← Chapters

အင်အားအကြီးမားဆုံးသော တောင်ပင်လယ်

Vol. 112 Ch. 1556

အင်အားအကြီးမားဆုံးသော တောင်ပင်လယ်

Vol. 112 Ch. 1556

မိစ္ဆာချုပ်နှောင်သူအဖွဲ့သည် ဝိညာဉ်၊

ချုပ်နှောင်ခြင်းမှော်အစွမ်းများသည် အရိုး၊

တောင်ပင်လယ်များသည် အသား။

မန်ဟို လက်ခံကျင့်သုံးသော အယူဝါဒများနှင့် တူညီသည့် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ အယူဝါဒက လောကအပေါ် စိုးမိုးပျံ့နှံနေသည်။ ထိုဝါဒများကို လိုက်နာကျင့်သုံခြင်းဖြင့် မန်ဟိုသည် တောင်ပင်လယ်လောက၏ အိမ်ရှေ့မင်းသား ဖြစ်လာခဲ့၏။ မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသောနှစ်ကတည်းက သူကား တောင်ပင်လယ်လောက၏ အရှင်သခင်အလောင်းအလျာအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

တောင်ပင်လယ်လောက၏ ပထမအသွင်ကို ... မိစ္ဆာချုပ်နှောင်သူအဖွဲ့အား အမွေအဖြစ် ချန်ရစ်ခဲ့သော ပါရာဂွန်ကိုးတံဆိပ်မှ ဖန်ဆင်းခဲ့သည်။ ယခုတွင် မန်ဟိုက ထိုအမွေကို အသုံးပြုရင်း တောင်ပင်လယ်လောက၏ အသွင်အသစ်အား တည်ဆောက်နေချေပြီ။

တောင်ပင်လယ်သခင်ဖြစ်လာသူတိုင်းသည် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ ဆက်ခံသူတစ်ယောက် ဖြစ်လာလိမ့်မည်။ ထိုမျှသာမက တောင်ပင်လယ်လောက၏အရှင်သခင် ဖြစ်လာလိုသူသည် မန္တန်ကိုးခုလုံးကို တစ်ဖက်ကမ်းခတ် တတ်မြောက်ရလိမ့်မည်။

တန်ခိုးရှင်ဖြစ်ခြင်းကမူ.... လူတစ်ယောက်၏ ကံကြမ္မာအပေါ် မူတည်သည်။

မန်ဟိုက ပဉ္စမတောင်ပင်လယ်ကို တခဏကြည့်ပြီးနောက် သူ့ညာလက်သည် မုဒြာလက်ကွက်တစ်ကွက် ဖော်၏။ ထို့နောက် သူ့မျက်လုံးများသည် လေးနက်စွာ တောက်ပလာပြီး သူ၏လက်ချောင်းက ဝှေ့ယမ်းလိုက်ရာတွင် တန်ခိုးရှင်စွမ်းအားဖြာထွက်သွားသဖြင့် ကြယ်တာရာကောင်းကင်တစ်ခုလုံး လှုပ်ခတ်သွားသည်။

“ဆဋ္ဌမတောင်ပင်လယ်”

“ငါ၏နာမတော်ဖြင့် ဆဋ္ဌမမန္တန် ရှင်ခြင်း-သေခြင်းမန္တန်ကို အသင်ဆဋ္ဌမတောင်ပင်လယ်ကို ကိုယ်စားပြုစေတော်မူတယ်။ အခုကစပြီး .... သင်ဟာ တောင်ပင်လယ်လောကအတွင်းမှာ တည်ရှိတဲ့ စမ်းသပ်မှုတွေ၊ ပြစ်ဒဏ်တွေအားလုံးအတွက် တာဝန်ရှိသော ရှင်ခြင်း-သေခြင်းတောင်ပင်လယ် ဖြစ်လာခဲ့ပြီ

