ရှန်းကလန်၏ ကံကြမ္မာ
Vol. 33 Ch. 459
“ကျုပ်တို့ကို ကူညီပါဦး...”
လက်တစ်ဖက်ပြတ် တမန်တော်က အော်ဟစ် အကူအညီ တောင်းခံ လိုက်၏။ သို့သော်လည်း နယ်မြေသုံးခုမှ ကျင့်ကြံသူများမှာ နားမကြားသလိုပင် ပြုမူနေကြသည်။ သူတို့က ပြပွဲတစ်ခု ကြည့်ရှုနေသည့် အလား ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် ကြည့်နေခဲ့ကြသည်။
လဲ့ကလန်မှာ ဗဟိုနယ်မြေ၏ ငါးဆယ် ရာခိုင်နှုန်းကို နှစ်ပေါင်း ထောင်ချီအောင် ထိန်းချုပ်နိုင်ခဲ့သည် ဆိုသော်လည်း ထိုအရာက တော်ဝင် သားတော်နှင့် နတ်ဘုရား သင်္ကေတတို့၏ အထောက်အပံ့ဖြင့် ဖြစ်သည်။ သို့သော်လည်း ယခုတွင် တော်ဝင်သားတော်မှာ သေဆုံးသွားပြီ ဖြစ်သလို နတ်ဘုရား သင်္ကေတမှာလည်း ဝေ့ဝူယင် လက်ထဲ ကျရောက် သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်လေရာ လဲ့ကလန်အား ထောက်ထားစရာ အကြောင်းရင်း သူတို့ထံတွင် မရှိတော့ချေ။
“ ... “
နယ်မြေသုံးခု ကျင့်ကြံသူများ၏ တုံတိဘာဝေ လုပ်နေမှုကို မြင်သည်နှင့် လဲ့ကလန် တမန်တော်မှာ ရှန်းကလန်ဘက်သို့ လှည့်လိုက်သည်။
“ကျုပ်တို့ နှစ်ဖွဲ့စလုံးက တော်ဝင်ကလန်သားတွေပဲ... ကျေးဇူးပြုပြီး ဒီကပ်ဘေးကနေ လွတ်မြောက်ဖို့ ကူညီပေးပါ”
ရှန်းကလန် တမန်တော် မိန်းကလေး၏ အမူအရာက သုန်မှုန်နေသည်။ သူမက ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြင့် ကြမ်းပြင်ပေါ် လဲကျနေသည့် မဟူရာ မိုးကြိုး တော်ဝင်သားတော်၏ အလောင်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများက ဖြည်းညင်းစွာပင် ခန့်ညား ချောမောသည့် ဝေ့ဝူယင် အပေါ်သို့ ရောက်ရှိ သွားပြန်၏။
ရှန်းကလန်နှင့် လဲ့ကလန်တို့မှာ ခွဲခြား မရသည့် သမိုင်းကြောင်း စဥ်လာကို ပိုင်ဆိုင်ထားကြကာ အပြန်အလှန် လက်ထပ် ထိန်းမြားမှုများပင် သူတို့ အကြား၌ ရှိခဲ့သည်။ ယခု သေဆုံးသွားသည့် မဟူရာ မိုးကြိုး တော်ဝင် သားတော်နှင့် ရှန်းကလန်၏ လက်ရှိ တော်ဝင် သမီးတော်တို့မှာလည်း မကြာခင်တွင် ထိမ်းမြား လက်ထပ်ရန် စေ့စပ် ကြောင်းလှမ်းထားသူများ ဖြစ်ကြပေသည်။
ယခုအချိန်၌ လဲ့ကလန်မှာ တော်ဝင်ကလန် တစ်ခု မဟုတ်တော့သည့်တိုင် ထောက်ထားစရာ မျက်နှာများ သူတို့ထံတွင် ရှိနေပေသေးသည်။ တမန်တော် မိန်းကလေး၏ စိတ်ခံစားချက်များမှာ သပွတ်အူလို ရှုပ်ထွေး ပွေလီနေ၏။ အသနား ခံနေသည့် လဲ့ကလန် တမန်တော်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမက ဝေ့ဝူယင် ဘက်ကို ပြန်လှည့်လိုက်သည်။
“မဟာ မြေကြီး တော်ဝင် သားတော်... ရှန်းကလန်ရဲ့ မျက်နှာကို ထောက်ထားပြီးတော့ သူတို့ကို အသက် ချမ်းသာပေးလို့...”
