ပြင်းထန်သော စွပ်စွဲမှု (၂)
Vol. 33 Ch. 456
“ ... “
လဲ့ကလန် တမန်တော်မှာ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားခဲ့၏။ ဝေ့ဝူယင် ဆိုလိုသည့် အဓိပ္ပာယ်ကို သူ လုံးဝ နားမလည်နိုင်ချေ။
“သူ့ရဲ့ ပစ္စည်းတွေကို ငါက ခိုးထားတာလား... ဘယ်တုန်းကလဲ... ဘယ်လို ခိုးလိုက်တာလဲ”
ပြဿနာ ရင်းမြစ်ကို ပြန်လည် တွေးတော ကြည့်လိုက်တော့ ဝေ့ဝူယင်က သူ့ကို တစ်ချိန်လုံး စူးစိုက်ကြည့်ကာ ဟင်းလင်းပြင် လက်စွပ်အား စစ်ဆေးခွင့် တောင်းခံခဲ့သည်ကို ပြန်လည် အမှတ်ရလိုက်မိသည်။ လဲ့ကလန် တမန်တော်မှာ ကိုယ့်ကိုယ်ကိုပင် ပြန်လည် သံသယ ဝင်လာခဲ့မိ၏။ မည်သည့် အရာများ ဖြစ်ပျက်ကုန်သည်ကို သူ ကိုယ်တိုင်ပင် လိုက်မမှီနိုင်တော့ချေ။
စီတက မျက်မှောင်ကြုတ်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“တော်ဝင်သားတော် ပြောချင်တာက ဒီရတနာသိုက်ထဲက ရင်းမြစ်တွေကို လဲ့ကလန်က ခိုးသွားတယ် လို့လား”
ဝေ့ဝူယင်က ပြန်မဖြေချေ။ ထို့အစား သူက မြေကြီး ဒြပ်စင် တိုကင်ကို ထုတ်ယူလိုက်ရာ အလင်းတန်း တစ်ခုမှာ ကောင်းကင်ဆီ မြင့်တက်သွား၏။ အားလုံး၏ အကြည့်များ အောက်တွင်ပင် ထိုအလင်းတန်းက လဲ့ကလန် အဖွဲ့ ရှိရာဆီသို့ ထိုးစိုက် ကျဆင်းသွားသည်။
“သူခိုးတွေ...”
ဝေ့ဝူယင်က လက်ညိုးထိုးရင်း အသံကုန် အော်ဟစ်လိုက်၏။ သူ၏ တစ်ကိုယ်လုံးက ဒေါသကြောင့် တုန်ရီ၍ပင် နေသည်။
“မဖြစ်နိုင်တာ... မဟာမြေကြီး ရတနာသိုက်ထဲက ရင်းမြစ်တွေကို ငါတို့ ဘယ်တုန်းကမှ မယူခဲ့ဘူး”
လဲ့ကလန် တမန်တော်က အလွန်အမင်း ထိတ်လန့်သွားကာ ငြင်းဆန်ရန် ကြိုးစားလိုက်၏။ တော်ဝင်သားတော်၏ စွပ်စွဲမှုက အလွန်အမင်း ကြီးလေးကာ ပျက်သုဥ်းခြင်း နယ်မြေတစ်ခုလုံးနှင့် ရန်သူ ဖြစ်သွားနိုင်သည့် ကိစ္စမျိုး ဖြစ်သည်။ အကယ်၍ သူတို့ ခိုးခဲ့လျှင် ကိစ္စ မရှိချေ။ ယခုက...
“လူလိမ်...”
