← Chapters

ရှေးအချိန်တည်းက အသနားခံခြင်း

Vol. 149 Ch. 2053

ရှေးအချိန်တည်းက အသနားခံခြင်း

Vol. 149 Ch. 2053

အင်ပါယာနန်းတော် ဖျက်စီးခံရခြင်းနှင့် ကောင်းကင်ဘုံအင်ပါယာ ကျရှုံးသွားသည့် သတင်းမှာ ကျိုးသဲက ဖုံးဖိထားသဖြင့် မပျံ့နှံ့သွားခဲ့ပေ။ ပျက်စီးနေသော နန်းတော်မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေပြီ။ ဘာမျှ မဖြစ်ပျက်ခဲ့သည့်အလား။

ကောင်းကင်ဘုံအင်ပါယာသည် နောက်ထပ် တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်သွားသည်ဟူ၏။

သည်မျိုးဆက်၏ ကောင်းကင်ဘုံအင်ပါယာ၊လျန်တောက်ကျန်းသည် မကြာဆိုသလို တံခါးပိတ်ကျင့်ကြံတတ်၏။ သူ၏ တံခါးပိတ်ကျင့်ကြံသော အချိန်ကာလကမူ မသေချာပေ။ သို့အတွက် ကောင်းကင်ဘုံကလန်တစ်ခုလုံးသည် ဒီကိစ္စအပေါ် များများစားစား တွေးမနေကြတော့ပေ။

ဝူဖန်သည် မြောက်ပိုင်းကုန်းမြေသို့ ပြန်ရောက်လာသည့်နောက် သူ့ကိုယ်သူ ထာဝရမပျော်နိုင်သော ရေခဲပြင်ထဲ၌ ချက်ခြင်း ချိပ်ပိတ်ကာ သူ၏ခန္ဓာကိုယ်ထဲရှိ ရှေးဘိုးဘေးကျိန်စာကို တိတ်တဆိတ် ပယ်ဖျက်နေ၏။

သူသည် ထိုကျိန်စာ အသင့်ခံရပြီးနောက် လုံးဝ မတိုက်ခိုက်ခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် ကျိုးသဲ၊တောက်ရီတို့ထက် ၎င်းကို ဖယ်ရှားဖို့ ပိုလွတ်ပေသည်။ ထို့အပြင် သူက ကောင်းကင်ဘုံဘိုးဘေး၏ နားတစုံကိုလည်း ရခဲ့သေး၏။ သူ ကျိန်စာကို ဖယ်ရှားပြီး ဒီနားတစုံကို သန့်စင်ပြီးသည်နှင့် သူ၏ကျင့်ကြံမှုအဆင့်မှာ များစွာ တိုးတက်လာမည်ပင်။

တောက်ရီက နာကျင်မှုကို အံကြိတ်ခံ၊ သူ့စိတ်ထဲရှိ အရှက်ရမှုကို ဖိနှိပ်ကာ တောက်ရီကလန်သို့ ပြန်ရောက်လာကာ ချက်ခြင်း တံခါးပိတ်ကျင့်ကြံခဲ့သည်။

သို့သော် ကျိန်စာက သူ့ခန္ဓာကိုယ်ထဲတွင် လုံးဝ ပေါက်ကွဲထွက်သွားခဲ့တာ ဖြစ်၍ လွယ်လွယ်ကူကူ ဖယ်ရှား၍ မရနိုင်တော့ပေ။ သို့ပေမည့် တောက်ရီသည် မဟာအင်ပါယာတစ်ယောက် ဖြစ်ကာ အပေါ်ယံ မြင်သလောက် မရိုးရှင်းပေ။ ထို့ကြောင့်လည်း ကန်းနီက သူ့ကို “မျက်နှာဖုံးနဲ့ကောင်” ဟု ခေါ်ဝေါ်ခြင်းတည်း။

