လမ်းမ
Vol. 149 Ch. 2055
နေ့နှင့်ညက ပြောင်းလဲနေ၏။ သည်ကျယ်ပြောသော ပင်လယ်ပြင်တွင်း လှိုင်းရိုက်သံများ ရှိနေသည်။
ပင်လယ်သည် ဆက်၍ မအေးတော့ပေ။ ပင်လယ်သည် လှိုင်းပိုထန်လာသည်။
ပင်လယ်နဂါးက ဒီပင်လယ်ကို ဖြတ်ကာ ရွှေ့လျားနေ၏။ ၎င်းက အတော့်ကို သက်တောင့်သက်သာ ဖြစ်နေပုံပင်။ ထိုနဂါးက ကောင်းကင်မှာထက် ပင်လယ်ထဲတွင် ပိုမြန်ပေ၏။ ၎င်းနဂါး၏ဦးခေါင်းပေါ်တွင်မူ ဆံဖြူဝတ်ရုံဖြင့်ပုံရိပ်တစ်ခု ထိုင်နေသည်။
ဝမ်လင်းသည် ရှေးကလန်သို့ ရောက်ရှိဖို့ သူ၏အမြန်နှုန်းပြည့် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးမပြုပေ။ ထိုအစား သူက ပင်လယ်နဂါးကိုသာ ရေထဲကနေ သွားခိုင်းထား၏။ သူသည် နဂါးပေါ်တွင် ထိုင်ကာ သူ၏ကျင့်ကြံမှုကို စတင်ချိန်ညှိ၏။
“ရှေးကလန်ကို သွားတဲ့ ခရီးစဉ်က အသက်ဘေး အန္တရာယ် မရှိလောက်ဘူး။ တကယ်တော့ ဆရာရွှမ်လောက အဲ့မှာ ရှိနေတယ် မဟုတ်လား…”
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ ကောင်းကင်သည် ပြာလဲ့ကာ ကြည်လင်နေ၏။ နွေးထွေးသော နေအလင်းက သူ့ခန္ဓာကိုယ်ပေါ် ပက်ဖြန်းကျနေသည်။
“ရှေးကလန်မှာ ငါ အေးဆေးနေရမယ်။ ကျင့်ကြံနေတဲ့အချိန်အတွင်း ငါဟာ ဆရာ့ကို ပေးထားခဲ့တဲ့ ကတိကို ပြီးမြောက်အောင် လုပ်ပေးဖို့ လိုမယ်။ ငါက ရှေးတောက်ကလန်ကို ကာကွယ်ပေးပြီး ဆရာ့ရဲ့ ပြန်လည်မွေးဖွားမှုကို စောင့်ကြပ်ပေးရမယ်…”
“တကယ်တော့ ငါဟာ ရှေးတောက်ကလန်ကပဲ…” ဝမ်လင်းသည် လွမ်းမောတမ်းတဟန် ပုံပေါ်နေကာ သူက သက်ပြင်းချမိ၏။
“ကံမကောင်းစွာနဲ့ ကောင်းကင်ဘုံကလန်မှာ ငါဟာ ချင်းရွှေ၊ စစ်ထူနန်တို့ကို ရှာမတွေ့ခဲ့ဘူး။ ပြီးတော့ လီချန်မေကိုလည်း မတွေ့ခဲ့ဘူး…”
“ထားလိုက်ပါတော့လေ။ ငါ ကောင်းကင်ဘုံကလန်ကို ပြန်လာတဲ့အခါကျရင် သူတို့ကို ရှာရမယ်…”
မထွက်လာခင်တုန်းက ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ရှာဖွေခဲ့သေး၏။ သို့သော် သူသည် သူတို့ကို မတွေ့ရှိခဲ့ပေ။
“ငါ ရှေးရှီနဲ့ ဂျီကလန်တို့ဆီ မဦးတည်သေးဘူး။ ရှေးတောက်ကလန်ရဲ့ အင်ပါယာမြို့ရှိကို သွားရမှာ ဖြစ်တယ်။ ကောင်းကင်ဘုံကလန်ရဲ့ ရှေးဘိုးဘေးမြို့ကို ရှေးတောက်အင်ပါယာမြို့က ယှဉ်နိုင်မလားလို့ ငါ သိချင်မိတယ်…”
