← Chapters

ငါ အသင့်ကို နဝမပင်လယ်ဘွဲ့ ပေးအပ်တယ်

Vol. 112 Ch. 1557

ငါ အသင့်ကို နဝမပင်လယ်ဘွဲ့ ပေးအပ်တယ်

Vol. 112 Ch. 1557

မန်ဟိုသည် အဋ္ဌမတောင်ပင်လယ်နောက်ရှိ နေရာလပ်ကို ကြည့်ပြီးနောက် နူးညံ့သည့်တိုင် တန်ခိုးရှင်စွမ်းအားများ သက်ဝင်လှုပ်ရှားနေသောအသံတစ်သံဖြင့် စကားပြောလိုက်သည်။ သူက လက်ချောင်းကို ဝှေ့ယမ်းရင်း ပြောသည်။ “ငါ၏နာမ‌တော်ဖြင့် နဝမမန္တန်၊ ကောင်းကင်ချုပ်နှောင်မန္တန်ကို ဆင့်ခေါ်တယ်။ အို နဝမတောင်ပင်လယ်၊ နဝမမန္တန်ကို ကိုယ်စားပြုလော့။ အခုစကပြီး .... သင်ဟာ တောင်ပင်လယ်လောကအတွင်းမှာရှိတဲ့ ကောင်းကင်တွေကို ချုပ်နှောင်ဖို့ တာဝန်ရှိတဲ့ ကောင်းကင်ချုပ်နှောင်တောင်ပင်လယ်ဖြစ်လာခဲ့ပြီ

“နဝမတောင်ပင်လယ်ကျင့်ကြံသူအပေါင်းတို့၊ ငါ၏ ကောင်းကင်ဘုံချုပ်နှောင်မန္တန်ကို ကျင့်ကြံကြကုန်လော့။ ကောင်းကင်ချုပ်နှောင်ခြင်းအနှစ်သာရကို သိမြင်အောင် ကြိုးစားကြကုန်လော့။ ဒီမန္တန်ကို အခုကစပြီး တောင်ပင်လယ်တွေရဲ့ နဝမမန္တန်ဟု ခေါ်ကြကုန်လော့”

မန်ဟို၏စကားလုံးများနှင့်အတူ အရှေ့တောင်ပင်လယ်များအတွက် ပေါ်လာခဲ့ဖူးသော အရေအတွက်ထက်ပင်ပို၍ များပြားသည့် မှော်သင်္ကေတများစွာ ပေါ်လာသည်။ အရှေ့တောင်ပင်လယ်ရှစ်ခုလုံးမှ မှော်သင်္ကေတများကို ပေါင်းလိုက်လျှင်တောင်မှ မယှဉ်နိုင်သေးသည်သာ။

ထိုမှော်သင်္ကေတတို့သည် ကြယ်တာရာကောင်းကင်ကို လှုပ်ခတ်နိုင်သော လေဆင်နှာမောင်းကြီးတစ်လုံးကို ဖန်တီး၍ ကောင်းကင်ချုပ်နှောင်ခြင်းအရှိန်အဝါအား ထုတ်လွှတ်လိုက်ကြ၏။

အဆိုပါအရှိန်အဝါက အရာခပ်သိမ်း၏အထက်၌ တည်ရှိနေသည့်အလား အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင်မှ တသီးတခြား ရပ်တည်နေလေသည်။ ၎င်းပေါ်လာလျှင်ချင်း ကျန်တောင်ပင်လယ်ရှစ်ခုမှာ ခယရိုကျိုးစွာဖြင့် တုန်ရီလာကြသည်။

ထို့အပြင် ယခုမှ စတင်ရုံသာ ရှိသေးလေသည်။ နဝမတောင်ပင်လယ်သည် အပြည့်အဝပင် ပေါ်မလာသေးသည့်တိုင် ကျန်တောင်ပင်လယ်အားလုံး တုန်ရီနေကြပြီဖြစ်၏။ အပြည့်အဝသာ ပေါ်လာပါက နဝမတောင်ပင်လယ် မည်မျှအင်အားကြီးမားနေမည်ဖြစ်ကြောင်း အလွယ်တကူ စိတ်ကူးကြည့်နိုင်လေသည်။ ၎င်းကား အမှန်တကယ် အခိုင်မာဆုံးဖြစ်လိမ့်မည်။

