ပြင်းထန်သော စွပ်စွဲမှု
Vol. 33 Ch. 455
လူအုပ်ကြီးမှာ အံ့သြကာ မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။ အားလုံး အလိုရှိနေသည့် ရတနာများမှာ မည်သည့် နေရာသို့ ရောက်ရှိသွားသနည်း။ ထိုအရာက တကယ်လော... သို့မဟုတ် အချိန်သခင်များနှင့် ဝေ့ဝူယင် ပူးပေါင်းထားသည့် လိမ်ဆင်ကြီးလော။ အချို့ သံသယ လွန်ကဲတတ်သည့် လူများမှာ ကံကောင်းမှုကို စမ်းသပ်သည့် အနေဖြင့် ပွင့်နေသည့် ဝင်ပေါက် အတွင်း ပြေးဝင် သွားကြသည်။ အချိန်သခင်များမှာ သူတို့ကို တားဆီးခြင်း မပြုပဲ ကိုယ်ပိုင်မျက်လုံးများနှင့် ကြည့်ရှုစေရန် အတွက် သည်အတိုင်း လွှတ်ပေးထားလိုက်ကြ၏။
မကြာခင်မှာပင် ထိုလူအားလုံးမှာ တစ်ယောက်ပြီး တစ်ယောက် သုန်မှုန်ကာ ဒေါသထွက်နေသည့် အကြည့်များဖြင့် ပြန်လည် ထွက်လာခဲ့ကြသည်။
“ဘယ်သူလဲ...”
တော်ဝင် ကလန်နှစ်ခု၏ တမန်တော်များမှာ ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေခဲ့၏။ သူတို့သည်လည်းပဲ အခြားလူများ ကဲ့သို့ပင် အလွန် အံ့အားသင့်နေပုံ ပေါ်သည်။
အားလုံးထဲတွင် လဲ့ကလန်၏ တမန်တော် တစ်ယောက် သာလျှင် အမူအရာ အနည်းငယ် ကွဲပြားကာ စိတ်မသက်မသာ ဖြစ်နေပုံ ပေါ်၏။ ဝေ့ဝူယင်က သူ့ကို ဒေါသမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေကာ အကြည့် တစ်ချက်ပင် လွှဲဖယ်ခြင်း မရှိချေ။ ထိုမြင်ကွင်းက လျှင်မြန်စွာပင် လူအားလုံး၏ စိတ်ဝင်စားမှုကို စတင် ဆွဲဆောင်သွားသည်။
စီတက မျက်မှောင်ကြုတ်လိုက်ရင်း ဝေ့ဝူယင်၏ အကြည့်အတိုင်း တမန်တော်ကို လိုက်လံ ကြည့်လိုက်၏။ တော်ဝင်သားတော်က အဘယ်ကြောင့် ထိုကဲ့သို့ ကြည့်နေရသနည်း။
မကြာခင် ထိုအကြည့်က အခြားလူများထံကိုပါ ဗိုင်းရပ်စ်ပိုး တစ်ခုလို ပျံ့နှံ့ ကူးစက်သွားသည်။ လဲ့ကလန် တမန်တော်မှာ ပို၍ စိတ်မသက်မသာ ဖြစ်လာခဲ့၏။
“ပြဿနာ တစ်ခုခု ရှိလို့လား မဟာမြေကြီး တော်ဝင်သားတော်”
ဘေးနားရှိ အခြား တမန်တော်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ အစွန်းလေးဖက် လောကနယ်မြေတွင် တော်ဝင် သားတော် နှစ်ယောက် ရှိပြီး ဝေ့ဝူယင်မှာ မြေကြီး ဒြပ်စင် နတ်ဘုရား သင်္ကေတကို ကိုင်ဆောင် ထားခြင်းကြောင့် ထိုကဲ့သို့ ရည်ညွှန်း လိုက်ခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်၏ အကြည့်များက ပိုမို နက်ရှိုင်းလာကာ ငွေရောင် မျက်လုံးများ အတွင်းရှိ အလင်းစများမှာ ပြင်းထန်သည့် သတ်ဖြတ်ခြင်း အငွေ့အသက်များ အဖြစ် ပြောင်းလဲသွား၏။
“မင်းရဲ့ ဟင်းလင်းပြင် လက်စွပ်ပေးစမ်း”
ဒေါသတကြီး အော်ဟစ်သံနှင့် အတူ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုမှာ သူ့ ခန္ဓာကိုယ်တွင် ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထို့နောက် သူက အလွန် လျှင်မြန်သော အရှိန်နှင့် လဲ့ကလန် တမန်တော် ရှိရာကို ပြေးဝင် သွားလေတော့သည်။
သို့သော်လည်း... လဲ့ကလန် တမန်တော်မှာ လောကီမျက်လုံး (အချိန်သခင်) အဆင့် တစ်ယောက် ဖြစ်ရာ ပိုမို မြန်ဆန်စွာပင် တုန့်ပြန်လိုက်နိုင်သည်။ သူက လက်ဝါး တစ်ဖက်ကို ဆန့်ထုတ်ကာ ဝေ့ဝူယင်ကို ဆီးကြိုလိုက်၏။
ဘုန်း...
