← Chapters

တစ်မိသားစုလုံး

Vol. 49 Ch. 689

တစ်မိသားစုလုံး

Vol. 49 Ch. 689

အခန်း (၆၈၉) တစ်မိသားစုလုံး

လေဟုန်စီးကောင်းကင်ရွက်လှေက ထက်ကောင်းကင်ယံတွင် ပျံသန်းရင်း ထောင်ပေါင်းများစွာသော မြစ်များနှင့် တောင်တန်းများကို တစ်ခဏအတွင်း ဖြတ်သန်းသွားသည်။

ရန်ကျောက်ကဲက ကြီးမားသော ရွက်လှေကြီးအထက်မှ အစီအရင်စက်ဝန်းကို ခေါင်းမော့ကြည့်လိုက်၏။

အစီအရင်စက်ဝန်းက လည်ပတ်နေရင်း တဖြည်းဖြည်းပြောင်းလဲသွားပြီး ဦးတည်ရာကလည်း မသိမသာ ပျောက်ကွယ်သွားသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

ဤသည်က တာ့ရွှမ်တိုင်းပြည်တွင် တည်ဆောက်ထားသော ကောင်းကင်စွမ်းအားအစီအရင် လည်ပတ်မှုရပ်တန့်သွားပြီး ဆက်လက်မတည်ရှိတော့ကြောင်း သက်သေပြနေခြင်းပင်။

သို့သော် ထိုအစီအရင်ကြောင့် မြေပြင်ပကတိသွေးကြောများအပေါ် သက်ရောက်မှုက ရေရှည်ထင်ကျန်ရစ်မည် ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်စွမ်းအားအစီအရင် လည်ပတ်ခြင်းမှ ရပ်တန့်သွားသော်လည်း လေဟုန်စီးကောင်းကင်ရွက်လှေဖြင့် တည်နေရာရှာဖွေရာတွင် ပကတိမြေပြင်သွေးကြောများ၏ ပြောင်းလဲမှုကို ထောက်လှမ်းနိုင်ဆဲ ဖြစ်သည်။

ယခု သူတို့ လျှင်မြန်စွာရောက်လာကြသည်ဖြစ်ရာ တာ့ရွှမ်တိုင်းပြည်မှလူများက သူတို့ကို ထောင်ချောက်ဆင်ရန် အခွင့်အရေးရပါမည်လား ပြောရန်ခက်သည်။

ကျန့်မင်တို့အုပ်စု ကျူတောပင်လယ်ဒေသသို့ ရောက်လာသည်ကို မသိရှိပါက တာ့ရွှမ်တိုင်းပြည်မှလူများအနေဖြင့် စိတ်ပူပန်ကြမည် မဟုတ်ပေ။ သို့သော် စုံစမ်းသိရှိခဲ့မည်ဆိုလျှင် သူတို့လုပ်ထားသည့် ခြေရာလက်ရာများကို ချက်ချင်းဖယ်ရှားပစ်ပေမလိမ့်မည်။

အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းတွင် မြင့်မားသောတောင်တန်းကြီးတစ်ခု ပေါ်လာသည်။

လေဟုန်စီးကောင်းကင်ရွက်လှေကြီးက မကြာမီ တောင်တန်းကြီးအထက် ကောင်းကင်ဆီသို့ ရောက်လာ၏။ ထို့နောက် ရွက်လှေကြီးထက်မှ ကြေးမုံမှန်အလင်းတန်းတစ်ခုဆင်းသက်လာပြီး ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးကို အဆက်မပြတ်လှည့်ပတ် စစ်ဆေးလိုက်သည်။

ခဏကြာတော့ ကြေးမုံမှန်အလင်းတန်းက ချိုင်ဝှမ်းတစ်ခုဆီတွင် ရပ်တန့်သွားသည်။

ကြေးမုံမှန်အလင်းတန်း ချိုင့်ဝှမ်းအတွင်းကျရောက်သွားသည်နှင့် ချိုင့်ဝှမ်းအတွင်း အဝါရောင်မြေပြင်ထက်မှ အလင်းရောင်များ ထွက်ပေါ်လာ၏။

သို့သော် ၎င်းအလင်းရောင်များက ချက်ချင်းပင် အလွန်အားနည်းမှေးမှိန်သွားကာ နောက်ဆုံး ပျောက်ကွယ်သွားသည်။ ဒါကိုမြင်တော့ ကျန့်မင်နှင့် ချန်ကျိလျန်တို အနည်းငယ် မျက်နှာပျက်သွားသည်။

ဖန်းယွင်ရှန်းနှင့် အားဟူတို့က ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်တော့ ရန်ကျောက်ကဲက ခဏမျှ စဉ်းစားရင်း...

