ဆိတ်ငြိမ်အေးချမ်းမှု
Vol. 112 Ch. 1558
မန်ဟိုသည် ညာလက်ကို ဆန့်တန်းလိုက်၏။ ကြီးကျယ်ခမ်းနားလှသော တောင်ပင်လယ်လောကမှာ သူ့လက်ဝါးအရွယ်အထိ ကျုံ့သွားပြီး တောက်ပခံ့ညားသောအရောင်အဝါနှင့် ဂုဏ်ကျက်သရေကို ဖြန့်ကျက်လျက် ပျံဝဲနေလေသည်။
“မိစ္ဆာဘုရင်” မည်သူက ပထမဆုံးဟစ်ကြွေးလိုက်သလဲ မပြောနိုင်သော်လည်း မကြာမီ အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများသည် မန်ဟို ထိုကဲ့သို့အဖိုးထိုက်ရတနာတစ်ပါးအား ဖန်ဆင်းခဲ့သည်ကို မျက်စိဖြင့်တပ်အပ်မြင်တွေ့ခဲ့ရ၍ အံ့ဩတုန်လှုပ်စွာဖြင့် ဒူးထောက်လိုက်ကြ၏။
“မိစ္ဆာဘုရင်”
“မိစ္ဆာဘုရင်”
သူတို့သာမဟုတ်။ တောင်ပင်လယ်လောက၏ ကျင့်ကြံသူအားလုံးလည်း ‘မိစ္ဆာဘုရင်’ ဆိုသော ကြွေးကြော်တိုင်တည်သံများ သောင်းသောင်းဖြဖြမရပ်စဲတော့သည့်တိုင်အောင် စိတ်လှုပ်တရှား ကြွေးကြော်ကြကုန်တော့သည်။
ကျင့်ကြံသူပေါင်းများစွာ ရှိခိုးခစားနေကြစဉ် မန်ဟိုက တောင်ပင်လယ်လိပ်ပြာဘက် လှည့်ကာ သူ့မိဘများနှင့် ရှုချင်ကို နွေးထွေးကြင်နာစွာ ကြည့်လိုက်သည်။ ထို့နောက် သူတို့ရှိရာသို့ ခြေတစ်လှမ်းလှမ်းလိုက်၏။
တစ်လှမ်းပြီးတစ်လှမ်းဖြင့် ... သူကား တောင်ပင်လယ်လိပ်ပြာအပေါ် ရောက်လာတော့သည်။ ပထမဆုံး သူလုပ်သည့်အရာမှာ သူ့အဖေနှင့်အမေကို ဒူးထောက်အရိုအသေပေးခြင်း ဖြစ်သည်။
“အဖေ အမေ သား ပြန်လာပါပြီ” သူက မျက်ရည်များဝဲနေလျက် ပြောလိုက်သည်။ ဖန်ရှုံ့ဖုန်းသည် တုန်ရီစွာ ရပ်နေပြီး မန်လီက သားဖြစ်သူ ဆွဲထူ၍ရပ်ခိုင်းလေသည်။ မန်ဟို တစ်ခုခုပြောတော့မည့်အချိန် သူ့အဖေက သူ့ပခုံးကို ဆုပ်ကိုင်ကာ ရှုချင်အရှေ့ တွန်းလိုက်သည်။ မန်လီက ယောက်ျားဖြစ်သူကို ချက်ချင်း မျက်စောင်းထိုးလေသည်။
“အဲဒီကလေးမက ငါတို့ထက် ပိုခံစားခဲ့ရတာလေ...” ဖန်ရှုံ့ဖုန်းက တိုးတိုးပြောလေသည်။
ရှုချင်က ပြုံးလိုက်သည်။ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာတို့ဖြင့် နွေးထွေးပြီး ဂရုစိုက်တတ်သော အပြုံးလေးပင်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အတန်ကြာကြည့်နေပြီးနောက် မန်ဟိုသည် ရှေ့တစ်လှမ်းတက်ကာ သူမအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။ သူမလည်း ဝမ်းသာမျက်ရည်များ ပါးပြင်တစ်လျှောက် စီးကျနေလျက် သူ့ကို တင်းကြပ်စွာ ပြန်ဖက်သည်။
