← Chapters

ဝေ့ဝူယင်ထံမှစာ

Vol. 33 Ch. 461

ဝေ့ဝူယင်ထံမှစာ

Vol. 33 Ch. 461

ဒေါက်... ‌ဒေါက်...

ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် ဝေ့ဝူယင်နှင့် စီတတို့မှာ အနည်းငယ် အရှိန်တန့် သွား၏။ သူတို့က တံခါးဝဘက်ဆီသို့ လှည့်ကာ ကြည့်လိုက်ကြလေသည်။

“ဝင်လာခဲ့လေ...”

ဝေ့ဝူယင်ထံမှ အမိန့်ရသည်နှင့် တံခါးက ဖြည်းညင်းစွာပင် ပွင့်ဟလာကာ ချောမောသော အယ်ဗန်မလေး တစ်ယောက်ပေါ်လာခဲ့သည်။ သူမက ခန္ဓာကိုယ် အကွေ့အကောက်များအား ပေါ်လွင် ထင်ရှားစေသည့် ပါးလျ‌သော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက မြေအောက်မြို့တော်မှ ကြေးဝါရောင် အသားအရေ ပိုင်ရှင် အိကျူးလင်ပင် ဖြစ်လေသည်။

အဝတ်အစား ဗလာနတ္ထိဖြင့် အရှိန်တက်စ ပြုနေသည့် စုံတွဲကို ကြည့်ရင်း အိကျူးလင်၏ ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲ တုန်ခါသွား၏။ သူမက အနည်းငယ် ရှိုးတိုးရှန့်တန့် ဖြစ်နေကာ ဝင်ရခက်၊ ပြန်ထွက်သွားရခက် ဖြစ်နေပုံ ပေါ်သည်။

“အိကျူးလင်... ဝင်လာခဲ့လေ...”

ဝေ့ဝူယင်က ရယ်မောရင်း ပြောလိုက်၏။ အိကျူးလင်၏ မျက်ဝန်းလေးများက ချက်ချင်းပင် စိတ်လှုပ်ရှားမှုများ၊ ပျော်ရွှင်မှုများဖြင့် တဖိတ်ဖိတ် တောက်ပသွားသည်။ သူမပါ ခုတင်ပေါ် ကို လှဲလျောင်းလိုက်ပြီးနောက်တွင် အခန်းအတွင်း၌ သာယာ ကြည်နူးဖွယ် ကောင်းသော ပတ်ဝန်းကျင် တစ်ခု မွေးဖွား လာခဲ့လေတော့သည်။

...

အနန္တ ဧကရာဇ်ဂိုဏ်း၊ ဒြပ်စင် ကောင်းကင်ဂိုဏ်း၊ အဂ္ဂိရတ် အစည်းအရုံးနှင့် စန်းမျိုးနွယ်တို့၏ ထိပ်တန်း ပါရမီရှင်များ အစွန်းလေးဖက် လောကနယ်မြေ အတွင်းပိုင်း၌ ရုန်းကန် ရှာဖွေ နေကြချိန်တွင် သုံးလွှာ ကြယ်တာရာ နယ်မြေတွင်လည်း အပြောင်းအလဲများ ဆက်တိုက် ဖြစ်ပျက် နေခဲ့လေသည်။ အသိသာဆုံး အပြောင်းအလဲက သုံးလွှာ ကြယ်တာရာ နယ်မြေ၏ နာမည်ကို တရားဝင် ပြောင်းလဲကြရေး ဆွေးနွေးမှု ဖြစ်ကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် အင်ပါယာ ကောင်းကင် ကြယ်တာရာ နယ်မြေ ဟူသော နာမည် နှစ်ခုကြားတွင် ထိပ်တိုက် တွေ့မှုများ ရှိခဲ့သည်။