လူအုပ်ထဲရှိ လဲ့ကလန်အား မုန်းတီးနေသည့် တစ်ယောက်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ ထပ်လောင်း စွပ်စွဲမှုက အခြားလူများ၏ သံသယများအား မီးလောင်ရာ လေပင့်လိုက်သလိုပင်။
"လဲ့ကလန်က အကုန် သူခိုးတွေချည်းပဲ... ငါတို့ သေချာ စစ်ဆေးပြီးပြီ... ပစ္စည်းတွေက လွန်ခဲ့တဲ့ ရက်ပိုင်းက အခိုးခံခဲ့ရတာ မဟုတ်ဘူး... ခုလေးတင် ယူသွားတဲ့ ခြေရာလက်ရာတွေချည်းပဲ... သူတို့က ငါတို့ မျက်စိရှေ့တင် ပစ္စည်းတွေကို ခိုးသွားခဲ့တာ”
အချိန်သခင် တစ်ယောက်က အော်ဟစ်လိုက်၏။ တော်ဝင် သားတော်မှာ ရတနာသိုက် တံခါးကို ဖွင့်ပြီးလျှင် ပြီးချင်း တစ်မိနစ်ခန့် အထိ အားလုံးရှေ့တွင် စောင့်ဆိုင်းနေခဲ့သေးသည်။ လဲ့ကလန်သားများမှာ ထိုအတောအတွင်း ပြစ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်သည်။
ရတနာသိုက်ထဲကို ပထမဆုံး ဝင်ရောက်သူ အနေဖြင့် ဝေ့ဝူယင်ကို သံသယ ရှိကောင်း ရှိနိုင်သော်လည်း သူက အားလုံး၏ ရှေ့တွင် ဝိညာဥ်ကျိန်စာကို အတိအလင်း ကျိန်ဆိုထားသူ ဖြစ်သည်။ လိမ်ညာခဲ့လျှင် သူ၏ ဝိညာဥ်မှာ ကောင်းကင်တာအို၏ လွှမ်းမိုးမှု အောက်တွင် ကြွေလွင့်နေရလောက်ပြီ ဖြစ်သည်။
နောက်ပြီး ပျက်သုဥ်းခြင်း နယ်မြေသားများမှာ သူတို့၏ ဆန်းကြယ် အရှင် တစီကို အလွန် ရိုသေ ကိုင်းရှိုင်းကြသူများ ဖြစ်သည်။ ဘာသာရေး စည်းမျဥ်းများကို ဖောက်ဖျက်၍ ဘယ်တော့မှ ပစ္စည်းများ ခိုးယူလိမ့်မည် မဟုတ်ချေ။
ထိုထက်ပို၍ ပြောရလျှင် အစွန်းလေးဖက် လောကနယ်မြေတွင် နတ်ဘုရား တစ်ပါးအား ဆန့်ကျင်ရန် သတ္တိမျိုးကို ပိုင်ဆိုင်ထားသည့် အဖွဲ့ နှစ်ဖွဲ့သာ ရှိ၏။
သူတို့က တော်ဝင်ကလန်များပင်။
“ငါတို့ ဘာမှ မခိုးဘူး...”
အားလုံး၏ ယိုးစွပ်သည့် မျက်လုံးများကို ကြည့်ရင်း လဲ့ကလန် တမန်တော် နှစ်ယောက်က အထိတ်တလန့်ပင် ငြင်းဆန်လိုက်၏။ သို့သော်လည်း လူများမှာ မည်ကဲ့သို့ ယုံကြည်လိမ့်မည်နည်း။
“ဒါဆို မင်းတို့ရဲ့ သိုလှောင် လက်စွပ်တွေ ငါတို့ကိုပြ...”
ဟုရန်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။ ပျက်သုဥ်းခြင်း နယ်မြေသား တစ်ယောက် အနေဖြင့်ရော၊ လူသား တစ်ယောက် အနေဖြင့်ပါ သူ့တုန်ပြန်မှုက အားလုံးထဲတွင် အပြင်းထန်ဆုံး ဖြစ်သည်။
လဲ့ကလန် တမန်တော်မှာ လက်စွပ်ကို ချွပ်ကာ ပြရန် ဟန်ပြင်လိုက်သော်လည်း သူ့ထံသို့ တည့်တည့် ကျဆင်းလာသည့် နတ်ဘုရား သင်္ကေတ၏ အလင်းတန်းကို ပြန်လည် သတိရသွားသော အခိုက်၌ အနည်းငယ် တုန့်ဆိုင်းသွားသည်။ အကယ်၍ မဟာမြေကြီး တော်ဝင် သွေးမျိုးဆက်နှင့် ပတ်သက်နေသည့် ပစ္စည်း တစ်ခုခု သူ့ထံသို့ ရောက်ရှိနေလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။
လဲ့ကလန် တမန်တော်၏ အမူအရာက ပိုမို၍ အကျည်းတန်လာ၏။ နတ်ဘုရား သင်္ကေတက အဘယ်ကြောင့် သူ့ကို ညွှန်ပြရသနည်း။ သူ ချီတုံချတုံ ဖြစ်နေစဥ်မှာပင် ဝေ့ဝူယင်၏ အမိန့်ပေးသံက ကောင်းကင် တစ်ခုလုံးကို ပေါက်ကွဲကာ ထွက်ပေါ်လာတော့၏။
“သူတို့ ထွက်ပြေးဖို့ ကြံနေပြီ... အားလုံး ဝိုင်းထားလိုက်ကြ”
“ဘာလဲ...”