ဝမ်လင်းသည် အကွာအဝေးတစ်ခုထံသို့ ငြိမ်သက်စွာ ကြည့်နေ၏။
“ငါ့ ကျင့်ကြံမှုဟာ ကင်းမဲ့နေတုန်းပဲ။ ဒါ့ကြောင့် ငါ ရှေးကလန်မှာ တံခါးပိတ်ကျင့်ကြံပြီး မဟာအင်ပါယာတစ်ယောက် ဖြစ်လာအောင် လုပ်ဖို့ လိုမယ်။ ငါ ဆရာရွှမ်လောကို ပေးထားတဲ့ ကတိ ပြီးမြောက်သွားတဲ့အခါကျရင်တော့ ဝမ်အာရဲ့ စိတ်ဝိညာဉ်ကို သွားရှာဖွေရမယ်…” လီမူဝမ်အကြောင်း တွေးမိကာ ဝမ်လင်း၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်လာသည်။
“ဝမ်အာ...နင့်ရဲ့ စိတ်ဝိညာဉ်အမျှင်တန်းက ဘယ်နေရာမှာလဲ။ နင့်ရဲ့ စိတ်ဝိညာဉ် ပြီးပြည့်စုံတဲ့အချိန်ကျမှ ငါ နင့်ကို နိုးထလာစေနိုင်မယ့် နည်းလမ်းကို ရှာနိုင်မှာ…”
ဝမ်လင်းက သက်ပြင်းချကာ သူ့လက်ကို လေဟာနယ်ထံ ဆန့်ထုတ်၏။ ဝမ်လင်း၏ သိုလှောင်နေရာလွတ်ထံ ဦးတည်သော အက်ကြောင်းတစ်ခု ပွင့်ဟလာသည်။
ယင်းနောက်တွင် လှိုဏ်ဂူလောက၌ ဝမ်လင်းကို ကျော်ကြားစေခဲ့သော သွေးဓား ပျံသန်းထွက်လာ၏။ ၎င်းဓားထံမှ သတ်ဖြတ်လိုစိတ် အော်ရာကို ပေးစွမ်းနေချေသည်။
“ဒီဓားက ရှေးတောက်ကလန်ရဲ့ ဓားပဲ…” ဝမ်လင်းသည် သွေးဓားကို ကိုင်ကာ ၎င်းအား ညင်သာစွာ ထိကိုင်လိုက်သည်။ ထိုအခါ သတ်ဖြတ်လိုစိတ်က မြူးထူးသွားဟန်ဖြင့် ဝမ်လင်း၏လက်ချောင်းထိပ်တွင် လှည့်ပတ်သည်။
“ဒါက ယဲ့မိုရဲ့ ဓားပဲ။ ငါ ယဲ့မိုရဲ့ ဦးခေါင်းကို ရခဲ့တဲ့အချိန်တုန်းက သူ့မျိုးဆက်တွေကို ကြင်နာမှု ပြန်ပေးမယ်လို့ ကတိပေးထားခဲ့တယ်။ ရှေးတောက်ကလန်ဆီ ဦးတည်တဲ့ ခရီးစဉ်မှာ ငါဟာ ယဲ့မိုရဲ့ မျိုးဆက်သစ်တွေကို ရှာဖွေဖို့ လိုမယ်…”
သွေးဓားကို ကိုင်ကာ ဝမ်လင်းက ဝေ့ယမ်းလိုက်၏။ ၎င်းက ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။ အချိန်အတန်ကြာပြီးနောက် ခပ်အုတ်အုတ်အသံများ ပဲ့တင်ထပ်လေသည်။
“ငါ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆို ငါဟာ ဒီဓားရဲ့ စွမ်းအားအပြည့်အဝကို အလွယ်တကူ ထုတ်ဖော်နိုင်တယ်…”
သွေးဓားသည် တုန်ယင်သွားကာ တစီစီအသံများ မြည်လာသည်။ ၎င်းပေါ်၌ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာကာ အလွှာတစ်ခု ကွာကျလေ၏။
