ စာရင်းနဲ့ ကြမ်းခင်း ဈေးနှုန်းကို ကျုပ် ကြေညာသွားမှာပါ… တကယ်လို့ ခင်ဗျားတို့သာ အမြင့်ဆုံး ဈေးနှုန်းကို ပြိုင်ပေးနိုင်မယ် ဆိုရင် အဲဒီ ပစ္စည်းကို အိပ်ကပ်ထဲ ထည့်ပြီး ပြန်ရုံပါပဲ… ကျုပ်ဘက်ကနေ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ဝှက်ထားမှာ၊ ထိန်ချန်ထားမှာ ခင်ဗျားတို့ စိတ်ပူစရာ လုံးဝ မလိုပါဘူး ကျုပ် အားလုံးကို ရောင်းချပေးမှာပါ… ဒါပေမဲ့ တော်ဝင် သွေးမျိုးဆက်နဲ့ ဆက်စပ်နေတဲ့ ကြယ်သင်္ဘော နဲ့ တော်ဝင် ရတနာတွေလို ပစ္စည်းတွေကိုတော့ ကျုပ်ပဲ ထိန်းသိမ်း ထားရပါလိမ့်မယ်… မဟုတ်ရင် နတ်ဘုရား အရှင် စီတက ကျုပ်ကို အပြစ်ပေးလိမ့်မယ်"

ထို့နောက် ဝေ့ဝူယင်က လူများ၏ စိုးရိမ် ပူပန်မှုများကို ဖျောက်ဖျက် ပစ်ရန် အတွက် ပစ္စည်းများကို ထိန်ချန်ထားလိမ့်မည် မဟုတ်ကြောင်း ဝိညာဉ်ကျိန်စာပါ ကျိန်ဆိုလိုက်၏။

ပြီးသည်နှင့် သူက တောင်ခြေ ရှိရာသို့ ပျံသန်းသွားကာ မြေကြီး ဒြပ်စင် တိုကင် သုံး၍ ဝင်္ကပါကို အသက်သွင်း လိုက်သည်။

ဟူး… ဟူး…

နတ်ဘုရား သင်္ကေတ အတွင်းရှိ မြေကြီး ရည်ရွယ်ချက်များမှ တဟုန်းဟုန်း ထတောက်လာကာ သူနှင့် အပြန်အလှန် ချိတ်ဆက် သွား၏။ ထို့နောက် တောင်ခြေတွင် အလွန် တောက်ပသော အလင်းတန်းကြီး တစ်ခု ပေါ်ပေါက်လာကာ ကောင်းကင်သို့ မြင့်တက် သွားလေသည်။

လူများမှာ ကောင်းကင်ကို ထိုးဖောက် သွားသည့် နတ်ဘုရား အလင်းတန်းကြီးကို မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်နေခဲ့ကြ၏။ ၎င်းက အလွန်ပင် လှပလှကာ ဒဏ္ဍာရီ စာအုပ်များထဲတွင် ပုံဖော် ရေးဆွဲ ထားသည့် ပန်းချီကား တစ်ချပ် အလားပင် ထင်ရသည်။

သူတို့ ကြည့်နေစဉ်မှာပင် အခြား အလင်းတန်း တစ်ခု ထပ်မံ တောက်ပလာကာ တောင်ခြေတွင် ဝင်ပေါက် သဏ္ဍာန် အရာ တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝင်ပေါက်ကို ကြည့်ရင်း လောကသခင်နှင့် အချိန်သခင် အားလုံး၏ မျက်လုံးများက လောဘမီးတောက်များဖြင့် တဟုန်းဟုန်း တောက်လောင်လာ၏။

တစ်ချိန်တည်း၌ တော်ဝင် တမန်တော် များ၏ အမူအရာများက ပိုမို၍ သုန်မှုန်လာကာ ဝေ့ဝူယင်နှင့် လောဘတက် နေသည့် လူအုပ်ကြီးကို တစ်လှည့်စီ စိုက်ကြည့် လိုက်သည်။ သူတို့သည်လည်းပဲ ရတနာသိုက် အတွင်း ရှိနေသည့် ပစ္စည်းများကို လိုချင်နေပေသည်။ သို့သော်လည်း စွန့်စားရမည့် အန္တရာယ်က ကြီးမား လွန်းလှ၏။

မိန်းမငယ်လေးက သက်ပြင်းတစ်ချက် ချလိုက်သည်။

"အဘိုးပြောတာ မှန်တယ်… သူတို့က တစ်ယောက် အခြေအနေကို တစ်ယောက် ကြည့်ပြီး တစ်ယောက် ချော်လဲမယ့် အချိန်ကို တစ်ယောက် စောင့်နေကြတာ"

လူအိုကြီးက ရယ်မောလိုက်၏။

"လူတိုင်းက ကြောက်နေကြတာပဲ"

