ပင်လယ်
Vol. 149 Ch. 2054
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ကောင်းကင်ဘုံကလန်၏ အဓိကကုန်းမြေငါးခုနှင့် ကုန်းမြေငယ်ခုနစ်ဆယ့်နှစ်ခုတို့သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကြီး၏ ငါးဆယ်ရာခိုင်နှုန်းကျော်ကို နေရာယူထားပေသည်။ ကျန်သည့် ငါးဆယ်ရာခိုင်နှုန်းနီးပါးတွင် ရှေးကလန်၏ နိုင်ငံသုံးဆယ့်ခြောက်နိုင်ငံနှင့် ဆယ်ရာခိုင်နှုန်းလောက်မှာ ရှေးကလန်နှင့် ကောင်းကင်ဘုံကလန်တို့ကြား ပိုင်းခြားထားသော အဆုံးမဲ့ပင်လယ်က နေရာယူထားသည်။
ထိုပင်လယ်သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် အကြီးမားဆုံးပင်လယ် ဖြစ်ကာ တနှစ်ပတ်လုံး မြူများလှိုင်းကြမ်းများ ပြည့်နေပေသည်။ သေမျိုးများအနေဖြင့် ၎င်းပင်လယ်ကို ဖြတ်သန်းသွားလာဖို့မှာ မဖြစ်နိုင်ပါ။ အဆင့်နိမ့်သော ကျင့်ကြံသူများကို ဒီပင်လယ်ကို ဖြတ်သန်းမသွားလာနိုင်ပေ။
ထိုပင်လယ်သည် ကောင်းကင်ဘုံသားများနှင့် ရှေးလူများကြား တဖက်နှင့်တဖက် သွားရောက်ဖို့ ခက်ခဲစေသည့် သဘာဝအရံအတားတစ်ခုပင်။
ထိုပင်လယ်၏ နယ်စပ်မှာ မြောက်ပိုင်းကုန်းမြေ၊ မြောက်ဘက်အကျဆုံးကုန်းမြေ ဖြစ်သည့် အေးစက်မန်ကုန်းမြေပင်။ ၎င်းသည် ကြီးမားခြင်း မရှိ နှင်းများဖြင့် ပြည့်ဖုံးနေသော ကုန်းမြေတစ်ခု ဖြစ်၏။
ထိုကုန်းမြေတွင် နေထိုင်သော ကျင့်ကြံသူများကတော့ သည်ရာသီဥတုနှင့် အသားကျနေခဲ့လေပြီ။ ကျင့်ကြံသူအများစုက အအေးဓာတ်နှင့် ဆက်စပ်သော ကျင့်ကြံခြင်းနည်းလမ်းများကို ကျင့်ကြံကြသည်။ သည်နေရာ၌ သေမျိုးအချို့လည်း ရှိကြ၏။ မြောက်ဘက်သို့ ပိုရောက်လေလေ သေမျိုးအရေအတွက် ပိုနည်းပါးလာလေပင်။
သည်ကုန်းမြေ၏ မြောက်ဘက်အဆုံးတွင် ကျယ်ပြောသော ပင်လယ်တစ်ခု ရှိ၏။
သည်ကုန်းမြေ၏ အစွန်းအဖျားမှ ကီလိုမီတာတစ်သောင်း၌ မည်သည့်သက်ရှိ အရိပ်အယောင်မျှ ရှိမနေပေ။ ကျင့်ကြံသူများပင် ဒီနေရာသို့ လာခဲကြ၏။ ဤနေရာမှာ အေးစက်လွန်းလှ၏။ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည်ပင် ဒီနေရာ၌ အေးခဲသွားနိုင်သည်။ ထို့ကြောင့် သူတို့သည် ရှည်ကြာစွာ ရှင်သန်နိုင်ကြမည် မဟုတ်ပေ။