နာမည် ပညတ်ချက်မှာ ကြယ်တာရာ နယ်မြေတစ်ခု အတွက် အလွန် အရေးပါကာ များသောအားဖြင့် ကြယ်တာရာ နယ်မြေကို မည်သူက အုပ်စိုးမည် ဆိုသော ကဏ္ဍနှင့် တိုက်ရိုက် ချိတ်ဆက်နေသည်။ လက်ရှိ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ပြိုင်ဘက်ကင်း လောကသခင် တစ်ယောက် ရှိသလို အဂ္ဂိရတ် ပါရမီတွင် ပြိုင်ဘက်ကင်းသည့် အာရုဏ်ဦး ဧကရာဇ်လည်း ရှိနေခဲ့ပေသည်။ ထာဝရ ဧကရာဇ်နှင့် အာရုဏ်ဦး ဧကရာဇ်တို့၏ အဂ္ဂိရတ် စွမ်းအားနှင့် ပတ်သက်၍ အင်အားစုများ အကြားတွင် မရေမတွက်နိုင်သော ဆွေးနွေးမှုများ ရှိခဲ့သည်။

များစွာသော လူများက အာရုဏ်ဦး ဧကရာဇ်လေးမှာ ကျင့်ကြံခြင်း လမ်းစဥ်တွင်လည်း ထူးကဲလွန်းလှသည့် ပါရမီကို ပိုင်ဆိုင်ထားလေရာ နောင်တစ်ချိန်တွင် ထာဝရ ဧကရာဇ်ကိုပင် ကျော်လွန်မည့် ပုဂ္ဂိုလ် အဖြစ် ရည်ညွှန်း နေကြသည်။ တစ်ချိန်တည်းတွင် အချို့ကလည်း အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ချို့တဲ့မှုကြောင့် ဝေ့ဝူယင်မှာ သေမျိုး အကန့်အသတ်ကို ဘယ်တော့မှ ချိုးဖျက် နိုင်လိမ့်မည် မဟုတ်ဟု ယူဆထားကြသည်။

အနာဂတ်တွင် မည်သို့ပင် ဖြစ်လာစေကာမူ... ထိုကဲ့သို့ ဆွေးနွေး ငြင်းခုန်ရသည်ကပင် အလွန် ဝမ်းသာ ဂုဏ်ယူစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ထိုအရာက ကျင့်ကြံခြင်း ရွှေခေတ်ကို တစ်ဖန် ပြန်လည်  ရောက်ရှိလာသည့် လက္ခဏာ မဟုတ်ပါလား။

အနန္တ ဧကရာဇ်ဂိုဏ်းကြီး၏ တောင်ထွတ် ငါးခုအနက် တစ်ခု ဖြစ်သည့် ဖန်တီးခြင်း တောင်ထွတ်၏ အဋ္ဌမအလွှာတွင် ဝေ့ဝူယင်၏ ကောင်းကင် နန်းတော်မှာ တိမ်စိုင်တိမ်လိပ်များ အကြား၌ နတ်ဘုံနတ်နန်း တစ်ခု သဖွယ် မြောလွင့်နေခဲ့၏။

ဘုန်း... ဘုန်း...

ကောင်းကင် တစ်ခုလုံးကို တုန်ခါစေသည့် မိုးကြိုး ထစ်ချုန်းသံများနှင့် အတူ ကောင်းကင် နတ်မြင်းပျံ တစ်ကောင်မှာ လျှပ်ပန်းလျှပ်နွယ်များကို ဝန်းရံလျှက် ကောင်းကင်အလွှာကို ထိုးဖောက် ထွက်ပေါ်လာ၏။   ထိုနတ်မြင်းပျံ၏ ကြီးမား ကျယ်ပြန့်လှသော ကျောပြင်ထက်တွင်တော့ မဟူရာ သံချပ်ကာ ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရဲရင့် တည်ငြိမ်သော ရုပ်သွင်တစ်ခု လိုက်ပါလာသည်။

ဘုန်း... ဘုန်း...