နောက်ပိုင်း သူ၏ကျင့်ကြံမှုကို မထိခိုက်စေဘဲ ကျိန်စာကို ဖယ်ရှားပစ်ဖို့အတွက် တောက်ရီသည် အင်ပါယာအတုအားလုံးနှင့် ဩဇာအင်ပါယာအချို့ကို စုဝေးခဲ့၏။ သူက ရွှေအဆင့်ထိပ်သီးများစွာကိုပါ ဆင့်ခေါ်ခဲ့ပြီး လူတိုင်းကြားတွင် ဒီကျိန်စာကို အတင်းအကြပ် ဖယ်ရှားသည်။

ရှေးဘိုးဘေးကျိန်စာက ပြင်းထန်လွန်း၏။ ထို့အတွက် ၎င်းနှင့် ထိမိသည့်နောက် ရွှေအဆင့်ထိပ်သီးများသည် ချက်ခြင်း သေဆုံးကုန်၏။ အင်ပါယာအတုအဆင့် ကျင့်ကြံသူများသည်ပင် နာကျင်စွာ အော်ဟစ်ရကာ သူတို့၏ခန္ဓာကိုယ်များသည် ယိုယွင်းပျက်စီးကုန်သည်။ သူတို့သည် ပိုကြာကြာ တောင့်ခံနိုင်သော်လည်း နောက်ဆုံးတွင်တော့ ရလဒ်က သေခြင်းတရားသာ ဖြစ်ခဲ့သည်။

ဩဇာအင်ပါယာအဆင့်ပုဂ္ဂိုလ်များသာ သူတို့၏အစွမ်းထက်ကျင့်ကြံခြင်းကြောင့် ရှင်သန်နိုင်ခဲ့၏။ သို့သော်ငြားလည်း သူတို့ပေးရသည့် တန်ဖိုးမှာလည်း မသေးလှပါ။

တောက်ရီအောက်ရှိ အင်ပါယာအတုများနှင့် ဩဇာအင်ပါယာများသည် ကျိန်စာကို တောင့်ခံပေးဖို့ ကူညီပေးရပြီးနောက် တောက်ရီက တတိယအဆင့်ကျင့်ကြံသူများကိုလည်း အရူးအမူး လိုက်လံရှာဖွေ၏။ သူတို့သည် ကျိန်စာ အမျှင်တန်းမျှကိုသာ တောင့်ခံနိုင်သည် ဖြစ်သော်လည်း ဤသည်ကပင် သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေလေသည်။

ကျိန်စာ၏ ဝန်ကို လွှဲပြောင်းပေးသော ဒီရက်စက်လှသည့်နည်းက တောက်ရီကလန်ကို အသက်မဲ့သောကလန်တစ်ခုနီးပါး ဖြစ်လာစေတော့သည်။

ကျိုးသဲက ဟိုင်းဇီကို ခေါ်ကာ အင်ပါယာတောင်သို့ ပြန်လာပြီးနောက် တံခါးပိတ်ကျင့်ကြံခဲ့၏။ သူက အစွမ်းထက်လှသူ ဖြစ်၍ သူကိုယ်တိုင် ဒီကျိန်စာကို ဖြည်းဖြည်းချင်း ဖယ်ရှားပစ်နိုင်သည်။ ထို့အပြင် ဟိုင်းဇီ၏အကူအညီဖြင့် ရှေးဘိုးဘေးကျိန်စာမှာ အချိန်နှင့်အတူ တဖြည်းဖြည်း ကွယ်ပျောက်လာခဲ့သည်။