လေနှင့်နှင်းတို့က ကောင်းကင်ထက်တွင် လွင့်ဝဲတိုက်ခတ်နေ၏။ နှင်းပွင့်များက လေတိုက်ခတ်၍ အမြင့်ထိ ပျံသန်းတက်သည်။ ထို့နောက် မြေကမ္ဘာပေါ်သို့ ပြန်သက်ဆင်းကျသည်။
လေနှင့်နှင်းတို့၏ ဒီလောကတွင် ဒီကုန်းမြေမှာ အဆုံးမဲ့လေသည့်အလား။ လေနှင့်နှင်းတို့ကြား ပုံရိပ်သုံးခုသည် အကွာအဝေးတစ်ခုထံမှ လျှောက်လှမ်းလာနေသည်။
ထိုသုံးယောက်ကြားတွင် ရှေ့ဆုံးမှသူက အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားပြီး တခေါင်းလုံး ဆံပင်အဖြူရောင် ရှိ၏။ သူ့ဆံပင်ထဲပ နှင်းများ ရောနှောနေသည်။ သူ့အပေါ်ဝတ်ရုံပေါ်တွင် နှင်းများထူထဲစွာ ပြည့်ဖုံးနေသည်။ သူ ခြေလှမ်းလိုက်တိုင်း နှင်းစက်များစွာ အောက်သို့ ကျဆင်း၏။ နှင်းစက်အသစ်တို့က သူ့အပေါ် ထပ်မံ ကျဆင်းသည်။
သူ့နောက်ရှိ နှစ်ယောက်ထဲမှ တစ်ယောက်သည် အဘိုးအိုတစ်ယောက် ဖြစ်ပုံရသည်။ သို့သော် အနီးကပ်ကြည့်ပါက သူသည် သက်လတ်ပိုင်းအရွယ်သာ ရှိလောက်မည်။ သူ့ကို နှင်းများ ဖုံးလွှမ်းနေကာ သူသည် တောင့်တင်းအေးခဲနေသလို ထင်ရသည်။ သူက သူ့ဘေးမှ သူ့ကို လှမ်းကြည့်တိုင်း မနာလိုမှု ဖြစ်လာတော့သည်။
သူ၏ပုခုံးထက်တွင် မြွေငယ်တစ်ကောင် ရှိနေ၏။ သို့သော် ထိုမြွေက နဂါးတစ်ကောင်နှင့် တူပေသည်။ ၎င်းသည် ထိုသူ၏ ပုခုံးထက်တွင် ပျင်းရိပျင်းတွဲ လှဲလောင်းနေသည်။ ထိုသူ အေးခဲတော့မည့် အခါတိုင်း ၎င်းနဂါးက ထိုသူ ရှေ့ဆက်နိုင်အောင် အသက်ရှုထုတ်ပေးသည်။
နောက်ဆုံးတစ်ယောက်ကတော့ လူကောင်ကြီးကြီးတစ်ယောက် ဖြစ်ပုံရသည်။ သို့သော် သူက လူကောင်ကြီးနေခြင်း မဟုတ်ပါ။ အဝတ်အစားတို့ကို အထပ်ထပ် ဝတ်ဆင်ထားသဖြင့် လူကောင်ကြီးနေပုံ ပေါက်နေခြင်းသာ ဖြစ်သည်။
သည်နေရာမှာ အေးစက်လွန်း၏။ သို့သော် ထိုအဝတ်အစားအထပ်ထပ်နှင့် လူငယ်၏နှဖူးထက်တွင် ချွေးပြန်နေပေသည်။ ဤသည်မှာ စိတ်ဝင်စားစရာပင်။
လေများ တဝီဝီ တိုက်ခတ်၊ နှင်းများ ကျဆင်းနေစဉ် သူတို့က နှင်းထုပေါ်တွင် လျှောက်လှမ်းနေကြ၏။
“မင်းရဲ့ ဘိုးဘိုးရှုက ခုထိ သိပ်တော်တဲ့သူ ဖြစ်နေဆဲပဲ။ လှိုဏ်ဂူလောကမှာတုန်းကလည်း အဲ့လိုပဲ။ ခု အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာလည်း အတူတူသာ ဖြစ်တယ်။ ကောင်လေးလျှိုကျင်းပြောင်….မင်းက မင်းရဲ့ ဘိုးဘိုးရှု နေရာကို လိုချင်နေတယ်။ ဒါပေမဲ့ မင်းက ငါ့ကို လိုက်မမီပါဘူး…”