“ဆဋ္ဌမတောင်ပင်လယ်သားအပေါင်းတို့၊ ငါ၏ရှင်ခြင်းသေခြင်းမန္တန်ကို ကျင့်ကြံအားထုတ်၍ ရှင်ခြင်းသေခြင်းအနှစ်သာရကို ဉာဏ်အလင်းရှာကြကုန်လော့။ အခုကစပြီး ဒီမန္တန်ကို တောင်ပင်လယ်တွေရဲ့ ဆဋ္ဌမမန္တန်ဟု ခေါ်ကြကုန်လော့”

မန်ဟို၏အသံ၌ သဘာဝနိယာမတို့ ပါရှိသည်။ မှော်သင်္ကေတများသည် ရှင်ခြင်းသေခြင်းစွမ်းအားကို ထုတ်လွှတ်နေသော လေဆင်နှာမောင်းတစ်လုံးအသွင်ဖြင့် ဖြာထွက်လာကြ၏။ ၎င်းတို့က ဆဋ္ဌမတောင်ပင်လယ်၏ ကောက်ကြောင်းကို ဖော်ဆောင်ပြီးနောက် ဆဋ္ဌမတောင်ပင်လယ် ထင်ရှားပေါ်လွင်လာသည့်တိုင်အောင် ပတ်ဝန်းကျင်ရှိ ‌ကျောက်ခဲမှုန်များအား လျင်မြန်စွာ စုပ်ယူကြတော့သည်။

၎င်း ကျန်တောင်ပင်လယ်ငါးခုဆီ ဆင်းသက်လာစဉ် အဖြူအမည်းအရှိန်အဝါသည် ၎င်းအပေါ်၌ ပေါ်လာ၏။ စချင်း အနက်ရောင်နှင့်အဖြူရောင်မှာ ဆီနှင့်ရေပမာ ကွဲနေသော်လည်း ရောထွေးကာ မီးခိုးရောင်ဖြစ်လာသည်။ ထို့နောက် အနက်ရောင်နှင့်အဖြူရောင်ကား လျင်မြန်စွာပင် ထပ်မံကွဲထွက်သွားပြန်သည်။

ဆဋ္ဌမတောင်ပင်လယ်အတွင်း၌ သေခြင်းနှင့် ရှင်ခြင်းအကြားရှိ နယ်ပယ်များ ကွဲပြားသွားသည့်အလားပင်။ ဤရှင်ခြင်းနှင့်သေခြင်းသည် စတုတ္ထတောင်ပင်လယ်နှင့် တူညီသော်လည်း လွန်စွာလည်း ခြားနား၏။

အဘယ်ကြောင့်ဆိုသော် ဤရှင်ခြင်းသေခြင်းက တောင်ပင်လယ်လောကတစ်ခုလုံးအပေါ် သက်ရောက်နိုင်သော စမ်းသပ်မှုများနှင့် ပြစ်ဒဏ်များနှင့် သက်ဆိုင်သည့် ရှင်ခြင်းသေခြင်းအမျိုးအစားဖြစ်သည်။ ကျင့်ကြံသူတိုင်းသည် စမ်းသပ်မှုများကို ရင်ဆိုင်ရ၏။ ထို့အပြင် ကျင့်ကြံရာ၌ အမှားလုပ်မိသောလူများသည် ပြစ်ဒဏ်ခတ်ခံရလိမ့်မည်။ ထိုပြစ်ဒဏ်သည် ဓားသွားပမာ တည်ရှိသော သဘာဝနိယာမတစ်ခုဖြစ်၏။ အရာအားလုံးက သဘာဝနိယာမနှင့် ပတ်သက်နေသည့်အတွက် ဆဋ္ဌမတောင်ပင်လယ်သည် အပြစ်ပေးမည့်တောင်ပင်လယ်အစား ဘဘာဝနိယာမတောင်ပင်လယ်ဟု ဆိုလျှင် ပိုတိကျလိမ့်မည်။

ဤတောင်ပင်လယ်၏အရှင်သခင်ဖြစ်လာသော မည်သူမဆိုသည် ပြစ်ဒဏ်စွမ်းအားကို ထိန်းချုပ်ကာ သဘာဝနိယာမကို စေစားနိုင်လိမ့်မည်။