မဟာအင်ပါယာကန်းနီတစ်ယောက်သာ ထိုကျိန်စာ၏ သက်ရောက်မှုကို မခံရတာ ဖြစ်၏။ ထိုမိန်းကလေးငယ်နှစ်ယောက်သည်လည်း တံခါးပိတ်ကျင့်ကြံခဲ့၏။ သူတို့က ကောင်းကင်ဘုံဘိုးဘေးမျက်လုံးတစုံကို သန့်စင်ပေါင်းစပ်ပြီးသည်နှင့် သူတို့ ထွက်လာသည့်အခါ သူတို့၏ ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်တွင် ကြုံခဲ့သော မတော်တဆမှုကို ပြန်ပြောင်းပစ်နိုင်စွမ်း ရှိလာပေလိမ့်မည်။

ကောင်းကင်ဘုံကလန်၌ မဟာအင်ပါယာငါးယောက် ရှိနေဆဲ ဖြစ်၏။ သို့သော် ငါးယောက်မြောက် မဟာအင်ပါယာကမူ နန်းတော်အောက်ရှိ ဟင်းလင်းပြင်တွင် အိပ်ပျော်နေရသည်။ သူသည် ရွှေရောင်တောင်အဖြစ်သို့ ပြောင်းကာ ကုန်းမြေခုနစ်ဆယ့်နှစ်ခုရှိ စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုကို ဖိနှိပ်နေရသည်။

ထိုတောင်အောက်တွင် အရူးသည် လုံးဝ မနိုးလာပေ။ သူသည် ဝမ်လင်း နောက်ထပ် ရောက်လာမည်ကို စောင့်နေသည့်အလား။

နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့လေပြီ။

ကောင်းကင်ဘုံကလန်၏ အရှေ့ပိုင်းကုန်းမြေ၊ ကောင်းကင်ဘုံနွားထီးကုန်းမြေ။

တောင်တန်းများစွာ ဖုံးအုပ်နေသော ကောင်းကင်ဘုံနွားထီးကုန်းမြေသည် အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် စစ်ပွဲဖြစ်ပြီးနောက် တောင်များစွာ ဆုံးရှုံးခဲ့သည်။ ဤသည်က ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ ပထဝီဝင်အနေထားကို ပြောင်းလဲစေခဲ့ပေသည်။

သို့ပေမည့် ဒီကုန်းမြေ၏ အစွမ်းထက်တည်ဆောက်ပုံကမူ များများစားစား မပြောင်းသွားပေ။ မဟာစိတ်ဝိညာဉ်ကလန်နှင့် ကောက်ရီကလန်တို့က ဒီကုန်းမြေတွင် အစွမ်းထက်ဆုံးကလန်နှစ်ခု ဖြစ်နေတုန်းပင်။

ရှေးဘိုးဘေးမြို့သို့ စေလွှတ်ခဲ့သော တပည့်များမှာလည်း သူတို့၏ကလန်များသို့ ပြန်ရောက်လာကြပြီ ဖြစ်၏။ သူတို့က သူတို့၏ ကိုယ်ပိုင်ကံကောင်းမှုများကို ရခဲ့ပြီး သူတို့ကလန်များ၏ အနာဂတ်များ ဖြစ်လာကြသည်။

မဟာစိတ်ဝိညာဉ်ကလန်။

ဝမ်လင်း ထွက်သွားပြီးနောက် အရှင်ကုန်းနျန်က တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်ခဲ့ကာ အရေးကိစ္စများကို ဂရုမစိုက်တော့ပေ။ ကလန်ကိစ္စရပ်များကို အကြီးအကဲများနှင့် ထားခဲ့၏။ သို့သော် သူက အခြေအနေတိုင်းကို စီမံနေရာချထားခဲ့ပေသည်။ ဝမ်လင်းကို ပေးခဲ့သော တောင်မှာ သည်အတိုင်းသာ ဆက်ရှိနေပြီး တခြားသူများ မဝင်ရောက်နိုင်သည့် တားမြစ်နေရာတစ်ခု ဖြစ်လာခဲ့သည်။