“မရဘူး...”
မိန်းကလေး၏ စကားမဆုံးခင်မှာပင် ဝေ့ဝူယင်က ဖြတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက နက်မှောင် အေးစက်နေသည့် မျက်လုံးများဖြင့် ရှန်းကလန် ဘက်သို့ လှည့်လိုက်သည်။
“မင်းတို့ ရှန်းကလန်က နတ်ဘုရားတွေရဲ့ သဘောထားကို ဆန့်ကျင်ရဲတယ်ပေါ့... ဆန်းကြယ်အရှင် မိုတု ကိုယ်တိုင်အောင် မင်းတို့ရဲ့ လုပ်ရပ်ကို စိတ်ပျက်နေမှာ သေချာတယ်... ကျုပ် နတ်ဘုရား သင်္ကေတ နှစ်ခု ပိုင်ရှင်က တော်ဝင်မြေ နှစ်ခုရဲ့ အခွင့်အာဏာကို စွဲကိုင်ပြီး အမိန့်ပေးတယ်... ကြံရာပါ ရှန်းကလန်ကိုပါ ဖမ်းဆီး ထိန်းသိမ်း လိုက်ကြစမ်း”
ဝေ့ဝူယင်က နယ်မြေ သုံးခုမှ ကျင့်ကြံသူများကို ဦးတည်ရင်း အော်ဟစ် လိုက်သည်။ သူ၏ လေသံက မရေမတွက်နိုင်သည့် အသက်များကို ထိန်းချုပ် အမိန့်ပေးနိုင်သည့် ဧကရာဇ် တစ်ပါးလိုမျိုး ခန့်ညား ထည်ဝါမှုများနှင့် ပြည့်နှက် နေသည်။
နယ်မြေသုံးခုမှ ကျင့်ကြံသူများမှာ ပထမတွင် အနည်းငယ် တုန့်ဆိုင်း နေကြသော်လည်း နောက်ဆုံးတွင် အံများကို တင်းတင်းကြိတ် လိုက်ကြ၏။ မည်သို့ပင် ဆိုစေ... ထိုလူငယ်မှာ နယ်မြေနှစ်ခုကို အစိုးရသည့် တော်ဝင် သားတော် တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်နိုင်ခဲ့လျှင် မကြာခင် ကျရောက်လာတော့မည့် မိစ္ဆာရာသီတွင် အကူအညီကောင်းများ ရရှိ လာနိုင်ပေသည်။
ဘုန်း... ဘုန်း...
နယ်မြေသုံးခု၏ ကျင့်ကြံသူများမှာ ကောင်းကင်သို့ ပျံတက်လိုက်ကြကာ ရှန်းကလန် တမန်တော်များကို ဝန်းရံလိုက်ကြ၏။
“မင်းတို့...”
ရှန်းကလန် တမန်တော်များ၏ မျက်နှာများက ဒေါသများဖြင့် ပြည့်နှက် သွားကြသည်။ တစ်ချိန်တည်း၌ ကြောက်လန့်မှု အငွေ့အသက် အချို့က သူတို့၏ နှလုံးသားများထဲတွင် ခိုအောင်း နေသည်။ သို့သော်လည်း စိတ်သက်သာရာ ရစရာ တစ်ခုက... သူတို့အား ဝန်းရံထားသည့် လူများ၏ အမူအရာများက လဲ့ကလန်အား ဝိုင်းဝန်း အမဲဖျက်ခဲ့သည့် ကျင့်ကြံသူများလောက် ပြင်းထန် မနေကြခြင်း ဖြစ်သည်။ သူတို့က ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာ လှုပ်ရှားနေကြခြင်းသာ ဖြစ်ပေသည်။
တမန်တော် မိန်းကလေးက မျက်လုံးများကို ကျဥ်းမြောင်းလိုက်ရင်း ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်သည်။
“မဟာမြေကြီး တော်ဝင် သားတော်... ဒါက ဘာသဘောလဲ.... ကမ္ဘာပေါ်မှာ ရှိသမျှ လူတိုင်းကို အမိန့်ပေးနိုင်တဲ့ အခွင့်အာဏာ နင့်မှာ ရှိတယ်လို့ ထင်နေတာလား...”