အဝတ်အထပ်ထပ်နှင့် လူငယ်(ဝါ) ရှုလီကောသည် ဂုဏ်ဝင့်ဟန် အမူအရာနှင့် ရှိနေ၏။ သူက မျက်နှာထက်မှ ချွေးတို့ကို လက်ဖြင့် သုတ်ကာ ဆိုလာသည်။
“ပူလိုက်တဲ့နေ့။ ဒီကနေ့ တော်တော်ပူတာပဲ။ ပူလွန်းအားကြီးတယ်။ ငါ ဒါကို သည်းမခံနိုင်တော့ဘူး။ လျှိုကျင်းပြောင် မင်းကော မပူဘူးလား။ ငါ တစ်ယောက်ပဲ ဘာကြောင့် ပူနေရတာလဲ…”
သူ့ဘေးရှိ အမျိုးသားမှာ လျှိုကျင်းပြောင် ဖြစ်၏။ သူက ရှုလီကောကို စားမတတ်ဝါးမတတ် အကြည့်ဖြင့် လှမ်းကြည့်သည်။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် လေအေးတချက် ဝေ့တိုက်သွားရာ သူ့ခန္ဓာကိုယ်ကို တဆက်ဆက် တုန်ယင်သွားစေပြီး သူ၏မျက်နှာပင် အပြာရောင်သန်းသွားလေ၏။
“အာ…ကျင်းပြောင်…ဒီလောက် ပူတဲ့နေ့မှာ မင်းက ဘာကြောင့် တဆတ်ဆတ် တုန်ရင်နေရတာလဲ။ မင်း အေးနေတာများလား။ ဟန်မဆောင်နဲ့။ မင်း ငါ့ကို အရူး မလုပ်နိုင်ဘူး။ မင်းရဲ့ ဘိုးဘိုးရှုက ရှေးဘိုးဘေးမြို့မှာ အရာအားလုံးကို တွေ့မြင်ခဲ့ဖူးပြီပြီး။ ငါက ရတနာအမြောက်အများ ရခဲ့သလို ကောင်းကောင်းလည်း ရှင်သန်နေထိုင်ခဲ့ရတယ်။ မက်မွန်ပန်းလေးရဲ့ အိပ်ယာထက်မှာလည်း နွေးနွေးထွေးထွေး အိပ်ခဲ့ပြီးပြီ။ ကောင်းမွန်လိုက်တဲ့ အချိန်ကာလတွေပေါ့။ ကျင်းပြောင်…မင်းကော အဲ့နှစ်တွေတုန်းက ဘယ်လိုများ အချိန်ကုန်ဆုံးခဲ့သလဲ…”
ရှုလီကောက မိတ်ဆွေအပေါင်းအသင်းချင်း သိတတ်ဟန်ပုံစံ အတင်းလုပ်ကာ ထိုသို့ ပြောလာ၏။ သို့သော် သူ့မျက်လုံးထဲရှိ ဂုဏ်ဝင့်နေမှုနှင့် လှောင်ပြောင်လိုမှုတို့က လျှိုကျင်းပြောင်ကို ရှုလီကောနှင့် သေသည့်အထိ တိုက်ခိုက်ချင်စိတ် ပေါက်စေသည်။
“အယ်…ဒီလို ပူပြင်းတဲ့နေ့ကျမှပဲ ငါကလည်း အဝတ်တွေ အများကြီး ဝတ်ထားမိတာပဲ။ လျှိုကျင်းပြောင်…မင်း တကယ်ပဲ အေးနေတဲ့ပုံပဲ။ စိတ်မပူပါနဲ့။ မင်းရဲ့ ဘိုးဘိုးရှုက မင်းရဲ့ မိတ်ကောင်းဆွေကောင်းပါ။ ငါ မင်းကို အဝတ်ပေးဝတ်ပါ့မယ်…”
ရှုလီကောသည် လျှိုကျင်းပြောင်ကို ကြည့်ကာ ဆို၏။
လျှိုကျင်းပြောင်က မင်သက်သွားမိ၏။ ရှုလီကောက အပြုံးတစ်ခု ထုတ်ဖော်ကာ ထပ်မံ စကားဆိုလာချိန်၌ လျှိုကျင်းပြောင်သည် တုန်လှုပ်ဟန် အကြည့် ဖြစ်ပေါ်သည်။