“ကြည့်ရတာ သူတို့က အန္တရယ်ကိုကြိုတင်ကာကွယ်ချင်တဲ့ပုံပဲ ၊ ကောင်းကင်စွမ်းအားအစီအရင် ရပ်တန့်သွားရုံသာမက ဖျက်ဆီးခံလိုက်ရပြီ ၊ ခြေရာလက်ရာအားလုံးကိုလည်း ဖယ်ရှားပစ်လိုက်တယ်”

ကျန့်မင်နှင့် ကျန်ကျိလျန်တို့၏ မျက်နှာအမူအရာများက အလွန်အမင်း တည်ကြည်လေးနက်နေသည်။

လေဟုန်စီးကောင်းကင်ရွက်လှေကြီး ချိုင့်ဝှမ်းအတွင်း ဆင်းသက်လာချိန် ချိုင့်ဝှမ်းထဲတွင် လေပြင်းများ အလွန်ပြင်းထန်စွာ တိုက်ခတ်လာသည်။

တောင်တန်းများကြားမှ ချိုင်ဝှမ်းထဲတွင် လေထဲသို့ပျံ့လွင့်နေသော မီးခိုးငွေ့များရှိနေပြီး လူရိပ်အချို့ ရှိနေသည်။ သို့သော် အစီအရင်နှင့်ပတ်သက်သည့် သဲလွန်စကတော့ အနည်းငယ်သာ ကျန်ရစ်၏။

ချိုင့်ဝှမ်းထဲရှိ လူရိပ်များကြားတွင် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ငြိမ်သက်စွာမတ်တတ်ရပ်နေပြီး ‌ကောင်းကင်ထက်တွင် ပျံသန်းလာသည့် လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို လှမ်းကြည့်နေသည်။

သူက ကောင်းကင်ထက်သို့ လှမ်းမျှော်ကြည့်နေသည့်တိုင် သူ့အငွေ့အသက်က သိမ်ငယ်နိမ့်ကျခြင်း တစ်စက်လေးပင် မရှိပေ။

သူက လေဟုန်စီးကောင်းကင်ရွက်လှေကို ခေါင်းမော့ကြည့်နေခြင်း ဖြစ်သော်လည်း မသိလျှင် ခေါင်းငုံ့ကြည့်နေသည့်အလား ယောင်ဝါးဝါး ခံစားရသည်။

ချိုင့်ဝှမ်းထဲတွင် အခြားသူများ ရှိနေသေးသော်လည်း ထိုလူရွယ်က မည်သည့်လှုပ်ရှားမှုမှ မပြုဘဲ နေရာတွင်ရပ်နေပြီး လူအားလုံး၏ အကြည့်ကို ဆွဲဆောင်ထားသည်။ ရန်ကျောက်ကဲတို့အားလုံးမှာ အခြားသူများကို အလွယ်တကူ အာရုံမစိုက်နိုင်တော့ဘဲ ထိုလူရွယ်ကိုသာ ကြည့်နေမိ၏။

ထိုသူကိုကြည့်နေရင်း ရန်ကျောက်ကဲမျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။

"ကြည့်ရတာ သူက အမတကူးပြောင်းခြင်းအဆင့် သိုင်းဆရာသခင်ပဲ ၊ အမတကူးပြောင်းခြင်းကနဦးအဆင့် သိုင်းသူတော်စင် သတ္တမအဆင့်ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ သူ့တန်ခိုးစွမ်းအားက မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ ထက်သာလွန်တယ်"

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ရောက်ရှိပြီးနောက် ရန်ကျောက်ကဲက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် တစ်ယောက်တစ်လေကိုသာ တွေ့မြင်ဖူးသည် မဟုတ်ပေ။