ဝေ့ဝူယင်က သူမ၏ မေးခွန်းကို ဒေါသများ ပြည့်နှက် နေသည့် ရယ်မောသံဖြင့် တုန့်ပြန်လိုက်၏။
“ခင်ဗျားက လက်မခံချင်ဘူးပေါ့ ဟုတ်လား... နတ်ဘုရားတွေက ခင်ဗျားတို့ရဲ့ နောက်မှာ ဆက်ပြီး ရှိနေသေးတယ်လို့ ထင်နေတာလား... အဲဒီလောက် ယုံကြည်ချက် ရှိတယ်ဆိုရင် တော်ဝင် သမီးတာ်ကို ခေါ်ထုတ်လိုက်လေ... ဆန်းကြယ် အရှင် မိုတုက ရှန်းကလန်ကို တော်ဝင် ကလန် အဖြစ် ဆက်ပြီး လက်ခံ ထားသေးလား ဆိုတာ ကြည့်ရတာပေါ့”
ဝေ့ဝူယင်၏ စကားလုံးများက အချိန်သခင်များ အပါအဝင် လူတိုင်း၏ နှလုံးသားများကို တုန်ရီသွားစေခဲ့၏။ မဟာမြေကြီး တော်ဝင် သားတော်က ရှန်းကလန်၏ တော်ဝင် သမီးတော်ကိုပါ စိန်ခေါ်ရန် ကြိုးစားနေခြင်းလော။ အားလုံး၏ အကြည့်များက မြေကြီးပေါ်တွင် လဲပြိုကျနေသည့် မဟူရာမိုးကြိုး တော်ဝင်သားတော်၏ အလောင်းဆီသို့ ရောက်ရှိသွားသည်။ ထို့နောက် လောကနယ်မြေများ၏ ထိန်းချုပ် ချည်နှောင်မှုကို ခံစားရသည့် ရှန်းကလန်၏ အာကာသ သင်္ဘောဆီ ထပ်မံ ရွေ့လျားသွားသည်။
ရှန်းကလန် တမန်တော် မိန်းကလေး၏ မျက်နှာက ပျက်ရွင်းသွား၏။ အကယ်၍ တော်ဝင် သမီးတော်နှင့် ဝေ့ဝူယင် တိုက်ခိုက်ပါက မည်ကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာမည်နည်း။ မလွဲမသွေပင် ရှန်းကလန်မှာ လဲ့ကလန် သွားရာ နောက်ကို လိုက်သွားရလိမ့်မည် ဖြစ်သည်။
“မဟုတ်... မဟုတ်ရပါဘူး တော်ဝင်သားတော်... ကျွန်မတို့က ကြားဝင် ညှိနှိုင်းပေးချင်ရုံ သက်သက်ပါ... ကျွန်မတို့ ရှန်းကလန်က နတ်ဘုရားတွေ အပေါ် အကြွင်းမဲ့ ယုံကြည်ပါတယ်”
သူမက မဆိုင်းမတွပင် ဝေ့ဝူယင်၏ စိန်ခေါ်မှုကို ငြင်းဆိုလိုက်၏။ လဲ့ကလန် အပေါ် သံယောဇဥ် ရှိသည့်တိုင် ရှန်းကလန် တစ်ခုလုံး၏ ဖြစ်တည်မှုနှင့်တော့ သူမတို့ မလဲနိုင်ပါချေ။
အဝေးတစ်နေရာတွင်တော့ လူအိုကြီးနှင့် မိန်းမငယ်လေးတို့မှာ ထိုမြင်ကွင်းကို ဆွံ့အစွာ ငေးမောကာ ကြည့်ရှု နေခဲ့ကြ၏။
“ငါ့ဘဝ တစ်လျှောက်လုံးမှာ စနစ်တကျ အစီအစဥ် ဆွဲပြီး လှုပ်ရှားတတ်တဲ့ အကြံသမားတွေကို အကြိမ်ကြိမ် မြင်ခဲ့ဖူးပေမဲ့ ဒီလူငယ်လေးကတော့ နောက်ထပ် လယ်ဗယ်တစ်ခုပဲ...”