ရှောင်ပိုင်မှာ အတောင်ပံများကို ခတ်ရင်း ကောင်းကင်နန်းတော်ဆီ လျှင်မြန်စွာပင် တိုးဝင် ပျံသန်းသွား၏။ ၎င်း၏ အရှိန်အဝါက လွန်ခဲ့သည့် တစ်နှစ်ကနှင့် စာလျှင် များစွာ ပိုမို မြင့်တက်လာခဲ့ကာ ခန္ဓာကိုယ်မှာလည်း ပေပေါင်း တစ်ရာ့နှစ်ဆယ် အထိ ကြီးမား လာခဲ့ပြီ ဖြစ်သည်။ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များကို နေ့ညမရွေး စားသုံး နေခြင်းနှင့် အတူ သူ၏ ကြီးထွားနှုန်းက ကောင်းကင်ဘုံကိုပင် အံတုနိုင်နေပြီ ဖြစ်သည်။

ရှောင်ပိုင်မှာ ကောင်းကင်မိုးကြိုး သွေးမျိုးဆက်ကို ပြီးပြည့်စုံစွာ နိုးထနိုင်ခဲ့ပြီး ဖြစ်ရာ မိုးကြိုးနှင့် လျှပ်စီးများမှာ သူအသက်ရှူလိုက်တိုင်း မုန်တိုင်းတစ်ခုလို ထွက်ပေါ်နေသည်။ အရွယ်အစား ပိုမို ကြီးမားလာခြင်နှင့် အတူ သူ၏ အမြန်နှုန်းမှာလည်း မခန့်မှန်းနိုင်သည့် အဆင့် တစ်ခုသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် သူ့ထက် မြန်အောင် ပျံသန်းနိုင်သည့် သားရဲ မရှိတော့ချေ။

ခွန်အားကဏ္ဍတွင်လား... ထိုနတ်မြင်းပျံလေးမှာ ကြယ်တာရာ အမြုတေ အဆင့်ခြောက် ကျင့်ကြံသူများကိုပင် အသာအယာ ယှဥ်၍ တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။

စုမေ့က ရှောင်ပိုင်ကို ကောင်းကင်နန်းတော် နံဘေး မြေကွက်လပ်တွင် ဆင်းသက်ရန် ညွှန်ကြားလိုက်၏။ ထို့နောက် သူမက ကျောထက်မှ ခုန်ချလိုက်ရင်း အုန်းသီးလုံးလောက် အရွယ်အစား ရှိသည့် အဆင့်ခုနစ် ဆေးလုံး တစ်လုံးကို ရှောင်ပိုင် ပါးစပ်ထဲ ပစ်ပေးလိုက်သည်။ ရှောင်ပိုင်က ပါးစပ်ကို ဟ၍ ထိုဆေးလုံးကို တိုက်ရိုက် မျိုချလိုက်ကာ ပျော်ရွှင်စွာ ဟီလိုက်၏။

ယခုအချိန်၌ ရှောင်ပိုင်မှာ ဝေ့ဝူယင်၏ သားရဲ ဆိုသည်ထက် စုမေ့၏ သားရဲ သဖွယ်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ စုမေ့မှာ ကုန်းမြေတိုက်ကြီးနှင့် ဂြိုဟ်များကို ဖြတ်ကျော်၍ ခရီးထွက်တိုင်း ရှောင်ပိုင်ကို ခေါ်သွားကာ သူ့ အတောင်ပံများကို လောကအနှံ့ ဆန့်တန်းစေခဲ့သည်။ အကောင်းဆုံးသော အစားအသောက်များနှင့် ဆေးလုံးများကိုသာ စားသုံးစေခဲ့သည်။

ထိုကဲ့သို့ အမြဲလိုလို နီးကပ်စွာ ရှိနေခဲ့ခြင်းနှင့် အတူ ထိုသားရဲလေး၏ စုမေ့ အပေါ် တွယ်တာမှုက ဝေ့ဝူယင်ထက်ပင် ပိုမို နေခဲ့ပြီ ဖြစ်သည်။ စုမေ့နှင့် ရှောင်ပိုင်တို့ နှစ်ယောက် အကြားရှိ သံယောဇဥ်က ဝေ့ဝူယင်နှင့် ပိုင်လင်တို့အောက် လျော့ကျခြင်း မရှိပါချေ။

စုမေ့က ရှောင်ပိုင်ကို တစ်ချက် နှစ်ချက်ခန့် ပွတ်သပ်ပေးပြီးနောက် ကောင်းကင်နန်းတော်ဆီ လမ်းလျှောက် လာခဲ့၏။ သူမက လက်ဟန် ချိပ်စည်း အချို့ကို ပြုလုပ်လိုက်ရာ ခန့်ညား ထည်ဝါသော တံခါးကြီးမှာ ဖြည်းညင်းစွာပင် ပွင့်ဟ သွားခဲ့သည်။ ကောင်းကင်နန်းတော်ထဲ လှမ်းဝင်ပြီး မကြာခင်မှာပင် ရင်းနှီးပြီးသား ပုံရိပ် နှစ်ခုကို စုမေ့ တွေ့လိုက်ရ၏။

“မမစု...”