နဝမတောင်ပင်လယ်သည် ကျန်တောင်ပင်လယ်များကို ဩဇာလွှမ်းမိုးလိမ့်မည်။ ထိုကဲ့သို့အာဏာ၊ ထိုကဲ့သို့အနှစ်သာရဖြင့် နဝမတောင်ပင်လယ်ကား တောင်ပင်လယ်အားလုံး၏ဘုရင် မလွဲမသွေ ဖြစ်လာလိမ့်မည်။

ယခုတွင် နဝမတောင်၏ကောက်ကြောင်း ပေါ်လာပြီး မှော်သင်္ကေတများသည် ဂြိုဟ်များအသွင် စတင်ဖြစ်တည်လာကြလေပြီ။ အရှေ့အောင်ပွဲဂြိုဟ်၊ အနောက်ကျူပင်ဂြိုဟ်၊ မြောက်ပျော်ရွှင်ဂြိုဟ်နှင့် .... မှန်သည်။ တောင်ကောင်းကင်ဂြိုဟ်တို့ ပေါ်လာကြသည်။

ပတ်ပတ်လည်ရှိ တောင်ပင်လယ်ကျင့်ကြံသူများမှာ ပို၍ပင် ပြင်းပြင်းထန်ထန် တုန်လှုပ်လာကြတော့သည်။ အထူးသဖြင့် မန်ဟို့မိတ်ဆွေများ၏မျက်လုံးများသည် မတောက်ပဖူးသောအတိုင်းအတာဖြင့် လင်းလက်‌တောက်ပနေကြတော့၏။

ဖက်တီးမှာ မျက်ရည်များဖြင့် နဝမတောင်ပင်လယ်ကို ကြည့်ရင်း တုန်ရီနေသည်။ စွန်းဟိုက်၊ ဖန်ယု၊ ဝမ်ယိုချိုင်၊ လီလင်းအာ...

နဝမတောင်ပင်လယ်ကို သူတို့၏အိမ်အဖြစ် သတ်မှတ်ထားသောလူတိုင်း ယခုတွင် လွန်စွာ စိတ်လှုပ်ရှားနေကြလေပြီ။

ရှုချင်လည်း တောင်ကောင်းကင်ကို ကြည့်ကာ အတိတ်ကို ပြန်တွေးနေ၏...

လူတိုင်းကြည့်နေကြစဉ် တောင်ပင်လယ်များ၏ အကြွင်းအကျန်အပိုင်းအစများသည် မှော်သင်္ကေတများအဖြစ် ပျံ့နှံ့သွား၏။ နဝမတောင်ပင်လယ် စတင်ရုပ်လုံးပေါ်လာသည့်အချိန်မှာပင် ... မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်ပျက်လာသည်။

အရှေ့တောင်ပင်လယ်များ ဖြစ်ပေါ်လာခဲ့တုန်းက အာကာပြင်ကျယ်၏စိတ်ဆန္ဒက နှောင့်ယှက်ဖို့ ကြိုးစားနေသကဲ့သို့ မိုးခြိမ်းတတ်သည်။ သို့သော် တစ်ခါမှ မပြင်းထန်ခဲ့ဖူးပေ။ သို့သော် ဤတစ်ကြိမ်တွင် စကားလုံးများ မန်ဟို့ပါးစပ်မှ ထွက်သွားလျှင်ချင်း ကြယ်တာရာကောင်းကင်တစ်ခုလုံး၌ မိုးကြိုးတန်းပေါင်း မရေမတွက်နိုင်အောင် ပြွတ်သိပ်လာသည်။ မိုကြိုးလျှပ်စီးတို့က အချိန်စီးကြောင်းထဲမှ ခုန်ထွက်လာခဲ့သည့်အလား ဘွားခနဲ ပေါ်လာခဲ့သဖြင့် တဂျိန်းဂျိန်းမြည်သံများ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွား၏။

ချက်ချင်းဆိုသလို မိုးကြိုးတန်းများ၏ ပစ်မှတ်က ... နဝမတောင်ပင်လယ်၏ ကောက်ကြောင်းဖြစ်သွားသည်။

မိုးကြိုးတန်းများ၏ ရည်ရွယ်ချက်မှာ နဝမတောင်ပင်လယ် အပြည့်အဝပေါ်မလာနိုင်အောင် တားဖို့၊ ကောင်းကင်ချုပ်နှောင်မန္တန် ထိုတောင်ပင်လယ်၏အရိုးများ ဖြစ်မလာအောင် တားဖို့ ဖြစ်ပေသည်။

