ရှေးတောက်တမန်တော်များ
Vol. 149 Ch. 2056
ရှေးကလန်၏ ကျယ်ပြောသော ကုန်းမြေထုကို မြေနက်များဖြင့်သာ လွှမ်းခြုံထား၏။
သည်နေရာမှာ ကောင်းကင်ဘုံကလန်၏ ပိုင်နက်နယ်မြေ အလှတရားနှင့် သိသာစွာ ကွာခြားလှသည်။ ဒီကုန်းမြေကား ကျယ်ပြောကာ ကြမ်းတမ်းသည်။ အထူးသဖြင့် အနက်ရောင်မြေထုက လူအများကို မွန်းကျပ်မှုကို ပေးစွမ်းနေသည်။
ကောင်းကင်ဘုံကလန်နှင့် မတူသည်မှာ ရှေးကလန်သည် လုံးဝ သက်ဦးဆန်ပိုင်ဘုရင်ဆန်ခြင်းပင်။ ရှေးကလန်ကို နိုင်ငံသုံးခု ပိုင်းခြားထားသည်။ ရှေးရှီ၊ ရှေးတောက်နှင့် ရှေးဂျီ နိုင်ငံတို့ပင်။
ထိုနိုင်ငံသုံးခု၏ အင်ပါယာသုံးယောက်၏ စွမ်းအားမှာ ကောင်းကင်ဘုံအင်ပါယာ ယှဉ်နိုင်သော အရာ မဟုတ်ပေ။ သည်နေရာတွင် တော်ဝင်မိသားစု၏ စွမ်းအားက အကြွင်းမဲ့ ဖြစ်၏။ ၎င်းက ကုန်းမြေတခွင်နှင့် ရှေးကလန်တိုင်း၏ နှလုံးသားကို မမြင်ရသော ဖိအားဖြင့် ခြုံလွှမ်းစေသည်။
ကောင်းကင်ဘုံကလန်၏ အင်ပါယာနန်းတော်၌ အန္တရာယ် ကျရောက်လာချိန်တွင် လူတိုင်းသည် ထွက်ပြေးလွတ်မြောက်ဖို့သာ ရွေးချယ်ကြလိမ့်မည် ဖြစ်၏။ သူတို့၏ အသက်များကို စွန့်စားကာ တော်ဝင်မိသားစုအတွက် စတေးကြမည် မဟုတ်ပေ။ သို့ပေမည့် ရှေးကလန်တွင်မူ အစွန်းရောက်ခြင်းနှစ်ခုသာ ရှိသည်။
တစ်ခုမှာ ကျူးကျော်သူ သေရမည်။ နောက်တစ်ခုကတော့ ကလန်တစ်ခုလုံး ပျောက်ကွယ်မျိုးသုဉ်းသွားမည်။
ဤသည်မှာ ရှေးကလန်ဖြစ်၏။ ၎င်းအခြင်းအရာမှာလည်း နှစ်ပေါင်းမရေမတွက်နိုင်စွာ အမွေဆက်ခံထားခဲ့ကြခြင်းပင်။ ယင်းအတွက် ကောင်းကင်ဘုံကလန်၏ ရယ်သွမ်းသွေးခြင်းကိုပါ ခံခဲ့ရသည်။ သို့သော် ဤသည်မှာ ကောင်းကင်ဘုံအင်ပါယာမျိုးဆက်တိုင်း လိုလားတောင့်တသော စွမ်းအားအရာ ဖြစ်နေသည်။
ရှေးကလန်၏ အင်ပါယာက ကောင်းကင် ဖြစ်ကာ ရှေးဘိုးဘေးကို ကိုယ်စားပြုသည်။ သူတို့၏ တော်ဝင်သွေးကို အတင်းအကြပ် ဖယ်ရှား၍ မရနိုင်ပေ။ ရှေးကလန်သည် တော်ဝင်သွေးကို အလေးအမြတ် အထားဆုံးပင်။
မဟာအင်ပါယာများသည်ပင် ရှေးအင်ပါယာတစ်ယောက်ကို ဖယ်ရှားခွင့် မရှိပေ။ ကျင့်ကြံမှုအဆင့်ဖြင့် ဆိုပါက မဟာအင်ပါယာများသည် ကလန်၏ အစောင့်အကြပ်များ ဖြစ်၏။ သို့ပေမည့် အာဏာစက်စွမ်းအားအရာတွင်မူ ရှေးအင်ပါယာများသည် ကလန်ဝင်တိုင်းကို အမိန့်ပေးနိုင်ကြသည်။
ရှေးအင်ပါယာနှင့် မဟာအင်ပါယာကြား ပဋိပက္ခ ရှိလာခဲ့ပါက ပိုမိုများသော လူအများက မဟာအင်ပါယာထက် ရှေးအင်ပါယာ၏ စကားကို ပို၍ နားထောင်ကြပေသည်။