“ကိုယ်ပြန်လာပါပြီ ... “ မန်ဟိုက သူ့ဘဝ၏ အမြတ်နိုးရဆုံးရှုချင်ကို မလွှတ်တမ်း ဖက်ရင်း သူမဆံပင်များအား နမ်းရှိုက်ကာ နူးညံ့ကြင်နာစွာ ပြောလိုက်သည်။ နှစ်ထောင်ပေါင်းများစွာ ယောက်ယက်ခတ်နေခဲ့သော သူ၏နှလုံးသားသည် ယခုတော့ တည်ငြိမ်သွားလေပြီ။ ယင်းက ချူယွီယန် သူ့အတွက် မလုပ်ပေးနိုင်သည့်အရာဖြစ်သည်။ သူ့အဖေနှင့် အမေလွဲ၍ သူ့ကို ထိုကဲ့သို့စိတ်လုံခြုံမှုပေးသည့် တစ်ယောက်တည်းသော လူမှာ ... ရှုချင်ပင်။ သူမနှင့်အတူရှိလျှင် ... သူ အေးချမ်းရသည်။
တောင်ပင်လယ်လောကသားကျင့်ကြံသူများသည် မန်ဟို့နောက်မှ တောင်ပင်လယ်လိပ်ပြာကမ္ဘာထဲ ပြန်ဝင်လာကြ၏။ အပေါ်၌ ကောင်းကင်ဘုံ ၃၃ ဘုံဟူ၍ မရှိတော့ပေ။ အော်ဟစ်ငိုကြွေးနေသော အပြင်သူဝိညာဉ်များဖြင့် ပြည့်နှက်လျက် ထာဝရလောင်ကျွမ်းနေမည့် မီးပင်လယ်တစ်စင်းသာ ရှိသည်။
အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများမှာမူ အပြင်၌ စခန်းချကာ စောင့်ကြပ်နေကြသည်။ မန်ဟို့ဆီမှ အမိန့်မရသရွေ့ သူတို့သည် ထွက်သွားမည်မဟုတ်သလို၊ တောင်ပင်လယ်လိပ်ပြာထဲသို့လည်း ဝင်လာမည်မဟုတ်ပေ။
ယခုတွင် ကြယ်တာရာကောင်းကင်တစ်ခုလုံး တိတ်ဆိတ်အေးချမ်းနေတော့သည်။
မန်ဟို့အတွက် ဤအချိန်မှာ ဖြတ်သန်းခဲ့ရသော ရာစုနှစ်ပေါင်းများအတွင်း အအေးချမ်းဆုံးအခိုက်အတန့် ဖြစ်သလို၊ အပျော်ရွှင်ရဆုံးလည်း ဖြစ်သည်။ နောက်ဆုံးတော့ သူ့မိဘနှစ်ပါးနှင့် ရှုချင်နှင့်အတူ သူ အချိန်ကုန်ဆုံးနိုင်လေပြီ။ သူတို့ တောင်ပင်လယ်လိပ်ပြာ၏ အထွတ်အမြတ်တောင်သို့ ပြန်ရောက်သောအခါ ရှုချင်က သူ,မရှိစဉ်အတောအတွင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်ပြောပြသည်။ အချိန်တွေ ကုန်လွန်သွားပြီး မန်ဟိုမှာ ပျော်ရွှင်မှုကို ပြန်လည်ခံစားနေရတော့သည်။
သူသည် တောင်ပင်လယ်လောကသားကျင့်ကြံသူများနှင့် အာကာပြင်ကျယ်ကျောင်းတော်သားများကို အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေနောက် လိုက်ဖို့ ဖိအားမပေးပေ။ ထိုအင်အားစုကြီးနှစ်စု သူ့ဆီ လာမည်ဖြစ်ကြောင်း သူ သိသည်။ ထို့ကြောင့် သူလည်း သူတို့လာမည်ကိုသာ စောင့်ရန် ဆုံးဖြတ်လိုက်သည်။
မန်ဟိုသည် ဧည့်သည်များကို လက်မခံဘဲ အထွတ်အမြတ်တောင်ပေါ်တွင် နေထွက်နေဝင်တို့ကို ကြည့်ရှုခံစားရင်းသာ အချိန်ကုန်ဆုံးနေ၏။ သူ့မိဘနှစ်ပါးမှာ သူ့ကို ထိုသို့မြင်ရသည့်အတွက် အလွန်ဝမ်းသာကြလေသည်။
