ဒြပ်စင်နှစ်ခု တော်ဝင် သားတော်
Vol. 33 Ch. 458
အချိန်သခင်များ အပါအဝင် အားလုံးမှာ ကြောင်အ နေကြ၏။ အချို့က တိုက်ပွဲ စည်းမျဥ်းများကို ကြားရပြီးနောက် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။ ထို့နည်းတူစွာပင် အချို့ကလည်း တော်ဝင် သားတော် နှစ်ယောက်အကြား စကားနိုင်လု ဆွေးနွေးဝိုင်း တစ်ခု ဖြစ်ပေါ်လာလိမ့်ဦးမည်ဟု ထင်မှတ် ထားခဲ့ကြသည်။
အထိုထိုသော မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ပင် ယခုတွင်ကား...။
“တော်ဝင်သားတော် နှစ်ယောက်ကြားက ခြားနားချက်က ဒီလောက်တောင် ကြီးတာလား... ဒါမှမဟုတ် မဟူရာ မိုးကြိုး တော်ဝင်သားတော်က အမွေခံ တော်ဝင် ကလေးငယ် ဖြစ်နေလို့လား”
လူတိုင်း တွေးတောနေစဥ်မှာပင် အလင်းတန်း တစ်ခုမှာ ကောင်းကင်မှ ဆင်းသက်လာကာ ဝေ့ဝူယင်ထံသို့ ရောက်ရှိလာ၏။ ဒြပ်စင်တိုကင် နှစ်ခု ဖြစ်သည့် မိုကြိုးနှင့် မြေကြီး တိုကင်များကား တစ်ခုတည်း အဖြစ် ပေါင်းစည်း သွားကြပြီ ဖြစ်သည်။
ဟူး... ဟူ....
မဟာမြေကြီး ရည်ရွယ်ချက် အော်ရာ အပြင် ထူးဆန်သည့် မိုးကြိုးအော်ရာ တစ်ခုမှာ နတ်ဘုရား သင်္ကေတထဲတွင် နေရာယူနေ၏။ ၎င်းက အထွတ်အထိပ် မိုးကြိုး ရည်ရွယ်ချက် တစ်ခု ဖြစ်သည့် အမှောင်မိုးကြိုး ရည်ရွယ်ချက် ဖြစ်ကြောင်း ဝေ့ဝူယင် ခန့်မှန်းလိုက်နိုင်ပေသည်။
ထိုအခိုက်တွင်ပင် အချက်အလက်ပေါင်း များစွာမှာ စိတ်အတွင်း ဝင်ရောက်လာလေ၏။ ဝေ့ဝူယင်၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲသွားကာ အံ့အားသင့်မှု အငွေ့အသက်များ ထွက်ပေါ်လာသည်။ ယခုအခါ၌ သူက ဗဟိုနယ်မြေ၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။ မိစ္ဆာရာသီဖြစ်စေ၊ ဆုတ်ယုတ်မှု ရာသီ ဖြစ်စေ... သူ့ သဘော ဆန္ဒသာ မပါပါက မည်သူ တစ်ဦးတစ်ယောက်မှ သူ့ ပိုင်နက် အတွင်း ခြေချနိုင်လိမ့်မည် မဟုတ်ပါချေ။
ထို့အပြင်... ဗဟိုနယ်မြေ၏ တစ်နေရာတွင် သူ ထိန်းချုပ်နိုင်သည့် တစ်စုံတစ်ရာ တည်ရှိနေသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။
“ကြယ်တာရာ သခင်တစ်ပါးလား”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက စိတ်ဝင်စားမှု အလင်းတန်းများဖြင့် တောက်ပသွားသည်။ အဘယ်ကြောင့် သူက ထိုတည်ရှိမှု၏ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေရသနည်း။
ထိုအခိုက်တွင်ပင် စင်မြင်နှင့် အလင်း နံရံမှာ လျှင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွား၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် စီတနှင် အိယင်တို့မှာ ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိလာ၏။ ဝေ့ဝူယင် အတွေးစများကို ရပ်တန့်လိုက်ရင်း လက်ထဲရှိ နတ်ဘုရား သင်္ကေတကို လှည့်ပတ် ကစားလိုက်၏။ ထို့နောက် သူက အပြုံးစ အချို့နှင့် အတူ လဲ့ကလန် တမန်တော်ကို ကြည့်လိုက်၏။
“ခု ကျုပ်မှ အခွင့်အရေး ရှိပြီလား...”