ဤသည်ကား ကောင်းကင်ဘုံကလန်နှင့် ကွာခြားမှုပင်။ ကောင်းကင်ဘုံကလန်၌ ကျိုးသဲသည် ကောင်းကင်ဘုံအင်ပါယာအပေါ် ဆန့်ကျင်ကြံစည်ဝံ့ပေသည်။ သတ်ပင် သတ်ဝံ့ခဲ့ပေသည်။
သို့ပေမည့် ရှေးကလန်တွင်မူ မဟာအင်ပါယာများသည် အစွမ်းထက်ကြသော်လည်း သူတို့သည် ရှေးအင်ပါယာများကို လုံးဝ ထိခိုက်နာကျင်အောင် လုပ်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်လုံး၏ အစွမ်းထက်ဆုံး၊အသန်မာဆုံးသူ ချမှတ်ထားသော ဥပဒေကြောင့်သာ။
သူက ရှေးကလန်၏ ကလန်သုံးခု(ဝါ)နိုင်ငံသုံးခုလုံးကို အကာအကွယ် ပေးထား၏။
ရှေးကလန်၏ တော်ဝင်မြေ၊ ကလန်သုံးခု၏ ဗဟိုချက်တွင် အသန်မာဆုံး မဟာအင်ပါယာတစ်ယောက် နေထိုင်ပေသည်။
ဝမ်လင်းသည် လှိုဏ်ဂူလောက၌ ရွှမ်လောထံမှ ရှေးကလန်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို သိရှိခဲ့သလို ခရမ်းရောင်ယင်ကလန်၏ မှတ်တမ်းများကိုလည်း လေ့လာခဲ့ဖူးသည်။
သို့ပေမည့် ရှေးကလန်က ကြီးမားကျယ်ပြောလွန်း၏။ ဝမ်လင်းထံ၌ ရှေးတောက်နိုင်ငံ(ဝါ)ကလန်ထံသို့ လမ်းညွှန်မြေပုံ ရှိမနေပေ။ သူသည် ရှေးတောက်ကလန်သို့ မသွားခင် မြေပုံတစ်ခုကို ရှာဖို့ လိုပေမည်။
“ရှေးကလန်ရဲ့ ကလန်သုံးခုမှာ ရှေးရှီဟာ အစွမ်းထက်ဆုံးပဲ။ ရှေးဂျီက အစည်းလုံးဆုံး၊ ရှေးတောက်ကတော့ လူအများဆုံး၊ ဒါပေမဲ့ အားအနည်းဆုံးပဲ…”
ဝမ်လင်းသည် အနက်ရောင်မြေထုပေါ်တွင် လျှောက်လာရင်း အသက်ဝဝရှိုက်သွင်းလိုက်၏။
သူက ဒူးထောက်ကာ လက်တစုပ်စာ သဲများကို ကောက်ယူလိုက်၏။ သူက ၎င်းကို သူ့နှာခေါင်းနားတေ့လိုက်သည်။ သူက ယင်းမြေ၌ သူ၏ရှေးသွေးမျိုးဆက်ကို တုန်ယင်သွားစေသော အားတစ်ခုကို ခံစားမိလိုက်သည်။
“ဆရာ…တပည့် ရှေးကလန်ကို ရောက်လာခဲ့ပါပြီ…” ဝမ်လင်းက ထရပ်ကာ ရှေ့သို့ လျှောက်လာတော့သည်။
ဝမ်လင်း၏ရှေ့တွင် မြို့ကြီးတစ်မြို့ ရှိနေ၏။ ထိုမြို့သည် အနက်ရောင်ကျောက်တုံး တမျိုးမျိုးဖြင့် တည်ဆောက်ထားသည်။ ယင်းကျောက်တုံးက အကြမ်းထည် ဆန်လှသော်ငြားလည်း ၎င်းထံမှ လွှမ်းမိုးနိုင်သောခံစားမှုတစ်ခုကို ပေးစွမ်းသည်။
မြို့အတွင်း၌ အဆောက်အဦအားလုံးမှာလည်း နုနုရွရွအသွင် မရှိပေ။ ကြီးမားမှုတော့ ရှိ၏။ ရှေးကလန်ဝင်များသည် မြို့ကို ဖြတ်ကာ ခပ်သွက်သွက် လှုပ်ရှားသွားလာနေသည်။ သားရေချပ်ဝတ်ဖြင့် ဗလတောင့်တောင့်လူများက အဆက်မပြတ် အော်ဟစ်နေ၏။ သူတို့ကို တွေ့မြင်သော သာမန်လူများသည် ချက်ခြင်း ကြောက်ရွှံ့သွားကြပြီး ရှောင်ကွင်းကြသည်။
