← Chapters

ပြန်လည်ဆုံစည်းခြင်းများ

Vol. 112 Ch. 1559

ပြန်လည်ဆုံစည်းခြင်းများ

Vol. 112 Ch. 1559

ယခုတွင် မန်ဟိုသည် မိစ္ဆာဘုရင်အဖြစ် အခံ့ညားဆုံးအသွင်အပြင်ဖြင့် ပြန်ရောက်လာခဲ့ရာ ကျင်ရှန်းအနေဖြင့် ခံစားချက်များကို နှလုံးသားထဲ၌ သိမ်းဆည်း၍ သက်ပြင်းချရုံအပြင် မတတ်နိုင်‌ပေ။

“အခွင့်အရေးရတုန်း သူ့ကို ဆွဲထားသင့်တာ” သူမက တစ်ယောက်တည်း တိုးတိုးပြောနေသည်။ “အခုတော့ တစ်သက်လုံး ... ဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့ဘူး” ထို့နောက် သူမသည် ခေါင်းငုံ့၍ မန်ဟိုနှင့် ရှုချင်အား ဂါဝရပြုလိုက်သည်။

မန်ဟိုမှာ သူမမျက်ဝန်းထဲရှိ အကြည့်ကို သတိထားမိပုံမရပေ။ သူ့အတွက်‌တော့ သူတို့နှစ်ယောက်သည် မိတ်ဆွေရင်းများဖြစ်၍ သူမအား ဂါဝရမပြုအောင် တားလိုက်သည်။ မှန်သည်၊ သူမ မည်မျှအိုမင်းလာခဲ့ကြောင်း သတိထားမိသောအခါ မန်ဟိုမှာ သက်ပြင်းမချမိဘဲ မနေပေ။ အခြားတစ်ဖက်တွင် ရှုချင်သည် မိန်းမချင်းပီပီ ကျင်ရှန်းတွေးနေသည်ကို ခံစားရ၏။ ကျင်ရှန်းကို အတန်ကြာလေးနက်စွာ ကြည့်ပြီးနောက် ရှုချင်က ပြုံးလိုက်လေသည်။

ကျင်ရှန်းသည် မိတ်ဆွေရင်းတစ်ဦးဖြစ်သော်လည်း မိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် မန်ဟို့အတွက် သူမထက်ပို၍ အရေးကြီးသော လူတစ်ယောက် ရှိ၏.. သူ၏အစ်ကိုကြီး ခဲကျုံစစ်

မန်ဟို ခဲကျုံစစ်၏ တံခါးပိတ်ကျင့်ကြံရာတောင်သို့ တစ်ယောက်တက်သွားစဉ် ရှုချင်နှင့် ကျင်ရှန်းသည် တောင်ခြေ၌ အတူတူ ရပ်စောင့်နေကြ၏။ ခဲကျုံစစ် မန်ဟိုနှင့် စကားပြောဖို့ ထွက်လာသည့်အချိန်တွင် ကျင်ရှန်းက ရုတ်တရက် ပြောသည်။ “နင်တို့နှစ်ယောက်အတွက် ဝမ်းသာမိပါတယ်..”

ရှုချင်က သူမကို လှမ်းကြည့်၍ မျက်တောင်လေးခတ်ကာ ပြုံးလိုက်သည်။

တောင်ထိပ်တွင် ခဲကျုံစစ်က မန်ဟို့အား အရက်တစ်ပုလင်းပစ်ပေးပြီးနောက် ရယ်သည်။ မန်ဟိုလည်း ခဲကျုံစစ်ကို ကြည့်၍ ပြုံးပြီးနောက် မျက်လုံးများပိတ်ကာ အရက်မော့သောက်လိုက်လေသည်။

တခဏကြာသော် သူက မျက်လုံးများဖွင့်ကာ ပြောသည်။ “အဖေခဲကို အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်မှာ တွေ့ခဲ့တယ်”

