← Chapters

ပွဲပြီးခြင်း

Vol. 33 Ch. 460

ပွဲပြီးခြင်း

Vol. 33 Ch. 460

အကြံသမား တစ်ယောက်ကို ဘယ်တော့မှ မပေးသင့်သည်က နံပတ်တစ် အချိန်နှင့် နံပတ်နှစ် မိမိ ရည်ရွယ်ချက်များအား ပေးသိစေခြင်းတို့ပင် ဖြစ်သည်။ ပါဝင် ပတ်သက်နေသည့် လူများ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်နေသမျှ ကာလပတ်လုံး အစီအစဥ်တစ်ခုတွင် ခက်ခဲသည် ဆိုသော အရာ မရှိချေ။

၎င်းက ကျားကစားခြင်းနှင့် သဘောတရား ဆင်တူပြီး နည်းဗျူဟာ ကျကျ လှုပ်ရှားပါက နောက်ဆုံး ကျားစေ့မှာ လှုပ်စရာပင် မလိုပဲ ရန်သူကို အနိုင်ယူနိုင်ပေသည်။

ဟင်းလင်းပြင် အင်အားကို အသုံးပြုကာ ပစ္စည်းများ လွှဲပြောင်းခြင်းမှ လွဲ၍ အစီအစဥ်၏ အခြား အစိတ်အပိုင်း အားလုံးက လွယ်ကူလှပေသည်။ ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ကာ ရယ်မောလိုက်မိ၏။ အရာအားလုံးက ခန့်မှန်းထားသည်ထက်ပင် အံဝင်ခွင်ကျ ဖြစ်လာရာ သူ ကျေနပ်နေမိသည်။

ရှန်းကလန်မှ ကျင့်ကြံသူများမှာ ဘာမဆိုင် ညာမဆိုင် စွပ်စွဲခံလိုက်ရသဖြင့် ဒေါသများ ထွက်သွားကြ၏။

“သူ ညာနေတာ... ငါတို့နဲ့ ဘာမဆိုင်ဘူး”

တမန်တော် မိန်းကလေးက အော်ဟစ်လိုက်၏။ သို့သော်လည်း ထိုစကားလုံးများလောက်ဖြင့် လူအုပ်ကြီး၏ သံသယမီးကို မည်ကဲ့သို့ ငြိမ်းသတ်နိုင်မည်နည်း။

လဲ့ကလန်၏ ဝန်ခံမှုနှင့် အတူ ကိစ္စကြီး တစ်ခုလုံးက ရှင်းလင်းနေပြီ ဖြစ်သည်။ ရှန်းကလန်နှင့် လဲ့ကလန်တို့မှာ ပူးပေါင်းကာ မဟာမြေကြီး ရတနာသိုက်ထဲမှ ပစ္စည်းများကို ခိုးယူခဲ့သည်။ သူက တော်ဝင်ကလန်များ ဆိုသည်နှင့် လုပ်ချင်တိုင်း လုပ်လို့ရပြီဟု ထင်နေသည်လား။

ဝေ့ဝူယင် ဘာမှ လုပ်စရာ မလိုခင်မှာပင် အချိန်သခင်များ၏ ဝိုင်းဝန်း တိုက်ခိုက်မှုအောက်၌ ဟင်းလင်းပြင် သင်္ဘောကြီး၏ အကာအကွယ်များမှာ ပျက်စီးသွား၏။ နတ်ဘုရားများ ချန်ရစ်ထားခဲ့သည် ဆိုသည့် ထိုယာဥ်ပျံကြီးများမှာ ပို့ဆောင် ဆက်သွယ်ရေး ယာဥ်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းတွင် မည်သည့် တိုက်ခိုက်ရေး စွမ်းအားများမှ မပါဝပ်ချေ။

မကြာခင်မှာပင်... အယ်ဗန် မျိုးနွယ် အချိန်သခင်များမှာ တော်ဝင် သမီးတော်ကို ခေါ်ဆောင်ကာ ဝေ့ဝူယင် အနားသို့ ရောက်ရှိလာကြသည်။