မန်ဟိုသည် မျက်လုံးများ အေးစက်စက်တောက်ပလျက် ခြေတစ်လှမ်းလှမ်းလိုက်၏။ ချက်ချင်းပင် မယုံကြည်နိုင်ဖွယ်စွမ်းအား ပေါ်ထွက်လာသည်။ ဧရာမတုန်ခါလှိုင်းကြီးတစ်လှိုင်းသည် နဝမတောင်ပင်လယ်မှ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး ၎င်းထိတွေ့သမျှ မိုးကြိုးတန်းများကို ဖျက်စီးပစ်သည်။

“ငါ တောင်ပင်လယ်လောကကို ဖန်ဆင်းနေတယ်” သူက ဟိန်းဟောက်လိုက်သည်။ “အနှောင့်အယှက်တွေအကုန် ထွက်သွားစမ်း” ထို့နောက် သူသည် အင်္ကျီလက်စကို ဝှေ့ယမ်းကာ အာကာပြင်ကျယ်စကြဝဠာ၏ စိတ်ဆန္ဒအား စိုက်ကြည့်နေသည့်အလား ကြယ်တာရာကောင်းကင်အား မော့ကြည့်လိုက်၏။

အကြည့်ဆုံသွားသောအခါ ကြယ်တာရာကောင်းကင်မှာ တုန်ရီသွားသည်။ မန်ဟို့အရှိန်အဝါက တဟုန်ထိုး ထကြွသောင်းကျန်းလာရာ ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒကလည်း မတွန့်မဆုတ် ပြန်တိုက်ခိုက်သည်။

ကြယ်တာရာကောင်းကင်တစ်ခုလုံး တုန်ရီနေပြီး ကမ္ဘာများ၊ မြေထုများနှင့် ဝဲပေါင်းများစွာ သက်ရှိသတ္တဝါများသည် သူတို့နားထဲ၌ ဟိန်းဟောက်နေသောအသံကို ကြားလိုက်ကြရသည်။ ဘီလူးကြီးနှစ်ကောင် တစ်ကောင်ဘေး၌ တစ်ကောင်ရပ်လျက် နတ်ဘုရားအာရုံဖြင့် ဟိန်းဟောက်နေကြသည့်အလားပင်။

မန်ဟိုက အာကာပြင်ကျယ်စကြဝဠာ၏စိတ်ဆန္ဒကို ဝင်တိုက်လိုက်သည့်အခါ အက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ ချက်ချင်းပင် အက်ကွဲကြောင်းများသည် လမ်းရှိ မည်သည့်အရာကိုမဆို အငွေ့ပျံစေရင်း အရပ်‌လေးမျက်နှာ၌ ပွင့်ထွက်သွားတော့၏။

အချိန်တချို့ကြာသော် အာကာပြင်ကျယ်စကြဝဠာ၏ စိတ်ဆန္ဒထံမှ ဒေါသတကြီးဟိန်းသံ တိုးဝင်ပျောက်ကွယ်သွားသည်။ သို့သော် မန်ဟို့မျက်နှာက အလွန်တင်းမာခက်ထန်နေသေးလေသည်။ အာကာပြင်ကျယ်စကြဝဠာ၏ စိတ်ဆန္ဒနှင့် အမှန်တကယ် တိုက်ခိုက်ရမည့်တိုက်ပွဲ လျင်မြန်စွာ လာနေပြီဖြစ်ကြောင်း သူ သိသည်။

ယခုတွင် အာကာပြင်ကျယ်စကြဝဠာ၏ စိတ်ဆန္ဒသည် ပျောက်ကွယ်သွားကာ နှောင့်ယှက်ခြင်းမရှိတော့၍ နဝမတောင်ပင်လယ်ကား ကြယ်တာရာကောင်းကင်အတွင်း၌  ပေါ်လွင်လာတော့သည်။

အရာအားလုံး တုန်ခါနေပြီး ကျန်တောင်ပင်လယ်ရှစ်ခုလုံး ခေါင်းငုံ့အရိုအသေပေးကြသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ချုပ်နှောင်တောင်ပင်လယ်မှာ အနှိုင်းမဲ့၍ပင်။