ခဲကျုံစစ်သည် အတန်ကြာရပ်နေပြီးနောက် သူ ထိုင်နေသော ကျောက်ဆောင်ကို ပုတ်ပြကာ မန်ဟို့အား သူနှင့်အတူ လာထိုင်ဖို့ ‌ခေါ်သည်။ မန်ဟိုလည်း ထိုင်လိုက်သည်။

“ပြောစမ်းပါဦး” ခဲကျုံစစ်က ပြောသည်။

မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏အပြင်၊ အချိန်စီးကြောင်းမတူညီသော ကမ္ဘာတစ်ကမ္ဘာတွင် နေထိုင်ခဲ့ရတုန်းကအဖြစ်အပျက်များကို ဖြည်းဖြည်းချင်း ပြန်ပြောပြ၏။ ခဲကျုံစစ်က အရက်မော့လိုက်၊ နား‌ထောင်လိုက်ဖြင့် တိတ်ဆိတ်စွာ ထိုင်နေသည်။ မန်ဟို ပြောပြီးသောအခါ ခဲကျုံစစ်၏မျက်ဝန်းများက ရီဝေဝေဖြစ်နေလေပြီ။ သို့သော်လည်း အရက်ကြောင့်မဟုတ်၊ အတိတ်ကို လွမ်းဆွတ်နေမှုကြောင့်သာ ဖြစ်သည်။

“အဲဒီတုန်းက ငါ တော်တော်လေး အကြောမတင်းခဲ့ဘူး” သူက ပြောသည်။ “မင်းလည်း သိပါတယ်... အဖေက ငါ့ကို အမြဲစိတ်ပျက်နေခဲ့ပေမယ့် ငါ လောကကြီးထဲမှာ မသေဘဲ ဆက်နေနိုင်သွားစေနိုင်မယ့် နည်းလမ်းရှာဖို့ အကုန်လုပ်ပေးခဲ့တယ်။ အဲဒါက သူဆိုတာပဲလေကွာ။ ငါနဲ့မင်းကိုလည်း တန်းတူဆက်ဆံပေးခဲ့တယ်။ ဘာကြောင့်လဲဆို‌တော့ သူ့ရင်ထဲမှာ ငါတို့နှစ်ယောက်လုံးက သူ့သားတွေမလို့ပဲ” ခဲကျုံစစ်သည် ဝဲတက်လာသောမျက်ရည်များကို ထိန်းဖို့ မျက်လုံးများ ပိတ်လိုက်၏။ သူ့အဖေကို သူ လွမ်းမိသည်။ အတိတ်ကိုလည်း လွမ်းမိသည်။

မန်ဟိုလည်း အရက်မော့သောက်ပြီးနောက် အဝေးကို ငေးကြည့်နေသည်။ အဖေခဲကို မြင်လိုက်သလို သူ ခံစားလိုက်ရသည်။ သူ၏မွေးစားအဖေကို အသက်ပြန်သွင်းဖို့ သူ ကြိုးစားခဲ့သော်လည်း တန်ခိုးရှင်အဆင့်၏တန်ခိုးဖြင့်ပင် လွန်ခဲ့သောခေတ်ပေါင်းများစွာ သေဆုံးသွားခဲ့သော လူတစ်ယောက်၏ဝိညာဉ်ကို အသက်ပြန်သွင်းဖို့ လွန်စွာခက်ခဲသေးလေသည်။

မန်ဟိုနှင့် ခဲကျုံစစ်သည် တောင်ပေါ်၌ ခုနစ်ရက်ကြာသည်အထိ အတူတူအရက်သောက်နေကြ၏။ မန်ဟိုနှင့် ရှုချင် ပြန်ရတော့မည့်အချိန်ရောက်လာသောအခါ ခဲကျုံစစ်က သူတို့ထွက်သွားသည်ကို ကြည့်ရင်း ရပ်ကျန်ခဲ့သည်။ ထို့နောက် အရက်တစ်ကျိုက်အား ကြာရှည်စွာ မော့သောက်လိုက်သည်။