တောင်ပင်လယ်လောက၏ကျင့်ကြံသူများမှာတော့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြသည်။ မန်ဟိုက သူတို့အားလုံးအတွက် လောကအသစ် ဖန်ဆင်းပေးခဲ့ပြီမဟုတ်ပါလော။
ရက်အနည်းငယ်ကြာသော် မန်ဟိုက ရှုချင်ကို ခေါ်ကာ တောင်ပင်လယ်လိပ်ပြာထဲတွင် လျှောက်သွားသည်။ သူတို့ သွားတွေ့သည့် ပထမဆုံးလူကတော့ ဘိုးဘိုးမန်နှင့် မန်မျိုးနွယ်စုပင်။ ဘိုးဘိုးမန်ကြောင့် မန်မျိုးနွယ်စုသည် တောင်ပင်လယ်လိပ်ပြာကမ္ဘာထဲ၌ ထင်ရှားကျော်ကြာပြီး အရှိန်အဝါကြီးမား၏။ သူတို့က ဖန်မျိုးနွယ်စုနှင့်အတူ အမြင့်မားဆုံးနေရာကို သိမ်းပိုက်ထားလေသည်။
မန်ဟို အဋ္ဌမတောင်ပင်လယ်တွင် ရှိစဉ်တုန်းက သင်ကြားလမ်းပြပေးခဲ့သော မျိုးနွယ်ဝင်များက ယခုတွင် မျိုးနွယ်စု၏ ထောက်တိုင်များ ဖြစ်နေကြချေပြီ။
မျိုးနွယ်စုသည် မန်ဟိုနှင့် ရှုချင် လာနေကြောင်း သိသောအခါ အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။ အခမ်းအနားအကြီးကြီးအား ပြင်ဆင်ကြပြီး တစ်မျိုးနွယ်စုလုံး မန်ဟို့ကို ကြိုဆိုဖို့ ပေါ်လာကြသည်။
မန်ဟို့အား မိုးကုပ်စက်ဝန်းတွင် မြင်လိုက်ရလျှင်ချင်း မျိုးနွယ်ဝင်အားလုံးသည် ဦးညွှတ်လိုက်ကြပြီး တစ်ညီတစ်ညာတည်း ကြွေးကြော်ကြကုန်၏။
“မိစ္ဆာဘုရင်နှင့် မိစ္ဆာဘုရင်မအား ကျွန်တော်မျိုးတို့ ဂါဝရပြုပါတယ်ခင်ဗျား” သူတို့အသံများ ပဲ့တင်ထပ်နေစဉ် ဘိုးဘိုးမန်က တောက်ပစွာ ပြုံးလျက် လူကြားထဲ၌ ရပ်နေလေသည်။ မန်ဟိုက ရှုချင်နှင့်အတူ ခပ်သုတ်သုတ်သွားလိုက်သည်။ မိစ္ဆာဘုရင်ဆိုသည့် အဆင့်အတန်းကို မထည့်တွက်ဘဲ မန်ဟိုသည် မဆိုင်းမတွဒူးထောက်၍ အဘိုးအား ဂါဝရပြုလိုက်၏။
“ဘိုးဘိုး...” သူက တိုးညှင်းစွာ ခေါ်လိုက်လေသည်။ ရှုချင်လည်း ရင်တဒိတ်ဒိတ်ခုန်နေလျက် ဒူးထောက်ဂါဝရပြုသည်။ သူမရင်ခုန်နေရသည့် အကြောင်းရင်းမှာ လူတိုင်း သူမတို့ကို ဂါဝရပြုနေခြင်းကြောင့်မဟုတ်၊ မိစ္ဆာဘုရင်မဟု ခေါ်နေကြခြင်းနှင့် မန်ဟို့မိဘနှစ်ပါးအပြင် မန်ဟို၏အမျိုးတစ်ယောက်ကို ပထမဆုံးအကြိမ် ဂါဝရပြုရခြင်း ဖြစ်၍ပင်။
ရှုချင်မှာ ယောက္ခထီး၊ ယောက္ခမများကို ပထမဆုံးအကြိမ် စိတ်လှုပ်တရှား ဂါဝရပြုနေသော သတို့သမီးအသစ်ကျပ်ချွတ်လေးအလားပင်။
ဘိုးဘိုးမန်သည် အားပါးတရရယ်ပြီးနောက် သူတို့အား အလျင်အမြန် ထူလိုက်သည်။ ရှုချင်ကို လှမ်းကြည့်ပြီးသည့်အခါ သူက မန်ဟို့ပခုံးကို ဖြစ်လိုက်လေသည်။