ဓားထံမှ သွေးနီရောင်အလင်းက ပို၍ ပြင်းထန်အားကောင်းလာသည်။ ဝမ်လင်းသည် ၎င်းဓားကို အတိတ်တုန်းက အပြည့်အဝ နားမလည်ခဲ့ပေ။ သို့သော် ခုခါ၌ သူသည် ထိုဓားပေါ်တွင် ချိပ်ပိတ်မှုတစ်ခု ရှိနေသည်ကို မြင်နိုင်ပေသည်။ သူက လက်ဝေ့ယမ်းကာ ၎င်းချိပ်ပိတ်မှုကို ဖျက်စီးလိုက်သည်။
ထိုအခါ ဓားထံမှ ထုတ်လွှတ်နေသော သတ်ဖြတ်လိုစိတ်က သာ၍ပင် ပြင်းထန်လာသည်။ ၎င်းသည် ပတ်ဝန်းကျင်ကီလိုမီတာငါးရာကို ခြုံလွှမ်း၏။ သတ်ဖြတ်လိုစိတ်က မုန်တိုင်းတစ်ခုနှယ် ဖြစ်ပေါ်လာဟန် ထင်ရကာ အရိပ်ကြီးတစ်ခု ပေါ်လာသည်။ ထိုအရိပ်မှာ ရှေးကလန်ဝင်မှန်း သိသာသည်။
၎င်းအရိပ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချပ်ဝတ်ဖြင့် ဖုံးလွှမ်းထားပြီး ၎င်း၏ညာလက်တွင် ရှည်မြောမြော သွေးဓားကို ကိုင်ဆောင်ထားသည်။ ယင်းဓားသည် ကောင်းကင်ကို ဖြတ်ပိုင်းနိုင်သည့်နှယ်။
“ယဲ့မိုရဲ့ မွေးရပ်မြေ၊ ဆရာ ရှိနေတဲ့နေရာ၊ ရှေးတောက်…။ ငါ စောင့်ကြပ်ဖို့ လိုတဲ့နေရာ။ အဲ့နေရာက ဘယ်လိုနေရာမျိုး ဖြစ်နေမလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းက သွေးဓားကို ကြည့်ကာ ထို့နောက် ပြန်သိမ်းဆည်းလိုက်သည်။ အရိပ်လည်း ပျောက်ကွယ်သွားပြီး ကြည်လင်သော ကောင်းကင် လှစ်ဟပေါ်လာသည်။
“ကောင်းကင်ဘုံဘိုးဘေးရဲ့ ဓားအစိတ်အပိုင်းကို စုပ်ယူပြီးတဲ့နောက် ငါ့သတ္တုအနှစ်သာရဟာ ပြီးပြည့်စုံသွားပြီး ဒြပ်စင်ငါးခုဟာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီ။ ငါ့ကျင့်ကြံမှုအဆင့်ဟာ တိုးတက်လာခဲ့ပြီ…”
ဝမ်လင်း၏ကျင့်ကြံမှုသည် တခြားသူများနှင့် ကွဲပြားပေသည်။ သူသည် အနှစ်သာရများ လိုအပ်ပေ၏။ အနှစ်သာရများဖြင့်သာ သူ၏ ကျင့်ကြံမှုကို တိုးတက်စေနိုင်မည်။
သတ္တုအနှစ်သာရ ပြီးပြည့်စုံသွားသည့်အခါ ဝမ်လင်းသည် လေဟာနယ်အတိဒုက္ခအလယ်အဆင့်ကနေ နောက်ဆုံးအဆင့်ထိ တက်လှမ်းသွားခဲ့လေပြီ။ ထို့နောက်တွင် ကောင်းကင်ဘုံဘိုးဘေး၏ အမွေအနှစ်အစိတ်အပိုင်းကြောင့် သူသည် သူ၏ ကျင့်ကြံမှုကို အပြည့်အဝ ထုတ်ဖော်သည့်အခါတွင် မဟာအင်ပါယာနေမင်း အကြမ်းထည်ပုံစံကိုပင် ဖွဲ့စည်းနိုင်စွမ်း ရှိလေသည်။
“သတ်ဖြတ်သူမိုးကြိုးအနှစ်သာရ အစစ်အမှန်ခန္ဓာကိုယ်ဟာ ဒြပ်စင်ငါးခုနဲ့အတူ ပြီးပြည့်စုံတယ်။ ဒြပ်စင်ငါးခု အနှစ်သာရခန္ဓာကိုယ်လည်း ပြီးပြည့်စုံသွားပြီ။ နောက်တဆင့်ကတော့ ငါ့ဆန်းကြယ်အနှစ်သာရတွေပဲ…”