လဲ့ကလန် တမန်တော်များမှာ ခေါင်းနပန်း ကြီးသွားကြ၏။ သူတို့က ဘယ်တုန်းက ထွက်ပြေးဖို့ ကြံစည်ခဲ့လို့နည်း။ သို့သော်လည်း... အရာရာကား နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
သူတို့ ဖြေရှင်းချက် တစ်စုံတစ်ရာ မပေးနိုင်ခင်မှာပင် ဆင်ခြင်တုံ တရား ကင်းမဲ့စ ပြုနေသည့် လူအုပ်ကြီးမှာ ဝေ့ဝူယင်၏ အမိန့်အတိုင်း စတင် လှုပ်ရှားလာကြ၏။
ဘုန်း... ဘုန်း...
တစ်ချိန်တည်း၌ ပျက်သုဥ်းခြင်း နယ်မြေမှ မဟာဘုရင်များမှာ တညီတညွှတ်တည်းပင် လောကနယ်မြေများကို ဖြန့်ကျက်ကာ လဲ့ကလန် တမန်တော်များကို စက်ဝိုင်းပတ် သဏ္ဍာန် ဝန်းရံလိုက်ကြ၏။ အဖြစ်အပျက်များကို သိပ်နားမလည်နိုင်ကြသည့်တိုင် ရတနာသိုက်ထဲမှ ရင်းမြစ်များကို လဲ့ကလန် ယူဆောင်၍ ထွက်ပြေးသွားမည်ကို သူတို့ စိုးရိမ် နေမိကြသည်။
“အာကာသ သင်္ဘောကိုလည်း တားကြ...”
ဝေ့ဝူယင်က ထပ်မံ အော်ဟစ်လိုက်၏။ ပြောသလောက်သာ အကန့်အသတ်ဖြင့် လိုက်လုပ်တတ်သည့် မဟာ ဘုရင်များကို သူ စိတ်ထဲမှ ကြိတ်ကာ စိတ်ပျက်နေမိသည်။
ကံကောင်းထောက်မစွာပင် သူ၏ နောက်ဆက်တွဲ အမိန့်ပေးသံက အချိန်သခင်များ၏ ရင်ထဲမှ သံသယများကို နိုးကြားမှုများ အဖြစ် ပြောင်းလဲပစ်လိုက်နိုင်သည်။ အချိန်သခင် အချို့မှာ ချက်ချင်းပင် ရောင်စုံအလင်းတန်းများ အဖြစ် ပြောင်းလဲလိုက်ကြကာ ယာဥ်ပျံကြီးကို အဖက်ဖက်မှ ဝန်းရံလိုက်ကြ၏။
အချိန်သခင်များပင် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားနေပြီ ဖြစ်ရာ အခြားလူများမှာ မည်ကဲ့သို့ ငြိမ်နေကြမည်နည်း။ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် သောင်းချီသော ကျင့်ကြံသူများမှာ လဲ့ကလန် တမန်တော်များနှင့် ယာဥ်ပျံကို အထပ်ထပ် ဝန်းရံထားကြပြီး ဖြစ်လေသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ...”