တောင် နေရာကျသွားသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။ တောင်ပင်လယ်လောကသည် ပို၍အစွမ်းထက်လာသည့်အလား ယခင်နှင့် လုံးဝကွဲပြားနေခဲ့ချေပြီ။ ထို့အပြင် ယင်းက အစသာ ရှိသေးသည်။

မန်ဟိုက တခဏ‌လေးပင် မရပ်ဘဲ စကားထပ်ပြောသည်။ သူ၏မိုးခြိမ်းသံသဖွယ် အသံကြီးအား တောင်ပင်လယ်လောကသားကျင့်ကြံသူအားလုံးသာမက အာကာပြင်ကျယ်ကျောင်း‌တော်၏ကျင့်ကြံသူများလည်း ကြားလိုက်ကြရသည်။

“သတ္တမတောင်ပင်လယ်

“ငါ၏နာမတော်ဖြင့် သတ္တမမန္တန် ကံကြွေးမန္တန်ကို ဆင့်ခေါ်၍ အသင်သတ္တမတောင်ပင်လယ်ထဲ ထည့်သွင်းတော်မူတယ်။ အခုကစပြီး သင်ဟာ ... တောင်ပင်လယ်လောက၏ ကံကြွေးအားလုံးအတွက် တာဝန်ရှိသော ကံကြွေးတောင်ပင်လယ် ဖြစ်လာခဲ့ပြီ

“သတ္တမတောင်ပင်လယ်သားအပေါင်းတို့၊ ကံကြွေးမန္တန်ကို ကျင့်ကြံ၍ ကံကြွေးအနှစ်သာရကို ရှာဖွေကြကုန်လော့။ ဒီမန္တန်ကို အခုကစပြီး တောင်ပင်လယ်တွေရဲ့သတ္တမမန္တန်လို့ ခေါ်ကြကုန်လော့”

ချက်ချင်းပင် မှော်သင်္ကေတများ ပေါ်လာပြီး တောင်ပင်လယ်များ၏အပိုင်းအစများ အတူစုစည်းသွားကြသည်။ သတ္တမတောင်ပင်လယ်သည် အံ့ဖွယ်ကံကြွေးစွမ်းအားနှင့်အတူ ပေါ်လာခဲ့လေပြီ။ ပေါ်ထွက်လာသော စွမ်းအားက ကျန်တောင်ပင်လယ်ခြောက်ခုမှ စွမ်းအားကို ဖုံးလွှမ်းသွားသည့်တိုင် လျင်မြန်စွာ မှေးမှိန်သွားသည်။ အရာအားလုံး တည်ငြိမ်သွား၏။ ကံကြွေး၏ပေါ်ထွက်လာမှုက တောင်ပင်လယ်လောကတစ်ခုလုံးကို ငြိမ်ကျသွားစေသော ပိုက်ကွန်တစ်ခုအသွင် ပြောင်းသွားခဲ့သည့်အလားပင်။

သတ္တမမန္တန် ကံကြွေးမန္တန်သည် မန်ဟို ကျင့်ကြံအားထုတ်ခဲ့သည့်တစ်လျှောက်လုံး မယုံနိုင်လောက်အောင် အသုံးဝင်ခဲ့၏။ နားလည်ဖို့ အခက်ဆုံး၊ အလျှို့ဝှက်ဆန်းကြယ်ဆုံးလည်း ဖြစ်သည်။ ကံကြွေးဆိုသည်မှာ မိုးနှင့်မြေရှိ နေရာတိုင်းတွင် တည်ရှိနေလေသည်။ အကြောင်းကြောင့် ဖြစ်ပေါ်လာသော ထိုအကျိုးတရားများသည်လည်း တစ်ဖန် အကြောင်းအဖြစ်သို့ ရောက်ပြန်ကာ တခြားအကျိုးတစ်ခုကို ဖြစ်ပေါ်စေပြန်သည်၊ ထိုသို့ သံသရာလည်နေ၏။ မှန်သည် အကြောင်းနှင့်အကျိုးက အမြဲဆက်စပ်နေလေသည်။