လူအများအပြားက ထိုကိစ္စနှင့် ပတ်သတ်၍ စိတ်ရှုပ်ထွေးကြ၏။ ဝမ်လင်းသည် အင်ပါယာစမ်းသပ်ကွင်း၌ ကျော်ကြားလာကာ ဆံဖြူဩဇာအင်ပါယာနှင့် ပတ်သတ်သည့် ကောလဟာလ သတင်းစကားများ ပျံ့နှံ့လာသည့်အခါ၌ မဟာစိတ်ဝိညာဉ်ကလန်မှ လူများသည် စိတ်ရှုပ်ထွေးကုန်သည်။ သူတို့သည် ဝမ်လင်းမှာ အမှန်တကယ်ပင် ဆံဖြူဩဇာအင်ပါယာဖြစ်ကြောင်းကို သဲလွန်စအမျိုးမျိုးကနေ သိရှိလာခဲ့၏။ ထိုအခါ သူတို့သည် အရှင်ကုန်းနျန်၏ အပြုအမူ၏ အဓိပ္ပာယ်ကို ဝိုးတဝါး သဘောပေါက်လာခဲ့သည်။

ယန်လျန်သည် အတိတ်တုန်းက အကြီးအကဲ ဖြစ်ခဲ့ပြီး ခုခါ၌ သူမသည် မဟာစိတ်ဝိညာဉ်ကလန်၌ မြင့်မားသော အဆင့်အတန်း ပိုင်ဆိုင်ကာ အရေးကြီးသော ကိစ္စတချို့ကိုပင် ဆုံးဖြတ်နိုင်သူ ဖြစ်လာခဲ့၏။ သူမက သူမ၏ တောင်ကနေ ရွှေ့ကာ မဟာစိတ်ဝိညာဉ်ကလန်၏ အတွင်းနက်ပိုင်းရှိ ပိုကောင်းမွန်သော လှိုဏ်ဂူတွင် သွားရောက်နေထိုင်နေပေပြီ။

သို့သော် သူမသည် လုံးဝ ထွက်မလာခဲ့ပေ။ သူမ၏ တောင်ထိပ်ကနေ သူမသည် အကွာအဝေးတစ်ခုရှိ ဝမ်လင်း၏လှိုဏ်ဂူကို မြင်နိုင်ပေသည်။ သူမက အတိတ်ကို ပြန်စဉ်းစားကြည့်တိုင်း တောင်ထိပ်ပေါ်တွင် ရပ်ကာ ဝမ်လင်းရှိနေသော တောင်ကို ကြည့်၍ ငြိမ်သက်နေတတ်၏။

ဖန်ရှန်မင်နှင့် ဖန်ရှန်လုတို့မှာ သူမ၏တပည့်များ ဖြစ်နေတုန်းပင်။ သူမနှင့်ဝမ်လင်းကြား ပုဂ္ဂိုလ်ရေး ပဋိပက္ခမှာလည်း ပြေလည်သွားခဲ့ပြီး ဖြစ်သည်။

မဟာစိတ်ဝိညာဉ်ကလန်၌ နောက်ထပ်အကြီးအကဲသစ်တစ်ယောက် ထပ်ရှိလာ၏။ သူ၏အမည်မှာ တုချင်းပင်။ သူ့ခန္ဓာကိုယ်မှာ အသွေးအသားနှင့် မဟုတ်ဘဲ သစ်သားဖြင့် ပြုလုပ်ထားတာ ဖြစ်၏။ သူ၏မူလစိတ်ဝိညာဉ်ကို သစ်သားအဖြစ်သို့ သိပ်သည်းစေပြီးနောက် သူက ၎င်းကို သူ့ခန္ဓာကိုယ်အဖြစ် ပြောင်းခဲ့ခြင်းပင်။

သူ့ကို အရှင်ကုန်းနျန်ကိုယ်တိုင်က အကြီးအကဲတစ်ယောက်၏ ကျင့်ကြံမှုအဆင့် မရှိပါဘဲ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်၏။ သူ၏ဘဝက အတော့်ကို အဆင်ပြေနေကာ အရင်ထက် အပြတ်အသတ် သာနေပေပြီ။