သို့ထိတိုင် နဝမတောင်ပင်လယ်သည် မပြည့်စုံသေး။ နဝမတောင်က အပြည့်အဝဖြစ်ပေါ်လာသော်လည်း နဝမပင်လယ်မှာမူ မှော်သင်္ကေတများ စုဝေးနေသည့်တိုင် ပင်လယ်ရေများဖြစ်လာမည့် အသား ကင်းမဲ့နေသေးလေသည်။

မိစ္ဆာချုပ်နှောင်သူအမွေသည် ဝိညာဉ်၊ ချုပ်နှောင်ခြင်းမှော်အစွမ်းသည် အရိုးများ၊ ‌တောင်ပင်လယ်က အသားဖြစ်သည်။ သို့သော် အသားပေါ်လာဖို့အတွက် တောင်ပင်လယ်၏ မူလဒြပ်စင်များ ရှိနေရမည်။ နဝမပင်လယ်က တောင်ပင်လယ်လောကအထိနာနေသည့်အချိန်တွင် သစ္စာဖောက်ခဲ့၍ ပင်လယ်ကိုးစင်းမဟုတ်ဘဲ ပင်လယ်ရှစ်စင်းသာ ရှိခဲ့လေသည်။

မန်ဟိုက ရေများပြည့်နေသင့်သောနေရာကို ကြည့်ကာ ပြုံးပြီးနောက် မှီခိုရာဂိုဏ်းချုပ်ဘက် လှည့်လိုက်သည်။

မှီခိုရာဂိုဏ်းချုပ်က ချောင်းဟန့်လိုက်သော်လည်း မန်ဟို သူ့ကို ကြည့်မနေကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်၍ အခွံထဲ ခေါင်းဝင်သွားသည်။ မှီခိုရာဂိုဏ်းချုပ်အတွက် မန်ဟိုက အံ့ဖွယ်လူသားဖြစ်နေခဲ့သည်မှာ ကြာလေပြီ။

မန်ဟိုက မှီခိုရာဂိုဏ်းချုပ်၏ ကျောပေါ်၌ ရပ်နေသော အဖြူရောင်ဝတ်ရုံနှင့် မိန်းကလေးကို ကြည့်နေသည်။ နှစ်ပေါင်းမည်မျှကြာပါစေ ထိုမိန်းကလေးသည် အမြဲငယ်နေမည့်ပုံရ၏။ ယခုတွင် သူမက မန်ဟို့ကို ပြုံးပြရင်း ရပ်နေသည်။ သူမမျက်ဝန်းထဲ၌ မျှော်လင့်နေသောအရိပ်အယောင် ရှိသော်လည်း မန်ဟို သူမကို ကြည့်နေသည့်အကြောင်းရင်းအား သိသည့်အလား စိတ်လှုပ်ရှားနေပုံလည်း ရသည်။

“ဟိုးတစ်ချိန်တုန်းက ငါ မင်းကို ပင်လယ်ဖြစ်လာနိုင်အောင် ကူညီပေးမယ်လို့ ကတိပေးခဲ့တယ်” သူက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “ဂူယွိတင်းစန်ယွီ၊ မင်း တောင်ပင်လယ်လောကရဲ့ နဝမပင်လယ် ဖြစ်လာချင်လား”

အဖြူရောင်ဝတ်ရုံနှင့်မိန်းကလေးမှာ အံ့ဩတုန်ရီသွားလေသည်။ ပင်လယ်ဖြစ်ဖို့သည် သူမတစ်သက်လုံး မက်နေခဲ့သော အိပ်မက်ဖြစ်၏။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာတုန်းက တာ့ချင်းတောင်၏အောက်ရှိ ရေကန်ထဲတွင် မန်ဟိုက သူမအိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် ကူညီပေးမည်ဟု ကတိပေးခဲ့လေသည်။

“ဖြစ်ချင်ပါတယ်” ဂူယွိတင်းစန်းယွီက ပြန်ဖြေသည်။ သူမသည် အသက်ပြင်းပြင်းရှူလျက် လက်ယှက်ကာ မန်ဟို့ကို လေးနက်စွာ အရိုအသေပေးလိုက်၏။

မန်ဟိုက ပြုံး၍ ညာလက်ကို ဝှေ့ယမ်းသည်။

“ငါ၏နာမတော်ဖြင့် ဂူယွိတင်းစန်းယွီအား ကောင်းချီးပေးတော်မူမယ်။ အခုကစပြီး သင်ဟာ နဝမပင်လယ်ဖြစ်လာခဲ့ပြီ”