ရယ်စရာ အကောင်းဆုံး အပိုင်းက ဝေ့ဝူယင်မှာ ဝင်ပေါက်ကို ဖွင့်ကာ ချက်ချင်း မဝင်သေးပဲ မသမာသူများကို လှုပ်ရှားနိုင်ဖို့ အခွင့်အရေး ပေးသည့် အနေဖြင့် တစ်မိနစ်ခန့်မျှ အထိ စောင့်ကြည့် နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကံဆိုးစွာပင် မည်သူ တစ်ယောက်မှ မလှုပ်ရှား ရဲကြချေ။ ဝေ့ဝူယင် စိတ်မကောင်း ဖြစ်သွားမိ၏။ လောကသခင် ရာချီ၏ ကြယ်တာရာ ဖိအားများ အောက်တွင် လူတစ်ယောက် ပေါက်ကွဲသွားပါက မည်ကဲ့သို့ နေမည်ကို သူ အမှန်တကယ်ပင် ကြည့်လို နေခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့ မမြင်ရတော့လည်း တစ်နေ့နေ့ပေါ့လေ…"

ဝေ့ဝူယင် သက်ပြင်း တစ်ချက် ချလိုက်ရင်း တံခါးကို ဦးတည်လိုက်တော့၏။

…

ဟူး… ဟူး…

အထဲသို့ ရောက်လျှင် ရောက်ချင်းပင် မရေမတွက်နိုင်အောင် များပြားလှသည့် ပစ္စည်းများ၊ သေတ္တာများနှင့် လက်နက်များ ပြည့်နှက်နေသည့် ဧရာမ အခန်းကြီး တစ်ခုကို ဝေ့ဝူယင် တွေ့လိုက်ရသည်။

အခန်းအတွင်း လှည့်ပတ် ကြည့်ရှုရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွား၏။

ထိုနေရာ၌ သူ လိုချင်နေသည့် အရာအားလုံး… သူ လိုအပ်နေသည့် အရာ အားလုံး ရှိနေခဲ့ပေသည်။

နတ်ဘုရား ကျောက်စိမ်း ဝိညာဉ်ပြာ…

မဟူရာ ဆေးမြစ်…

အာကာသ ကျောက်စိမ်း သလင်းကျောက်…

သုံးလွှာ ကြယ်တာရာ နယ်မြေတွင် တစ်သက်လုံး ရှာဖွေလျှင်ပင် မတွေ့နိုင်သည့် အလွန် ရှားပါးသော ရတနာများပင် ဤနေရာ၌ ရှိနေခဲ့သည်။

ထို့ထက် ပိုမိုသည်က ဟိုးနောက်ဘက်စွန်းပိုင်းတွင် ရှိနေသည့် မိုင်ပေါင်း ဒါဇင်နှင့်ချီ ကြီးမားလှသည့် အရာဝတ္ထုကြီး တစ်ခု…။

"ကြယ်သင်္ဘော… ဟား… ဟား… "

ဝေ့ဝူယင် အော်ကြီးဟစ်ကျယ်ဖြင့် ဂူတစ်ခုလုံး ဟိန်းအောင် ရယ်မောလိုက်တော့၏။

…

အထဲတွင် ငါးစက္ကန့်မျှသာ ကြာမြင့်ပြီးနောက် ဝေ့ဝူယင် ထွက်ပေါက်မှ ပြန်လည် ထွက်လာခဲ့၏။ ထိုအခိုက်၌ သူ၏ အမူအရာက လုံးဝ ခြားနားသည့် လူတစ်ယောက်လို ပြန်လည် တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ငွေရောင် မျက်လုံးများဖြင့် ရင်ခုန် စိတ်လှုပ်ရှားနေသည့် ပရိသတ်ကြီးကို တစ်ချက် ဝှေ့ကြည့်လိုက်၏။

လဲ့ကလန်၏ တမန်တော်များထံသို့ အရောက်၌ သူ၏ အကြည့်များက စူးရဲလာကာ ရပ်တန့် သွားသည်။ ထို့နောက် သူက အပြင်းထန်ဆုံးသော ဒေါသတရားနှင့် အတူ အော်ဟစ် လိုက်လေတော့သည်။

"အခိုးခံလိုက်ရပြီ… အားလုံး အခိုးခံ လိုက်ရပြီ"

"..."

"..."

"ဘာလဲ…"

အားလုံး၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲ သွားကာ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုနှင့် အံ့သြမှုတို့မှာ အထွတ်အထိပ်ထိ မြင့်တက်သွားလေ၏။

ဝှစ်... ဝှစ်...

