မင်းသား
Vol. 149 Ch. 2057
“ဒီကိစ္စက မှန်၊မမှန်တော့ ဒီကောင်လေးလည်း မသိပါဘူး။ ဒါပေမဲ့ မင်းသားက သူတို့နဲ့ အတူရောက်လာမှဆိုတော့ ရှေးအင်ပါယာက သဘောတူခဲ့လို့ပဲ ဖြစ်လိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် မြို့အရှင်က မြို့ကို ချိပ်ပိတ်ဖို့ အမိန့်ပေးမှာ မဟုတ်လောက်ဘူး…”
ဗလတောင့်တောင့်လူက ရှင်းပြလာ၏။
“ကိုယ်လုပ်တော်တစ်ယောက် ရွေးချယ်တာလား…” ဝမ်လင်းသည် အံ့အားသင့်သွားသည်။ သူသည် များများစားစား တွေးမနေပေ။ သူသည် သူ ကာကွယ်ရန် သွားရောက်ရမည့် နေရာ၏ ရှေးတောက်အင်ပါယာသည် ကိုယ်လုပ်တော်တစ်ယောက် ရွေးချယ်ဖို့ တခြားနိုင်ငံနှစ်ခုစီကိုပါ လူများ စေလွှတ်ခဲ့တာနှင့် ပတ်သတ်၍ တွေးလိုက်မိရုံပင်။
“ဒါပေမဲ့လည်း ငါက ဒီမှာ ရှေးတောက်က လူတွေနဲ့ ဆုံနိုင်မှတော့ သူတို့မှာ ရှေးတောက်ရဲ့ နိုင်ငံဆယ့်နိုင်ငံဆီ ဦးတည်တဲ့ အသေးစိတ်မြေပုံ ရှိလိမ့်မယ်။ ဒါက ငါ့အတွက် မြေပုံရှာဖို့ အချိန်တချို့ သက်သာသွားစေမှာပဲ…”
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ထပ်မံ မေးရန် ဟန်ပြင်လိုက်စဉ် သူသည် မြို့ထံသို့ လှမ်းကြည့်သည်။ မြို့ထဲမှ ခြေသံများ ထွက်ပေါ်လာကာ အစိမ်းရောင်ချပ်ဝတ်ဖြင့် တပ်သားတန်းနှစ်တန်းက မြို့ဂိတ်တံခါးဝကနေ အလျင်စလို စီတန်းထွက်လာကြသည်။
ထိုအုပ်စုနှစ်စုတွင် လူတစ်ထောင်နီးပါး ရှိလောက်မည်။ သူတို့က မြို့ထဲကနေ အလျင်အမြန် ထွက်လာကာ သတ်ဖြတ်လိုသောအော်ရာတစ်ခုကို ပေးစွမ်းနေ၏။ တချိန်တည်းမှာ မြို့ထဲမှ လူသုံးယောက် လှမ်းထွက်လာသည်။
သူတို့သုံးယောက်ကြားတွင် ရှေ့ဆုံးမှလူမှာ ဗလတောင့်တောင့်လူကြီးတစ်ယောက် ဖြစ်နေ၏။ သူသည် ဆယ်ပေခန့် မြင့်မားကာ တခြားသူများထက် သိသာစွာ အရပ်ရှည်သည်။ သူက ရွှေရောင်ချပ်ဝတ်နှင့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့ထံမှ ဖိအားကို ပေးစွမ်းနေသည်။
ထိုရွှေရောင်ချပ်ဝတ်၏အနောက်၊ ဘယ်ဘက်တွင် သက်လတ်ပိုင်းလူတစ်ယောက် ပါလာ၏။ သူက ကျင့်ကြံသူတစ်ယောက်ကဲ့သို့ အပြာရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ထံမှ ကောင်းကင်ဘုံဆန်သော အော်ရာတစ်ခုကို ပေးစွမ်းနေသည်။
သူ့ထံမှ ထိုသို့သော အော်ရာကို ပေးစွမ်းနေသော်လည်း သူ့မျက်လုံးတို့ကမူ ရှင်းလင်းစွာပင် နတ်ဆိုးဆန်နေ၏။ သူ၏ဘယ်မျက်လုံးတွင်း၌ ထူးခြားသောမြူတစ်ခု ရစ်သိုင်းနေသည်။
နောက်ဆုံးတစ်ယောက်က ညာဘက်တွင် ရပ်နေ၏။ သူက ဝတ်ရုံနက်ဖြင့် လူငယ်တစ်ယောက်ပင်။ သူသည် အေးစက်စက်သွင်ပြင် ရှိ၏။
