ပုံရိပ်ယောင်
Vol. 33 Ch. 462
စုမေ့ စာကို ဖွင့်ဖောက်နေချိန်တွင် မိန်းကလေး အားလုံး၏ နှလုံးသားများမှာ အကြောင်းပြချက် အမျိုးမျိုးဖြင့် လေးလံ နေခဲ့၏။ တစ်နှစ်ပတ်လုံးကြာအောင် ဝေ့ဝူယင်မှာ ဘယ်ဆီဘယ်ဝယ်မှန်း မသိသည့် နေရာတစ်ခုကို ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ အချို့က ဝေ့ဝူယင် တစ်ခုခု ဖြစ်ပြီး တစ်သက်လုံး ပြန်မလာနိုင်တော့မှာကို စိုးရိမ် နေကြသည်။ စောစောက ရွှယ်ရီဖေး ပြောသည့်အတိုင်း ကောင်းသတင်းသာ ကြားရပါစေဟု သူတို့ ဆုတောင်း နေမိကြသည်။
သို့သော်လည်း အမှန်တကယ်အားဖြင့် ရွှယ်ရီဖေးမှာ အားလုံးထဲတွင် အစိုးရိမ်ဆုံး ဖြစ်သည်။ လက်ရှိ အချိန်တွင် သူမက ဝေ့ဝူယင်၏ တစ်ဦးတည်းသော တရားဝင် လက်တွဲဖော် ဖြစ်ပေသည်။ ကိုယ်လုပ်တော် ဆိုသည့်တိုင် ဝေ့ဝူယင်မှာ တရားဝင် ဇနီးမယား ရှိသေးသူ မဟုတ်ချေ။
အခြားတစ်ဖက်၌ လင်းကျိရန်၏ မျက်လုံးများမှာလည်း စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေ၏။ သူမက လုံချန်ကို ထားခဲ့ကာ မျှော်လင့်ချက် အလုံးစုံကို ဝေ့ဝူယင် အပေါ်တွင် ပုံအောထားသူ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင် တစ်ခုခု ဖြစ်သွားလျှင် သူတို့မျိုးနွယ်၏ နှစ်ပေါင်းထောင်ချီ ကောက်ရိုးမျှင်က အပြီးတိုင် ပြတ်တောက် သွားရတော့မည် ဖြစ်သည်။
လင်းကျိရန် နာ့ရှင်းရီကို လှမ်းကြည့်လိုက်၏။ အမှောင် ဟင်းလင်းပြင် အအေးလှိုင်း တိုက်ခိုက်ခံရချိန်တွင် လုံချန် တမင်သက်သက် လျစ်လျူခဲ့ကတည်းက သူတို့ နှစ်ယောက်၏ ဆက်ဆံရေးမှာ နောက်ပြန်လှည့်၍ မရနိုင်တော့ကြောင်း သူမ သိပေသည်။ နာ့ရှင်းရီတွင် လုံချန်ကို ဆက်ချစ်စရာ အကြောင်းပြချက် မရှိတော့ချေ။ ဝေ့ဝူယင်မှာလည်း လူကောင်းတစ်ယောက် မဟုတ်သည့်တိုင် အနည်းဆုံးတော့ သူက ကြောင်သူတော် မဟုတ်ပါချေ။
တစ်ချိန်တည်း၌ ရှန်းလင်နှင့် နယ်လာရှားတို့မှာလည်း စိုးရိမ် နေကြ၏။ သူတို့ နှစ်ယောက်စလုံးမှာ ဝေ့ဝူယင်၏ ချစ်သူများ ဖြစ်ကာ အမြဲတမ်း လိုလို ထိုလူငယ်ထံမှ အလျှံပယ်သည့် ရင်းမြစ်များနှင့် ချစ်ခင် ကြင်နာမှုများကို ရရှိခဲ့သူ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ တစ်ခုခု ဖြစ်သွားပါက သူတို့ အတွက် ရွှေတောင်ကြီး ပြိုသလို ဖြစ်သွားပေလိမ့်မည်။