အချိန်ကုန်လွန်လာခဲ့သည်။ မရေမတွက်နိုင်သော နေနှင့်ည ပြောင်းလဲမှုတို့ ဆက်ရှိလာရင်း မဟာစိတ်ဝိညာဉ်ကလန်မှာ များများစားစား မပြောင်းလဲသွားသလို ထင်ရပေ၏။

ဝမ်လင်းသည် မဟာစိတ်ဝိညာဉ်ကလန်၏ အပြင်ဘက်တွင် ရပ်ကာ သူ ရင်းနှီးသော ဒီကလန်ကို ကြည့်နေ၏။ သူ ပထမဆုံး ဒီကလန်သို့ ရောက်လာခဲ့ချိန်က သူ့အနေဖြင့် ဒီကလန်နှင့် ပတ်သတ်၍ ဝိုးတဝါးသာ နားလည်ခဲ့သည်။ ထို့နောက်တွင် သူသည် အရာများစွာကို တွေ့ကြုံခဲ့ပြီး မဟာစိတ်ဝိညာဉ်ကလန်အကြောင်းကို တဖြည်းဖြည်း ပိုနားလည်လာခဲ့၏။ နောက်ဆုံးတွင် မဟာစိတ်ဝိညာဉ်ကလန်နှင့် ဝေးကွာလှသော အရပ်တွင်ရှိသည့် အင်ပါယာနန်းတော်၌ သူသည် ထိုမဟာစိတ်ဝိညာဉ်ကလန်နှင့် အင်ပါယာနန်းတော်၏ ပတ်သတ်မှုတို့ကို သိရှိလာခဲ့လေပြီ။ မည်သို့ပင်ဖြစ်စေ ခုချိန်ထိ သူသည် မဟာစိတ်ဝိညာဉ်ကလန်နှင့် ပတ်သတ်သည့် သူ မသိသေးသော တစုံတစ်ခု ရှိနေတုန်းဟု ခံစားမိနေဆဲ ဖြစ်သည်။

“တောက်ဝမ်ကလန်…ဘယ်သူမှ မဖိနှိပ်နိုင်ခဲ့တဲ့ ပါရမီရှင်၊ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘိုးဘေး။ သူ တကယ်ပဲ သေသွားခဲ့တာ ဖြစ်နိုင်လား။ ဒါမှမဟုတ် သူ မသေသေးဘူးလား…။ ဒါပေမဲ့ သူ့အစီအစဉ်ဟာ နှစ်ပေါင်းများစွာ စီစဉ်ချမှတ်ခဲ့တာ ဖြစ်ပြီး သူဟာ အတိတ်ကနေ ယနေ့အချိန်ထိ အဖြစ်အပျက်တွေကို ရှေ့ဖြစ်ကြည့်ခဲ့တယ်။ သူဟာ လူတိုင်းအပေါ် အကြံအစည် ချမှတ်ခဲ့တယ်။ သူ့အမြင်မှာ လူတိုင်းဟာ ပွန်းတစ်ကောင်ပဲ…”

“အဆုံးသပ်မှာ သူ့ကလန်ပေါ်က ချိပ်ပိတ်မှုကို ဖယ်ရှားဖို့ သူ့အစီအစဉ်နဲ့ ကောင်းကင်ဘုံဘိုးဘေးရဲ့ သွေးမျိုးဆက်ကို ပျောက်ကွယ်သွားစေခြင်းတို့ဟာ အောင်မြင်ခဲ့တာပဲ။ သူ့နောက်ဆုံးကျန်ခဲ့တဲ့ ကလန်ဝင်ကိုလည်း လွတ်လပ်မှုရအောင် လုပ်ဆောင်နိုင်ခဲ့တာပဲ…”