ယိုးမင်ဂိုဏ်း အဓိကပလ္လင်တိုက်ပွဲတွင် ရှန်လင်ဓားကိုးလက်မှ သိုင်းသူတော်စင် သတ္တမအဆင့် (၂)ယောက်နှင့် ဆုံခဲ့ဖူးသည်။ တစ်ယောက်က အဘိုးအိုတစ်ယောက်ဖြစ်ပြီး တစ်ယောက်ကတော့ ငယ်ရွယ်သော အသွင်အပြင် ရှိသည်။ နောက်တစ်ယောက်ကတော့ မြောက်ပင်လယ်ဓားခန်းမသခင် ကုဟုန်ဖြစ်၏။

သို့သော် ကျင့်ကြံခြင်းအဆင့် တူညီသူများထဲတွင် ယခု ချိုင့်ဝှမ်းထဲတွင်ရပ်နေသော လူရွယ်ထံမှ ခံစားရသောဖိအားမျိုး အခြားသူများထံမှ ခံစားရခြင်း မရှိပေ။ ထိုသူကိုရင်ဆိုင်ရသည်မှာ အဆုံးမဲ့သံလိုက်မုန်တိုင်းများနှင့် ရင်ဆိုင်ရသည့်အလား ရန်ကျောက်ကဲ ခံစားရသည်။

ထိုစဉ်မှာပင် လူရွယ်၏အကြည့်က ရန်ကျောက်ကဲထံသို့ ကျရောက်လာ၏။

ထိုသူကိုတွေ့သည်နှင့် ကျန့်မင် ၊ ချန်ကျိလျန်နှင့် အခြားသူများကလည်း အဓိကကျသူတစ်ယောက်ဖြစ်ကြောင်း နားလည်လိုက်သည်။ ထိုသူ၏တန်ခိုးစွမ်းအား မည်မျှနက်ရှိုင်းကြောင်း သူတို့ပင် အတိအကျ မပြောနိုင်ကြပေ။

သို့သော် ထိုသူနှင့် မျက်ဝန်းချင်းဆုံသည့်အခါ ရန်ကျောက်ကဲကတော့ အကြောင်းအရာအတော်များများကို သိမြင်နိုင်ခဲ့သည်။

တစ်ချက်ပင်လှိုင်းထခြင်းမရှိသော ထိုသူ၏မျက်ဝန်းများက ရှေးခေတ်အချိန်အခါမှသည် ယနေ့ခေတ်ထိတိုင် စီးဆင်းရွေ့လျားနေသော အချိန်ရေစီးကြောင်းပမာ ဖြစ်သည်။

ထိုမျက်ဝန်းများထဲတွင် အချိန်၏ ထာဝရတည်ရှိမှုစွမ်းအားများပါဝင်ပြီး စဉ်ဆက်မပြတ် စီးဆင်းလျှက်ရှိသည်။ မွေးကင်းစကလေးငယ်တစ်ဘောက်၏ သက်ဝင်လှုပ်ရှားမှုများပေါ်လွင်နေသလို သက်ကြီးရွယ်အိုတစ်ယောက်၏ ရင့်ကျက်ခမ်းနားမှုများအားလည်း တွေ့မြင်နေရ၏။

ထိုသူက ထာဝရအလင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံရာတွင် အတိုင်းအတာတစ်ခုအထိ ခရီးရောက်ခဲ့ပြီဖြစ်ကြောင်း ရန်ကျောက်ကဲ နားလည်ခဲ့သည်။

ယခင်က တာ့ရွှမ်တိုင်းပြည်အတွက် ကောင်းကင်စွမ်းအားအစီအရင်က အရေးကြီးဆုံးဖြစ်၏။

သူတို့ရှေ့မှလူရွယ်က လက်ရှိ ကျူတောပင်လယ်ဒေသတွင် နံပါတ်တစ်ဟု ဆိုနိုင်သည်။ သို့သော် သူက ရှေ့ထွက်မလာဘဲ ဤချိုင့်ဝှမ်းထဲရှိ ကောင်းကင်စွမ်းအားအစီအရင်ကို စောင့်ကြပ်နေခဲ့သည်။ ထို့ကြောင့် သူ့အကြောင်း သတင်းမကြားရခြင်း ဖြစ်သည်။