စုမေ့မှာ အခန်းအတွင်း ပျံ့နှံ့နေသည့် မိန်းကလေးများ၏ စိုးရိမ်မှုများကို ခံစားမိရာ မျက်မှောင်ကြုတ် လိုက်၏။ သူတို့က ဝေ့ဝူယင် တစ်ခုခု ဖြစ်သွားမည်ဟု ထင်နေသည်လား။
တစ်ဦးတည်း အမြင်အရ စုမေ့ကတော့ ဝေ့ဝူယင် ဘာမဖြစ်နိုင်ဟု ယုံကြည်ပေသည်။ နေသွေးနီနီဂိုဏ်းမှာ ကတည်းက အေးအတူ ပူအမျှ ဖြတ်သန်းခဲ့သည့် လက်ထောက် တစ်ယောက် အနေဖြင့် ဝေ့ဝူယင် အကြောင်းကို ဤနေရာတွင် ရှိနေသည် လူတိုင်းထက် သူမ ပိုသိပေသည်။ သူမကတော့ ဝေ့ဝူယင်ထက် ဟုန်ချွင်းဟွာနှင့် အခြား အာဏာရှင်များကိုသာ ပို၍ စိတ်ပူမိပေသည်။
မိန်းကလေးများ ဝေ့ဝူယင် တစ်ခုခု ဖြစ်မည်ကို စိုးရိမ် ပူပန်နေခြင်းမှာ သူ ပိုင်ဆိုင်ထားသည့် အစစ်အမှန် ခွန်အားကို မသိကြသေးခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ စုမေ့က အသာအယာ ပြုံးလိုက်ရင်း စာအိတ်၏ ထောင့်စွန်းကို ဆွဲဖြဲလိုက်၏။
ဝမ်...
ရုတ်တရက် အဖြူရောင် အလင်းတန်းများမှာ စာအိတ်ထဲမှ ထွက်ပေါ်လာကာ လင်းလက်စွာ တောက်ပ သွား၏။ ထိုအလင်းတန်းများက အလွန် စူးရှလွန်းရကား မိန်းကလေးများမှာ မျက်လုံးကို စုံပိတ် ပိတ်လိုက်ကြရသည်။ နောက်ထပ် စက္ကန့် အနည်းငယ် အကြာ... အလင်းတန်းများ ပြန်လည် ကြဲပါးသွားသော အခါတွင်မှ သူတို့မှာ မျက်လုံးများကို ဖြည်းညင်းစွာ ပြန်လည် ဖွင့်ကာ မျက်တောင်များကို တဖျပ်ဖျပ် ခပ်လိုက်ကြ၏။
“ရှင်... ရှင် ဘယ်လို ရောက်လာတာလဲ...”
ရုတ်တရက် အံ့သြမှင်သက်မှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ လုံထျန်းယုမှာ သူမ မြင်တွေ့နေရသည့် အရာကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေပုံ ရသည်။
တစ်ချိန်တည်းတွင်ပင် အခြား မိန်းကလေးများမှာလည်း အမြင်အာရုံများ ပြန်လည် ရရှိလာကြ၏။ လုံထျန်းယု နည်းတူပင် သူမတို့သည်လည်း စုမေ့၏ နံဘေးတွင် ရပ်နေသည့် ချောမော ခန့်ညားသော လူငယ် တစ်ဦးကို တွေ့လိုက်ရလေသည်။
“အရှင်ဝေ့...”
စုမေ့က နည်းနည်းမျှ အံ့အားသင့်ပုံ မရချေ။ စက္ကန့်အနည်းငယ် ကြာအောင် ပုံရိပ်ကို လေ့လာပြီးနောက် သူမက သဘောပေါက်သွားဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ပုံရိပ်ယောင်...”
“ပုံရိပ်ယောင်...”