သူတို့နှစ်ယောက်သည် ထိုအရပ်မြင့်မြင့်လူကို ခေါင်းဆောင်သဖွယ် ပြုမူကြတာ ထင်ရှားသည်။ သူက တပ်သားတန်းနှစ်ခုကို ဖြတ်ကျော်လာပြီး အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်၏။ သူက တခုခုကို ထောက်လှမ်းမိသွားဟန်တူကာ ဝမ်လင်းထံ လှမ်းကြည့်လာသည်။
သူသည်သာမက သူ့နောက်မှ နှစ်ယောက်သည်လည်း ဝမ်လင်းထံ လှမ်းကြည့်လာ၏။ သူတို့၏အကြည့်က ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ ကြယ်ကိုးလုံးထံ ကျရောက်နေ၏။ သူတို့၏မျက်လုံးတို့မှာ အရောင်လက်သွားကြသည်။
“နတ်ဘုရားမြို့အရှင်၊ နတ်ဆိုးအရှင်၊ မိစ္ဆာအရှင်တို့ကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်းဘေးရှိ သားရေချပ်ဝတ်ဖြင့် လူနှစ်ယောက်နှင့် ဂိတ်တံခါးအပြင်ဘက်ရှိ လူငါးယောက်လုံးသည် ချက်ခြင်း ဒူးထောက်ချလိုက်၏။ သူတို့က အလွန်အမင်း လေးစားသည့်အသွင် ဖြစ်နေသည်။
သို့ပေမည့် ရွှေရောင်ချပ်ဝတ်ဖြင့် ဗလတောင့်တောင့်လူက သူတို့ကို လစ်လျူရှုထား၏။ သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။
“ဒီရောင်းရင်းကလန်ဝင်ကို မသိသလိုပဲ။ ငါဟာ ကျောက်တုံးနက်မြို့ရဲ့ မြို့ရှင်ပါ။ ငါ သိချင်တာက ရောင်းရင်းကလန်ဝင် ဘာများ အကူအညီ လိုအပ်ပါသလဲ…”
ရွှေရောင်ချပ်ဝတ်ဖြင့်လူက ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ကာ ဆိုသည်။
“ငါက ကုန်းရှီပါ…” နတ်ဆိုးဆန်သောမျက်လုံးနှင့် သက်လတ်ပိုင်းလူက ပြုံး၍ ဝမ်လင်းကို လက်နှစ်ဖက်ဆုပ်ကာ ဆိုသည်။
ဝတ်ရုံနက်လူငယ်တစ်ယောက်သာ ဝမ်လင်းကို ကြည့်ရုံသာ ကြည့်နေပြီး ငြိမ်သက်နေ၏။
ဝမ်လင်းက ပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ ပြန်ပြောသည်။ “ငါ့နာမည်က ဝမ်လင်းပါ။ ငါက မင်းသားနဲ့ ရှေးတောက်တမန်တော်တွေ ရောက်လာမယ့်အကြောင်း အမှတ်တမဲ့ ကြားခဲ့ရပါတယ်။ သင် ဆန္ဒရှိရင်တော့ ငါ သူတို့နဲ့ တွေ့မြင်မလို့ပဲ။ သင့်အတွက် အဆင်မပြေရင်တော့ ငါ ထွက်သွားပါမယ်…”
ဝမ်လင်းသည် သူ၏ကျင့်ကြံမှုအဆင့်နှင့် မြင့်မားသောအဆင့်အတန်းကြောင့် မမောက်မာပေ။ ဝမ်လင်း၏ စိတ်နေစရိုက်က အမြဲထိုသို့ပင်။ တဖက်လူများက သူ့ကို လေးစားမှု ပြပါက သူသည်လည်း တန်ပြန်လေးစားမှု ပြပေမည်။
“မိတ်ဆွေက ဒီကို ရောက်လာပြီးမှတော့ ကျုပ်တို့ရဲ့ ဧည့်သည်ပေါ့။ အစ်ကိုဝမ်…ဒီမှာနေပြီး ကျုပ်တို့နဲ့အတူ စောင့်နိုင်ပါတယ်…” ရွှေရောင်ချပ်ဝတ်ဖြင့်လူက ပြုံး၍ဆိုသည်။