ရှန်လင်ကျီအဆက်အနွယ်များက ယွိချင်အဆက်အနွယ် တိုက်ရိုက်သိုင်းပညာကို ကျင့်ကြံကြပြီး တန်ခိုးစွမ်းအားရှင်အများအပြားမွေးထုတ်ပေးကာ တာ့ရွှမ်တိုင်းပြည်အား ပိုမိုအားကောင်းစေခဲ့သည်။ ***

ထိုအချိန် ချိုင့်ဝှမ်းထဲမှ တိုးလျသော်လည်း ဖိအားပြင်းထန်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့အသံက လူရွယ်ထံမှ အတိအကျ ထွက်ပေါ်လာခြင်းပင်။

“ကျုပ်က ခန်းဖင်းပါ ၊ ရှန်လင်ကျီက ကျုပ်ရဲ့ ဆရာဘိုးဘိုးပဲ ၊ မင်းတို့က အရှေ့တောင် ထိပ်တန်းမျိုးနွယ်တွေလား“

သူ့အသံက ကျယ်လောင်သည်မဟုတ်သော်လည်း စွမ်းအားအတက်အကျ အလွန်တည်ငြိမ်၏။ သို့သော် လေဟုန်စီးကောင်းကင်ရွက်လှေကြီးပတ်ပတ်လည်မှ အကာအကွယ်အလင်းတန်းများက ရုတ်တရက် လှိုင်းထသွားသည်။

ကျန့်မင်က ပုံမှန်လေသံဖြင့်...

“အရှေ့တောင်ထိပ်တန်းမျိုးနွယ်က ကျန့်မင်ပါ ၊ ဆရာ’ခန်း’ကို နှုတ်ဆက်ပါတယ်“

လူရွယ် ‘ခန်းဖင်း’ က

“အရင်တုန်းက အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့ ကျေးဇူးကြောင့် ကျူတောပင်လယ်ဒေသမှာ ခြေချခွင့်ရခဲ့တယ် ၊ ဒီနေ့ ဒီနေရာကိုရောက်လာတာ ငါတို့ကို လမ်းညွှန်ချက်တစ်ခုခု ပေးမလို့များလား”

ယခုမှ ကျန့်မင်၏ မျက်ဝန်းများက ခန်းဖင်းထံမှ ရွေ့လျားသွားပြီး ချိုင့်ဝှမ်းအတွင်း အကဲခတ်ကြည့်လိုက်သည်။

“ခန်း... ဖင်း... တဲ့လား”

ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အားဟူတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ချန်ကျိလျန်က...

“ငါတို့က မင်းကိုလမ်းညွှန်ပေးဖို့ မျှော်လင့်မထားပါဘူး ၊ ဒါပေမဲ့ ငါတို့သံသယဝင်နေတာကိုတော့ ဆရာ’ခန်း’ က ဖြေရှင်းပေးစေချင်တယ်”

ခန်းဖင်းက ညင်သာစွာဖြင့်...

“ဘာများလဲ ၊ ကျေးဇူးပြုပြီးပြောပါ”

ချန်ကျိလျန်က သူ့ကို စိုက်ကြည့်ရင်း...

“ဟိုးအရင်တုန်းက မင်းရဲ့ ဆရာဘိုးဘိုးရယ် ၊ ဧကရာဇ်ရွှမ်ဝမ်နဲ့ တာအိုဆရာ’ရှီ’ တို့လို အကြီးအကဲတွေက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို ရောက်လာတော့ ‘ပါးကွသင်္ကေတ ယန်စွမ်းအားဆေးလုံး’ ဖော်ဆပ်ဖို့ ကျူတောပင်လယ်ဒေသ ပတ်ဝန်းကျင်ကို အသုံးပြုချင်တယ်လို့ ငါတို့ဆရာကို အကြောင်းပြခဲ့တယ်”

သူက ဆက်ပြောသည်။

“ဒီတော့ ဆရာ’ခန်း’ ကို မေးချင်တာက... ပါးကွသင်္ကေတယန်စွမ်းအားဆေးလုံးဖော်ဆပ်တာ ကောင်းကင်စွမ်းအားအစီအရင်ကို တည်ဆောက်ဖို့ လိုအပ်သလား ဆိုတာပဲ”

ခန်းဖင်း၏ အမူအရာက ကန်ရေပြင်ပမာ တည်ငြိမ်နေပြီး...