လူအိုကြီးက အံ့သြစွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ အထူးသဖြင့် ဝေ့ဝူယင်၏ လူအုပ်ကြီး အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းက အလွန် အထင်ကြီးဖို့ ကောင်းလွန်းသည်။ တစ်ချိန်တည်း၌ မိန်းမငယ်လေးမှာလည်း ဝေ့ဝူယင်ကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။ ထိုကောင်စုတ်လေးက တကယ်ပဲ လူရော ဟုတ်သေးရဲ့လား။
ဝေ့ဝူယင်က ထပ်မံ အချိန်မဆွဲတော့ပဲ အမိန့်ပေးလိုက်၏။
“သူ့ရဲ့ သိုလှောင်လက်စွပ်ကို ချွတ်လိုက်...”
အချိန်သခင်များမှာ အလျှင်အမြန်ပင် လှုပ်ရှားကာ လဲ့ကလန် တမန်တော်၏ လက်မှ လက်စွပ်ကို ချွတ်ယူ လိုက်သည်။ ထို့နောက် သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြရင်း လူတိုင်း၏ ရှေ့တွင် ပစ္စည်းများကို ထုတ်ယူ စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
ဝှစ်... ဝှစ်...
တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သည့် ပစ္စည်းများမှာ ဟင်းလင်းပြင် လက်စွပ်ထဲမှ ထွက်ပေါ်လာ၏။ အများစုက... ဆေးလုံးများ၊ ငွေကြေးများ၊ လက်နက်များ၊ ရတနာများ... စသည်ဖြင့် ပုဂ္ဂိုလ်ရေး ဆန်သည့် ပိုင်ဆိုင်မှုများ ဖြစ်သည်။
အတွင်းပိုင်း နေရာတစ်ခုတွင် ဆိုလျှင် သေချာစွာ ထုပ်ပိုးထားသည့် မိန်းမငယ်လေးများ၏ အလောင်းများပင် ပါဝင်နေ၏။ လဲ့ကလန် တမန်တော်ကို ကြည့်နေသည့် ပရိသတ်များ၏ မျက်လုံးများက မသတီသည့် အသွင် ပြောင်းလဲသွား၏။ ဂုဏ်သိက္ခာ မြင့်မားလှပါသည် ဆိုသည့် အချိန်သခင် တမန်တော် တစ်ပါးမှာလည်း ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး ဖြစ်နေတတ်သည်လား။
ဝေ့ဝူယင်ကတော့ အချိန်ကုန် ခံ၍ ရှာဖွေ မနေပါချေ။ သူက နတ်ဘုရား သင်္ကေတကို ထုတ်ယူကာ အလင်းတန်း တစ်ခုကိုသာ ပစ်လွှတ်လိုက်၏။ ချက်ချင်းဆိုသလိုပင် ပစ္စည်းများ အကြားရှိ ဝိုင်ကယား တစ်ခုမှာ တုန့်ပြန် ချိတ်ဆက်လာကာ မဟာမြေကြီး သင်္ကေတများဖြင့် တောက်ပလာလေတော့၏။
“အဲဒါက လဲ့ကလန်ရဲ့ ဆန်းကြယ် ဝိုင်ကယား မဟုတ်ဘူးလား...”