၎င်းက လျှို့ဝှက်ဆန်းကြယ်၍ အကောင်အထည်မရှိသော်လည်း ကမ္ဘာတိုင်း၊ လောကတိုင်း ကံကြွေး(ကမ္မ) ကို လိုအပ်သည်။ ယခုတွင် မန်ဟိုသည် အနန္တတန်ခိုးရှင်အဆင့်တက်သွားပြီဖြစ်၍ ကံကြွေးကို သတ္တမတောင်ပင်လယ်၏အရိုးများ ဖြစ်လာစေနိုင်လေပြီ။ သတ္တမတောင်ပင်လယ်၏ ကျင့်ကြံသူများသည် ယခုမှစပြီး ကံကြွေးတာအိုနှင့်ပတ်သက်၍ အလိုလိုသိမြင်နားလည်ကြလိမ့်မည်။

သတ္တမတောင်ပင်လယ်သခင်ဖြစ်လာသောသူသည် မန်ဟို၏သတ္တမမန္တန်ကို နားလည်ကာ မိုးနှင့်မြေကို တုန်လှုပ်သွားစေနိုင်သော စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

ဤကြီးကျယ်ခမ်းနားသော တောင်ပင်လယ်တစ်ခုစီတိုင်းကား မတူကွဲပြားသည့်တိုင် မယုံနိုင်လောက်အောင် အင်အားကြီးမား၍ ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။ တောင်ပင်လယ်ကျင့်ကြံသူများက ဆက်လက်ရှိခိုးနေကြပြီး အာကာပြင်ကျယ်ကျောင်းတော်၏စစ်သည်တော်များမှာတော့ ပင့်သက်ရှိုက်နေကြရတော့သည်။

မီးငရဲခံနေရသော အပြင်သူဝိညာဉ်များပင်လျှင် ကြောက်ရွံ့တုန်လှုပ်ကုန်ကြလေသည်။

ယခုဖြစ်ပျက်နေသောအရာသည် မယုံကြည်နိုင်စရာကောင်းလောက်အောင် ထူးကဲဆန်းပြားသောအရာ၊ မည်သူမျှ မမြင်တွေ့ဖူးမည့်အရာပင် ဖြစ်၏။

ယင်းက တန်ခိုးရှင်ဆိုသည့် သဘောတရားပင်။

ငါ တစ်ခုခုလိုရင် မိုးကောင်းကင်မှာ ရှိနေရမယ်။ ငါ မလိုအပ်ရင်လည်း မိုးကောင်းကင်မှာ မရှိတာ ကောင်းလိမ့်မယ်

မန်ဟိုက အင်္ကျီလက်စကို ခါလိုက်ပြီး သူ၏မျက်လုံးများသည် လင်းလက်တောက်ပလျက်ရှိချေသည်။ သတ္တမတောင်ပင်လယ်အား နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် သူသည် အဋ္ဌမတောင်ပင်လယ်နှင့် ထိုနေရာတွင် ရှိခဲ့စဉ်တုန်းက သူလုပ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးလိုက်၏။

“အဋ္ဌမတောင်ပင်လယ်” သူက ပြောသည်။ ချက်ချင်းပင် ကြယ်တာရာကောင်းကင်ထဲရှိ ဧရိယာတစ်ခု ပုံပျက်ရှုံ့တွသွားသည်။

ဘိုးဘိုးမန်သည် စိတ်အလှုပ်ရှားဆုံးဖြစ်၏။ ဖြစ်လာနိုင်သည်ဟု သူ တစ်ခါမှ စိတ်မကူးခဲ့ဖူး‌သော အရာကို ဘိုးဘိုးမန် ကြည့်နေရလေပြီ။ သူသည် တောင်ပင်လယ်လောကကို ထပ်မံမြင်တွေ့နိုင်ရုံသာမက ... အဋ္ဌမတောင်ပင်လယ်ကိုလည်း နောက်တစ်ဖန် မြင်တွေ့လိုက်ရတော့သည်။