ဝမ်လင်းသည် မဟာစိတ်ဝိညာဉ်ကလန်ကို ကြည့်နေ၏။ သူသည် စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်ပေါ်နေသည်။ သူသည် ဟိုးလွန်ခဲ့သောအချိန်က ဒီအင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်လာခဲ့တာ ဖြစ်၏။ ခုခါ၌ သူသည် မဟာစိတ်ဝိညာဉ်ကလန်၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကွယ်ဝှက်နေသော လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ကို သိလာခဲ့ပေပြီ။

သက်ပြင်းချကာ ဝမ်လင်းသည် မဟာစိတ်ဝိညာဉ်ကလန်သို့ ခြေလှမ်းလိုက်၏။

သူ၏ခုလက်ရှိ ကျင့်ကြံမှုက အရှင်ကုန်းနျန်နှင့် မဟာစိတ်ဝိညာဉ်ကလန်ဝင်အားလုံး၏ အထက်တွင် ရှိနေသဖြင့် မည်သူကမျှ သူ ရောက်လာတာကို သတိမပြုမိကြပေ။

မဟာစိတ်ဝိညာဉ်ကလန်၌ ဝမ်လင်းသည် တုချင်းနှင့် အနီရောင်ဝတ်ရုံဖြင့် ယန်လျန်တို့ကို တွေ့မြင်သည်။ သူသည် ဖန်ရှန်မင်နှင့် ဖန်ရှန်လုတို့ကိုလည်း မြင်၏။

ဝမ်လင်းသည် မရပ်ပေ။ သူသည် မဟာစိတ်ဝိညာဉ်ကလန်၏ အတွင်းနက်ပိုင်းထိ လျှောက်လှမ်းလာသည်။ သူသည် အတိတ်တုန်းက သူ ဝင်ရောက်ခဲ့ဖူးသော စိတ်ဝိညာဉ်ကျမ်းစာအဆောက်အဦထံ လှမ်းလာခဲ့သည်။

အတိတ်တုန်းက ထိုအဆောက်အဦကို အရှင်ကုန်းနျန်က ဖွင့်ပေးခဲ့တာ ဖြစ်၏။ သို့သော် ခုခါ၌မူ ခြေတလှမ်းဖြင့်ပင် ဝမ်လင်းသည် ထိုအဆောက်အဦ၏ အပြင်ဘက်တွင် ရပ်၍ နေသည်။

သည်ခုနစ်ထပ်အဆောက်အဦကို မြူလွှာပါးတစ်ခုက ဝန်းရံဖုံးလွှမ်းထား၏။ အဆောက်အဦ၏ အပြင်ဘက်တွင် ကြီးမားသော သားရဲ ရုပ်တုကြီးနှစ်ခု ရှိနေ၏။ ယင်းတို့က အသက်ဝင်လှသည်။

အဆောက်အဦတံခါးက ပိတ်ထားကာ ဆိတ်ငြိမ်လျက် ရှိသည်။ ထိုဂိတ်တံခါး၏အထက်တွင် စာလုံးသုံးလုံးကို ရေးထွင်းထားသည်။ “စိတ်ဝိညာဉ်ကျမ်းစာအဆောက်အဦ…”

ထိုအဆောက်အဦသည် ခုနစ်ထပ် ရှိသည့်ပုံ ရ၏။ သို့ပေမည့် အမှန်တွင်မူ ရှစ်ထပ်မြောက်၊ ကိုးထပ်မြောက်နှင့် ဆယ်ထပ်မြောက်ထိပင် ရှိပေသည်။ အရှင်ကုန်းနျန်က သူသည်ပင် ဆယ်ထပ်မြောက်သို့ မဝင်ရောက်နိုင်ဟု ပြောခဲ့ဖူးပေသည်။ ဤနေရာမှာ မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေးအို ခေါင်းချရာ နေရာ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်စွာ ရှိနေသည်။ သူက အဆောက်အဦထိပ်ကို လှမ်းကြည့်သည်။ သူသည် ဒီနေရာသို့ အဖြေရှာရန်၊ တောက်ဝမ်ကလန်၏ ပါရမီရှင်က သူ့အတွက် မည်သည့်အရာကို ချန်ထားခဲ့သည်ကို ရှာဖွေရန် ရောက်လာခဲ့တာပင်။