ဂူယွိတင်းစန်းယွီသည် မျှော်လင့်ချက်များအပြည့်ဖြင့် မှီခိုရာဂိုဏ်းချုပ်၏ ကျောမှ ပျံထွက်လာကာ ရေကန်အသွင် ပြောင်းလိုက်၏။ ရေကန်အား အလွန်လှပလေသည်။ မျက်စိတစ်မှိတ်အတွင်း သူမသည် နဝမပင်လယ်၏ ကောက်ကြောင်းကို ဖွဲ့စည်းထားသော မှော်သင်္ကေတများဖြင့် တစ်သားတည်းပေါင်းစည်းသွား၏။

ပေါင်းစည်းပြီးနောက် တန်ခိုးအရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ ၎င်းက ဂူယွိတင်းစန်းယွီ၏ အရှိန်အဝါဖြစ်သော်လည်း ပို၍အစွမ်းထက်နေချေပြီ။ တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထပ်နေပြီး သူမ၏တန်ခိုးသည် စိတ်ကူးမယဉ်နိုင်သောအမြင့်အထိ ဆက်လက်မြင့်တက်သွား၏။ နောက်ဆုံးတော့ ... နဝမပင်လယ်‌ ပေါ်လာတော့သည်။

နဝမပင်လယ်သည် ကျန်ပင်လယ်ရှစ်စင်းထက် များစွာကြီးကျယ်ခမ်းနား၏။ ဤနဝမပင်လယ်အသစ်တွင် မိုးနှင့်မြေကို ပြင်းပြင်းထန်ထန် ကိုင်လှုပ်နိုင်သော ချေမှုန်းခြင်းစွမ်းအား ပိုင်ဆိုင်ထားလေသည်။

အဘယ်ကြောင့်ဆိုသော် နဝမတောင်နည်းတူ နဝမပင်လယ်တွင်လည်း မိစ္ဆာချုပ်နှောင်ခြင်းမှော်အစွမ်းက အရိုးသဖွယ် ဖြစ်၍ပင်။ ကောင်းကင်ချုပ်နှောင်မန္တန်သည် အင်အားအကြီးဆုံးမန္တန်ဖြစ်သည့်အတွက် ကျန်မန္တန်ရှစ်ခု၏ပေါင်းစည်းခြင်းကပင် ၎င်းကို မယှဉ်နိုင်ပေ။

နဝမမန္တန်မှာ ချုပ်စည်းကိုးစည်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် တောင်ပင်လယ်လောက၏ ဩဇာအကြီးမားဆုံးတောင်ပင်လယ်ဖြစ်လာဖို့ နဝမတောင်ပင်လယ်ထက် ထိုက်တန်သည့် တောင်ပင်လယ်မရှိတော့ပေ။

နဝမတောင်ပင်လယ်၏ ကျင့်ကြံသူများသည် ကောင်းကင်ချုပ်နှောင်မန္တန်အား အထူးတလည် နားလည်ကြလိမ့်မည်။ သို့သော် နဝမမန္တန်မှာ ဉာဏ်အလင်းရရှိဖို့ အင်မတန်ခက်ခဲပေရာ နဝမတောင်ပင်လယ်သခင်ဖြစ်လာမည့်သူ အနေဖြင့် ချုပ်စည်းကိုးစည်းအနက်မှ အနည်းဆုံး သုံးစည်းကို နားလည်ရလိမ့်မည်။

ယခုတွင် နဝမတောင်ပင်လယ် ပေါ်လာခဲ့ပြီဖြစ်ရာ တောင်ပင်လယ်တစ်ခုလုံးသည် မိုးထိုးနေသောဖိအားကို ထုတ်လွှတ်နေ၏။ တဂျိန်းဂျိန်းထစ်ချုန်းသံများက ကြယ်တာရာကောင်းကင်ကို ကိုင်လှုပ်ရင်း ပဲ့တင်ရိုက်ခတ်နေတော့သည်။ တစ်ချိန်တည်းမှာပင် တန်ခိုးရှင်အရှိန်အဝါ ဖြာထွက်လာ၏။

ထိုအရှိန်အဝါက အာရုံရလိုက်သော မည်သည့်ကျင့်ကြံသူကိုမဆို တုန်ရီသွားစေသည်။ အနှစ်သာရ ၉ ခုပညာရှင်များပင် ပါဝင်လေသည်။