ချက်ချင်းပင် များစွာသော ပုံရိပ်များမှာ အမြင့်ဆုံးသော အမြန်နှုန်းကို သုံးကာ တံခါးပေါက် အတိုင်း ပြေးဝင် သွားကြတော့သည်။ သူတို့က စီတ၊ အိယင်၊ ဟုရန် တို့ အပါအဝင် မီးတောက် ကောင်းကင်ဒေသ၊ ဘေးဥပဒ် ပင်လယ်နှင့် လေပြည် လွင်ပြင် ဒေသတို့မှ အချိန်သခင်များပင် ဖြစ်လေသည်။

“ ... “

များစွာသော လူများမှာ ရင်များ တဒိုင်းဒိုင်း ခုန်နေကြလေသည်။ ဝေ့ဝူယင် ပြောသော စကားက အမှားကြီး ဖြစ်ပါစေဟု သူတို့ ဆုတောင်းနေမိကြ၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အချိန်သခင်များမှာ ပြန်လည် ထွက်ပေါ်လာကြ၏။ သူတို့၏ အမူအရာများက နက်မှောင်နေကာ အလွန်အမင်း ဒေါသထွက် နေကြပုံ ရလေသည်။

“ဘယ်သူလဲ..”

စီတက သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသည့် အသံဖြင့် အရူးတစ်ပိုင်း အော်ဟစ်လိုက်၏။ ဝေ့ဝူယင်က ပစ္စည်းများကို ကုန်သွယ်ပေးဖို့ ဆုံးဖြတ်ခဲ့သည် ဆိုသော်လည်း ထိုအရာက ထိုက်တန်သည့် အဖိုးအခကိုတော့ ပြန်ရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုက ဘာတစ်ခုမှ မကျန်အောင် အရာအားလုံး ဆုံးရှုံးသွားခြင်း ဖြစ်သည်။

အချိန်သခင်များမှာ မျက်မှောင်များ ကြုတ်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ဝေ့ဝူယင်မှာ ထိုအကြည့်များကို ခံစားမိရာ သူ့အမူအရာက သာ၍ နက်မှောင်သွားသည်။ သူ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် အိယင်က ဝင်ရောက် ပြောလိုက်၏။

“တော်ဝင် သားတော်က စောစောကလေးတင် အားလုံးရှေ့မှာ ဝိညာဥ်ကျိန်စာကို ကျိန်ဆိုထားတာ... နောက်ပြီး သူရော၊ ငါတို့ ပျက်သုဥ်းခြင်း နယ်မြေသားတွေရော ဒီနေ့မတိုင်ခင် အထိ တစ်ယောက်မှ ရတနာသိုက်ကို ဖွင့်ကြည့်ဖူးတာ မဟုတ်ဘူး... အဲဒီ ကိစ္စကို နင်တို့ လွှတ်ထားတဲ့ သူလျှိုတွေ အသိဆုံး‌ နေမှာပါ”

သူမက တည်ငြိမ်စွာပင် ဝေ့ဝူယင်ကို အပြည့်အဝ ကာကွယ်ပေးမည့် ပုံံစံဖြင့် ရပ်လိုက်၏။ သူမ အတွက် ရတနာသိုက် ဗလာ ဟင်းလင်း ဖြစ်နေသည်ထက် ပို၍ အရေးကြီးသည်က ဝေ့ဝူယင်၏ အသက် အန္တရာယ် လုံခြုံဖို့ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူက တော်ဝင် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် တော်ဝင် သားတော် တစ်ယောက် မဟုတ်ပါလား။

အခြားလူများမှာ ဝေ့ဝူယင်ကို ဝိညာဥ်အာရုံဖြင့် သေချာ စစ်ဆေး လိုက်ကြ၏။ သူက မည်သည့် ဟင်းလင်းပြင် လက်စွပ်ကိုမှ ဝတ်ဆင် မထားသလို ပစ္စည်းများ ထည့်သွင်း သိမ်းဆည်းနိုင်သည့် မည်သည့် ရတနာမျိုးကိုမှလည်း သယ်ဆောင်ထားခြင်း မရှိချေ။ ထို့အပြင် သူ ဂိတ်တံခါးကို ဖြတ်သန်း၍ ဝင်ရောက်သွားသည့် အချိန်က ငါးစက္ကန့်မျှသာ ကြာမြင့်ပေသည်။ ၎င်းက မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် ဧရာမ အခန်းကျယ်ကြီးထဲမှ ပစ္စည်းများကို သိမ်းဆည်းရန် လူတစ်ယောက် အတွက် လုံလောက်သည့် အချိန် မဟုတ်ချေ။

လူအားလုံး၏ နှလုံးသားများက တဆစ်ဆစ် နာကျင် ကိုက်ခဲလာခဲ့၏။ မည်ကဲ့သို့ ဖြစ်သွားရသနည်း။ မည်သူက ထိုကဲ့သို့ လုပ်သွားသနည်း။

***

All Chapters