“ဒီတန်ဖိုးရှိလှတဲ့ အဝတ်တွေကို ငါ မင်းကို မိတ်ဆက်ပေးမယ်။ မင်း နားထောင်ပြီးတာနဲ့ ဒီအဝတ်အစားတွေနဲ့ ပတ်သတ်ပြီး လိုချင်တတ်မက်မိမှာပဲ။ ပြီးတော့ မင်း ခုလောက်လည်း သိပ်အအေးဒဏ် မခံရလောက်တော့ဘူး။ မင်းမှာ လှည့်ဖြားခြင်းတာအို ပိုင်ဆိုင်ထားတယ်မလား။ မင်းကိုယ်မင်း မရေမတွက်နိုင်တဲ့ နွေးထွေးတဲ့ အဝတ်အစားတွေ ဝတ်ထားတယ်လို့ လှည့်ဖြားလိုက်ပါလား။ ဒါဆိုရင် မင်း အအေးဓာတ်ကို မခံစားရနိုင်တော့ဘူး မဟုတ်လား…”
ရှုလီကောသည် ထိုသို့ ဆိုရင်း သူ့အဝတ်အစားများကို ထိကိုင်ကာ ခေါင်းယမ်းသည်။
“ဒီအဝတ်အစားတွေက ရတနာတွေပဲ။ ဒါတွေကို ကောင်းကင်ဘုံအထည်စကနေ ယက်လုပ်ထားတာ။ ဒါက အနွေးဓာတ် အများကြီးကို ပေးစွမ်းနိုင်တယ်။ ဘိုးဘိုးရှုက ဒါကို ချန်မိသားစုဆီကနေ လုယူခဲ့တာပဲ…”
“ဒီအင်္ကျီကလည်း ရတနာတစ်ခုပဲ။ မင်း ဒါကို ဝတ်လိုက်တာနဲ့ မီးပုံဘေး ရောက်သွားသလိုမျိုး ခံစားရလိမ့်မယ်။ မင်းရဲ့ ဘိုးဘိုးရှုက ဒါကို ကျောက်မိသားစုကနေ လုယူခဲ့တာပဲ…”
“ဒီတစ်ခု…”
“ဒီတစ်ခု…”
“ပြီးတော့ ဒီတစ်ခု…” ရှုလီကောသည် အဝတ်အထည်တစ်ခုချင်းစီကို မိတ်ဆက်ပေးနေ၏။ သူ ပြော၍ မပြီးခင်မှာပင် လျှိုကျင်းပြောင်သည် သည်းမခံနိုင်တော့ဘဲ ထအော်တော့၏။
“ရှုလီကော…”
“မင်းက ဘာလို့ ဒီဘိုးဘိုးရဲ့ နာမည်ကို ခေါ်ရတာလဲ။ မင်းက သခင့်ရှေ့မှာ ဒီအဝတ်အထည်တွေကို ငါ့ရှိကနေ လုယူချင်တာလား။ မင်း…ကောင်လေးလျှို…”
ရှုလီကော မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် သူ့အင်္ကျီလက်ကို ခေါက်တင်၏။ သို့သော် သူသည် အထပ်ထပ်ဝတ်ထားသည်ဖြစ်၍ သူ့အင်္ကျီလက်စတို့ကို အချိန်တိုအတွင်း မခေါက်တင်နိုင်ပေ။
“သခင်…သူ့ကို ကြည့်ပါအုံး...ကျုပ်…ကျုပ်…” လျှိုကျင်းပြောင်က ရှုလီကောကို ကြည့်၏။ ထို့နောက် သူသည် ရှေ့မှ လျှောက်နေသော ဝမ်လင်းထံ လှမ်းကြည့်၏။
“သခင်…သူ့ကို လစ်လျူရှုလိုက်ပါ။ သူက သူ့ကျင့်ကြံမှုအဆင့် တိုးတက်ချင်နေတာ။ သခင်…ဖြည်းဖြည်း လျှောက်ပါအုံး။ မြေကြီးပေါ်မှာ နှင်းတွေဖုံးနေတဲ့အတွက် ချေချော်လို့ပါ…။ ကောင်လေးရှုကိုတော့ စိတ်ပူစရာ မလိုပါဘူး။ ကိုယ့်ဟာကိုယ် ဂရုစိုက်နိုင်ပါတယ်…”