လဲ့ကလန်၏ တမန်တော်များမှာ လည်ချောင်းများ ခြောက်ကပ်သည် အထိ တိတ်ဆိတ် နေကြ၏။ မည်ကဲ့သို့ တုန့်ပြန်ရမည်ကို သူတို့ မသိကြချေ။ သူတို့ စိတ်လှုပ်ရှားသင့်သလော။ သို့တည်းမဟုတ် စစ်ပွဲတစ်ခု အတွက် အဆင်သင့် ပြင်ဆင် ရမည်လော။
မဟူရာ မိုးကြိုး တော်ဝင်သားတော်မှာ အသတ်ခံလိုက်ရပြီ ဖြစ်ကာ လဲ့ကလန်၏ နတ်ဘုရား သင်္ကေတမှာလည်း ယူဆောင် ခံလိုက်ရပြီ ဖြစ်သည်။ အားလုံး၏ အကြည့်များက ဝေ့ဝူယင်ထံတွင် ရစ်ဝဲ နေကြ၏။ လဲ့ကလန်က တော်ဝင် ကလန် တစ်ခု ဖြစ်နေဆဲလော။ သူတို့ထံတွင် တော်ဝင် သွေးမျိုးဆက် ဆက်လက် တည်မြဲ နေဆဲလော။
ဝေ့ဝူယင်မှာ တစ်ချက် အကဲခတ်ရုံဖြင့်ပင် အားလုံး၏ သံသယနှင့် အတွေးများကို နားလည်လိုက်သည်။ သူက အသံကို ဝိညာဉ် အင်အားနှင့် ဆက်သွယ်၍ မြှင့်တင် လိုက်ရင်း ရှင်းပြလိုက်၏။
"လဲ့ကလန်က တော်ဝင် သွေးမျိုးဆက်ကို ဆုံးရှုံးသွားခဲ့ပြီ… ဒီနေ့ကစပြီး လဲ့ကလန်ဟာ တော်ဝင် ကလန် တစ်ခု မဟုတ်တော့ဘူး… နောက်ပြီး ကျုပ်, ဒြပ်စင်နှစ်ခု ပိုင်ရှင် တော်ဝင် မင်းသားက ဗဟိုနယ်မြေရဲ့ တစ်ဝက်ကို ထိန်းချုပ်လိုက်ပြီ…"
"အားလုံးက နတ်ဘုရားတွေရဲ့ အလိုဆန္ဒ အတိုင်းပါပဲ… လဲ့ကလန်ဟာ စည်းမျဉ်းတွေကို မျက်ကွယ်ပြုပြီး အရှင် တစီရဲ့ ရတနာသိုက်ကို ခိုးယူဖို့ ကြိုးစားခဲ့တယ်… ဒါဟာ သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ပေးမှုပဲ"
ဝေ့ဝူယင်၏ ပေါက်ကွဲသော အသံနှင့် စကားလုံးများက လဲ့ကလန်၏ တမန်တော်များနှင့် ကျင့်ကြံသူများ၏ အမူအရာကို မည်းမှောင် သွားစေ၏။ စကားပြောပြီးသည်နှင့် ဝေ့ဝူယင်က နတ်ဘုရား သင်္ကေတကို မြှောက်ကာ အသက်သွင်းလိုက်သည်။ နတ်ဘုရား အလင်းဟု ခေါ်သော အရာက ထပ်မံ ထွန်းလင်းလာကာ ပထမ တစ်ကြိမ်ကထက် အဆပေါင်း များစွာ တိုင်အောင် ကောင်းကင်ဆီ မြင့်တက်သွားသည်။
ဘုန်း...