စီတကြောင့် လက်မောင်း တစ်ဖက် ဆုံးရှုံးထားသည့် တမန်တော်က ခံပြင်းစွာ အော်ဟစ်လိုက်၏။ ဒေါသတရားနှင့် အတူ လောကီမျက်လုံး အဆင့် အော်ရာက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာသော်လည်း အချိန်သခင် များစွာ၏ အထပ်ထပ် ဝန်းရံထားမှုအောက်တွင် ဖိနှိပ်ခံရကာ ပြန်လည် ပျောက်ကွယ်သွားသည်။ စက်ဆုပ် ရွံရှာဖွယ်ကောင်းသည့် မစင်များကို အတင်းအကြပ် စားနေရသကဲ့သို့ သူ၏ အမူအရာက ပိုမို၍ အကျည်းတန်လာခဲ့၏။
တော်ဝင်ကလန်များမှာ ဘယ်တုန်းက ထိုမျှလောက် စော်ကားခံရသည် အထိ နိမ့်ကျသွားရသနည်း။ ရှန်းကလန်မှ တမန်တော် မိန်းကလေးမှာ တည်ငြိမ်ရန် ကြိုးစားနေသော်လည်း သူမ၏ မျက်ခုံးနှစ်ခုက ဒေါသဖြင့် အနည်းငယ် တွန့်ကွေးနေသည်။ ဤကိစ္စအားလုံး၏ တရားခံက လဲ့ကလန် ဆိုသည်ထက် တော်ဝင်သားတော်သာ ဖြစ်ကြောင်း သူမ ရှင်းလင်းစွာပင် ခံစားမိနေသည်။
“မဟာမြေကြီး တော်ဝင်သားတော်... ဒါက ဘာအဓိပ္ပာယ်လဲ... ကျွန်မတို့ ရှန်းကလန်က လဲ့ကလန် ကိုယ်စား ဒီကိစ္စကို ရှင်းပြပေးဖို့ တောင်းဆိုတယ်”
သူမက တင်းမာစွာပင် ဆိုလိုက်၏။ ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း သူမကို လှည့်ကြည့်လိုက်သည်။
“ဘာအဓိပ္ပာယ်လဲ ဟုတ်လား... ဘာအဓိပ္ပာယ် ရမှာလဲ... ငါတို့ဆီက ပစ္စည်းတွေကိုလည်း ခိုးသေးတယ်... ဒါတောင် ဒီလို မေးခွန်းမျိုး ထပ်မေးရဲသေးတယ်ပေါ့... ထွီ...”
ဝေ့ဝူယင်က ရွံရှာစွာဖြင့် တံထွေး တစ်ချက် ထွေးလိုက်၏။ ခံပြင်းဒေါသများနှင့် ထုံးလွှမ်းနေသည့် သူ၏ စကားလုံးများက တော်ဝင် ကလန်များအား မြင်ပြင်းကတ်နေသည့် နယ်မြေလေးခုမှ လူများ၏ ဒေါသများကို မီးလောင်ရာ လေပင့်လိုက်သလိုပင်။
“ဖြေရှင်းချက် ဟုတ်လား... ဖြေရှင်းချက် ပေးရမျာက ဘယ်သူလဲ... ပစ္စည်းခိုးပြီး ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မင်းတို့လား... ငါတို့လား...”
ဟုရန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “မင်းတို့” ဆိုသည့် အသုံးအနှုန်းက ရှန်းကလန်မှ လူများ၏ အမူအရာများကို အကြီးအကျယ် ပျက်ရွင်းသွားစေသည်။
“ဟုန်ရု... နင့်ရဲ့ အသုံးအနှုန်းကို ပြင်လိုက်ရင် ကောင်းမယ်... ခုထိ ငါတို့ ရှန်းကလန်က ကြားဝင် ဖြေရှင်းပေးဖို့ ကြိုးစားနေတာ... သိပ် လွန်မလာနဲ့”
မိန်းကလေးက တင်းမာစွာ ပြန်လည် ပြောဆိုလိုက်၏။ ဝေ့ဝူယင်က အခြေအနေကို ကြည့်ရင်း ကိစ္စများကို ထိုထက် ပိုမို၍ ရှုပ်ထွေးခွင့် မပြုတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူက လဲ့ကလန် တမန်တော်ဘက်ကို လှည့်ရင်း ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။
“မင်းဘက်က ရိုးသားထဲ ဆိုရင် ဟင်းလင်းပြင် လက်စွပ်ထဲက ပစ္စည်းတွေကို အားလုံး ရှေ့မှာ ထုတ်ပြစမ်း”
လူအိုကြီးနှင့် မိန်းမငယ်လေးမှာ ထိုမြင်ကွင်းကို အဝေး တစ်နေရာမှ ကြည့်နေခဲ့ကြ၏။ လူအိုကြီး၏ အမူအရာက အနည်းငယ် ရှုပ်ထွေးနေချိန်တွင် မိန်းမငယ်လေးကတော့ လုံးဝ နားမလည်အောင် ဖြစ်နေခဲ့ပုံ ပေါ်သည်။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။ လဲ့ကလန်က မဟာမြေကြီး ရတနာသိုက်ထဲမှ ရင်းမြစ်များကို တကယ်ပဲ ခိုးယူခဲ့သည်လား။
လဲ့ကလန် တမန်တော်က အံကို တင်းတင်းကြိတ်ကာ ဝေ့ဝူယင်ကို စူးစူးရဲရဲ ကြည့်လိုက်ရင်း...