အယ်ဗန်မျိုးနွယ်များ၏ လူသားများ အပေါ် မုန်းတီးမှု အထူးသဖြင့် တော်ဝင် ကလန်များ အပေါ် မုန်းတီးမှုများက အလွန် ကြီးမားလှသည်။ ထိုလူသားများ၏ အမိန့်အောက်တွင် အယ်ဗန်များမှာ အစွန်းလေးဖက် နယ်မြေများတွင် ရှင်သန် နေထိုင်ခဲ့ရသည်။ မိစ္ဆာရာသီတိုင်းတွင် သူတို့မှာ အသေအပျောက် များစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ဝေ့ဝူယင်ကတော့ အခြား တော်ဝင် သားတော်၊ သမီး‌တော်များနှင့် မတူပဲ ခြားနားသူ ဖြစ်သည်။ သူက အိယင်နှင့် ဆက်ဆံရေးကောင်း တစ်ခု ရှိသည့် အပြင်... ကောလဟလများ အရဆိုလျှင် အိကလန်မှ အယ်ဗန်မလေး တစ်ယောက်နှင့်ပင် အစောကတည်းက ချစ်သူများ ဖြစ်နေကြသည်ဟု ဆိုကြသည်။ ထိုအချက်များက ဝေ့ဝူယင်မှာ အယ်ဗန်မျိုးနွယ်ကို မမုန်းတီးကြောင်း ဖော်ပြနေသည်။

အကယ်၍ သူသာ တော်ဝင်နယ်မြေ နှစ်ခု ပါဝင်သည့် ဗဟိုနယ်မြေကြီးကို ထိန်းချုပ်သွားနိုင်ပါက အယ်ဗန်မျိုးနွယ်များမှာလည်း ထိုနေရာများ၌ ပြောင်းရွှေ့ ခိုလှုံကာ လုံခြုံ စိတ်ချစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။  မိစ္ဆာရာသီများတွင် အသက်နှင့် ရင်း၍ တိုက်ခိုက်စရာ လိုတော့မည် မဟုတ်ချေ။ ဤသည်က သူတို့ အတွက် အကြီးမားဆုံးသော အခွင့်အရေးကြီး ဖြစ်ပေသည်။

ရှန်းကလန်၏ တော်ဝင်သမီးတော်က ပြစ်မျိုး မှဲ့မထင် လှပသည့် မိန်းမငယ်လေး တစ်ယောက် ဖြစ်နေသည်ကို ကြည့်ကာ ဝေ့ဝူယင် အံ့အားသင့် သွားမိ၏။ ရုတ်တရက် သူ ဝူပိုင်ကျိုးကိုပင် ပြန်လည် အမှတ်ရလိုက်မိသည်။ အနန္တ ကုန်းမြေတိုက်ကြီးတွင် စတင် ဆုံတွေ့ခဲ့စဥ်က ဝူပိုင်ကျိုးမှာ မူလယင် အငွေ့အသက်များကို ထုတ်လွှတ် ပေးနိုင်သည့် ဝင်္ကပါ တစ်မျိုးအား အသုံးပြုထားခဲ့သည်။ ယခု တော်ဝင်သမီးတော်ထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်က ထိုဝင်္ကပါနှင့် အတော်လေး ဆင်တူပေသည်။

ရှန်းကလန်၏ တော်ဝင် သမီးတော်မှာ မဟူရာ မိုးကြိုး တော်ဝင် သားတော် သေဆုံးသွားသည်ကို မြင်ကာ အတော်လေး ကြောက်လန့် နေခဲ့သည်။ အကယ်၍ ဝေ့ဝူယင်နှင့် ရင်ဆိုင်ရပါက သူမတွင် အခွင့်အရေး တစ်စက်ပင် ရှိလိမ့်မည် မဟုတ်ကြောင်း သူမ သိထားပေသည်။

“မဟာမြေကြီး တော်ဝင်သားတော်... နတ်ဘုရား အရှင် မိုတုရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်မနဲ့ ရှန်းကလန်ကို ချမ်းသာပေးပါ... တကယ်လို့ တော်ဝင်သားတော်သာ ဆန္ဒ ရှိမယ် ဆိုရင် ကျွန်မ ရှင့်ရဲ့ ဇနီးမယား အဖြစ်နဲ့ တစ်သက်လုံး ပြုစုပေးနိုင်ပါတယ်”

သို့သော်လည်း ဝေ့ဝူယင်က ထိုကမ်းလှမ်းမှုကို စိတ်မဝင်စားချေ။ သူက မိန်းမလှလေးများကို မြင်တိုင်း ငမ်းငမ်းတက်နေသည့် တဏှာရူး တစ်ယောက် မဟုတ်ပါချေ။ ဝေ့ဝူယင် သူမကို စိန်ခေါ်ကာ တိုက်ခိုက်ခဲ့သော်လည်း သူမ အသက်ကိုတော့ ချမ်းသာ ပေးခဲ့ပါသည်။

နောက်ဆုံး၌ ရေခဲဒြပ်စင် တိုကင်မှာ သူ့လက်ထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မျှော်လင့်ထားသည့် အတိုင်းပင် ထိုအထဲ၌ အကြွင်းမဲ့ သုည ရေခဲ ရည်ရွယ်ချက် ပါဝင်နေပေသည်။  ဝေ့ဝူယင် အသာအယာပင် ပြုံးလိုက်၏။ ယခု၌ သူက ဒြပ်စင် သုံးခု တော်ဝင် သားတော် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဟူး... ဟူး...