ရှုလီကောသည် ဝမ်လင်းနောက်သို့ အမြန်လိုက်ပါလာရင်း ဝမ်လင်း၏ပုခုံးနှစ်ဖက်ကို နှိပ်နှယ်ပေးတော့၏။ ထို့နောက် သူက နောက်သို့လှည့်ကာ လျှိုကျင်းပြောင်ထံ ရန်လိုစွာ စိုက်ကြည့်လိုက်သည်။
ရှုလီကောက နတ်ဘုရားအာရုံဖြင့် သတင်းစကားလှမ်းပို့၏။ “မင်းက သခင်နဲ့ ပတ်သတ်ပြီး ဘိုးဘိုးရှုရဲ့ နေရာကို လုယူချင်နေတာမလား။ ဟက်…မင်း အရည်အချင်း မပြည့်မီသေးပါဘူး။ မင်းရဲ့ ဘိုးဘိုးရှု သခင့်နောက်ကို လိုက်ခဲ့ချိန်တုန်းက မင်းဟာ တနေရာရာမှာ နို့သောက်နေရတုန်းပဲ မဟုတ်လား…”
“မင်း…”
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ရန်စောင်နေကြသည်ကို မြင်သည်အခါ ဝမ်လင်းက မျက်မှောင်ကြုတ်၏။ သူတို့နှစ်ယောက်သည် ပေါ်လာတည်းက ခုထိ ရန်စောင်တာကို မရပ်သေးပေ။
“တော်လောက်ပြီ။ လျှိုကျင်းပြောင်…မင်း ဒီအအေးဒဏ်ကို မခံနိုင်ရင် ငါ မင်းကို သိုလှောင်နေရာလွတ်ထဲ ထည့်ပေးမယ်..” ဝမ်လင်းသည် ရပ်ကာ တုန်တုန်ယင်ယင်ဖြစ်နေသော လျှိုကျင်းပြောင်ကို လှမ်းကြည့်၏။
“ငါ ရှုလီကောကို သခင်နဲ့ တစ်ယောက်တည်း ရှိစေမယ့် အခွင့်အရေး ပေးလို့ မရဘူး။ ဒီကောင်က ငါနဲ့ ပတ်သတ်လို့ မကောင်းတာ တစ်ခုခု ပြောနိုင်တယ်…”
လျှိုကျင်းပြောင်သည် အံတင်းတင်းကြိတ်ကာ ခေါင်းခါလိုက်၏။
“သခင်…ကျုပ်…ဆက်ပြီး တောင့်ခံနိုင်ပါသေးတယ်…” လျှိုကျင်းပြောင်၏ အသံသည်ပင် အအေးဒဏ်ကြောင့် တုန်ရီနေလေ၏။
“ရှုလီကော…မင်းရဲ့ အဝတ်အနည်းငယ် ချွတ်ပြီး လျှိုကျင်းပြောင်ကို ပေးလိုက်…”
ဝမ်လင်းသည် သူတို့၏အတွေးများကို ချက်ခြင်း ဖြတ်မြင်ပေ၏။ ထို့နောက်တွင် သူသည် အကွာအဝေးတစ်ခုသို့ ဆက်လျှောက်သွားတော့သည်။
ရှုလီကောသည် ဝမ်လင်းစကားကြောင့် မပေးချင်ပေးချင်ဖြင့် အဝတ်အနည်းငယ် ချွတ်ကာ လျှိုကျင်းပြောင်ထံ ပစ်ပေးလိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း စူးရဲစွာ စိုက်ကြည့်ပြီး အသံတိတ် ဆဲဆိုကာ ဝမ်လင်းနောက်သို့ လိုက်ပါလာတော့သည်။