မြို့အပြင်ဘက်တွင်လည်း လူအုပ်တအုပ် ရှိနေ၏။ သည်မြို့မှာ အသက်ဝင်လှသည်။
ဝမ်လင်းသည် မြို့တံခါးနှင့် အဝေးတွင် ရှိနေသေးသည်။ သူသည် မြို့ထဲသို့ မဝင်သေးဘဲ နေရာတွင် ရပ်ကာ ထိုသူတို့ကို ကြည့်နေ၏။ သူက ရှေးဟောင်းနတ်ဆိုး၊ ရှေးဟောင်းမိစ္ဆာ၊ ရှေးဟောင်းနတ်ဘုရားတို့ကို တွေ့မြင်သည်။ သူတို့၏ အရွယ်အစားက အတူတူသာ ဖြစ်သော်လည်း သူတို့၏မျက်ခုံးနှစ်ခုကြား၊ သူတို့၏ ဘယ်မျက်လုံး၊ ညာမျက်လုံးထဲရှိ ကြယ်များကမူ ဝမ်လင်းကို ရင်းနှီးသောခံစားမှုတစ်ခုအား ပေးနေသည်။
ဤသည်မှာ ဝမ်လင်းအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် များပြားလှသော ရှေးကလန်ဝင်များကို စမြင်ဖူးခြင်းပင်။
ဂိတ်တံခါးအပြင်ဘက်တွင် သားရေချပ်ဝတ်ဖြင့် ဗလတောင့်တောင့်လူခုနစ်ယောက် ရှိနေ၏။ သူတို့တစ်ယောက်ချင်း၏ မျက်ခုံးကြား သို့မဟုတ် မျက်လုံးထဲ၌ ကြယ်များ တဖြတ်ဖြတ် လင်းလက်နေ၏။ သူတို့သည် မြို့တံခါးအပြင်ဘက်ရှိ လူများကို စိတ်မရှည်ဟန်ဖြင့် ကြည့်ကာ လှမ်း၍ပင် ဟောက်သေး၏။
“မြန်မြန်လုပ်ကြ၊ အနောက်ကလူတွေလည်း ရှေ့ကို မြန်မြန် လာကြ။ ဒီမြို့က နောက်ထပ် အမွှေးတိုင်တတိုင်ဝက်စာအတွင်း ချိပ်ပိတ်တော့မှာ…”
“ကျောက်တုံးနက်မြို့ထဲကို ဝင်ရောက်ပြီးရင် မြို့ထဲမှာ သုံးရက်ကြာ နေရမယ်။ မြို့အရှင်ရဲ့ အမိန့်မရဘဲ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး…”
ဗလတောင့်တောင့်လူက ထိုသို့ အော်ဟစ်သည့်အခါ သက်ဝင်လှုပ်ရှားနေသော ဂိတ်တံခါးသည် တဖြည်းဖြည်း ငြိမ်သက်တိတ်ဆိတ်သွားသည်။ မြို့ထဲသို့ ဝင်ရောက်လိုသော လူများ၏ ခြေလှမ်းမှာလည်း ပိုမြန်လာ၏။
အမွှေးတိုင်တတိုင်ဝက်စာ ကျော်လာသည့်အခါတွင် မြို့အပြင်တွင် ဗလာကင်းမဲ့သွား၏။ မြို့ထဲသို့ ဝင်ရောက်သွားသော ရှေးကလန်ဝင်များသည် အမြန်လူစုခွဲသွားကြ၏။ ထို့အတွက် မြို့ထဲ၌ လူများများ ရှိမနေကြတော့ပေ။
လူတစ်ယောက်အနေဖြင့် တွေ့မြင်နိုင်သည်မှာ မြို့၏ နေရာစုံထောင့်စုံတွင် ရပ်နေကြသော သားရေချပ်ဝတ်ဖြင့် ဗလတောင့်တောင့်လူတစ်ရာနီးကိုသာ ဖြစ်မည်။ သူတို့၏ အကြည့်များက တခါတရံ မြို့ဂိတ်တံခါးသို့ ကျရောက်ကာ တခါတရံ မြို့လယ်ရှိ မိုးထိမြင့်မားသော အဆောက်အဦပေါ်သို့ ကျရောက်သည်။