ဒြပ်စင် သုံးခု ပူးပေါင်းထားသည့် နတ်ဘုရား သင်္ကေတကို ကိုင်ဆောင်ရင်း ဝေ့ဝူယင် ကောင်းကင်ဆီ ပျံတက် လိုက်၏။

“အားလုံး သိကြတဲ့ အတိုင်း နောက်နှစ်နှစ် ကြာရင် ဆုတ်ယုတ်မှု ရာသီက အဆုံးသတ်ပြီး မိစ္ဆာ ရာသီ ဝင်ရောက်လာတော့မယ်... ဒီနှစ်က စပြီး ကျုပ် ဝေ့ဝူယင်  ဗဟို နယ်မြေနှစ်ခုနဲ့ ပျက်သုဥ်းခြင်း နယ်မြေတွေရဲ့ ဂိတ်တံခါးတွေကို ဖွင့်ပေးမယ်... ဘယ်မျိုးနွယ်၊ ဘယ်လူမျိုးစု မဆို ကိုယ် ဆန္ဒရှိတဲ့ နယ်မြေတွေမှာ ဝင်ရောက် ခိုလှုံနိုင်တယ်”

ထို့နောက် သူက အသိအမှတ်ပြုသည့် မျက်လုံးများဖြင့် အားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

“ခင်ဗျားတို့က တရားမျှတမှုကို ကိုယ်တိုင် ယူဆောင်ပြီး ဖြစ်တဲ့အတွက် အနာဂတ်ကို ကိုယ့်သဘော ဆန္ဒ အတိုင်း ချမှတ်နိုင်တယ်... ဒီတော်ဝင်ကလန်တွေကို ခင်ဗျား စိတ်ကြိုက် စီမံကြပါ... ကျုပ် ဘာမှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး... နောက်ပြီး သူတို့ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ကြယ်တာရာ သခင်တွေ အတွက် ဘာမှ မစိုးရိမ်ကြပါနဲ့... သူတို့ရဲ့ သေခြင်းရှင်ခြင်းက ကျုပ် ဆန္ဒ တစ်ခုတည်း အပေါ်မှာ မူတည်နေပြီ”

ရှန်းကလန် တော်ဝင် သမီးတော်ထံမှ ဒြပ်စင်တိုကင်ကို လက်ခံ ရရှိပြီးနောက်တွင် နောက်ထပ် ကြယ်တာရာ သခင် အသစ် နှစ်ပါးပါ သူ့ ထိန်းချုပ်မှုအောက်သို့ ကျရောက်လာခဲ့ကြောင်း ဝေ့ဝူယင် တွေ့ရှိ ခဲ့ရသည်။ ဘေးဥပဒ် ပင်လယ်၊ ရေနေအယ်ဗန် မျိုးနွယ်၏ ကြယ်တာရာ သခင်မှာ ရှန်းကလန်၏ ထိန်းချုပ်မှုအောက်တွင် တစ်ချိန်လုံး ရှိနေခဲ့ပုံ ပေါ်သည်။

ယခု ဝေ့ဝူယင်၏ လက်ခုပ်ထဲတွင် လဲ့ကလန်၏ ဘိုး‌ဘေး အပါအဝင် ကြယ်တာရာသခင် အဆင့် ကျင့်ကြံသူ သုံးပါး ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း အမျိုးမျိုးသော ကန့်သတ်ချက်များကြောင့် လက်ရှိ အခြေအနေတွင် သူတို့မှာ အသုံးမဝင် သလောက် နီးပါး ဖြစ်သည်။ သို့သော်လည်း ကန့်သတ်ချက် ဝင်္ကပါများကို ဖယ်ရှား ‌ပေးလိုက်သည်နှင့် သူတို့မှာ ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက်လာမည်မှန်း ဝေ့ဝူယင် သိပေသည်။