“ငါသာ နောက်ထပ် ဆန်းကြယ်အနှစ်သာရနှစ်ခုကို ထပ်ပြီး နားလည်ခဲ့ရင် ငါ့ကျင့်ကြံမှုဟာ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ကို ရောက်ပြီ။ ဆန်းကြယ်အနှစ်သာရတွေကို နားလည်နိုင်ဖို့ဟာ ခက်ခဲလွန်းနေတာ တစ်ခုပဲ…။ ငါ့ တဘဝလုံးမှာ ငါဟာ သုံးခုကိုပဲ နားလည်နိုင်ခဲ့တယ်…”
ယခုလို တည်ငြိမ်စွာ ရှိနေသည့် အချိန်အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ကျင့်ကြံမှု၏ အနာဂတ်လမ်းကြောင်းကို စတင် ဆင်ခြင်သုံးသပ်နေတော့သည်။
“ငါ့ကျင့်ကြံမှုအဆင့် တိုးတက်လာဖို့ ဆန်းကြယ်အနှစ်သာရတွေကိုပဲ ငါ မှီခိုနေရင် အနားတ် ငါ့ရဲ့ ကျင့်ကြံမှုဟာ အတော့်ကို ခက်ခဲသွားပြီ…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။ သူ့အောက်တွင်တော့ ပင်လယ်နဂါးသည် ရေထဲတွင် ကူးခတ်နေပေသည်။ ၎င်းက လှိုင်းများကို ချိုးဖျက်ကာ ပင်လယ်ထဲ၌ လမ်းကြောင်းတစ်ခုကိုပါ ဖြစ်စေသည်။
ထိုလှိုင်းများက ရုန်းကန်ကြွနေသဖြင့် ပင်လယ်သည် မြင့်ချေ၊နိမ့်ချေ ဖြစ်နေသည်။ ဝမ်လင်းသည် တချက် ကြည့်လိုက်ပြီးနောက် သူက အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းကို ချိန်ဆစဉ်းစားနေ၏။
“ဒီလို မဖြစ်သေးဘူး။ ဒီလိုသာ ဆက်ဖြစ်နေရင် ငါ ကောင်းကင်ဘုံကလန်ကို ပြန်သွားနိုင်တဲ့ စွမ်းအားကို ဘယ်အချိန်မှ ရလာနိုင်မလဲ မသိရတော့ဘူး။ ငါ့ကျင့်ကြံမှုလမ်းကြောင်းဟာ တခြားသူတွေနဲ့ မတူဘူး။ ဒါ့ကြောင့် ငါဟာ ငါ့ကျင့်ကြံမှုအဆင့် တိုးတက်ဖို့အတွက် တခြားနည်းလမ်းတစ်ခုကို ရှာနိုင်ကောင်း ရှာနိုင်မှာပဲ…”
ဝမ်လင်းသည် သူ့အတွေးနှင့်သူ နစ်မြုပ်နေစဉ် အချိန်ကုန်လွန်လာနေ၏။
နောက်ထပ် ရက်အနည်းငယ်အကြာတွင် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲတွင် ပင်ပန်းဟန် အရိပ်အမြွက် လှစ်ဟပေါ်သည်။
“ငါ ဆန်းကြယ်အနှစ်သာရတွေအပေါ်ပဲ မမှီခိုနေနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆန်းကြယ်အနှစ်သာရတွေကိုတော့ ငါ့ရေရှည်ပန်းတိုင်အဖြစ် ထားရလိမ့်အုံးမှာပဲ။ အဲ့အတွင်း ငါ့ရဲ့ ဒြပ်စင်ငါးခုခန္ဓာကိုယ်နဲ့ သတ်ဖြတ်သူမိုးကြိုးအနှစ်သာရခန္ဓာကိုယ်တို့အပေါ်မှာ ငါ အာရုံစိုက်ထားရလိမ့်မယ်…”