တောင်ပင်လယ်လိပ်ပြာ၏ နောက်ဆုံးပါရာဂွန်မှာ တစ်ခါတုန်းက ကောင်းကင်ဘုံ ၃၃ ဘုံ၏ပါရာဂွန်အောဂူ ဖြစ်ခဲ့သော ရုပ်သေးရုပ်ပင်။ မန်ဟိုသည် ရုပ်သေးရုပ်ကို အဝေးမှ လှမ်းမြင်လိုက်ရ၏။ ၎င်းက ၎င်း၏နေရာတွင် မလှုပ်မယှက်တင်ပျဉ်ခွေထိုင်နေလေသည်။ ရုပ်သေးရုပ်၏တာဝန်မှာ .... တောင်ပင်လယ်လိပ်ပြာ၏ကမ္ဘာကို ကာကွယ်ဖို့ ဖြစ်ခဲ့သည်။

မန်ဟိုက ရုပ်သေးရုပ်ဆီ လျှောက်သွားပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ဘယ်အချိန်တုန်းက မင်းပြန်ရောက်လာတာလဲ”

ပါရာဂွန်ရုပ်သေးရုပ်မှာ တုန်ရီသွားပြီးနောက် ဖြည်းညင်းစွာ ခေါင်းငုံ့သွားသည်။ အတန်ကြာသော် ၎င်းသည် အသုံးမပြုသည်မှာ ကြာပြီဖြစ်၍ အက်ကွဲနေသောအသံဖြင့် ဖြေ၏။

“လွန်ခဲ့တဲ့ နှစ်ငါးရာက....”

ပါရာဂွန်ရုပ်သေးရုပ်သည် အသိစိတ်ဖယ်ရှားခံခဲ့ရကာ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာခဲ့၏။ သို့ရာတွင် လွန်ခဲ့သောနှစ်ငါးရာက အတိတ်ကို ပြန်မှတ်မိစပြုလာခဲ့သည်။ ထိုနေ့မှစ၍ ၎င်းသည် ရုပ်သေးရုပ် ဖြစ်နေသေးသော်လည်း ၎င်းမည်သူမည်ဝါမှန်း သိလာခဲ့၏။ သို့သော် ရုပ်သေးရုပ်မှာ တောင်ပင်လယ်လောကနှင့် မခွဲခွာနိုင်တော့ပေ။ တောင်ပင်လယ်လောကသားများ ၎င်းကို မည်မျှလေးစားကြောင်း ၎င်းခံစားရလေသည်။ ၎င်းက ရုပ်သေးရုပ်သာ ဖြစ်နေသည့်တိုင် သူတို့၏လေးစားမှုသည် ရိုးသားစစ်မှန်၏။

ပါရာဂွန်ရုပ်သေးရုပ်မှာ လိပ်ပြာ၏ကမ္ဘာထဲ၌ ကျင့်ကြံသူများစွာ မွေးဖွား၍ အရွယ်‌ရောက်ကြီးပြင်းလာခဲ့သည်ကို ကြည့်ခဲ့ရလေသည်။ ၎င်း၏ခံစားချက်များမှာ နက်ရှိုင်းလာခဲ့ကာ နောက်ဆုံးတော့ ကောင်းကင်ဘုံ ၃၃ ဘုံသို့ မပြန်ရန် ရွေးချယ်လိုက်သည်။ တောင်ပင်လယ်သားကျင့်ကြံသူများကိုလည်း သစ္စာမဖောက်ခဲ့သည့်အပြင် နိုးထလာခဲ့သော မှတ်ဉာဏ်များကို မေ့ဖျောက်ထားဖို့ ကြိုးစားခဲ့၏။

“မင်း အခု လွတ်လပ်ပါပြီ” မန်ဟိုက ပြောရင်း ပါရာဂွန်အောဂူကို ထိလိုက်ကာ သူ့ကို ချုပ်နှောင်ထားသော သံကြိုးများအား ဖြေလွှတ်ပေးလိုက်သည်။ ထို့နောက် သူနှင့် ရှုချင်သည် ထွက်သွားဖို့ လှည့်သွား၏။