နူးညံ့သော အသံလေး တစ်ခုမှာ ဆံပင် အနီရောင်နှင့် မိန်းမငယ်လေး တစ်ယောက်ထံမှ ထွက်ပေါ်လာ၏။ သူမ၏ နံဘေးတွင်တော့ ရေခဲ အငွေ့အသက်များ ထွက်ပေါ်နေသည့် အဖြူရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေး တစ်ယောက် ရှိနေခဲ့ပေသည်။

သူတို့ နှစ်ယောက်ကား ဟုန်ရုနှင့် ရှောင်ပင်းတို့ပင် ဖြစ်ကြလေသည်။

ဟုန်ရု...

တစ်နှစ်အတွင်းမှာပင် ဟုန်ရုမှာ ကြယ်တာရာ အမြုတေ အဆင့်ကို ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုထက် ပိုမိုသည်က သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို ခိုင်မာလာခြင်း ဖြစ်သည်။

“ဟုန်ရု... ရှောင်ပင်း...”

စုမေ့မှာ မိန်းကလေး နှစ်ယောက်ကို ပြန်လည် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက ဆက်လက်၍ တောင်းဆို လိုက်၏။

“ဒါနဲ့ မင်းတို့ နှစ်ယောက် အားရင်း လူတိုင်းကို အဓိက ခန်းမထဲ လာပါလို့ ပြောပေးနိုင်မလား”

ဟုန်ရုနှင့် ရှောင်ပင်းတို့မှာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ ဝေ့ဝူယင်၏ ကောင်းကင်နန်းတော်ကို စတင် ရောက်ရှိချိန်ကတည်းက သူတို့ တစ်ခါမှ မစုစည်းခဲ့ဖူးချေ။ ကြည့်ရသည်က ဤကိစ္စမှာ အရေးကြီးပုံ ရသည်။ သူမတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အဖြေပေးလိုက်ကြ၏။

“ရပါတယ် မမစု...”

“အင်းအင်း... နာ့ရှင်းရီကိုလည်း မမေ့နဲ့နော်...”

စုမေ့က သတိပေးလိုက်ရင်း အဓိက ခန်းမဆီသို့ ထွက်ခွာ သွားခဲ့တော့၏။ ဝေ့ဝူယင်နှင့် ချင်ချူးမူတို့ ဂိတ်တံခါးကို ဖြတ်သန်း ဝင်ရောက်သွားပြီးနောက်တွင် နာ့ရှင်းရီမှာ ဝေ့ဝူယင်၏ ကောင်းကင် နန်းတော်ဆီ ‌ပြောင်းရွှေ့ လာခဲ့သည်။ ထိုအရာက ဝေ့ဝူယင်နှင့် ချင်ချူးမူတို့ အပါအဝင် အားလုံး၏ သဘောဆန္ဒလည်း ဖြစ်ပေသည်။

မကြာခင်မှာပင် မိန်းကလေး အားလုံးမှာ ကောင်းကင်နန်းတော်၏ အဓိက ခန်းမထဲသို့ တစ်စုတစ်စည်းတည်း ‌ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

စုမေ့က စင်မြင့်ထက်တွင် ရပ်ရင်း ပြစ်မျိုး မှဲ့မထင် လှပလှသည့် မိန်းကလေးများကို ရေတွက်ကြည့်လိုက်၏။ ဟုန်ရု၊ ရှောင်ပင်း၊ လင်းကျိရန်၊ ဝူပိုင်ကျိုး၊ ဝမ်မင်ယာ၊ နာ့ရှင်းရီ၊ နယ်လာရှား၊ ရှန်းလင်၊ လုံထျန်းယု၊ ရွှယ်ရီဖေး... သူမက ခေါင်းတစ်ချက် ညိတ်လိုက်၏။