ထိုပိတ်ထားသော တံခါးကို တွန်းဖွင့်ကာ ဝမ်လင်းသည် လှမ်းဝင်လာသည်။ သူသည် ဒီနေရာကို ရင်းနှီးပေသည်။ သူသည် အပေါ်ထက်သို့ လှေကားအတိုင်း တည်ငြိမ်စွာ တက်လာသည်။

ထိုငြိမ်သက်တိတ်ဆိတ်နေသာ အဆောက်အဦထဲ၌ အက်သံများ ပဲ့တင်ထပ်၏။ ဝမ်လင်းသည် ဒုတိယ၊ တတိယကနေသည် သူ အရင်တည်းက တက်လှမ်းနိုင်ခဲ့သော ရှစ်ထပ်မြောက်ထိ တက်လာ၏။

သည်နေရာရှိ အတားအဆီးများကို ဝမ်လင်းအဖို့ ချိုးဖျက်နေရန် မလိုပေ။ ယင်းတို့က သူ လှမ်းတက်လာသည့်အခါ ပြန့်ကြဲဖယ်ရှားကြသည်။

ကိုးထပ်မြောက်ထံ လှေကားများကို ကြည့်ကာ ဝမ်လင်းသည် ဖြည်းဖြည်းချင်း တက်လှမ်းလာသည်။ သည်နေရာတွင် လွင့်မြောနေသော ကျောက်စိမ်းပြားအချို့ ရှိ၏။ ယင်းတို့၌ မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးကျယ်ဆုံး မန္တာန်များ ပါဝင်သည်။

ထိုနေရာတွင် ဝမ်လင်း လိုချင်ခဲ့သော ပြည့်ပြည့်စုံစုံ အလွှာနှစ်ထပ်စိတ်ကူးပုံရိပ်ယောင်မန္တာန်လည်း ရှိနေပေ၏။

သူ့အကြည့်က ထိုမန္တာန်များ ပါဝင်သော ကျောက်စိမ်းပြား တစ်ခုချင်းစီပေါ်သို့ ဖြတ်သန်းသွားသည်။ သူသည် အတွင်းရှိ အရာအားလုံးကို တွေ့မြင်၏။ ထို့နောက် သူက သိပ်မဝေးသော နေရာရှိ ရှေးဟောင်းလှေကားထစ်များထံ ဦးတည်သည်။

ယင်းနေရာမှာ ဆယ်ထပ်မြောက်ထံ ဦးတည်သည်။

စုစုပေါင်းလှေကားထစ်ဆယ့်သုံးခု။ ဝမ်လင်းက ခြေလှမ်းကာ တထစ်ချင်း တက်လာ၏။ သူသည် စိတ်ဝိညာဉ်ကျမ်းစာအဆောက်အဦ၏ ဆယ်ထပ်မြောက်ထိပ်ဆုံးအလွှာထိ ရောက်လာ၏။

သူ ဆယ်ထပ်မြောက်သို့ ဝင်လာသည်နှင့် ဝမ်လင်းက သူ့အား အချိန်အကြာကြီး ငြိမ်သက်စွာ စဉ်းစားအောင် လုပ်ဆောင်သည့် တစုံတစ်ရာကို တွေ့မြင်သည်။ သူသည် အတွင်း၌ ရှုပ်ထွေးသော ခံစားချက်ဖြင့် ၎င်းကို ကြည့်နေကာ ထို့နောက်တွင် သက်ပြင်းချမိသည်။