ရွှယ်ရီဖေးမှာ ဝေ့ဝူယင်ကို ပြန်လည် မြင်တွေ့ရသဖြင့် ပျော်ရွှင်နေသော်လည် စုမေ့၏ စကားလုံးများကို ကြားပြီးနောက်တွင် အနည်းငယ် ဆွံ့အ သွားခဲ့သည်။ သူမက ပုံရိပ်ကို နောက်တစ်ကြိမ် သေသေချာချာ ပြန်ကြည့်လိုက်၏။
ဤသည်က ပုံရိပ်ယောင်လား။ သူမ မြင်ရသလောက် ဆိုလျှင် ထိုပုံရိပ်က ဝေ့ဝူယင်မှ ဝေ့ဝူယင် အစစ် ဖြစ်သည်။ သူက ခါတိုင်းလိုပင် အနက်ရောင် ကောင်းကင် ဧကရာဇ် ဝတ်စုံကို ဆင်မြန်းထားကာ ထူထဲ နက်မှောင်သော မျက်ခုံးများအောက်မှ သိမ်းငှက် မျက်လုံးများမှာလည်း ငွေရောင် တောက်ပနေဆဲ ဖြစ်သည်။
တစ်ချိန်တည်း၌ အခြားလူများမှာလည်း ရွှယ်ရီဖေး လိုပင် အစစ်အမှန် ဝေ့ဝူယင် သူတို့ ရှေ့သို့ ပြန်လည် ရောက်ရှိလာသလို ခံစားနေရသည်။ ပုံရိပ်ယောင် တစ်ခုက မည်ကဲ့သို့ ယခုလောက် သက်ရှိ ထင်ရှား ဆန်မည်နည်း။ အကယ်၍ စုမေ့က ဝေ့ဝူယင်၏ ကိုယ်ပွားတစ်ခု ဆိုလျှင်ပင် သူတို့ ယုံကောင်း ယုံမိလိမ့်မည် ဖြစ်သည်။
စုမေ့မှာ အခြားလူများ၏ သံသယများကို ချေဖျက်ပစ်ရန် အတွက် လက်ကို ဆန့်ထုတ်၍ ဝေ့ဝူယင်၏ ညာဘက် လက်မောင်းကို ထိကိုင်လိုက်၏။ ချက်ချင်းပင် ဝေ့ဝူယင်၏ ညာဘက် လက်မောင်း တစ်ခုလုံးမှာ မြူနှင်းများ အသွင် ပြောင်းလဲကာ လွင့်ပါးသွားသည်။ သို့သော်လည်း စုမေ့ကို လက်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်နှင့် မြူနှင်းများမှာ ပြန်လည် စုဝေးလာကာ လက်အဖြစ် ဖွဲ့စည်းသွားသည်။
ရွှယ်ရီဖေးနှင့် အခြား မိန်းကလေးများမှာ ထိုမြင်ကွင်းကို ကြည့်၍ ဝေ့ဝူယင်၏ ပုံရိပ်က ကိုယ်ပွားတစ်ခု မဟုတ်ပဲ စုမေ့ ပြောသည့်အတိုင်း ပုံရိပ်ယောင် တစ်ခုသာ ဖြစ်ကြောင်း သဘောပေါက် သွားကြသည်။
“မိုက်လိုက်တာ...”
လုံထျန်းယုက အံ့အားသင့်စွာ ရေရွတ်လိုက်၏။ အစစ်နှင့် လုံးဝ ခွဲမရအောင် တူသည့် ပုံရိပ်ယောင်မျိုးကို သူမ ယခုမှ ပထမဆုံး အကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ တစ်နေ့နေ့တွင် ဝေ့ဝူယင် ကဲ့သို့ လိုက်ကာ လုပ်နိုင်ရမည် ဟု သူမ စိတ်ထဲမှ ကြုံးဝါး ထားလိုက်၏။
ထိုအခိုက်တွင်ပင် ဝေ့ဝူယင်က စတင် လှုပ်ရှားလာကာ အခန်းအတွင်းရှိ လူများကို ဝှေ့ကြည့် လိုက်၏။
“ဒီစာကို မင်းတို့ ဖွင့်ဖတ်နေပြီ ဆိုတော့ ငါ ထွက်သွားတာ တစ်နှစ်ပြည့်လောက်ပြီ ထင်ပါတယ်... ဒီအချိန် ငါ လောကြီးထဲမှာ ဆက်ပြီး...”