ထို့နောက်တွင် နတ်ဘုရားများက ပြန်လည် တုန့်ပြန်လာသည့် အလား အလွန် ထူထပ် ခန့်ညားသည့် အလင်းတန်း တစ်ခုမှာ ပြန်လည် ဆင်းသက်လာ၏။ ၎င်းက ဝေ့ဝူယင် ရပ်နေသည့် မြေပြင် တစ်ဝိုက်ကို အရှိန်အဟုန်ဖြင့် လွှမ်းခြုံ သွားလေရာ ကမ္ဘာလောကကြီး တစ်ခုလုံးပင် တဟုန်းဟုန်း တုန်ရီသွား၏။
ပျက်သုဥ်းခြင်း နယ်မြေသားများမှာ ထိုအလင်းတန်းများကို ကြည့်ကာ စိတ်လှုပ်ရှား တုန်ရီ သွားကြသည်။ သူတို့က ချက်ချင်းပင် ထူးဆန်သော ဘာသာရေး သင်္ကေတများကို ဖော်ဆောင်ကာ အရိုအသေ ပေးလိုက်ကြ၏။ မဟာမြေကြီး တော်ဝင် သားတော် အဖြစ် ခံယူပြီးနောက်တွင် ဝေ့ဝူယင်မှာ ထိုကဲ့သို့ ကောင်းချီးပေးမှုကို တစ်ကြိမ် ခံယူ ရရှိခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ဤအလင်းတန်းက ပထမ တစ်ကြိမ်ကထက် အဆပေါင်းများစွာ ပိုမို ခန့်ညားလှပေသည်။ အယ်ဗန်မျိုးနွယ်နှင့် လူသားများ အပါအဝင် သောင်းနှင့်ချီသည့် ထိပ်တန်း ကျင့်ကြံသူများမှာ အလင်းတန်းထံမှ ထွက်ပေါ်နေသည့် အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ခံစားမိနေခဲ့သည်။
မိနစ်ပိုင်းမျှ ကြာမြင့်ပြီးနောက်တွင် အလင်းတန်းများက တဖြည်းဖြည်း ကြဲပါးသွားကာ ဝေ့ဝူယင်မှာ အားလုံး၏ မြင်ကွင်းတွင် ပြန်လည် ထွက်ပေါ်လာခဲ့၏။ ပိုမို ခန့်ညားသော အရှိန်အဝါနှင့် အတူ သူ ဝတ်ဆင်ထားသည့် ဝတ်စုံက မြေကြီးနှင့် မိုးကြိုး သင်္ကေတများ ကူးလူး ဆက်ယှက်နေသည့် အဖြူရောင် ဆန်းကြယ် ဝတ်ရုံ တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
ပြန်လည် ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် ဝေ့ဝူယင်က သူ့အား တိုက်ခိုက်ခဲ့သည့် လဲ့ကလန် တမန်တော်ကို လက်ညိုးထိုးကာ အော်ဟစ်လိုက်လေ၏။
“သူ့ကို ဖမ်းစမ်း...”
သူ၏ လေသံက အကြွင်းမဲ့ အာဏာတို့ဖြင့် ပြည့်နှက်နေလေရာ ပျက်သုဥ်းခြင်း နယ်မြေ၏ အချိန်သခင်များမှာ မဆိုင်းမတွပင် စတင် လှုပ်ရှားလာကြလေ၏။
ဘုန်း....
အိယင်၊ ဟုရန်နှင့် စီတတို့မှာ အရှိန်အဝါများ ပေါက်ကွဲလာကာ လဲ့ကလန် တမန်တော်ထံ တဟုန်ထိုး ပြေးဝင် သွားကြတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လဲ့ကလန်၏ ကျင့်ကြံသူများမှာ ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြ၏။ တမန်တော်ဘက်မှ ကူညီ၍ ခုခံရမည်လော။ သို့မဟုတ် ဗဟိုနယ်မြေသို့ ပြန်လည် ထွက်ပြေးရမည်လော။ သူတို့ ဝေခွဲမရ ဖြစ်နေစဥ်မှာပင် အစစ်အမှန် ပျက်သုဥ်းခြင်း၏ လောကသခင်များမှာလည်း အချိန်သခင်များ၏ နောက်မှ လိုက်ကာ လှုပ်ရှား လာကြသည်။
ဘုန်း...