“ဒီကလေးမကို ကောင်းကောင်းဂရုစိုက်” သူက တိုးတိုးပြောသည်။ “သူ မင်းကို နှစ်ထောင်ချီ စောင့်နေခဲ့တာ” မန်ဟိုက ခေါင်းညိတ်၍ ရှချင်၏လက်ကလေးအား ဆုပ်လိုက်သည်။ ရှုချင်မှာတော့ မျက်နှာလေးရဲလျက်။
မန်ဟိုနှင့် ရှုချင်သည် မန်မျိုးနွယ်စု၌ ရက်အနည်းငယ်နေပြီးနောက် နှုတ်ဆက်လိုက်ကြ၏။ ထိုအချိန်တွင် ဘိုးဘိုးမန်မှာ တစ်ခုခုပြောချင်ပုံရသော်လည်း မပြောပေ။ မန်ဟိုက ထိုအရာကို မြင်၍ သက်ပြင်းချလိုက်သည်။
“ဘိုးဘိုး” သူက ပြောသည်။ “ကလဲ့စားချေပွဲက မပြီးသေးဘူး။ အင်မော်တယ်နတ်ဘုရားကုန်းမြေနဲ့ နတ်ဆိုးကုန်းမြေ မကြာခင် ဒီကို ရောက်လာလိမ့်မယ်။ ပြီးရင်တော့ တစ်ချက်တည်းနဲ့ ကလဲ့စားချေနိုင်ပြီ”
ထို့နောက် မန်ဟိုက ရှုချင်ကို ခိတိဂဗ္ဗ၏ ဂိုဏ်း၊ မြေအောက်ကမ္ဘာ .. လူသေတိုင်းပြည်သို့ ခေါ်သွားသည်။ မန်ဟို ရောက်လျှင်ချင်း ထိုနေရာရှိ ကျင့်ကြံသူအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
မှန်သည်၊ ခိတိဂဗ္ဗသည် ရှုချင်၏ဆရာ ဖြစ်သည့်အတွက် ဤဂိုဏ်းက သူမ၏သတို့သမီးဘက်ပမာ ဖြစ်လေသည်။ ယောက်ျားဖြစ်သူ သူမဆရာနှင့် အတူလမ်းလျှောက်နေသည်ကို မြင်သောအခါ ရှုချင်၏နှလုံးသားထဲ၌ ပျော်ရွှင်ကြည်နူးမှုတို့ ပေါက်ဖွားလာတော့သည်။
“သူတို့ ဘယ်တော့ ဒီကိုရောက်လာမှာလဲ” ခိတိဂဗ္ဗက အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေကို ရည်ရွယ်လျက်ပြောနေကြောင်း သိသာသည်။ “မိစ္ဆာဘုရင်၊ အဲဒီရန်သူတွေကို လျှော့တွက်လို့မရဘူး”
“မကြာခင်ပေါ့” မန်ဟိုက တည်ငြိမ်အေးဆေးစွာ ပြန်ဖြေရင်း မိုးကောင်းကင်အား မော့ကြည့်လိုက်သည်။ “ဒါပေမဲ့ အဲဒီမြေထုနှစ်ခုနဲ့ပတ်သက်ပြီး ကျုပ် တွေးမိထားတာတွေရှိတယ်။ ကျုပ်မှန်မမှန် ဆိုတာကိုတော့ မျက်စိနဲ့မြင်ရမှ အတည်ပြုနိုင်မှာ”
ခိတိဂဗ္ဗက ခေါင်းညိတ်ပြီးနောက် ရှုချင်အား နွေးထွေးစွာ ပြန်ကြည့်သည်။ သူသည် မန်ဟို့ဘက် ပြန်လှည့်ရင်း ရယ်လိုက်လေသည်။ ဘာမှမပြောသော်လည်း သူ၏အမူအရာအရ သူတို့နှစ်ယောက်ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးနေမှန်း ပေါ်လွင်သည်။
ရှုချင်နှင့် မန်ဟိုသည် ခိတိဂဗ္ဗနှင့် သိပ်ကြာကြာမနေပေ။ မကြာခင် မိစ္ဆာအင်မော်တယ်ဂိုဏ်းရှိ ခဲကျုံစစ်ကို တွေ့ဖို့ ထွက်လာခဲ့ကြသည်။ ထိုနေရာရောက်သော် တခြားနေရာများနည်းတူ တခမ်းတနားဖြင့် အကြိုဆိုခံရလေသည်။ ကျင်ရှန်းသည် မိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် ရှိပြီး မန်ဟိုနှင့်ရှုချင်ကို ကြည့်နေစဉ် သူမနှလုံးသားထဲ၌ ရှုပ်ထွေးသောခံစားချက်များ ပြည့်ကြပ်နေ၏။