တခြားတဖက်ကို ကြည့်ကာ အထူးသဖြင့် ဝမ်လင်းသည် ထိုသူ့ထံမှ ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ခံစားမိချိန်၌ ရင်းနှီးသောခံစားမှုကို ရလိုက်သည်။ သူက ပြုံး၍ ရှေ့သို့လှမ်းကာ သူတို့သုံးယောက်နား ရောက်လာသည်။
“အစ်ကိုဝမ်ကလည်း နတ်ဘုရားအရှင် ဖြစ်နေတာပဲ။ သင်က ဒုတိယစမ်းသပ်မှုကို ဖြတ်သန်းပြီးလောက်ပြီ ထင်တယ်။ သင့်အနေနဲ့ နတ်ဆိုးပေါင်းစည်းခြင်းနဲ့ မိစ္ဆာသန့်စင်ခြင်းအဆင့်ကိုရော ဝင်ရောက်သင့်လောက်ပြီ။ သင့်ရဲ့ တိုးတက်မှုဖြစ်စဉ်က ဘယ်လိုအခြေအနေ ရှိပါသလဲ…”
ထိုဗလတောင့်တောင့်လူက ဝမ်လင်းကို ကြည့်ကာ ပြုံး၍ မေးသည်။
“နတ်ဆိုးပေါင်းစည်းခြင်းနဲ့ မိစ္ဆာသန့်စင်ခြင်းလား…” ဝမ်လင်း၏စိတ်နှလုံးမှာ တုန်ယင်သွား၏။ သို့သော် သူ့အမူအရာကတော့ ပုံမှန်အတိုင်းပင်။ သူက ပြုံး၍ ခေါင်းသာ ယမ်းလိုက်ပြီး စကားပြန်မဆိုပေ။
“ချိတ်ဆက်ခြင်း၊ ပေါင်းစည်းခြင်းနဲ့ သန့်စင်ခြင်းဟာ အတော့်ကို ခက်ခဲတယ်။ ဒါက ဘယ်လိုလုပ် ဒီလောက်လွယ်ပါ့မလဲ…။ သူ့ပုံပန်းသွင်ပြင်အရ သူ့ရှိကနေ နတ်ဆိုး၊ဒါမှမဟုတ် မိစ္ဆာအော်ရာကို ပေးစွမ်းမနေဘူး။ ဒီတော့ လိန်းယွမ် သူ့ကို မေးမနေမနဲ့…အပိုပဲ ဖြစ်လိမ့်မယ်…” အနက်ရောင်ဝတ်စုံဖြင့်လူငယ်က အေးစက်စက် ပြောလာ၏။ သူက ဝမ်လင်းကို အထင်သေးဟန်ဖြင့် လှမ်းကြည့်သည်။
“မုန့်လျှို…” ရွှေရောင်ချပ်ဝတ်ဖြင့်လူက မျက်မှောင်ကြုတ်ကာ ထိုဝတ်ရုံနက်လူငယ်ကို လှမ်းကြည့်သည်။ သူက ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ကာ ခါးသီးဟန်ပြုံးကာ ပြောလာသည်။
“ရောင်းရင်းဝမ်က မုန့်လျှိုဟာ မိစ္ဆာအရှင် ဖြစ်တယ်ဆိုတာကို သိမြင်လိမ့်မယ်လို့ ငါထင်တယ်။ ဒါ့ကြောင့် သူ့စိတ်နေစရိုက်က ဆိုးဝါးပါတယ်။ အစ်ကိုဝမ် စိတ်ထဲ သိပ်မထားဖို့ ငါ မျှော်လင့်ပါတယ်။ ဒီချိတ်ဆက်ခြင်း၊ ပေါင်းစည်းခြင်းနဲ့ သန့်စင်ခြင်းဟာ တကယ်ပဲ ခက်ခဲလွန်းတယ် မဟုတ်လား။ ငါ ကိုယ်တိုင်လည်း ဒီဖြစ်စဉ်တွေမှာ တိုးတက်မှု သိပ်မရှိပါဘူး…” ရွှေရောင်ဝတ်စုံဖြင့်လူက တောင်းပန်စကား ဆိုသည်။
“ပြဿနာ မရှိပါဘူး…” ဝမ်လင်းက ပြုံးလိုက်၏။ သူသည် အမှန်တကယ်ပင် ထိုသို့သော ကိစ္စလေးများကို အရေးစိုက်မနေပေ။
သူတို့က ဆက်၍ စကားစမြည် ပြောနေကြ၏။ ရွှေရောင်ချပ်ဝတ်ဖြင့် ဗလတောင့်တောင့်လူနှင့် ကုန်းရှီဟုသော တစ်ယောက်က ဝမ်လင်း၏ ဇစ်မြစ်ကို ဆုံးဖြတ်နိုင်ဖို့ ကြိုးစားနေ၏။ သို့သော် အဆုံးသပ်၌ သူတို့သည် မည်သည့်အဖြေကိုမျှ မရခဲ့ပေ။