“ရေ၊မီး၊မြေကြီးတို့ဟာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းထားခဲ့ပြီးပြီ။ အခု သတ္တုနဲ့ သစ်သားတွေကိုသာ အနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းဖို့ လိုတော့တယ်။ ငါ့ သုံးသပ်ချက်အရ သတ္တုနဲ့ သစ်သားအနှစ်သာရတွေသာ သူတို့ရဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ခဲ့ရင် ငါ့ဒြပ်စင်ငါးခုအနှစ်သာရအစစ်အမှန်ခန္ဓာဟာ ပြီးပြည့်စုံသွားပြီ…”
“ဆန်းကြယ်အနှစ်သာရတွေ မပြီးပြည့်စုံသေးတဲ့အတွက် ငါ့တိုက်ပွဲစွမ်းအားဟာ အတော်လေး အားနည်းနေပေမယ့်လည်း ဆန်းကြယ်အနှစ်သာရတွေသာ ပြီးပြည့်စုံသွားရင်တော့ ငါ့ရဲ့ စွမ်းအားဟာ အများကြီး တိုးတက်သွားလိမ့်မယ်…”
“အဲ့ဒီနောက် သတ်ဖြတ်သူမိုးကြိုးအနှစ်သာရခန္ဓာကိုယ်ပဲ။ ခုချိန်မျာ မိုးကြိုးအနှစ်သာရတစ်ခုသာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းရသေးတာ။ ကျန်တဲ့ အနှစ်သာရတွေဖြစ်တဲ့ သတ်ဖြတ်သူ၊ အကြွင်းမဲ့စတင်ခြင်း၊ အကြွင်းမဲ့အဆုံး၊ အတားအဆီးတွေကတော့ မပြီးပြည့်စုံသေးဘူး။ ဒီကျန်တဲ့ အနှစ်သာရလေးခုသာ သူတို့ရဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တွေကို ဖွဲ့စည်းနိုင်ခဲ့ရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ လေဟာနယ်အတိဒုက္ခကို ဖိနှိပ်နိုင်သွားပြီ…”
“ဒါပေမဲ့လည်း ဒီကျင့်ကြံမှုလမ်းကြောင်းဟာ ငါ အခုတွေးသလို မှန်၊မမှန်သိရဖို့ ငါ့ရဲ့ သတ္တုနဲ့သစ်သားအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တွေ ပေါ်လာဖို့ထိ စောင့်ရအုံးမှာ ဖြစ်တယ်…”
ဝမ်လင်းသည် စဉ်းစားနေလျက် သူ၏အနာဂတ် ကျင့်ကြံမှုလမ်းကြောင်းကို ဆုံးဖြတ်သည်။
“မဟာအင်ပါယာနေမင်းအကြမ်းထည် ပေါ်လာခဲ့တာကတော့ ငါ အမွေဆက်ခံခဲ့ရတဲ့ ကောင်းကင်ဘုံဘိုးဘေးရဲ့ ကျင့်ကြံမှုနဲ့ ပတ်သတ်နေလောက်မယ်…”
“ကောင်းကင်ဘုံဘိုးဘေးရဲ့ အမွေအနှစ်က ငါ့ကျင့်ကြံမှုအဆင့်ကို မတိုးတက်လာစေနိုင်ပေမဲ့လို့ ငါ ဖွဲ့စည်းနိုင်ခဲ့တဲ့အကြမ်းထည်နေမင်းရဲ့ စွမ်းအားနဲ့ဆို ငါ့တိုက်ပွဲစွမ်းအားဟာ အတော့်ကို တိုးတက်လာနိုင်ပြီ…”