“သင်က ငါ့ကို ထွက်သွားစေခဲ့တယ်။ ပြီးတော့ ငါ ဒီကို ပြန်လာကြည့်ရမှာ တစုံတစ်ခုကို သင် ဒီမှာ ထားရှိခဲ့တယ်။ တောက်ဝမ်ကလန်ရဲ့ ပါရမီရှင်။ သင် ငါ့ကို အသုံးချခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး သင်ပုန်းချေခဲ့ပြီလို့ ငါ ဟိုင်းဇီကို ပြောထားခဲ့ပြီးပြီ…”

ဝမ်လင်းသည် ဆယ်ထပ်မြောက်ကို ဆက်၍ မကြည့်တော့ဘဲ လှည့်၍ ထွက်ခွာလာတော့သည်။

သူ ထွက်ခွာသွားသည့်နောက် ဆယ်ထပ်မြောက်၏ မြင်ကွင်းတခုလုံးသည် လှစ်ဟပေါ်လာ၏။

ဆယ်ထပ်မြောက်သည် မကြီးမားပေ။ ပေတစ်ရာမျှသာ ရှိသော ဟင်းလင်းပြင်တစ်ခု ဖြစ်၏။ ၎င်းနေရာတွင် ရုပ်တုတစ်ခုနှင့် အတွင်း၌ အရိုးစုတစ်ခုသာ ရှိသည်။

ထိုရုပ်တုက အမျိုးသားတစ်ယောက်၏ ရုပ်တု ဖြစ်၏။ သူက နေရာတွင် ရပ်နေလျက် ငုံ့ကြည့်နေ၏။ သူ၏မျက်လုံးထဲတွင် လောကကို ဖျက်စီးနိုင်သည့် စွမ်းအား ပါဝင်နေသည့်အလား။ သူ့ထံမှ ဖိအားတစ်ခုကို ပေးစွမ်းလျက် သူ့ရှေ့ရှိ အရိုးစုကို အေးတိအေးစက် ကြည့်နေသည်။

ထိုအရိုးစုက နာကျင်မှု၊ တောင်းပန်ဟန်တို့ဖြင့် ရုပ်တုရှေ့တွင် ဒူးထောက်နေ၏။ သူ့ခေါင်းထက်တွင် အက်ကြောင်းတစ်ခု ရှိနေ၏။ သို့သော် ဦးနှောက်တော့ ရှိမနေပေ။ သူ့ရင်ဘက်တွင် အပေါက်တစ်ခု ရှိနေသည်။ သို့သော် အတွင်း၌ နှလုံး ရှိမနေပေ။

သူ့လက်နှစ်ဖက်က အပေါ်မြှောက်ထား၏။ သူ့ဘယ်လက်တွင် သူ၏သွေ့ခြောက်နေသော ဦးနှောက်၊ ညာလက်တွင် နှလုံးခုန်ခြင်းကင်းမဲ့နေသော နှလုံးတစ်ခု ကိုင်ဆောင်ထားသည်။ သူက ရုပ်တုကို ကြည့်ကာ နေရာတွင် နှစ်ပေါင်းမရေမတွက်နိုင်စွာ ကြာအောင် ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းခံနေသည့်အလား။

ယင်းကား သာမန်အရိုးစု မဟုတ်ပေ။ အမျိုးသားတစ်ယောက်၏ စိတ်ဝိညာဉ်အတွက် အကျဉ်းချထားသော အရိုးစုတစ်ခု ဖြစ်၏။ ထိုစိတ်ဝိညာဉ်က ခွင့်လွှတ်မှုကို တောင်းခံနေသည်။ ထိုရုပ်တုကတော့ ဝမ်လင်း၏ ရုပ်တုတည်း။

အရိုးစုကမူ မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေး၊ တောက်ဝမ်ကလန်၏ ပါရမီရှင် ဖြစ်သူပင်။

All Chapters