သူတို့သည် တဖြည်းဖြည်း စကားပြောချင်စိတ် ကုန်ခမ်းလာပြီးနောက် ငြိမ်သက်တိတ်ဆိတ်သွားကြသည်။
ထိုတိတ်ဆိတ်မှုက သိပ်မကြာလိုက်ပါ။ ဝမ်လင်းက တခုခုကို သတိပြုမိလိုက်၏။ သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ကုန်းရှီကလည်း ဝမ်လင်း၏အပြုအမူကို မြင်သည့်အခါ သူလည်း အပေါ်သို့ မော့ကြည့်သည်။ သို့သော် သူသည် မည်သည့်အရာကိုမျှ သတိမပြုမိလိုက်ပေ။
သို့သော် သူ့အကြည့်ကို ပြန်ရုတ်မည့် အခိုက်တွင် သူ့မျက်လုံးက ကျဉ်းမြောင်းသွား၏။ ဗလတောင့်တောင့်လူနှင့် ဝတ်ရုံနက်လူငယ်တို့သည် ကောင်းကင်ထက်သို့ လေးစားမှု၊ စိတ်လှုပ်တရှားဖြစ်မှုတို့နှင့် မော့ကြည့်လာ၏။
ထိုအခိုက်တွင် ကောင်းကင်သည် ပြောင်းလဲကာ လှိုင်းဂယက်အလွှာများ ပဲ့တင်ထပ်သည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ လက်သီးတလုံး ပေါ်ထွက်လာပြီး ကောင်းကင်ထံ ထိုးနှက်သည်။
တုန်ဟည်းမြည်သံ ပဲတ့င်ထပ်ကာ ကောင်းကင်သည် ပြိုကျလေတော့ မလား ထင်မှတ်ရပြီး လှိုင်းဂယက်များ ပိုထလာသည်။ အက်ကြောင်းများ ပေါ်လာကာ ကောင်းကင်သည် ပျက်စီးလေတော့မည့်နှယ် ထင်ရသည်။ ဧရာမလက်တဖက်က ကောင်းကင်ကို ဆုတ်ဖြဲကာ အက်ကြောင်းကြီးတစ်ခု ပွင့်ဟလာ၏။
ပေရာထောင်ချီ ကြီးမားသော အစိမ်းရောင်အရိပ်တစ်ခုက ကောင်းကင်ကို ဆုတ်ဖြဲက ခြေလှမ်းထွက်လာ၏။
ထိုအစိမ်းရောင်အရိပ်သည် အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ကြောက်မက်ဖွယ်နတ်ဆိုးအော်ရာကို ပေးစွမ်းနေသည်။ ထိုနတ်ဆိုးအော်ရာက မြူတစ်ခုအဖြစ်သို့ ပြောင်းကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။
ဤသည်မှာ ရှေးနတ်ဆိုးတစ်ခု ဖြစ်၏။ ၎င်း၏မျက်လုံးက နီရဲနေ၏။ ၎င်းသည် ပေါ်လာသည်နှင့် မာန်သွင်းအော်ဟစ်သည်။ ၎င်းသည် အက်ကြောင်းထဲမှ ခြေလှမ်းထွက်ကာ မြေပြင်ထက်သို့ သက်ဆင်းသည်။
၎င်း၏ခြေလှမ်း ကျရောက်လာသည့်အခါ တုန်ခါလှိုင်းတစ်ခုသည် အဘက်ဘက်သို့ ပျံ့နှံ့သည်။
ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးကို ကြည့်နေလျက် သူ့မျက်လုံးက ကျဉ်းမြောင်းသွား၏။