လဲ့ကလန်နှင့် ရှန်းကလန်တို့လား... သူတို့၏ နေ့ရက်များက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အရာရာက သူ့ကြောင့် ဆိုသော်လည်း ဝေ့ဝူယင် ထွေထွေထူးထူး စိတ်မကောင်း မဖြစ်မိချေ။ ဒြပ်စင်တိုကင် ကိုးခုကို စုဆောင်းရမည် ဆိုကတည်းက လင်းမင်နှင့် တော်ဝင်ကလန်များမှာ သူ့အတွက် ရန်သူများ ဖြစ်လာနိုင်ကြောင်း ဝေ့ဝူယင် ကြိုတင် တွေးခဲ့ပြီးသား ဖြစ်သည်။ အကယ်၍ ယခုလိုမျိုး လက်ဦးမှု မရယူနိုင်ပါက သားကောင်မှာ သူ သာလျှင် ဖြစ်သွားရလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ အစွန်းလေးဖက် နယ်မြေ လေးခုမှ ကျင့်ကြံသူများမှာ ဗဟိုနယ်မြေများတွင် ပူးပေါင်း နေထိုင်ခွင့် ရရှိမည် ဆိုသော ကတိစကား တစ်ခုနှင့်ပင် ပျော်ရွှင် နေကြ၏။ ထိုအရာက သူတို့ ဘဝ တစ်လျှောက်လုံး လိုချင်ခဲ့ရသော တစ်ခုတည်း‌သော တောင့်တမှုပင် ဖြစ်သည်။

ဝေ့ဝူယင်ကို ကျေးဇူးတင်စကား ဆိုလိုက်ကြပြီးနောက် အားလုံးမှာ လဲ့ကလန်နှင့် ရှန်းကလန်တို့ဘက်ကို လှည့်လိုက်ကြ၏။ ထိုတော်ဝင် ကလန် နှစ်ခုမှာ အစွန်းလေးဖက် နယ်မြေသားများကို အနိုင်ကျင့် ဗိုလ်ကျ၍ ခေါင်းပုံဖြတ် နေခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ယခုအချိန်တွင်တော့ ဝေ့ဝူယင်၏ အမိန့်အာဏာနှင့် အတူ ထိုကလန်များ အပေါ် တရား စီရင်ခွင့်က သူတို့ လက်ခုပ်ထဲသို့ ရောက်ရှိလာခဲ့ချေပြီ ဖြစ်သည်။

တော်ဝင် ကလန်နှစ်ခု၏ မုန်းတီး ရွံရှာသည့် အကြည့်များကို လျစ်လျူရင်း ဝေ့ဝူယင် ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ထိုကလန်နှစ်ခုနှင့် ပတ်သက်၍ သူ့တွင် ထောက်ထားစရာ မျက်နှာ မရှိသလို၊ ဖြေလျှော့ပေးစရာ အကြောင်းရင်းလည်း မရှိချေ။

ပြောရလျှင်... အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်ရှိ အင်အားစုများကို အားနည်းသွားစေလိုသည့် အကြောင်းပြချက် တစ်ခုပင် သူ့ထံတွင် ရှိပေသည်။  ဤနေရာရှိ အချိန်သခင်များသာ လွတ်လပ်ခွင့် ရရှိကာ သုံးလွှာ ကြယ်တာရာ နယ်မြေအတွင်း ဝင်ရောက်လာပါက မည်သည့် အကျိုးဆက်များ ဖြစ်လာမည်နည်း။ လွှဲဖယ် မရနိုင်သည့် ကပ်ဘေးကြီး တစ်ခု ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။

ကံကောင်းထောက်မစွာပင် ယခုတွင်တော့ သူက တော်ဝင် နယ်မြေ သုံးခု၏ အရှင်သခင် ဖြစ်လာခဲ့ပြီ ဖြစ်ရာ အခြေအနေ အရပ်ရပ်က ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

နာရီအနည်းငယ် ကြာမြင့်ပြီးနောက်...

“တော်ဝင်သားတော်...

စီတက ညင်သာစွာ ခေါ်လိုက်ရင်း သွယ်လျသော လက်ချောင်းရှည်များဖြင့် ဝေ့ဝူယင်၏ ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ အဝတ်ဗလာနတ္ထိ ဖြစ်နေသည့် သူမ၏ ခန္ဓာကိုယ်လေးက ဝေ့ဝူယင်၏ ကျယ်ပြန့်သော ရင်ခွင်ထက်တွင် လှဲလျောင်းနေခဲ့ကာ လှပ ရှည်လျားသော ‌ငွေရောင် ဆံနွယ်များမှာ ချွေးစတို့ဖြင့် စိုစွတ်နေလေ၏။