လူတိုင်း၏ မျက်လုံးများက သံသယများဖြင့် ပြည့်နှက် သွားကြ၏။ သို့သော်လည်း သေချာ ကြည့်ရှု စစ်ဆေးပြီး နောက်တွင်တော့ သူတို့ ခေါင်းများကို ခါလိုက်ကြသည်။ လဲ့ကလန်၏ ပစ္စည်းများတွင် ပုံမှန်အားဖြင့် သူတို့ ကလန်ကို ကိုယ်စားပြုသည့် ပြိုင်ဘက်ကင်း သင်္ကေတများ ပါရှိတတ်သည်။ သို့သော်လည်း သည်တစ်ခုကတော့ ကွာခြားလှသည်။
တော်ဝင် ကလန်တစ်ခု၏ ဝိုင်ကယားမှာ အကန့်အသတ် အမတေ မြူနှင်းများကို အရည်ဖြစ်အောင် သဘာဝ အတိုင်း အေးခဲ ပစ်နိုင်သည့် အထူး ပစ္စည်း တစ်မျိုး ဖြစ်သည်။ တစ်ငုံသောက်ရုံဖြင့်ပင် ၎င်းမှ ထုတ်လွှတ်ပေးသည့် ဝိုင်မှာ ခန္ဓာကိုယ်ထဲရှိ အညစ်အကြေား အလုံးစုံကို ဆေးကြော သန့်စင်ပေးနိုင်စွမ်း ရှိပေသည်။ ဆန်းကြယ် ဝိုင်ကယားများမှာ လူတိုင်း အတွက် အသုံးဝင်ကာ အထူးသဖြင့် အရည်အသွေးနိမ့် အဂ္ဂိရတ် ထုတ်ကုန် သုံးစွဲထားသူများ အတွက် အဖိုးထိုက်တန်လှသည်။ ထိုကဲ့သို့ ပစ္စည်းမျိုးကို ဆန်းကြယ် ရတနာသိုက်ထဲတွင်သာ တွေ့မြင်နိုင်ပေသည်။
“မဟုတ်ဘူး... မဟုတ်သေးဘူး... အဲဒါက ငါ့ဟာ မဟုတ်ဘူး”
လဲ့ကလန် တမန်တော်က သွေးရူးသွေးတန်း အော်ဟစ်ရင်း အပြစ်ကင်းစင်မှုကို ပြသရန် ကြိုးစားလိုက်သည်။
“ငါ ထောင်ချောက်ဆင် ခံရတာ... ငါ တမင်သက်သက် ချောက်ချ ခံရတာ”
မီးတောက်ကောင်းကင် ဒေသမှ အချိန်သခင် တစ်ယောက်က မျက်မှောင်ကြုတ်ရင်း သူ့ကို ကြည့်လိုက်၏။
“ဒါဆို ဘယ်သူက လုပ်တာလဲ...”
ထိုစကားလုံးများက လဲ့ကလန် တမန်တော်ကို ငြိမ်ကျသွားစေ၏။ ဟုတ်သည်။ ဘယ်သူနည်း။ ထို့နောက် ဝေ့ဝူယင် ဘက်ကို လှည့်လိုက်ရင်း သူ၏ အမူအရာက ပြောင်းလဲသွားတော့၏။
“မင်း...”
သူက ဝေ့ဝူယင်ကို လက်ညိုးထိုးရင်း အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများကတော့ ရူးသွပ်နေသည့် လူတစ်ယောက်လိုမျိုး သွေးရောင် အလင်းတန်းများဖြင့် တဝင်းဝင်း တလက်လက် တောက်ပနေလေတော့၏။
“အရူးပဲ...”
ဝေ့ဝူယင်က စိတ်ပျက်လက်ပျက် ပုံစံဖြင့် ခေါင်းခါလိုက်၏။ တမန်တော်မှာ သက်သေ အထောက်အထား အားလုံးကို ကိုယ်တိုင် ဖွင့်ချသွားပြီ ဖြစ်ရာ သူက ထပ်မံ စကားပြောရန် မလိုတော့ချေ။
မရေမတွက်နိုင်သည့် လူများ၏ မျက်လုံးများက နားလည်မှု အလင်းတန်းများဖြင့် တောက်ပသွားတော့၏။ ဝေ့ဝူယင်မှာ အစောကတည်းက မဟာမြေကြီး ရတနာသိုက်ထဲမှ ပစ္စည်း တစ်ခုတစ်လေကိုမှ မထိန်ချန်ပါဟု ဝိညာဥ် ကျိန်ဆိုထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက အားလုံး၏ ရှေ့တွင် ရတနာသိုက်ထဲကို ဝင်ကာ အားလုံး ရှေ့တွင်ပင် ပြန်လည် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ငါးစက္ကန့်ဆိုသော အချိန်က ရတနာသိုက်ကြီး တစ်ခုလုံးကို လက်စ ဖျောက်ပစ်ဖို့ လုံးဝ မလွယ်ကူသည့် အချိန် ဖြစ်သည်။
ထို့အပြင်... ကြယ်တာရာ အမြုတေ အဆင့်လေး တစ်ယောက်မှာ ကြီးကျယ်ခမ်းနားသည့် အချိန်သခင်၏ ဟင်းလင်းပြင် လက်စွပ်ထဲကို မည်ကဲ့သို့ ပစ္စည်းတစ်ခု ထည့်သွင်းနိုင်ပါမည်နည်း။
ထိုအချက် အားလုံးက မဟာမြေကြီး ရတနာသိုက် မဖွင့်ခင် ရှေးပဝေဏသီတည်းက ဆန်းကြယ် ဝိုင်ကယားမှာ လဲ့ကလန် တမန်တော်ထံသို့ ရောက်ရှိနေကြာင်း ညွှန်ပြနေပေသည်။
“ကျန်တဲ့ ပစ္စည်းတွေ ဘယ်မျာလဲ...”