အတိတ်နှင့်ပတ်သက်၍ သူမ နောင်တရမိသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ မန်ဟို့ကို ပထမဆုံးတွေ့ခဲ့တုန်းက ဖျတ်ခနဲ လင်းလက်သွားခဲ့သော ချစ်ခြင်းမီးပွင့်လေးကို ဆက်လက်မီးတောက်မလာစေခဲ့သည့်အတွက် သူမ နောင်တရမိသည်။ ထိုစဉ်တုန်းက သူမသည် မိစ္ဆာအင်မော်တယ်ဂိုဏ်း၏တာဝန်များတွင်သာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားခဲ့ကာ သူမနှင့်မန်ဟို့အကြား၌ ခံစားချက်များ ဖြစ်ပေါ်လာခွင့်မပြုခဲ့ပေ။
ထိုအစား သူနှင့်လမ်းခွဲ၍ ရှိခဲ့သော ပတ်သက်မှုအားလုံးကို ဖြတ်တောက်ရန် သူမ ရွေးချယ်ခဲ့သည်။
နှစ်ပေါင်းများစွာကြာသော် မန်ဟို့ကို တွေ့ရတိုင်း ကျင်ရှန်းသည် ရင်ထဲမတင်မကျဖြစ်မိ၏။ အထူးသဖြင့် တောင်ပင်လယ်လိပ်ပြာကို ကာကွယ်ဖို့ မန်ဟို တိုက်ခိုက်နေသည်ကို မြင်တွေ့ရသောအခါ သူမနှလုံးသားမှာ နက်ရှိုင်းသောခံစားချက်များဖြင့် တုန်ရီသွားခဲ့လေသည်။
(အားကန်း၏အမှာ - ဒီအတွဲက နောက်ဆုံးအတွဲပါ။ စာဖတ်သူတွေနဲ့ စကားပြောဖို့ အချိန်ရအောင် တစ်ခန်းစီမှာ တရုတ်စာလုံးရေ နှစ်ထောင်ပဲ ပါပါတော့မယ်ခင်ဗျာ။
ကျွန်တော် ဒီနေ့ စိတ်အခြေအနေ သိပ်မကောင်းဘူး။ ကျွန်တော့် အစ်ကိုအရင်းလိုခင်ရတဲ့ အစ်ကိုရဲ့အမေ ဒီနေ့အစောပိုင်းကပဲ ဆုံးသွားလို့ စျာပနပွဲကို သွားကူပေးရမှာ။ ဘဝဆိုတာကလေ တကယ်အားနည်းတဲ့အရာဗျ။ ကျန်းမာရေးကို ဂရုစိုက်ကြပါ။ အကုန်လုံး အသောက်အစားလည်း လျှော့ကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ အရက်ရော၊ ဆေးလိပ်ရောပေါ့ဗျာ။ လေ့ကျင့်ခန်းလေးပုံမှန်လုပ်ပြီး ကျန်းကျန်းမာမာနေကြပါ)
(E tran Deathblade ဆီမှ အမှာ - ဒီကစပြီး အခန်းတွေက နည်းနည်းတိုသွားလိမ့်မယ်။ နောက်ဆုံးအခန်းတော့ ရှည်တယ်။ အရင်တုန်းက တစ်ခန်းကို တရုတ်စာလုံးရေ သုံးထောင်၊ အင်္ဂလိပ်စာလုံးရေ နှစ်ထောင်သွားတယ်။ အခု တရုတ်စာလုံးရေ နှစ်ထောင်ဆိုတော့ အင်္ဂလိပ်စာလုံးရေ ၁၆၀၀ ဝန်းကျင်ပေါ့လေ။ ကျွန်တော့်အမြင်တော့ အားကန်းအနေနဲ့ သူ ရေးချင်တာကို ပိုအားစိုက်နိုင်သွားမယ်ထင်တယ်။ သိပ်မဖွဲ့နွဲ့တော့ဘဲ တိုတိုနဲ့လိုရင်းပေါ့လေ)
(ရိပ်လွန်- စာစဉ် ၁၁၂ ကစပြီး ၁၅ ပိုင်း ထည့်ပေးထားပါမယ်)