လက်ဝါးက ရင်ဘတ်တည့်တည့်ကို ထိမိသွားရာ ဝေ့ဝူယင်မှာ နောက်သို့ လွင့်ပျံကာ ပြုတ်ကျသွား၏။ သူ၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျကာ ဘောလုံးတစ်လုံးလို ဒလိမ့်ခေါက်ခွေး လွင့်စဥ် သွားသည်။ လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန် အံ့အားသင့် သွားကြ၏။
“မလုပ်နဲ့...”
စီတက ရူးသွပ်စွာ အော်ဟစ်လိုက်၏။
“တော်ဝင် သားတော်...”
တစ်ချိန်တည်း၌ အိယင်၏ မျက်လုံးများက စိုးရိမ်စိတ်များနှင့် ပြည့်နှက် နေသည်။
ထို့နောက် သူတို့ နှစ်ယောက်စလုံးမှာ လဲ့ကလန် တမန်တော်နှင့် လဲကျနေသည့် ဝေ့ဝူယင် ရှိရာကို တစ်ယောက်စီ လမ်းကြောင်းခွဲကာ ပြေးဝင် သွားကြတော့၏။ စီတ၏ ဦးတည်ရာကတော့ လဲ့ကလန် တမန်တော်ပင်။
ဘုန်း...
ပျက်သုဥ်းခြင်း ရည်ရွယ်ချက်များမှာ စီတ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းတို့က ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းရင်း ထူထပ်သည့် ပိုက်ကွန် တစ်ခုလိုမျိုး ရန်သူ အပေါ် လွှမ်းခြုံသွားသည်။
ဘုန်း...
လဲ့ကလန် တမန်တော်က လျှင်မြန်စွာပင် ခရမ်းရောင် လျှပ်စီး အလင်းတန်းများကို ထုတ်ဖော်ရင်း စီတ၏ ပျက်သုဥ်းခြင်း ရည်ရွယ်ချက်များကို ခုခံလိုက်၏။
ဘုန်း...
ပြင်းထန်သည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာရာ ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာမှာ စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှု ဒဏ်ကို ပြင်းထန်စွာ ခံလိုက်ရသည်။ ကျင့်ကြံခြင်း အဆင့် နိမ့်ပါးသူ အချို့ဆိုလျှင် သေလုနီးပါး အထိပင် ဖြစ်သွားကြ၏။
“နင်တို့ ဒါ ဘာလုပ်တာလဲ...”
လဲ့ကလန်၏ အခြား တမန်တော် တစ်ယောက်က အော်ဟစ်လိုက်ရင်း တိုက်ပွဲအတွင်း ဝင်ရောက်လာ၏။ တဖျစ်ဖျစ် အက်ကွဲသံများနှင့် အတူ ခရမ်းရောင် လျှပ်စီး အင်အားများမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ် လာကာ စီတဆီ ပြင်းထန်စွာ ဝင်ရောက် သွားသည်။
ဘုန်း... ဘုန်း...
ချက်ချင်းပင် တိုက်ပွဲကြီး တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။ နှစ်ယောက် တစ်ယောက် တိုက်ခိုက် နေရသည့်တိုင် စီတမှာ မီးခိုးရောင် ဓားရှည်နှင့် အထက်စီးမှ နေနိုင်နေဆဲ ဖြစ်သည်။ သူမက
အဆက်မပြတ် ဖိကာ တိုက်ခိုက်ခံရမှုနှင့် အတူ လဲ့ကလန် တမန်တော် နှစ်ယောက်၏ အမူအရာများက တဖြည်းဖြည်း ပျက်ရွင်းလာကြ၏။ စီတမှာ ပျက်သုဥ်းခြင်း ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားရာ ယခုလို ပတ်ဝန်းကျင်မျိုးတွင် သူမကို ရင်ဆိုင်ရသည်က အလွန်အမင်း ခက်ခဲလှသည်။
“သူက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ...”