သူ၏တုံ့ပြန်မှုကား စတုတ္ထတောင်ပင်လယ်ကို မြင်တုန်းက ခိတိဂဗ္ဗ၏တုံ့ပြန်မှုနှင့် အတူတူပင်။ သူသည် ခေါင်းနောက်လှန်ကာ မျက်ရည်များဖြင့် တဟားဟား အော်ရယ်လိုက်တော့၏။

“ငါ၏နာမတော်ဖြင့် အဋ္ဌမမန္တန်၊ ခန္ဓာ-စိတ်မန္တန်ကို ဆင့်ခေါ်တယ်။ အို အဋ္ဌမမန္တန် အဋ္ဌမတောင်ပင်လယ်ထဲမှာ ကိန်းအောင်းပေလော့။ အခုစကပြီး အဋ္ဌမတောင်ပင်လယ်ဟာ ... တောင်ပင်လယ်လောကရဲ့ အာကာသအတွက် တာဝန်ရှိသော ခန္ဓာ-စိတ်တောင်ပင်လယ် ဖြစ်လာခဲ့ပြီ

“အဋ္ဌမတောင်ပင်လယ်သားကျင့်ကြံသူအပေါင်းတို့၊ ငါ၏ခန္ဓာကိုယ်မန္တန်ကို ကျင့်ကြံအားထုတ်ကြကုန်လော့။ ခန္ဓာစိတ်အနှစ်သာရကို နားလည်အောင် ကြိုးစားကြကုန်လော့။ ဒီမန္တန်ကို တောင်ပင်လယ်တွေရဲ့ အဋ္ဌမမန္တန်ဟု ခေါ်ကြကုန်လော့”

ထို့နောက် အဋ္ဌမတောင်ပင်လယ်သည် အပြည့်အဝပေါ်လာ၏။

အဆုံးမဲ့အရောင်အဝါသည် မရေမတွက်နိုင်သော တစ္ဆေအရိပ်များနှင့်အတူ ဖြာထွက်တောက်ပလာ၏။ ချက်ချင်းပင် အဋ္ဌမတောင်ပင်လယ်၏ပတ်ပတ်လည်ရှိ အာကာသမှာ ရုတ်တရက် ငြိမ်ကျသွားတော့သည်။

ယင်းက မန်ဟို လေ့လာခဲ့သော ပထမဆုံးမိစ္ဆာချုပ်နှောင်မန္တန်ဖြစ်သည်။ ၎င်းသည် သူ၏ဘဝတစ်လျှောက်လုံး သူ့အား အဖော်ပြုခဲ့သလို၊ တိုက်ပွဲများတွင်လည်း အကြိမ်ပေါင်းများစွာ အသုံးပြုခံခဲ့ရ၏။ အဋ္ဌမမန္တန်ကြောင့် မန်ဟို အနိုင်ရခဲ့သောတိုက်ပွဲများမှာ မရေမတွက်နိုင်အောင်ပင်။

အသုံးဝင်မှုအရ ၎င်းသည် ကံကြွေးမန္တန်ထက် နည်းနည်းလေးမှ မလျော့ပေ။

မန်ဟိုသည် အဋ္ဌမမန္တန်ကို အဋ္ဌမတောင်ပင်လယ်အပေါ် သံယောဇဉ်ရှိသလို သံယောဇဉ်ရှိ၏။ ယင်းက သူ့အမေ၏မိသားစု အိမ်ဟု ခေါ်ခဲ့သည့် နေရာ၊ သူ့ဘိုးဘိုးမန် တောင်ပင်လယ်သခင်ဖြစ်လာခဲ့သောနေရာပင်။