သည်ဗလာကင်းမဲ့သွားသောနေရာ၌ ဝမ်လင်း၏ပုံရိပ်က လှစ်ဟပေါ်လာကာ မြို့အပြင်ရှိ ဗလတောင့်တောင့်လူခုနစ်ယောက်၏ အာရုံကို စွဲဆောင်သွား၏။
ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ သူက သူ့အကြည့်ကို ပြန်ရုတ်ကာ အကွာအဝေးတစ်ခုသို့ လှမ်းလျှောက်ရန် တဖက်သို့ လှည့်၏။ သည်မြို့၌ အစွမ်းထက်သူ တစ်ယောက်မျှ ရှိမနေပေ။ ထို့အတွက် ဝမ်လင်း လိုအပ်သော ကျောက်စိမ်းပြားမှာ အသေးစိတ် ဖြစ်၍ သန်မာသူများထံ၌သာ ရှိနိုင်သည်။
သို့သော် သူ နောက်သို့ လှည့်လိုက်ရုံ ရှိသေး သူ့နောက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
“ရပ်လိုက်…”
ဗလတောင့်တောင့်လူခုနစ်ယောက်ထဲမှ နှစ်ယောက်က ချက်ခြင်း လှမ်းလာ၏။ သူတို့နှစ်ယောက်လုံး၏ မျက်ခုံးကြားတွင် ရှေးဟောင်းနတ်ဘုရားကြယ်ငါးလုံးစီ ရှိကြသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက ရပ်ကာ တဖက်သို့ ပြန်လှည့်၍ လှမ်းလာသော နှစ်ယောက်ကို ကြည့်သည်။
ထိုနှစ်ယောက်က ကြမ်းကြုတ်သောအကြည့်ကို ပိုင်ဆိုင်သည်။ တစ်ယောက်က လှမ်းဟောက်၏။ “မင်း ဘယ်သူလဲ။ မင်း ဘယ်က လာခဲ့တာလဲ…”
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဝမ်လင်း…”
“မင်း ဒီမှာ ရပ်နေတာ ကြာနေပြီ။ ခုထိ မြို့ထဲလည်း မဝင်ဘူး။ မင်းရဲ့ အမှတ်အသားတုန်ကင်ကို ထုတ်ပြပါ…” တဖက်လူက သူ့ညာလက်ကို ဆန့်၏။
ထိုသူက ထပ်ပြောသည်။ “ဒါ့အပြင် မင်းရဲ့ ကလန်အမှတ်အသားကိုလည်း ထုတ်ပြပါ…”
ဝမ်လင်းသည် ခပ်ရေးရေး ပြုံး၏။ သူ၏မျက်ခုံးနှစ်ခုကြားတွင် ကြယ်ကိုးလုံး ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုကြယ်ကိုးလုံးက ခပ်ဖျော့ဖျော့အလင်းကို ပေးစွမ်းနေ၏။ ဝမ်လင်းသည် ရှေးကလန်မှ လူများနှင့် မကွာခြားပေ။
ကြယ်ကိုးလုံး ပေါ်လာသည်နှင့် ထိုလူနှစ်ယောက်သည် မင်သက်သွားကာ သူတို့၏မျက်လုံး သူငယ်အိမ်များ ကြုံ့သွား၏။ သူတို့က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်သည်။
“နတ်ဘုရားအရှင်ကို နှုတ်ဆက်ပါတယ်။ ကျုပ်တို့က အရှင်လာခဲ့တာ မသိတဲ့အတွက် မလေးမစား ပြုမိခဲ့ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်တို့ကို အပြစ်ပေးပါ…နတ်ဘုရားအရှင်…”
သူတို့က အတော့်ကို တလေးတစားပုံ ပေါက်နေ၏။ စိတ်လှုပ်ရှားမှု အငွေ့အသက်ပင် ရှိနေသည်။