အချိန်ကုန်လွန်လာ၏။ ဝမ်လင်းသည် အလျင်မလိုပေ။ သူသည် မြောက်ပိုင်းကုန်းမြေ၏ မြောက်ဘက်အကျဆုံးကို ဖြတ်ကာ ကျယ်ပြောသောပင်လယ်ထံ ဦးတည်နေသည်။ အအေးဓာတ်က ပိုပြင်းထန်လာ၏။ ရှုလီကောသည်ပင် တောင့်မခံနိုင်တော့ပေ။ ဝမ်လင်းသည် သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ရာ ထိုနှစ်ယောက်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ထို့နောက်တွင် သူသည် ဒီကုန်းမြေ၏ အစွန်းအဖျား၌ ပြန်ပေါ်လာ၏။ သူ၏ရှေ့တွင် လှိုင်းတပိုင်းထန်နေသော ပင်လယ်နက်တစ်ခု ရှိလေ၏။
“ဒီပင်လယ်ကို ဖြတ်ပြီးရင်တော့ ငါ ရှေးကလန်ကို ရောက်ပြီ…” ဝမ်လင်းသည် ခဏတဖြုတ် စဉ်းစား၏။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ဖြတ်ခနဲဖြင့် ပင်လယ်ထဲရှိ ရေခဲပိုင်းကြီးအထက်တွင် ပေါ်လာသည်။
၎င်းပေါ်တွင် ရပ်ကာ ဝမ်လင်းသည် ကောင်းကင်ဘုံကလန်ရှိရာသို့ လှည့်ကြည့်၏။
ထိုသို့ ကြည့်နေရင်း ဖြစ်ပျက်ခဲ့သမျှက သူ့မျက်လုံးထဲတွင် တဖြတ်ဖြတ် ပေါ်လာ၏။
ဝမ်လင်းအောက်ရှိ ရေခဲထုက မြင့်တက်လာကာ ပင်လယ်ထဲ စီးမြောသွား၏။ ၎င်းသည် တဖြည်းဖြည်း အဝေးသို့ စီးမြောသွားကာ ကောင်းကင်ဘုံကလန်နှင့် ဝေးသထက် ဝေးလာ၏။ဝမ်လင်း၏မျက်လုံးထဲ၌ ကောင်းကင်ဘုံကလန်သည် တဖြည်းဖြည်း ဝေဝါးလာတော့သည်။
သူသည် နေရာတွင် ရပ်ကာ ပင်လယ်ထဲ စီးမြောသွားနေရင်း ဝိုးတဝါး ဖြစ်လာသည့် ကောင်းကင်ဘုံကလန်ကို စိုက်ကြည့်နေ၏။ တဖြည်းဖြည်းဖြင့် သူနှင့် ရင်းနှီးသော မျက်နှာများသည် လွင့်ပါးပျောက်ကွယ်သွားသည့်အလား။
“အရူး…ငါ ပြန်လာတာနဲ့…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်၏။ သို့သော် သူ့စကားဆုံးအောင် မရေရွတ်ခဲ့ပေ။ သူ၏မျက်လုံးထဲတွင်မူ ပြတ်သားမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုတို့ ရှိနေသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းသည် ကောင်းကင်ဘုံကလန်ကို ထပ်မံ၍ မမြင်ရတော့၊ ပင်လယ်လှိုင်းများကိုသာ တွေ့မြင်ရတော့၏။ မိုးကုပ်စက်ဝန်း၌ နေမင်း တဖြည်းဖြည်း ကွယ်ပျောက်သွားလေ၏။ လောကသည် မှောင်လာစဉ် ဝမ်လင်းသည် တဖက်သို့ လှည့်လိုက်သည်။
“ဆရာရွှမ်လော…တပည့် လာနေပါပြီ…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ သူက သူ့ခြေထောက်ကို ပင့်မြှောက်သည်။ သူသည် သဲလွန်စမရှိ ရေခဲနှင့်အတူ ပျောက်ကွယ်သွားတော့သည်။