သူတို့၏ လောကနယ်မြေများမှာ ကြမ်းတမ်း ခက်ထန်စွာ ဖြန့်ကျက် သွားကြ၏။ ထိုအထဲ၌ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များလည်း အပါအဝင်ပင် ဖြစ်လေသည်။ ခေါင်းဆောင် အိယင် ကိုယ်တိုင်ပင် ဝေ့ဝူယင်၏ အမိန့်အတိုင်း လှုပ်ရှား နေရာ သူတို့က မည်ကဲ့သို့ လျစ်လျူ နိုင်ပါမည်နည်း။
အခြား အယ်ဗန်မျိုးနွယ်များမှာ ပထမ၌ ကြောင်အ နေကြသေးသော်လည်း မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များ လှုပ်ရှားလာသည်ကို တွေ့မြင်လိုက်ရသည်နှင့် ချက်ချင်းပင် လိုက်လံကာ လှုပ်ရှား လိုက်ကြသည်။ နှစ်ပေါင်းများစွာ တိုင်အောင် သူတို့ အယ်ဗန် မျိုးနွယ်များမှာ တော်ဝင်ကလန်များ၏ အမိန့်ဖြင့် ဗဟိုနယ်မြေ အပြင်ဘက်တွင်သာ နေထိုင်ခဲ့ကြရသည်။ ကပ်ဘေးနှင့် အန္တရာယ်များ ပြည့်နှက်နေသည့် မိစ္ဆာ ရာသီတိုင်းကို အတင်းအကြပ် ရင်ဆိုင်ခဲ့ရသည်။ ယခုတွင်တော့ ထိုတော်ဝင် ကလန်များကို တော်လှန်ရန် အခွင့်အရေး သူတို့ထံတွင် ရှိလာခဲ့ပြီ ဖြစ်သည်။
အယ်ဗန် မျိုးနွယ်များမှာ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် ကွာခြားကြသော်လည်း လူသားများထက် ပိုမို စည်းလုံးသည့် မျိုးနွယ်များ ဖြစ်ကြသည်။ သူတို့က ခက်ခဲ ကြမ်းတမ်းသည့် အစွန်းလေးဖက် နယ်မြေများတွင် နှစ်ပေါင်း ထောင်ချီတိုင်အောင် တစ်ယောက်ကို တစ်ယောက် ဖေးမကာ ရုန်းကန် ရှင်သန် နိုင်ခဲ့ကြသည်။ သစ်တောစိမ်း အယ်ဗန်ဖြစ်သည့် ချင်ချူးမူပင်လျှင် မီးခိုးရောင် သဲသောင်ပြင် အယ်ဗန် မျိုးနွယ်စုတွင် ကောင်းမွန်စွာ ပစားပေး ဆက်ဆံခြင်းကို ခံခဲ့ရသည်။ မည်သည့် အယ်ဗန် မျိုးနွယ်ကမှ သူမ အပေါ် မတရား ကြံစည်ခြင်း၊ စော်ကားခဲ့ခြင်းမျိုး မရှိခဲ့။
လဲ့ကလန် ကျင့်ကြံသူများမှာ ခုခံရန် ကြိုးစားလိုက်ကြသော်လည်း ထောင်သောင်းချီသည့် လူအုပ်ကြီးကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါမည်နည်း။ မကြာခင်မှာပင် လဲ့ကလန် တမန်တော်များမှာ အချိန်သခင် ရှစ်ယောက်၏ ဝိုင်းဝန်း တိုက်ခိုက်မှုအောက်တွင် ဖမ်းဆီးခံလိုက်ရတော့သည်။ ဟုန်ယုနှင့် စီတတို့မှ လွဲ၍ အခြား အချိန်သခင် ခြောက်ယောက်မှာ အယ်ဗန် မျိုးနွယ်စုကြီး လေးခုမှ ပုဂ္ဂိုလ်များပင် ဖြစ်သည်။
“မင်းတို့... မင်းတို့ ဒါ ဘာလုပ်တာလဲ...”
လက်တစ်ဖက် ပြတ်နေသည့် တမန်တော်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူတို့က တော်ဝင် ကလန်မှ ဖြစ်သည်။ အမြင့်မြတ်ဆုံး မျိုးနွယ်စုမှ ဖြစ်သည်။ မိစ္ဆာကောင် ဦးဆောင်သည့် ထိုလူများမှာ အစွန်းလေးဖက် လောကနယ်မြေ၏ တင်းကြပ်သည့် ဘာသာရေး စည်းမျဥ်းများကို အတိအလင်း ဖောက်ဖျက်နေကြခြင်း ဖြစ်သည်။
"ကျုပ်တို့ကို ကူညီပါဦး...”
တမန်တော်မှာ နယ်မြေသုံးခုမှ ဒေသခံ ကျင့်ကြံသူများဘက်သို့ လှည့်ကာ အသံကုန် အော်ဟစ်လိုက်လေတော့၏။
***