“မလိုအပ်ပါဘူး ၊ ပြီးတော့ ဒီနေရာမှာလည်း ကောင်းကင်စွမ်းအားအစီအရင် ရှိမနေပါဘူး”

ချန်ကျိလျန်၏မျက်ဝန်းများက ခန်းဖင်း၏မျက်ဝန်းများနှင့် ဆုံတွေ့သွားသည်။ ထို့နောက် ခန်းဖင်း၏အကြည့်က လေဟုန်စီးကောင်းကင်ရွက်လှေထက်တွင် တောက်ပလင်းလက်နေဆဲဖြစ်သော အစီအရင်စက်ဝန်းရှိရာသို့ ကျရောက်သွား၏။

သူက တည်ကြည်လေးနက်စွာဖြင့်...

“အခု မင်းတို့တွေ ကောင်းကင်စွမ်းအားအစီအရင်ကို ရှာတွေ့လို့လား ၊ အရင်တုန်းက မြေအောက်ချီစွမ်းအားတွေ စုစည်းဖို့အတွက် မြေကမ္ဘာစီးဆင်းအစီအရင်ကို ငါတို့တွေ ဒီနေရာမှာ ပြုလုပ်ဖူးတယ် ၊ ဒါကြောင့် ဒီနေရာက ပကတိမြေပြင်သွေးကြောတွေ ပရမ်းပတာဖြစ်တော အံ့သြစရာမရှိပါဘူး”

ချန်ကျိလျန်က ခန်းဖင်းကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်သည်။

မြေကမ္ဘာစီးဆင်းအစီအရင်သည်လည်း ပကတိမြေပြင်သွေးကြောများကို သက်ရောက်နိုင်သည့် အစီအရင်တစ်ခု ဖြစ်သည်။ တကယ်တော့ ပကတိမြေပြင်သွေးကြောများကို သက်ရောက်နိုင်သော အစီအရင်က ကောင်းကင်စွမ်းအားအစီအရင်တစ်ခုတည်း မဟုတ်ခဲ့ပေ။

ခန်းဖင်းက လက်နှစ်ဖက်နောက်ပစ်ရင်း မနှေးမမြန်လေသံဖြင့်...

“ငါတို့ဘိုးဘေးတွေရဲ့ ဆန္ဒအရ ဆေးလုံးဖော်ဆပ်တဲ့ကိစ္စမှာ အပြည့်အဝ အာရုံစိုက်ထားပါတယ် ၊ ဒါကြောင့် ဆေးလုံးဖော်ဆပ်တဲ့နေရာမှာ အကျိုးရှိစေမယ့် အစီအရင်တွေကိုပဲ ပြုလုပ်လေ့ ရှိပါတယ် ၊ ကောင်းကင်စွမ်းအးအစီအရင်က ငါတို့အတွက် မလိုအပ်ပါဘူး ၊ အရှေ့တောင် ထိပ်တန်းမျိုးနွယ်တွေက ပိုင်းခြားသိမြင်နိုင်စွမ်း မြင့်မားတဲ့အတွက် တခြားသူတွေရဲ့ စွပ်စွဲချက်တွေအောက်မှာ လှည့်စားမခံရဘူးလို့  ယုံကြည်ပါတယ်”

ထိုအချိန် ချန်ကျိလျန်က ကျန့်မင်ကို လှမ်းကြည့်လိုက်စဉ် ကျန့်မင်က အံ့အားသင့်စွာဖြင့်...

“ယဲ့ရှင်းက ဘာလို့ ဒီကိုရောက်နေတာလဲ”

သူ့စကားကြားတော့ ချန်ကျိလျန်လည်း အံ့အားသင့်သွားသည်။ သူ ခန်းဖင်းကိုအကြည့်လွှဲလိုက်ပြီး ကျန့်မင်ကြည့်နေသောနေရာသို့ လှမ်းကြည့်လိုက်သည်။

ချိုင့်ဝှမ်းထဲတွင် အရပ်မြင့်မြင့် မိန်းမပျိုတစ်ယောက် မတ်တတ်ရပနေသည်ကို တွေ့ရလေသည်။

သူမကိုမြင်တော့ ဝန်လော့ရှာကလည်း အံ့အားသင့်စွာဖြင့်...