မန်ဟိုသည် မျက်လုံးများ လင်းလက်တောက်ပနေလျက် အင်္ကျီလက်စခါလိုက်သည်။ ထိုအခါ အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှာတုန်းက နေကို ရှုကြည့်နေခဲ့စဉ် ဉာဏ်အလင်းရရှိခဲ့သော မှော်အတတ်ဖြစ်သည့် အလင်းဖန်လုံးတစ်လုံး ပေါ်လာသည်။ ထိုအလင်းဖန်လုံးသည် ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို စုပ်ယူပြီးနောက် မျက်စိတစ်မှိတ်အတွင်း မျက်စိကျိန်းမတတ် တောက်ပလာတော့သည်။

မန်ဟို၏တန်ခိုးရှင်စွမ်းအားတို့ ပြည့်နှက်နေသည့် လင်းထိန်နေသော ၎င်း၏အရောင်အဝါက လူတိုင်းအား မျက်လုံးစူးသွားစေသည်။ ၎င်းကား အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်နှင့် ညီမျှသော ကြောက်ခမန်းလိလိစွမ်းအားကို ပိုင်ဆိုင်ထားသည့် နေတစ်စင်းပင်။

“သမာဓိအပ်နှင်းခြင်းပညာရပ်မှတစ်ဆင့် ငါ ... သင့်ကို တောင်ပင်လယ်နေဟု အမည်ပေးတယ်” တန်ခိုးရှင်အဆင့်စွမ်းအားမှ ထောက်ပံ့မှုဖြင့် သမာဓိအပ်နှင်းခြင်းမှော်အတတ်သည် အလင်းဖန်လုံးအား တောင်ပင်လယ်လောက၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ ပျံထွက်သွားသော နေတစ်စင်းအသွင် ပြောင်းလိုက်သည်။

နေ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းအား အလင်းရောင်ပေးနေသည့်အချိန်မှာပင် မန်ဟို့ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်လေသည်။ ထို့နောက် သူသည် လက်ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်လတစ်စင်း ပေါ်လာသည်။ ၎င်းသည်လည်း အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှာတုန်းက ဖန်မျိုးနွယ်စု၏ဘိုးဘေးမြေမှ ရရှိခဲ့သော ပစ္စည်းများအနက်မှ မှော်အတတ်တစ်ခု ဖြစ်လေသည်။

တန်ခိုးရှင်စွမ်းအားသည် လထဲသို့ စီးမျောဝင်ရောက်ကာ ၎င်းအား နေနှင့်ညီမျှသော အင်အားကို ပေးအပ်လိုက်၏။

“သမာဓိအပ်နှင်းခြင်းပညာရပ်မှတစ်ဆင့် ငါ သင့်ကို .... တောင်ပင်လယ်နေဟု ခေါ်တွင်စေမယ်” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း လသည် နူးညံ့သောအရောင်အဝါဖြင့် စတင်တောက်ပလာတော့၏။ ၎င်းက တောင်ပင်လယ်လောကဆီ ပျံသန်းသွားပြီး နေနည်းတူ ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်လေသည်။

ယခုတွင် တောင်ပင်လယ်လောကကား ပြည့်စုံသွားချေပြီ။

ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့်တုန်နေပြီး အာကာပြင်ကျယ်စကြဝဠာတစ်ခုလုံးလည်း တုန်ခါနေသည်။ မရေမတွက်နိုင်သော ကမ္ဘာလောကများ တုန်လှုပ်နေကြပြီး မရေမတွက်နိုင်သော မှော်ပစ္စည်းများ ရုတ်တရက် မှောင်မိုက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ... အာကာပြင်ကျယ်စကြဝဠာတစ်ခုလုံး၌ နံပါတ်တစ်ဖြစ်သော မှော်ရတနာတစ်ပါး....

တောင်ပင်လယ်လောက ပေါ်ထွန်းလာ၍ပင်...။

(နေ - မန်ဟိုက မဟာပေါက်ကွဲခြင်းမှော်အစွမ်းကို အပိုင်း ၉၄၂ မှာ ဖန်တီးခဲ့ပါတယ်။

လ- ‘ငရဲလမှော်အစွမ်း’ ကို အပိုင်း ၉၅၄ မှာ ရခဲ့ပါတယ်)

All Chapters