လဲ့ကလန် တမန်တော် နှစ်ယောက်မှာ အဆက်မပြတ် နောက်ကို ဆုတ်လိုက်ကြရင်း ခံစစ်ကို ပိုမို တိုးမြှင့် လိုက်ကြသည်။ ထိုကြားထဲမှပင် မီးခိုးရောင် ဓားမှာ တမန်တော် တစ်ယောက်၏ လက်မောင်းကို ထိသွားရာ ပြတ်ရှရာ တစ်ခုလုံးမှာ ချက်ချင်း ခြောက်သွေ့သွား၏။
ပျက်သုဥ်းခြင်း စွမ်းအင်များမှ ထိုပြတ်ရှရာမှတစ်ဆင့် လက်မောင်း တစ်လျှောက် ပျံ့နှံ့၍ ခန္ဓာကိုယ်ထဲထိ ဝင်ရောက်လာလေရာ တမန်တော်မှာ ချက်ချင်းပင် လက်မောင်းကို ဖြတ်ချလိုက်ရလေ၏။ သူတို့ နှစ်ယောက် စလုံး၏ အမူအရာများက ဖြူရော်သွားကြသည်။
“ခဏနေကြပါဦး...”
ရှန်းကလန် တမန်တော်များ အပါအဝင် အချိန်သခင် အချို့မှာ တိုက်ပွဲအတွင်း ဝင်ရောက် လာကြသည်။ သူတို့က စီတနှင့် လဲ့ကလန် တမန်တော်များ၏ ရှေ့မှ ပိတ်ရပ်ကာ ရန်ပွဲကို တားဆီးလိုက်ကြ၏။ စီတက အေးစက်စက် နှာခေါင်း တစ်ချက် ရှုံ့ကာ ဝေ့ဝူယင် ဘက်ကို ပြန်လည် လှည့်လိုက်၏။
ထိုအချိန်၌ အိယင်မှာ ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိနေကာ ကြယ်တာရာ အင်အားများကို ထုတ်လွှတ်ရင်း ရင်ဘတ်မှ ဒဏ်ရာကို ပြန်လည် ကုသ၍ပင် ပေးနေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်က ချောင်းခြောက် အချို့ ဆိုးလိုက်ရင်း မီးခိုးရောင် သွေးစများကို အန်ထုတ်လိုက်၏။ မျက်နှာက အလွန်အမင်း ဖြူရော်နေသည့်တိုင် သူက ဆက်လက် အသက်ရှင်နေဆဲ ဖြစ်သည်။
တူညီစွာပင်... အိယင်၏ မျက်နှာတစ်ခုလုံးမှာလည်း ဖြူရော်နေ၏။ ဘဝတွင် သူစိမ်း တစ်ယောက် သေဆုံးသွားမည်ကို ပထမဆုံး အကြိမ် အဖြစ် သူမ အလွန်အမင်း စိုးရိမ်နေမိခြင်း ဖြစ်သည်။ ဝေ့ဝူယင်၏ သေလုဆဲဆဲ အခြေအနေကို ကြည့်ရင်း သူမ၏ နှလုံးသား တစ်ခုလုံးမှာ အမှောင်ထုကြီး တစ်ခုထဲ ကျဆင်းသွားသလို သူမ ခံစားနေရ၏။
ထိုအခိုက်၌ ခံစားချက်များက တစ်ခုခု မှားယွင်းနေခဲ့ပြီ ဖြစ်ကြောင်း အိယင် သိလိုက်သည်။ ဝေ့ဝူယင်က ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့ချိန်တွင် သူမက နှလုံးသား တစ်ခုလုံးကိုပါ ပုံကာ ပေးလိုက်မိသည်လား။
ဝေ့ဝူယင်၏ နှုတ်ခမ်း ထောင့်စွန်းမှ မီးခိုးရောင် သွေးစများကို မြင်လိုက်ရသော အခိုက်၌ စီတ၏ သတ်ဖြတ်လိုစိတ်မှာ တဖန် ပြန်လည်ကာ မြင့်တက်လာ၏။ သို့သော်လည်း သူမ ရင်ထဲတွင် အံ့အားသင့်မှု အရိပ်အငွေ့ အချို့ ရှိနေခဲ့ပေသည်။ လောကီမျက်လုံး အဆင့် တစ်ယောက်၏ အနီးကပ် တိုက်ခိုက်မှုကို ခံခဲ့ရသည့်တိုင် ဝေ့ဝူယင်မှာ အသက်ဆက်ရှင် နိုင်ခဲ့သည်။ ၎င်းက အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက် အတွက် ဘယ်လိုမှ မဖြစ်နိုင်သည့် အရာမျိုး ဖြစ်သည်။
တစ်ချိန်တည်း၌ ရှန်းကလန်၏ တမန်တော်များမှာ ပျက်သုဥ်းခြင်း နယ်မြေသားများ၏ တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေပုံကို ကြည့်ရင်း အလွန် ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သဘောပေါက် လိုက်သည်။ သူတို့က အသက်များကိုပင် ပဏာမ မထားပဲ မုန်တိုင်းအတွင်း ခြေစုံပစ် ဝင်ရောက်ရန် အဆင့်သင့် ဖြစ်နေကြပုံ ပေါ်သည်။
ရှန်းကလန် တမန်တော်များထဲမှ ဆံပင်ရှည်များနှင့် မိန်းမလှလေး တစ်ယောက်မှာ ရှေ့သို့ တက်လာခဲ့၏။ ထို့နောက် သူမက ပျော့ပျောင်း ညင်သာစွာပင် စကားပြောလိုက်သည်။
“မဟာမြေကြီး တော်ဝင်သားတော်က ဘာကြောင့် ဒီလောက် ဒေါသထွက်နေရတာလဲ ဆိုတာ ကျွန်မ မေးလို့ ရမလား... ဝင်စွက်ဖက်တဲ့ သဘောမျိုး မဟုတ်ပေမဲ့ တော်ဝင် သားတော်ရဲ့ မကျေနပ်ချက်ကို ကျွန်မတို့ ဝိုင်ပြီး ဖြေရှင်းကောင်း ဖြေရှင်း ပေးနိုင်ပါလိမ့်မယ်”
“ထွီ...”