“ဒီအကြမ်းထည်နေမင်းက ငါ့ရဲ့ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ် ပျက်စီးသွားတဲ့နေရာကို ဖာထေးပေးသလို ဖြစ်သွားတာပဲ။ ခုလက်ရှိ ငါ့ကျင့်ကြံမှုအဆင့်နဲ့ တိုက်ပွဲစွမ်းအားနဲ့ဆိုရင် ငါဟာ မဟာအင်ပါယာတွေအောက်မှာ အသန်မာဆုံးပဲ။ မဟာအင်ပါယာတွေတောင် သူတို့ရဲ့ မဟာအင်ပါယာစွမ်းအားကို လောင်ကျွမ်းခြင်း မရှိရင် ငါ သူတို့နဲ့ တိုက်ခိုက်နိုင်ဆဲ ဖြစ်တယ်…”
“ငါ့သုံးသပ်ချက်သာ မှန်ခဲ့ရင် ဒြပ်စင်ငါးခုလုံးဟာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ဖွဲ့စည်းပြီး၊ ငါ့ကျင့်ကြံမှုအဆင့် တိုးတက်လာခဲ့ရင် ငါဟာ မဟာအင်ပါယာစွမ်းအားကို လောင်ကျွမ်းစေတဲ့ မဟာအင်ပါယာတစ်ယောက်နဲ့တောင် အပြန်အလှန်တိုက်ခိုက်နိုင်စွမ်း ရှိလာလောက်တယ်…”
“ပြီးတော့ ငါ့ရဲ့ သတ်ဖြတ်သူမိုးကြိုးအနှစ်သာရခန္ဓာကိုယ်ကသာ ကျန်တဲ့ အတားအဆီး၊အကြွင်းမဲ့အစ၊ အကြွင်းမဲ့အဆုံး၊ သတ်ဖြတ်ခြင်းအနှစ်သာရတွေရဲ့ ခန္ဓာကိုယ်သာ ဖွဲ့စည်းနိုင်ခဲ့ရင်တော့ မဟာအင်ပါယာအချို့ကသာ ငါ့ကို ယှဉ်နိုင်တော့မှ ဖြစ်တယ်။ ပြီးတော့ ငါသာ လေးခုမြောက်ဆန်းကြယ်အနှစ်သာရကို နားလည်နိုင်ခဲ့မယ်ဆိုရင် အဲ့အနှစ်သာရဟာ ပြန်လည်မွေးဖွားခြင်းအနှစ်သာရ ဖြစ်လိမ့်မယ်။ ပြီးရင် ပြန်လည်မွေးဖွားခြင်းအနှစ်သာရကို အသုံးပြုပြီး ငါးခုမြောက်ဆန်းကြယ်အနှစ်သာရကို ရရှိဖို့အတွက် မရေမတွက်နိုင်တဲ့ အိပ်မက်အရံအတားတွေကို ချိုးဖျက်ပြီး ငါ့ကိုယ်တိုင်ရဲ့ အမှန်တရားကို ရှာဖွေရမယ်…”
“အဲ့အချိန်ကျရင်တော့…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။
“မဟာအင်ပါယာတွေဟာ ငါ့ပြိုင်ဘက် မဟုတ်နိုင်တော့ဘူး။ တကယ်တော့ အင်ပါယာအတု၊ ဩဇာအင်ပါယာဆိုတာ လေဟာနယ်အတိဒုက္ခအဆင့်နဲ့ မဟာအင်ပါယာတွေကြားက ကြားအဆင့်တစ်ခုသာသာပဲ။ အဲ့ကြားအဆင့်ဟာ တည်ရှိတယ်လို့ ပြောလို့ရသလို၊ မတည်ရှိဘူးလို့လည်း ပြောလို့ရတယ်…”
“ဒါ့အပြင် ငါ့မှာ လေဟာနယ်ဟင်းလင်းပြင်ထဲမှာ ကိုယ်ပွား ရှိသေးတယ်။ အဲ့ကိုယ်ပွားဟာ ကြီးထွားနေတုန်းပဲ။ နောက်ဆုံးအခြေအနေသာ မဟုတ်ရင် ငါ အဲ့ကိုယ်ပွားကို အသုံးပြုမှာ မဟုတ်ဘူး…”