ဝေ့ဝူယင် ညှိုးနွမ်းနေသည့် အသံကို စတင် ကြားလိုက်ရသည်နှင့် အားလုံး၏ နှလုံးသားများမှာ ခဲဆွဲထားသလို လေးလံ သွားကြ၏။ များသောအားဖြင့် သေတမ်းစာလို စာမျိုးမှာ ယခုလို ဝါကျများဖြင့် စတတ်သည် မဟုတ်ပါလား။ မဟုတ်မှ လွဲရော ဝေ့ဝူယင်...။
သူတို့ စိုးရိမ်နေကြစဥ်မှာပင် ဝေ့ဝူယင်၏ အမူအရာနှင့် လေသံက ရုတ်ချည်း ပြောင်းလဲသွား၏။
“ပျော်ပျော်ကြီး အသက်ရှင်နေတုန်းပါပဲ... ဟဟ... စိတ်မပူကြပါနဲ့... မင်းတို့ အားလုံး ငါ့အတွက် စိုးရိမ် ပေးကြတဲ့ အတွက် ဝမ်းသာပါတယ်”
ဝေ့ဝူယင်၏ ပုံရိပ်က သူတို့၏ တုန့်ပြန်မှုများကို မြင်နေရသည့် ပုံစံမျိုးဖြင့် အူမြူးစွာ ရယ်မောလိုက်သည်။ သူက မည်သူ တစ်ဦးတစ်ယောက်ကိုမှ တိုက်ရိုက် စကားပြောဆိုနေခြင်း မဟုတ်သော်လည်း အားလုံးမှာ သူတို့ကို တည့်တည့် ပြောနေသယောင် ခံစားနေရသည်။ အကယ်၍ တစ်ယောက်ယောက်က ဝေ့ဝူယင် ဤနေရာတွင် အမှန်တကယ် ရှိနေသည်ဟု ဆိုလျှင် သူတို့ မျက်စိ စုံမှိတ်ကာ ယုံမိကြလိမ့်မည် ဖြစ်သည်။
“ဟွန့်... ဘယ်သူက သူ့အတွက် စိုးရိမ်ပေးနေလို့လဲ”
လုံချန်းယုက ရှက်ရှက်နှင့် နှုတ်ခမ်းကို စူလိုက်၏။ စောစောက အခြား မိန်းကလေးများ နည်းတူပင် ဝေ့ဝူယင် တစ်ခုခု ဖြစ်သွားမည်ကို သူမ စိုးရိမ်မိသည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း... အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ကို သူမကိုယ် သူမပင် မသိချေ။ ပြောရလျှင် သူမက ဝေ့ဝူယင်ကို သဘောပင် ကျသူ မဟုတ်ချေ။
ဝေ့ဝူယင်၏ ပုံရိပ်က လုံထျန်းယုကို လှမ်းကြည့်ကာ ရယ်မောလိုက်၏။
“ခံစားချက်တွေကို ငြင်းပယ်က ကျန်းမာရေးနဲ့ မညီညွှတ်ဘူး ဆိုတာ သိသင့်တယ်နော်... ဟဟ...”
“ဘာလဲ...”
လုံထျန်းယုမှာ ပါးစပ် အဟောင်းသား ဖြစ်သွား၏။ အခြား မိန်းကလေးများမှာလည်း အံ့သြ ထိတ်လန့်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
“သူက တကယ်ကြီး ဒီနေရာကို ရောက်နေတာများလား...”
ဟုန်ရုက သံသယ အပြည့်ဖြင့် ရေရွတ်လိုက်သည်။ သို့သော်လည်း စုမေ့က ခေါင်းကို ခါယမ်းလိုက်သည်။
“မဟုတ်ဘူး...”
ထို့နောက် သူမက ဝေ့ဝူယင်၏ ပုံရိပ်ယောင်ကို လှမ်းကြည့်ရင်း ပြုံးလိုက်သည်။ ဝေ့ဝူယင်မှာ အစောကတည်းက မည်သူက မည်ကဲ့သို့ တုန့်ပြန်မည်ကို ကြိုတင် ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။ ကြိုတင် ခန့်မှန်းနိုင်ခြင်းက သူ ပိုင်ဆိုင်ထားသည့် အရည်အချင်းများထဲတွင် ထိပ်တန်း အဆင့်၌ ရှိနေသည့် စွမ်းရည် ဖြစ်သည်။
“ကဲကဲ... ထားလိုက်ပါလေ... တစ်နှစ်တောင် ရှိနေပြီတော့ ဒီလေ့လာရေး ခရီးက ငါ မျှော်လင့်ထားတာထက် ပိုကြာသွားပြီ... ခုလောလောဆယ် ငါ ပြန်မရောက်နိုင်သေးဘူး ဆိုတော့ မင်းတို့ လုပ်သင့် လုပ်ထိုက်တာတွေ၊ ပြင်ဆင်ထားသင့်တဲ့ ကိစ္စတွေနဲ့ ဆုံးဖြတ်ချက် ချရမယ့် ဟာတွေကို ငါ ပြောပြမယ်”
ဝမ်မင်ယာက လက်သီးကို ခပ်ဖြည်းဖြည်းလေး ဆုပ်လိုက်၏။ ပတ်ဝန်းကျင် လေထု၏ အခြေအနေက တင်းမာပြီး လေးနက်လာည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားကာ အားလုံးကို အလေးအနက် ပုံစံဖြင့် ကြည့်လိုက်တော့၏။
***