အဋ္ဌမမန္တန်က ဤအဋ္ဌမတောင်ပင်လယ်အသစ်၏ အရိုးများဖြစ်လာခြင်းက သင့်တော်လေသည်။

ခန္ဓာ-စိတ်မန္တန်ဖြင့် အဋ္ဌမတောင်ပင်လယ်မှ ကျင့်ကြံသူတို့သည် အာကာသအနှစ်သာရအပေါ် သူမတူအောင် ခြယ်လှယ်နိုင်လိမ့်မည်။ နောက်ပိုင်းတွင် သူတို့ကား တောင်ပင်လယ်လောကတစ်ခုလုံး၌ ပြိုင်ဘက်ကင်းသောနည်းလမ်းမျိုးဖြင့် အာကာသအား လွှမ်းမိုးနိုင်လာလိမ့်မည်။

ထို့အပြင် ထိုစွမ်းအားက သူတို့အား တောင်ပင်လယ်လောကကို ကာကွယ်ရမည့် တာဝန်ရှိစေလေသည်။ ယင်းက အနှိုင်းမဲ့ကျယ်ပြန့်သော အာကာသတာအိုပင်။

အဋ္ဌမတောင်ပင်လယ်သခင်ဖြစ်လာလူသည် အလွန်မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်လိမ့်မည်။ ထိုပုဂ္ဂိုလ်သည် ကျန်တောင်ပင်လယ်သခင်များဖြင့် တစ်တန်းတည်းရပ်တည်နိုင်ရုံသာမက အာကာသစွမ်းအားအပေါ် သူ၏ခြယ်လှယ်နိုင်စွမ်းအားက သူ့အား ပြိုင်ဘက်ကင်းစေလိမ့်မည်။

အဋ္ဌမ‌တောင်ပင်လယ်သားများမှာ ဘိုးဘိုးမန်နှင့် အဆုတ်ကွဲလုမတတ် ကြွေးကြော်အော်ဟစ်နေကြတော့သည်။ ယခုတွင် တောင်ပင်လယ်လောကကား ကိုးဆယ်ရာခိုင်နှုန်းကျော် ပြည့်စုံသွားချေပြီ။ တောင်ပင်လယ်ရှစ်ခုသည် ပြိုးပြိုးပြက်ပြက် လင်းလက်လျက် မိုးထိုးနေ၏။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု မတူညီသလို၊ တောင်ပင်လယ်သားများသည်လည်း သက်ဆိုင်ရာတောင်အပေါ် လိုက်၍ ကွဲပြားသွားလိမ့်မည်။ ယှဉ်ကြည့်လျှင် မည်သည့်တောင်ပင်လယ်က အစွမ်းအထက်ဆုံးလဲ ဆုံးဖြတ်ရခက်လိမ့်မည်။

ပထမ‌တောင်ပင်လယ်သည် စခြင်းများနှင့် ဆုံးခြင်းများကို ထိန်းချုပ်၍ အရာအားလုံး၏ဇစ်မြစ် ဖြစ်၏။ ဒုတိယတောင်ပင်လယ်က စစ်မှန်ခြင်းနှင့် မစစ်မှန်ခြင်းကို စိုးမိုးပြီး ကျင့်ကြံသူများ၏ ရင်ထဲရှိ သံသယများကို ရှင်းလင်းပေးနိုင်သည်။ တတိယတောင်ပင်လယ်တွင် ရှေးခေတ်နှင့်ပစ္စုပ္ပန်၏စွမ်းအား ရှိသည့်အတွက် အချိန်ကို ခြယ်လှယ်နိုင်သည်။ မြေအောက်ကမ္ဘာနှင့် ဘဝပြန်ဝင်စားခြင်း၏အိမ် ဖြစ်သော စတုတ္ထတောင်ပင်လယ်ကိုတော့ ဖော်ပြနေစရာပင် မလိုပေ။ အချက်အချာအကျဆုံးမှာ ကျင့်ကြံခြင်းအားလုံး၏ အခြေခံအုတ်မြစ်၊ ဓာတ်ငါးပါးနှင့်ပတ်သက်လျှင် အရေးကြီးဆုံးနေရာ၊ လောက၏ဝင်ရိုး ပဉ္စမတောင်ပင်လယ်ပင်။