“အချိန်…ငါ့အတွက် အချိန်လိုတယ်…” ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ ထို့နောက် သူက သူ့သိုလှောင်နေရာလွတ်ထဲရှိ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းအတွင်း၌ သူ့ကိုယ်သူ နစ်မြုပ်ထားလိုက်သည်။ ဝမ်လင်းသည် လမ်းတလျှောက်လုံး ၎င်းဦးခေါင်းကို လေ့လာခဲ့၏။ သူသည် သူသာ ထိုဦးခေါင်းကို မဟာအင်ပါယာနေမင်းအကြမ်းထည်အတွင်း ပြည့်ပြည့်ဝဝ ပေါင်းစည်းနိုင်ပါက ထိုနေမင်းသည် အထည်ဒြပ်ပိုဆန်လာမည်ကို သဘောပေါက်သည်။ ထိုနေမင်းသာ အထည်ဒြပ်ဆန်လာပါက ဝမ်လင်းသည် ဆယ်ယောက်မြောက် မဟာအင်ပါယာ ဖြစ်လာနိုင်စွမ်း ရှိပေလိမ့်မည်။
ထို့အပြင် သူ့သိုလှောင်နေရာလွတ်ထဲ၌ ဆံဖြူအမျှင်တစ်ခုနှင့် သေခြင်းအော်ရာ ပြည့်နေသော လက်သီးဆုပ်ခန့် ဦးခေါင်းခွံတစ်ခု ရှိနေသေး၏။
ထိုနှစ်ခုလုံးက ဝမ်လင်းကို အတော် ရင်းနှီးသော ခံစားချက်အား ပေးစွမ်းနေသည်။ သို့သော် သူသည် ထိုရင်းနှီးသောခံစားမှု၏ ဇစ်မြစ်ကိုမူ မရှာတွေ့နိုင် ဖြစ်နေဆဲပင်။
အချိန် တနေ့ပြီးတနေ့ ကုန်လွန်လာ၏။ ပင်လယ်လှိုင်းများက ပိုပြင်းထန်လာသည်။ သည့်အပြင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ ဥပဒေသ၏ စွမ်းအားလည်း ရှိသေး၏။ ထိုစွမ်းအားသည် ကောင်းကင်ဘုံကလန်နှင့် ရှေးကလန်များကို ပိုင်းခြားပေးထားသော သော့ချက်လည်း ဟုတ်သည်။
သို့ပေမည့် ဝမ်လင်းအတွက်တော့ ထိုစွမ်းအားသည် သူ လေဟာနယ်ဟင်းလင်းပြင်အတွင်း၌ တွေ့ကြုံခဲ့ရသည်နှင့် နှိုင်းယှဉ်ပါက အားနည်းလွန်းလှပေသည်။ ထို့ကြောင့် သူက ၎င်းစွမ်းအားကို လုံးဝ လစ်လျူရှုထားနိုင်သည်။ သူ့အော်ရာက ပင်လယ်နဂါးကို ဝန်းရံစေကာ ၎င်းအား ပို၍ မြန်စေသည်။
ကောင်းကင်ထက်၌ အနက်ရောင်အစက်တစ်စက် ရှိနေ၏။ ၎င်းမှာ ခြင်သားရဲပင်။ ဝမ်လင်းသည် ခြင်သားရဲကို သိုလှောင်နေရာလွတ်ထဲမှ လွှတ်ပေးလိုက်ရာ ၎င်းသည် ကောင်းကင်ထက်တွင် မြူးထူးစွာ အော်မြည်သံပေး၍ ရှေးကလန်ထံ ဦးတည်သည့် ဝမ်လင်းနောက်သို့ လိုက်လာသည်။
လအနည်းငယ်ကြာပြီးနောက် ဝမ်လင်း မျက်လုံးဖွင့်လာချိန်၌ သူက ပင်လယ်၏အစွန်းကို တွေ့မြင်၏။ အနက်ရောင်မြေပြင်ထုက ကောင်းကင်ဘုံကလန်နှင့် ကွာခြားနေပေ၏။ ရှေးကလန်၏ အနက်ရောင်မြေပြင်ထုက ထီးတည်းသီးသန့်ဖြစ်ခြင်းနှင့် မှုံ့မှိုင်းခြင်းတို့ကို ပေးစွမ်းနေချေသည်။