“မင်းက ငါ့ဟင်းလင်းပြင် လက်စွပ်ကို အားလုံးရှေ့မှာ ပြစေချင်တယ်ပေါ့ ဟုတ်လား... ဘာလဲ မင်းက တော်ဝင် လဲ့ကလန်ကို အရှက်ခွဲချင်တာလား... မင်းမှာ အဲဒီလို အခွင့်အရေးမျိုး ရှိတယ်လို့ ထင်နေတာလား”
ဟင်းလင်းပြင် လက်စွပ်ဆိုသည်မှာ ကျင့်ကြံသူ တစ်ယောက်၏ အဖိုးအတန်ဆုံး ရတနာများ သိုလှောင်ထားရာ နေရာ ဖြစ်သည်။ တစ်ခါတစ်ရံ၌ သူတို့ ဘဝ၏ အကြီးမားဆုံး လျှို့ဝှက်ချက်များပင် ထိုအထဲတွင် ရှိနေတတ်သည်။ ဟင်းလင်းပြင် လက်စွပ်ကို လူအားလုံး၏ ရှေ့တွင် ချပြခိုင်းခြင်းမှာ လေးစားမှု အကင်းမဲ့ဆုံး တောင်းဆိုမှုပင် ဖြစ်လေသည်။
ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွား၏။ သူ ကိုယ်တိုင် ဇာတ်ညွှန်း ရေးသားထားသည့် ပြဇာတ်ကား ဇာတ်ရှိန် အမြင့်ဆုံး အပိုင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ပါဝင်သူ အားလုံးမှာ သူ့အလိုကျပင် အံဝင် ခွင်ကျ ကပြ ဖျော်ဖြေနေကြပြီး ဝေ့ဝူယင် ကိုယ်တိုင် နေရာစုံ ပါဝင်ရလျှင်ပင် ထိုထက် ပိုကောင်းအောင် သရုပ်ဆောင်နိုင်လိမ့်မည် မထင်ချေ။
လဲ့ကလန် တမန်တော်၏ အခေါင်းကို သံရိုက်ကာ အသေပိတ်ဖို့ သူ ထပ်မံ ဟန်ပြင်လိုက်စဥ်မှာပင် တည်ငြိမ်သည့် အသံတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာလေ၏။
“သူ့မှာ ဘာအခွင့်အရေးမှ မရှိဘူး...”
“ ... “
လူတိုင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ အသံ ထွက်ပေါ်လာရာ လဲ့ကလန် ယာဥ်ပျံကို လှမ်းကာ ကြည့်လိုက်ကြ၏။ သူတို့ ကြာကြာ မစောင့်လိုက်ရခင်မှာပင် လူငယ်လေး တစ်ယောက်မှာ သင်္ဘောထက်မှ တဖြည်းဖြည်း ဆင်းသက်လာခဲ့၏။ သူက ငယ်ရွယ် ချောမောကာ တော်ဝင် ကလေးငယ် အားလုံး၏ အထွတ်အမြတ် သင်္ကေတ ဖြစ်သည့် အဖြူရောင် ဝတ်စုံကို ဆင်မြန်း ထားပေသည်။
လက်မောင်းတစ်ဖက် ဆုံးရှုံးထားသည့် လဲ့ကလန် တမန်တော်မှာ လူငယ်လေးကို တွေ့သည်နှင့် ချက်ချင်းပင် လေထဲတွင်ပင် ဒူးထောက်ချလိုက်၏။
“မဟူရာ မိုးကြိုး တော်ဝင်သားတော်...”
***