ဆယ်ယောက်စလုံး စုံလင်နေပြီ ဖြစ်သည်။

နာ့ရှင်းရီမှာ မတ်တပ်ရပ်နေခဲ့ကာ ယခင်ကထက် အများကြီး ပြန်လည် ကျန်းနေခဲ့ပြီ ဖြစ်သည်။ ကောင်းကင် နန်းတော်ဆီ ပြောင်းရွှေ့လာပြီးနောက်တွင် စုမေ့မှာ ဝေ့ဝူယင် ရည်ရွယ်ချက် ရှိရှိ ချန်ထားရစ်ခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များကို သုံးကာ သူမကို လပေါင်းများစွာ ကုသပေးခဲ့သည်။ မူလယင် ရင်းမြစ်နှင့် ရုပ်ပိုင်းဆိုင်ရာတို့မှာ ဆက်လက် ခမ်းခြောက်နေဆဲ ဖြစ်သည့်တိုင် သူမက ပုံမှန် လုပ်ငန်းဆောင်တာများကို ပြန်လည် လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။

လုံထျန်းယုကိုတော့ ဆရာဖြစ်သူ ရှန်းလင်က ကျင့်ကြံသူရန် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မိန်းကလေး ကိုယ်တိုင်ကလည်း အမကြီး နာ့ရှင်းရီကို နီးနီးကပ်ကပ် ပြုစုလိုသည့် ဆန္ဒ ပါဝင်ပေသည်။ ပထမ၌ သူမမှာ ဝေ့ဝူယင် အပေါ် မုန်းတီးခဲ့သည့်တိုင် ထိုနေ့က လုံချန်၏ လုပ်ရပ်ကို တွေ့မြင်ပြီး နောက်တွင်တော့ ခံစားချက်များ အနည်းငယ် ပြောင်းလဲ နေခဲ့ပြီ ဖြစ်သည်။

စုမေ့က အားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်ရင်း ကြေညာလိုက်၏။

“ဒီနေ့ဆိုရင် အရှင်ဝေ့ ဂိတ်တံခါးကို ဖြတ်သန်းပြီး ဝင်ရောက်သွားတာ တစ်နှစ်ပြည့်ခဲ့ပြီ... တကယ်လို့ သူ ဒီနေ့မှာ ပြန်ရောက် မလာနိုင်ခဲ့ရင် ဘာလုပ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး စာတစ်စောင်ကို ချန်ထားခဲ့တယ်”

ထို့နောက် သူမက ချိပ်ပိတ်ထားဆဲ ဖြစ်သည့် စာတစ်စောင်ကို ထုတ်ယူလိုက်သည်။ မိန်းကလေးများမှာ စာကို ကြည့်ကာ အံ့အားသင့် သွားကြ၏။ သူတို့ သိချင်စိတ် ပြင်းပြသည့် မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သူက ဘာကြောင့် စာတစ်စောင် ချန်ထားခဲ့ရသနည်း။ အများစု၏ အကြည့်များက ရွှယ်ရီဖေး ထံသို့ ရောက်ရှိ သွားကြသည်။ ဤနေရာ၌ ရှိနေသည့် မိန်းကလေးများထဲတွင် ရွှယ်ရီဖေး တစ်ယောက်သာလျှင် ဝေ့ဝူယင်၏ တရားဝင် ကိုယ်လုပ်တော် မိန်းကလေး ဖြစ်သည် မဟုတ်ပါလား။

“ဘာမှ စိတ်မပူကြပါနဲ့... သူ ဘာပဲ ချန်ခဲ့ချန်ခဲ့... အဲဒါက ကျွန်မတို့ အတွက် အကျိုးရှိတာ တစ်ခုခုပဲ ဖြစ်မှာပါ”

ရွှယ်ရီဖေးက ညင်သာစွာပင် ပြုံးရင်း အားလုံးကို နှစ်သိမ့်လိုက်၏။သူမ၏ စကားလုံးများက မိန်းကလေးများ၏ စိုးရိမ်စိတ်များကို ပြေလျော့ သွားစေသည်။

စုမေ့က အသာအယာပင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ဖြည်းညင်းစွာပင် စာကို ဖွင့်ဖောက်လိုက်တော့သည်။

***

All Chapters