ဝေ့ဝူယင်မှာ ခုတင် အပေါ် တည့်တည့်ရှိ အဖြူရောင် မျက်နှာကျက်ကို ငေးမောနေခဲ့ကာ အမျိုးမျိုးသော အတွေးစများမှာ သူ့စိတ်အတွင်း ပြည့်နှက်နေသည်။ အစီအစဥ် အောင်အောင်မြင်မြင် ပြီးမြောက်သွားခြင်းနှင့် အတူ ဒြပ်စင်တိုကင် ကိုးခုအနက် သုံးခုကတော့ သူ့လက်ထဲ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအရာက အောင်မြင်မှု တစ်ခု ဆိုသော်လည်း သူ့တွင် ထပ်မံ စုဆောင်းရန် ‌ခြောက်ခု ကျန်ရှိနေသေး၏။ ထိုအထဲမှ သုံးခုက မည်သည့် နေရာများတွင် တည်ရှိသည်ကို သူ သိပေသည်။ ၎င်းတို့မှာ နေရာသေများတွင် မလှုပ်မရှား ရှိနေကြရာ ရှာဖွေ စုဆောင်းဖို့ ခက်ခဲလိမ့်မည် မဟုတ်ချေ။

ပြဿနာက လင်းမင်၏ လက်ထဲမှ ဒြပ်စင် သင်္ကေတများ ဖြစ်သည်။ လင်းမင်မှာ ကောင်းချီးခံ တစ်ယောက် ဖြစ်ရာ အကြွင်းမဲ့ အင်အားကို မပိုင်ဆိုင်ပဲ သူ့အား ရင်ဆိုင်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။ ထို့အပြင် လင်းမင်နှင့် လုံချန်တို့မှာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ ကောင်းချီးခံ ယွမ်လုံရှီထက် ပိုမို များပြားသည့် ကမ္မတန်ဖိုးများကို ပိုင်ဆိုင်ထားသည်ဟု ဝေ့ဝူယင် ခံစားရသည်။ ယွမ်လုံရှီ ပင်လျှင် သည်လောက် ရင်ဆိုင်ရ ခက်ခဲနေလျှင် လင်းမင် ဆိုပါက ပြောစရာပင် လိုတော့မည် မဟုတ်ချေ။

အတန်ကြာ တွေးတောပြီးနောက်တွင် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တောက်ပသွားကာ သူ့ ရင်ဘတ်ကို ပွတ်သပ်နေသည့် စီတ၏ လက်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူက ခပ်ကြမ်းကြမ်းပင် သူမကို ရင်ခွင်ထဲ နစ်မြုပ်သွားအောင် ဆွဲယူလိုက်သည်။ ဝေ့ဝူယင်၏ အကိုင်အတွယ်များ အောက်တွင် စီတ၏ ခန္ဓာကိုယ်လေးမှာ ပိုမို၍ ပူပြင်း လာခဲ့၏။

“ကျင့်ကြံကြမလား...”

ဝေ့ဝူယင်က ပြုံးရင်း မေးလိုက်၏။ ဤကိစ္စတွင် လောစရာ မလိုကြောင်း သူ သိပေသည်။ သူ လုပ်ရန် လိုအပ်သမျှက စောင့်ဆိုင်းဖို့သာလျှင် ဖြစ်သည်။ အနှေးနှင့် အမြန် ဆိုသလို လင်းမင်မှာ သူ့ထံ ရောက်ရှိ လာလိမ့်မည် ဖြစ်သည်။ ဆန်းကြယ် ဧကရာဇ်၏ အမွေခံ တပည့် တစ်ယောက် အနေဖြင့် ဤပြိုင်ပွဲ အကြောင်း သူ သိရှိထားမည်မှာ မြေကြီးလက်ခတ် မလွဲချေ။

ယခု၌ ဝေ့ဝူယင်မှာ မဟာမြေကြီး ရတနာသိုက် တစ်ခုလုံးကို ရရှိထားခဲ့ပြီး ဖြစ်လေရာ ဝိညာဥ် နတ်ဘုရား ဆေးရည် ဖော်စပ်ရန် ရင်းမြစ်များ လုံလောက်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် လောကအလင်း ဆေးရည်ကို သောက်သုံးပြီးနောက်တွင် သူ၏ ဉာဏ်အလင်းက “အလင်းပြန်ခြင်း အဆင့်” ကို တက်လှမ်းရန် ပြည့်မှီနေခဲ့ပြီ ဖြစ်သည်။ ယခု သူ လုပ်ရန် လိုအပ်သမျှက ကျင့်ကြံခြင်း အခြေခံကို အကန့်အသတ်သို့ ရောက်အောင် ဖြည့်တင်းရေးသာ ဖြစ်ပေသည်။

ဒေါက်... ဒေါက်...

ထိုအခိုက်တွင်ပင် တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာလေ၏။

***

All Chapters