ပါရာဂွန်အောဂူမှာ တုန်ရီသွားသည်။ အတန်ကြာသော် သူက တွေဝေငေးကြောင်နေသော မျက်ဝန်းများဖြင့် ထရပ်လိုက်သော်လည်း ထိုတွေဝေငေးကြောင်မှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ့အကြည့်က ခိုင်မာပြတ်သားသွားသည်။ ထို့နောက် သူသည် ဆက်လက်စောင့်ရှောက်ဖို့ ရွေးချယ်ရင်း တင်ပျဉ်ခွေပြန်ထိုင်လိုက်၏။

အဝေးတွင် ရှုချင်မှာ တွန့်ဆုတ်နေပြီးနောက် မေးလေသည်။ “သူ..”

“အောဂူက သူ့အမှားတွေအတွက် ‌နောင်တရပြီး ပေးဆပ်ခဲ့ပြီးပြီ။ ကိုယ် သူ့ကို အဲဒီတုန်းက လျှော့တွက်ခဲ့မိတယ်။ အောဂူက တကယ်တော့ အသိစိတ်ရှိတဲ့သူတစ်ယောက်ပဲ” မန်ဟိုက ရှုချင်၏လက်ကလေးကို ဖြစ်ပြီးနောက် ပြုံးလိုက်သည်။

လူတိုင်း ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြသဖြင့် တောင်ပင်လယ်လိပ်ပြာ၏ကမ္ဘာမှာ ပျားပန်းခတ်လှုပ်ရှားနေကြလေသည်။ ပြင်ဆင်မှုများ လုပ်ဆောင်နေကြစဉ် မန်ဟိုနှင့် ရှုချင်သည် သူတို့သိသောလူတစ်ယောက်ပြီးတစ်ယောက်ဆီ အလည်သွားနေကြ၏။

ရှုချင်မှာ သိပ်ပျော်နေမိသည်။ မန်ဟို သူမနှင့်အတူ ရှိနေသရွေ့ ကမ္ဘာကြီးသည် တောင်ပနေ၏။ မန်ဟို့ဆီမှ သူမ တောင်းဆိုချင်သည်များလည်း များများစားစား မရှိပေ။ သူမသည် ရိုးရှင်းသောမိန်းကလေးတစ်ယောက်သာ မဟုတ်ပါလော။

သူတို့နှစ်ယောက်သာ မိတ်ဆွေများဆီ အလည်သွား၍ ခရီးလျှောက်ထွက်ကြသည်။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောရင်း ဘယ်‌တော့မှ မမောပန်းသည့်အလား၊ သူတို့အတွက် အလည်သွားစရာ နေရာများ မကုန်နိုင်သည့်အလားပင်။

ရှုချင် မန်ဟို့ကို ကြည့်လျှင် သူမမျက်ဝန်းလေးများတွင် တစ်ဘဝသာမက ဘဝဆက်တိုင်း တည်မြဲနေမည့် နက်ရှိုင်းသောချစ်ခြင်းနှင့် အနွေးဓာတ်လေးများ တောက်ပနေသည်။

“ငါ ဒါကို လက်မခံနိုင်ဘူးကွာ” ဖက်တီးက သက်ပြင်းချရင်း ပြောသည်။ “ဘယ့်နှယ် ဒီမှာ မန်ဟို ငါ မင်းကို ပြောမယ်” မန်ဟိုနှင့် ရှချင် သူ၏မျိုးနွယ်စုဆီ ရောက်လာပြီးနောက် ဖက်တီးသည် မန်ဟို့ကို ကရုဏာသက်သလို လှမ်းကြည့်၏။