ဟုရန်က မေးလိုက်၏။ အခြားလူများမှာလည်း မည်းမှောင်နေသည့် အမူအရာများဖြင့် လဲ့ကလန် တမန်တော်ကို ကြည့်လိုက်သည်။ နောက်ဆုံး၌ သူတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် သက်ဆိုင်နေသည့် ပစ္စည်းများ မည်သည့် နေရာသို့ ရောက်ရှိနေသည်ကို အားလုံး နားလည်သွားခဲ့ပြီ ဖြစ်သည်။ လဲ့ကလန်က အကုန်လုံးကို ခိုးယူသွားခဲ့ခြင်းပင်။
လဲ့ကလန် တမန်တော်က အံကို တင်းတင်းကြိတ် လိုက်၏။ ထိတ်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရင်း သူ့ စိတ်အခြေအနေက ယိုယွင်းစ ပြုလာသည်။ သူ ဘာပဲပြောပြော... ထိုလူများမှာ ဘယ်လိုမှ ယုံကြည်ကြတော့မည် မဟုတ်ချေ။ ထို့အပြင် ဝိညာဥ်ကျိန်စာ ကျိန်ဆိုပြဖို့ကလည်း သူက အချိန်သခင် တစ်ပါး ဖြစ်နေခဲ့ပေသည်။
ရုတ်တရက် အတွေးစ တစ်ခုမှာ သူ့ ဦးနှောက်အတွင်း လင်းလက်လာ၏။ သူ မတုန့်မဆိုင်းပင် ရှန်းကလန် တမန်တော်ကို လှမ်းကြည့် လိုက်သည်။ ကိုယ့်ကိုယ်ကို ဘာတွေ ကြံစည်နေမိမှန်း နားမလည်နိုင်သော်လည်း သူ မျက်လုံးကို မှိတ်ကာ အသံကုန် အော်ဟစ်လိုက်တော့၏။
“ငါ အဲဒီ ပစ္စည်းတွေကို ရှန်းကလန်ဆီ ပေးလိုက်တာ”
လူအိုကြီးမှာ အဝေးတစ်နေရာမှ နေ၍ ဝေ့ဝူယင်နှင့် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသည့် လဲ့ကလန် တမန်တော်ကို လှမ်းကြည့်နေခဲ့၏။ ဖြစ်ပျက်ခဲ့သမျှကို တွေးတောရင်း အံ့သြမှင်သက်မှုထက် ပိုမိုသည့် ခံစားချက် တစ်ခုက သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထိုလူငယ်လေးမှာ လူကိုသာ မက စိတ်ကိုပါ ထောင်ချောက်ဆင်၍ လိုသလို ကြိုးဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ လွှမ်းမိုးမှုမျိုးက ကြောက်စရာ ကောင်းလွန်းသည်။
လဲ့ကလန် တမန်တော်၏ စွပ်စွဲမှုကို ကြားပြီးနောက်တွင် ဝေ့ဝူယင်က အသာအယာပင် ပြုံးလိုက်၏။
“ဒီတော့ကာ သင်္ကေတ နှစ်ခုစလုံးက ငါ့အပိုင် ဖြစ်လာတော့မှာပေါ့”
***