ထိုရုတ်တရက် ပြောင်းလဲမှုက မြို့အပြင်ဘက်ရှိ တခြားငါးယောက်၏ အာရုံကိုပါ စွဲဆောင်သွား၏။ ဝမ်လင်း၏ မျက်ခုံးကြားရှိ ကြယ်ကိုးလုံးကို တွေ့မြင်သည့်အခါ သူတို့သည် ချက်ခြင်းလှမ်းလျှောက်ကာ တလေးတစား လက်နှစ်ဖက်ဆုပ်ကြ၏။
“နတ်ဘုရားအရှင်ကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်းသည် အတန်ငယ် အံ့အားသင့်မိသွားသည်။ သို့သော် သူ၏အမူအရာကမူ ပုံမှန်ပင်။ သူသည် ရှေးကလန်နှင့် ပတ်သတ်၍ များများစားစား နားမလည်ပေ။ သူက ကုန်းမြေတည်ဆောက်ပုံအကြောင်းကိုသာ သိထား၏။ သည်နေရာ၏ ဓလေ့ထုံးတမ်းများကိုမူ မသိနှင့်ထားပေ။
“ငါ ငါ့ရဲ့ ရှေးဟောင်းနတ်ဘုရားကြယ်ကိုးလုံးကို လှစ်ဟဖော်ပြပြီးတဲ့နောက် သူတို့က ငါ့ကို နတ်ဘုရားအရှင်လို့ ခေါ်ဆိုကြတယ်။ ဆိုလိုတာက ရှေးဟောင်းနတ်ဆိုးကြယ်ကိုးလုံး ပိုင်ဆိုင်တဲ့သူဆို နတ်ဆိုးအရှင်၊ ရှေးဟောင်းမိစ္ဆာကြယ်ကိုးလံး ပိုင်ဆိုင်တဲ့သူကိုဆို မိစ္ဆာအရှင်လို့ ခေါ်ကြမလားပဲ…”
“ယဲ့မိုရှိက ရခဲ့တဲ့ ငါ့အမွေအနှစ်က သိပ်မပြည့်စုံခဲ့ဘူး။ ငါ့မှာ သူ့ရဲ့ မှတ်ဉာဏ်များများ မရှိခဲ့ဘူး။ ငါ သိတာက ရှေးကလန်မှာ သူတို့က ဘယ်ကလန်ကနေပဲ ဖြစ်ဖြစ် ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုး၊ ရှေးဟောင်းမိစ္ဆာတွေနဲ့ ဖွဲ့စည်းထားတာပဲ…”
“ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုး၊ ရှေးဟောင်းမိစ္ဆာ ကြယ်ကိုးလုံးစီ ပိုင်ဆိုင်တဲ့သူကို ဘယ်လိုများ ခေါ်ဝေါ်ကြလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းက စဉ်းစားနေ၏။ သူသည် လှိုဏ်ဂူလောက၌ တတိယမြောက်စမ်းသပ်မှု၏ ဒုတိယမြောက်ကပ်ဘေးကို ဖြတ်သန်းခဲ့ချိန်က ရှေးဘိုးဘေး၏ အသိအမှတ်ပြုခံခဲ့ရခြင်း ပြန်စဉ်းစားမိသွားသည်။
နှစ်များစွာ ကုန်လွန်လာခဲ့ပြီး ဝမ်လင်းသည် သူ၏ရှေးခန္ဓာကိုယ်ကို အတင်းအကြပ် ကျင့်ကြံခဲ့သော်လည်း သူသည် ရှေးဟောင်းနတ်ဘုရား၊မိစ္ဆာ၊ နတ်ဆိုး ကြယ်ကိုးလုံးစီထိ အောင်မြင်မှု ရခဲ့ပေသည်။ သို့သော် သူက ၎င်းကို ထုတ်ဖော်ခဲပေသည်။
“သူတို့ရဲ့ အသွင်အပြင်အရ ရှေးကလန်မှာ ကြယ်ကိုးလုံးရှိတဲ့သူ သိပ်မများလောက်ဘူး။ ဒါမှမဟုတ်…ဒါက အစွန်အဖျားနေရာတစ်ခု ဖြစ်နေလို့များလား…”
ဝမ်လင်းက ခပ်ရေးရေး ပြုံး၏။
“ပြဿနာမရှိဘူး။ မင်းတို့မှာ မြေပုံကျောက်စိမ်းပြား ရှိလား…” ဝမ်လင်းသည် သာမကာ လျှံကာ မေးလိုက်၏။