“ဂိုဏ်းတူအစ်မ ‘ယဲ့ရှင်း’”

ထိုမိန်းမပျိုက သူမ၏ ဂိုဏ်းတူအစ်မဖြစ်သလို ချန်ကျိလျန်၏ နောက်ထပ်တပည့်ရင်းတစ်ယောက်ဖြစ်သော ‘ယဲ့ရှင်း’ ဖြစ်၏။ ဝန်လော့ရှာနှင့် ယဲ့ရှင်းတို့ ကျူတောပင်လယ်ဒေသသို့ ဝင်ရောက်လာစဉ် လူချင်းကွဲသွားကြခြင်းဖြစ်၏။

ယဲ့ရှင်းက ကောင်းကင်ထက်သို့ ပျံသန်းလာပြီး လေဟုန်စီးကောင်းကင်ရွက်လှေကြီးထက်သို့ ရောက်ရှိလာသည်။

သူမက ကျန့်မင်နှင့် ချန်ကျိလျန်ကို ဦးညွှတ်လိုက်ပြီး...

“ဆရာ ၊ ဆရာဦးလေး...”

ချန်ကျိလျန်က သူမကို အကဲခတ်ရင်း...

“မင်းက ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ”

ယဲ့ရှင်းက...

“ကျွန်မလည်း ဆရာ့ဆီ သတင်းပို့မလို့ပါပဲ ၊ တောင်ပိုင်း မီးတောက်ကောင်းကင်နယ်မြေက လူတစ်ယောက်က တိတ်တဆိတ်လျှို့ဝှက်ပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ရဲ့ ကျူတောပင်လယဒေသကို ဝင်ရောက်လာတယ် ၊ တပည့်က အဲဒီလူနဲ့ ထိပ်တိုက်တွေ့မိပြီး အန္တရယ်ကျလုမတတ်ဖြစ်သွားတယ် ၊ တာ့ရွှမ်တိုင်းပြည်က ဒီလူတွေက ကျွန်မကို ကယ်တင်ခဲ့တာပါ”

ချန်ကျိလျန်က မျက်မှောင်ကြုတ်ရင်း...

“မင်း ဘယ်သူမှန်းသိရဲ့နဲ့တောင် အဲဒီလူက မင်းကို တိုက်ခိုက်တာလား”

ယဲ့ရှင်းက ခေါင်းညိတ်လိုက်သည်။

သူမ မျက်နှာထက် ကြောက်စိတ်နှင့် ဒေါသရိပ်များလွှမ်းခြုံနေပြီး...

“ဟုတ်ပါတယ်...”

ကျန့်မင်နှင့် ချန်ကျိလျန်တို့ အကြည်ချင်းဖလှယ်လိုက်ကြပြီး သူတို့မျက်ဝန်းများက ပိုပြီးတည်ကြည်လေးနက်လာသည်။

ထိုစဉ် ခန်းဖင်း၏အကြည့်က ရန်ကျောက်ကဲထံ ကျရောက်သွားပြီး...

“အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့ ကျေးဇူးကြောင့် ငါတို့ ဒီနေရာမှာ နေထိုင်ခွင့်ရတာပါ ၊ ဒါကြောင့် အရှေ့တောင်ထိပ်တန်းမျိုးနွယ်တစ်ယောက်ကို ကူညီပေးဖို့ တာဝန်ရှိပါတယ် ၊ ဒါပေမဲ့ ဒီ ‘ခန်း’ က ဒီညီငယ်နဲ့ မပြေနိုင်တဲ့ရန်ငြိုးတွေ ရှိနေပါတယ်”

ထိုအချိန် ရန်ကျောက်ကဲက ချိုင့်ဝှမ်းတစ်ခုလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

တစ်ချိန်တည်းပင် ချိုင့်ဝှမ်းထဲသို့ ‘ခန်း’ သခင်မ ၊ ချီဝေ ၊ ခန်းကျင်းယွမ်နှင့် ခန်းမောက်ရှန်းတို့ရောက်လာသည်ကို တွေ့လိုက်ရလေ၏။

All Chapters