“မန်ဟို မင်းကိုကြည့်စမ်း။ ဒီလောက်မြင့်မားတဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ဒီလောက်ချောတာတောင် မိန်းမတစ်ယောက်ပဲ ရှိတယ်တဲ့လား။ ဒါ မဖြစ်သင့်ဘူးကွ။ လုံးဝလက်မခံနိုင်တဲ့အရာပဲ။ ငါ့ကို ကြည့်စမ်း။ မိန်းမတွေလည်း ထောင်ချီတယ်၊ ကလေးတွေလည်း တစ်ပုံကြီး ဘယ်လောက်....” ဖက်တီးစကားပြောမပြီးသေးခင် ကျောထဲစိမ့်လာသလို ခံစားလိုက်ရသည်။ ဖက်တီးမှာ တုန်ရီသွားပြီး လှမ်းကြည့်လိုက်ကာ သူ့ကို မျက်လုံးများမှေးလျက် ကြည့်နေသော ရှုချင်ကို တွေ့လိုက်ရသည်။ သူမက အကြောင်းရင်းဖြစ်ကြောင်း သဘောပေါက်လျှင် ဖက်တီးသည် ချောင်းဟန့်လိုက်၏။

မန်ဟိုက ပြုံး၍ ဖက်တီး၏ အသိုက်အမြုံကြီးကို လှည့်ပတ်ကြည့်လိုက်သည်။ မကြာမီ သူတို့နှစ်ယောက် အရင်တုန်းကအကြောင်းများကို စမြုံ့ပြန်နေကြစဉ် ဝမ်ယိုချိုင် ရောက်ချလာသည်။ သူသည် အရက်တစ်အိုးကိုလည်း သယ်လာကာ မန်ဟို၊ ရှုချင်နှင့် ဖက်တီးတို့၏အရှေ့၌ ထိုင်လိုက်၏။

“တုန်းဟူ လာနေပြီ” သူက ပြောသည်။ “ခဏနေရင် ရောက်လာလိမ့်မယ်”

“မင်းတို့ ပြန်တည့်သွားပြီလား” မန်ဟိုက မေးသည်။ ဝမ်ယိုချိုင်နှင့် တုန်းဟူအကြားရှိ ကိစ္စမှာ လေးနက်ခဲ့သော်လည်း သူတို့နှစ်ယောက်ကြားကိစ္စဖြစ်သည့်အတွက် မန်ဟို့အနေဖြင့် အ‌သေးစိတ်မမေးမြန်းချင်ပေ။

ပထမတော့ ဝမ်ယိုချိုင်က ဘာမှပြန်မပြော။ တအောင့်ကြာမှ သက်ပြင်းချကာ ပြောသည်။ “အကုန်လုံးက အတိတ်ပဲမဟုတ်လား....”

ထိုအခိုက်အတန့်တွင် သူ့မှာ အလွန်အိုမင်းသွားပုံပေါ်သည်။ ရုတ်တရက် အပေါ်၌ အလင်းတန်းတစ်တန်း ပေါ်လာသည်။ အတွင်းထဲတွင် သက်လတ်ပိုင်းလူတစ်ယောက် ရှိနေလေသည်... သူကား တုန်းဟူမှတစ်ပါး အခြားမဟုတ်ပေ။

အခြေအနေ အတန်ငယ်တင်းမာလာတော့မည်ကို မြင်လျှင် ဖက်တီးက အရိပ်အခြည်ကြည့်ကာ ပြောသည်။ “တာ့ချင်းတောင်ကို မှတ်မိကြသေးလား”

ဝမ်ယိုချိုင်က ခေါင်းမော့လိုက်ပြီး တုန်းဟူ၏မျက်ဝန်းများတွင် အတိတ်၏အငွေ့အသက်များ ထင်ဟပ်လာသည်။ မန်ဟိုလည်း အတိတ်တုန်းက အဖြစ်အပျက်အားလုံးကို ပြန်တွေးမိလိုက်သည်။ ရှုချင်လည်း ပြန်တွေးကာ ပြုံးလိုက်လေသည်။

All Chapters