ဝေ့ဝူယင်က မီးခိုးရောင် သွေးတစ်လုတ်ကို ဒေါသတကြီး ထွေးပစ်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများကတော့ ဒေါသအလင်းများဖြင့် ဆက်လက် ကျွမ်းလောင်နေဆဲ ဖြစ်သည်။
“မကျေနပ်ချက် ဟုတ်လား... ကျုပ် မကျေနပ်တာကိုပဲ ခင်ဗျားတို့က ခေါင်းစဥ် တပ်တာလား... ဒီက လူတွေ အားလုံး အတွက်ရော ခင်ဗျားက ဘာမှ ထည့်မစဥ်းစားပေးဘူးလား... ခင်ဗျားတို့ အားလုံး ဒီကို ရောက်လာကြတဲ့ အကြောင်းရင်းက ဘာလဲ”
ရှင်းကလန်၏ တမန်တော် မိန်းကလေးမှာ အနည်းငယ် အူကြောင်ကြောင် ဖြစ်သွား၏။
“မဟာမြေကြီး တော်ဝင် သားတော်... ကျွန်မ သိပ်နားမလည်ဘူး”
အမှန်အတိုင်း ဝန်ခံရလျှင် မိန်းကလေးသာ သာမက မည်သူမှ ဝေ့ဝူယင် လဲ့ကလန် အပေါ် တိုက်ခိုက်ရသည့် အကြောင်းရင်းကို နားမလည်ကြချေ။
သို့သော်လည်း... လွန်ခဲ့သည့် ရက်ပိုင်း အတွင်းတွင် ဝေ့ဝူယင်ကို လဲ့ကလန်က ဆန့်ကျင်ရန် ပြင်ဆင်နေသည် ဆိုသည့် သတင်းများတော့ ပျံ့နှံ့လာခဲ့ဖူးသည်။ သူတို့က အရူးများ မဟုတ်ကြရာ ဝေ့ဝူယင်နှင့် လဲ့ကလန်ကြားတွင် ပြဿနာ တစ်ခုခုတော့ ကျိန်းသေ ရှိနေပြီ ဖြစ်ကြောင်း နားလည် လိုက်ကြပေသည်။
“ခင်ဗျားတို့ ခုထိ နားမလည်သေးကြဘူးလား... ဒါဆိုလည်း ကျုပ် ရှင်းပြရတာပေါ့”
ဝေ့ဝူယင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်သော မျက်လုံးများဖြင့် လဲ့ကလန် တမန်တော်ကို လှမ်းကာ ကြည့်လိုက်၏။
“မင်းက တကယ်ပဲ ရူးနေတာ ဖြစ်ရမယ်... ငါ့သွေးမျိုးဆက်နဲ့ တိုက်ရိုက် ချိတ်ဆက်နေတဲ့ ပစ္စည်းတွေကိုမှ ခိုးရဲရတယ်လို့... မင်းဆီမှာ အဲဒီ ပစ္စည်းတွေ ရှိနေတယ် ဆိုတာ ငါ ဘာမှ မသိဘူးလို့ ထင်နေတာလား... ငါ့ကို လွယ်လွယ်နဲ့ လှည့်စားလို့ ရတဲ့ အရူးတစ်ယောက်လို့ မင်းက တွေးနေတာလား”
***