ဆဋ္ဌမတောင်ပင်လယ်က တစ်လောကလုံး၏ ရှင်ခြင်းနှင့်သေခြင်း၊ ပြစ်ဒဏ်နှင့် စမ်းသပ်မှုများကို စိုးမိုးသည်။ ထို့‌နောက် သဘာဝနိယာမအားလုံးကို သတ်မှတ်သော ကံကြွေးတာအို တည်ရှိသည့် သတ္တမတောင်ပင်လယ်။

ဤသည်မှာ တောင်ရှစ်လုံး၊ ပင်လယ်ရှစ်စင်းဖြစ်သည်။ သို့ထိတိုင် .... ခေါင်းမပါသောနဂါးတစ်ကောင်ကား နဂါးမဟုတ်ပေ။ တောင်ပင်လယ်လောကလည်း အလားတူပင်။

တောင်ပင်လယ်လောကသည်.... ကျန်တောင်ပင်လယ်အားလုံးထက် တန်ခိုးကြီးမားသော‌ တောင်ပင်လယ်တစ်ခုကို လိုအပ်၏။ ကျန်တောင်ပင်လယ်များ လမ်းမှန်မှ မသွေဖယ်သွားအောင် ထိန်းကျောင်းဆုံးမနိုင်သည့် အန္တိမအာဏာဖြင့် သင်္ကေတတစ်ခု၊‌ ခေါင်းတစ်ခေါင်းကို လိုအပ်သည်။

တောင်ပင်လယ်တစ်ခုခု လောကကို သစ္စာဖောက်ဖို့ စဉ်းစားလျှင် အရာအားလုံးကို ဟန်ချက်ညီစေနိုင်မည့် အာဏာအား ပိုင်စိုးသော အင်အားတစ်ရပ် မဖြစ်မနေ ရှိရလိမ့်မည်။

ယင်းက လူတစ်ယောက်မှ ထုတ်လွှတ်မည့် အာဏာမဟုတ်၊ နဝမတောင်ပင်လယ်၏ အာဏာပင်။

တောင်ပင်လယ်လောက စစ်ရှုံးခဲ့တုန်းက နောက်ဆုံးခံတပ်မှာ နဝမတောင်ပင်လယ် ဖြစ်ခဲ့သည်။ နဝမတောင်ပင်လယ်သည် နောက်ဆုံးသောခံစစ်ဖြစ်ခဲ့၏။ ၎င်းက မန်ဟို၏မိဘနှစ်ပါး တောင်ပံများအဖြစ် ဝိညာဉ်ပြန်ဝင်စားနေသော တောင်ပင်လယ်လိပ်ပြာ၏ဇစ်မြစ်လည်း ဖြစ်သည်။

လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက အရေးပါဆုံးသောအဖြစ်အပျက်တချို့သည် ထိုနေရာ၌ ဖြစ်ပွားခဲ့လေသည်။

ထိုတစ်ခုတည်းကတင် နဝမတောင်ပင်လယ်အား အင်အားအကြီးမားဆုံးဖြစ်တည်မှု မဖြစ်ထိုက်စေသေးလျှင် ပို၍ပင်အရေးပါသည့် အကြောင်းရင်းနောက်နှစ်ခု ရှိသေးသည်။

၎င်းက မန်ဟို မွေးဖွားခဲ့သောနေရာ၊ မန်ဟို သူ၏ဘိုးဘေးအိမ်ဟု သတ်မှတ်ခဲ့သောနေရာပင်။

ကြယ်တာရာကောင်းကင်မှာ တုန်ခါနေပြီး မိုးကြိုးများ ပစ်ချနေသည်။ အရောင်အဝါများ နေရာတိုင်းတွင် ပြိုးပြုက်လက်နေသဖြင့် အရာအားလုံး တွန့်လိမ်ပုံပျက်နေ၏။ မန်ဟိုက မျက်လုံးများ လင်းလက်စွာ တောက်ပနေလျက် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် အဋ္ဌမတောင်ပင်လယ်နောက်ရှိ နေရာလပ်အား ကြည့်လိုက်သည်။

“နဝမတောင်ပင်လယ်... ငါ့ရဲ့အိမ်...” သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။

All Chapters