ဗလတောင့်တောင့်လူက မင်သက်သွား၏။ သို့သော် သူက ဘာမျှ ပြန်မမေးပေ။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။ ထိုကျောက်စိမ်းပြားများသည် ကောင်းကင်ဘုံနှင့်ရှေးကလန်တို့၌ အတူတူသာ ဖြစ်၏။ သို့သော် ယင်းတို့ကို ဖွင့်လှစ်ရန် လိုအပ်သော အော်ရာများကမူ ကွဲပြားသည်။
“ဒီကောင်လေးရဲ့ မြေပုံကျောက်စိမ်းပြားက မပြည့်စုံပါဘူး။ အကြမ်းဖျဉ်း မြေပုံပဲ ရှိပါတယ်…”
ဗလတောင့်တောင့်လူက ကျောက်စိမ်းပြားတစ်ခုကို တရိုတသေ ထုတ်ပေးလိုက်၏။ ဝမ်လင်းက ၎င်းကို ယူကာ သူ၏ရှေးစွမ်းအားကို ၎င်းထံ ထည့်သွင်းလိုက်သည်။
ထိုကျောက်စိမ်းပြားသည် အမှန်ပင် ရိုးရှင်းလှ၏။ ၎င်းထံ၌ အနီးအနားနိုင်ငံများ၏ အသေးစိတ်အချက်သာ ပါသည်။ ပိုဝေးသော နေရာဖြစ်လာပါက မြေပုံအညွှန်းသည် ဝိုးတိုးဝါးတား ပိုဖြစ်လာသည်။
သို့သော် ဒီမြေပုံကျောက်စိမ်းပြားကနေ တဆင့် ဝမ်လင်းသည် မြောက်ပိုင်း၏ နိုင်ငံဆယ့်နိုင်ငံကို ရှေးရှီနိုင်ငံက ပိုင်ဆိုင်သည်ကို ခုခါ၌ သိသွားခဲ့သည်။ တောင်ပိုင်းတွင်မူ ဦးတည်ရာ နှစ်ခြမ်းကွဲကာ ရှေးဂျီနှင့်ရှေးတောက်တို့ တည်ရှိပြီး တြိဂံအသွင် တည်ရှိကြသည်။
သည်ကျောက်တုံးနက်မြို့က ရှေးရှီ၏ မူဆုန့်နိုင်ငံ အစွန်းအဖျားမြို့တစ်မြို့ပင်။
ဝမ်လင်းသည် ကျောက်စိမ်းပြားကို ကိုင်ကာ ဖြည်းဖြည်းချင်း ထပ်မေးသည်။ “ဒီမြို့က ဘာကြောင့် ချိပ်ပိတ်တာလဲ ငါ သိချင်တယ်…”
ဗလတောင့်လူနှစ်ယောက်ထဲမှ တစ်ယောက်က ဝမ်လင်း၏ အမေးကို ထိန်ချန်မထားဘဲ တုန့်ပြန်ဖြေဆိုလာ၏။ “နတ်ဘုရားအရှင်ကို တင်ပြပါတယ်။ ကျုပ်တို့က မြို့အရှင်ရှိကနေ ရောက်ရှိလာမယ့် ရှေးတောက်တမန်တော်တွေနဲ့ မင်းသားကျိတုကို ကြိုဆိုဖို့အတွက် မြို့ကို အမွှေးတိုင်တတိုင်ဝက်စာအတွင်း ရှင်းလင်းရမယ်လို့ အမိန့်ရခဲ့လို့ ဖြစ်ပါတယ်…”
“ရှေးတောက်တမန်တော်လား။ ငါ တံခါးပိတ်ကျင့်ကြံတာကနေ ခုမှ ထွက်လာခါစ ဖြစ်တဲ့အတွက် ဒီကိစ္စကို မသိခဲ့ဘူး။ ငါ့ကို အသေးစိတ်ပြောပါ…”
ထိုဗလတောင့်တောင့်လူက ချက်ခြင်း တလေးတစား ပြန်ဖြေလာသည်။
“ဒီကောင်လေးက ရှေးတောက်တမန်တော်တွေနဲ့ ပတ်သတ်ပြီး အသေးစိတ်တော့ မသိပါဘူး။ ဒါပေမဲ့ ပြောကြတာက ရှေးတောက်တော်ဝင်မိသားစုဟာ မိန်းမလှတွေ ရှာဖွေနေတာ နှစ်ပေါင်းရာချီ ရှိနေခဲ့ပြီလို့ ဆိုတယ်။ ရှေးတောက်အင်ပါယာက ကိုယ်လုပ်တော်တစ်ယောက် ရှာဖွေနေတယ်လို့ ဆိုကြပါတယ်…”