“ဒါ…ဒါကသာမန်ရှေးဟောင်းနတ်ဆိုးမဟုတ်ဘူးပဲ…” ဝမ်လင်းသည် တချက်ကြည့်ရုံဖြင့် ပြသနာကို မြင်သည်။ သူသည် ရှေးဟောင်းနတ်ဆိုးများကို လှိုဏ်ဂူလောက၌ မြင်ဖူး၏။ သို့သော် ရှေးဟောင်းနတ်ဘုရားများကဲ့သို့ပင် သူတို့သည် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်ကို မဖော်ထုတ်ပါက သာမန်လူများကဲ့သို့သာ ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်အစစ်အမှန်ကို ဖော်ထုတ်ပြီးနောက်တွင်မူ သူတို့သည် အသိစိတ်ကို ထိန်းသိမ်းထားနိုင်ကာ ရူးသွပ်မသွားပေ။ ပို၍ အရေးကြီးသည်မှာ သည်နတ်ဆိုးအော်ရာကို ပေးစွမ်းနေသော နတ်ဆိုးသည် အင်ပါယာအတုကျင့်ကြံသူများလောက်ကို အစွမ်းထက်ပေသည်။
ထိုရှေးဟောင်းနတ်ဆိုးက မြေပြင်ထက်သို့ ခြေချလာသည့်အခါ မာန်သွင်းသံ ပြု၏။ ရွှေရောင်ချပ်ဝတ်ဖြင့်လူ၊ နတ်ဆိုးအရှင်၊ ဝတ်ရုံနက်လူငယ်တို့သည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ တလေးတစား ပြောလာသည်။ “မင်းသားကို နှုတ်ဆက်ပါတယ်…”
သူတို့သာမက တပ်သားတစ်ထောင်နီးပါးမှာလည်း အားလုံး ဒူးထောက်ကြ၏။ သူတို့အားလုံးသည် စိတ်လှုပ်တရှား ဖြစ်နေသည်။ မြို့ထဲရှိ လူများသည်ပင် ဒီရှေးဟောင်းနတ်ဆိုးကို တွေ့မြင်သည့်အခါ သူတို့၏ စိတ်နှလုံးများ တုန်ယင်၍ မြေပေါ်သို့ ဒူးထောက်ကုန်သည်။
မြို့တွင်းမြို့ပြင်၌ ဒူးမထောက်သော တစ်ယောက်သောသူမှာ ဝမ်လင်းသာ ရှိသည်။
ရွှေရောင်ချပ်ဝတ်ဖြင့်လူက ဝမ်လင်း မတ်တပ်ရပ်နေသည်ကို ချက်ခြင်း သတိပြုမိသည်။ သူသည် မင်သက်သွားကာ မယုံကြည်နိုင် ဖြစ်သွား၏။ ကုန်းရှီမှာလည်း ထို့အတူပင်။
မင်းသားတစ်ယောက်က ဝမ်လင်းကို ဒူးထောက်ဖို့ မည်သို့ တတ်နိုင်စွမ်းပါ့မည်နည်း။ မဟာအင်ပါယာတစ်ယောက်သည်ပင် ဝမ်လင်းကို ဒူးထောက်အောင် မလုပ်နိုင်ပေ။ ကောင်းကင်ဘုံအင်ပါယာရှေ့တွင်ပင် ဝမ်လင်းသည် လက်နှစ်ဖက်ဆုပ်ကာ လေးစားမှုပြရန်သာ လိုခဲ့သူ မဟုတ်လား။
ဝမ်လင်းသည် မာန်သွင်းဟစ်အော်နေသော ရှေးဟောင်းနတ်ဆိုးကို တည်ငြိမ်စွာ ကြည့်၏။ ၎င်းနတ်ဆိုး၏ဦးခေါင်းပေါ်တွင် လူတစ်ယောက် ရပ်နေ၏။ သူက တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ဆံပင်နက်တို့က လေနှင့်အတူ လွင့်ဝဲနေ၏။ ထိုလူငယ်သည် သာမန်ရုပ်သွင်သာ ရှိသော်လည်း သူ၏ပုံပန်းသွင်ပြင်က တမျိုးတမည် ထူးခြားသည်။
သူ့နောက်တွင် အပြာရောင်ဝတ်ရုံဖြင့် အမျိုးသမီးတစ်ယောက်လည်း ရှိနေ၏။ သူမက နတ်သမီးငယ်အလား။ သူမ၏အကြည့်က ဝမ်လင်းပေါ် ကျရောက်သွားသည့်အခါ အံ့အားသင့်ဟန် ပေါ်သည်။
တော်ဝင်ဝတ်ရုံဖြင့်လူငယ်သည်လည်း မားမားရပ်နေသော ဝမ်လင်းကို မြင်၏။ ကောင်းကင်သည် ထပ်မံ တုန်ဟည်းပြန်၏။ လူငယ်က ခေါင်းမော့ကာ ဝမ်လင်းကို ဆက်၍ ကြည့်မနေတော့ဘဲ ကောင်းကင်ထက်သို့ လှမ်းကြည့်သည်။
နောက်ထပ် အရိပ်ကြီးတစ်ခုက ပွင့်ဟနေသော ကောင်းကင်ထက်ရှိ အက်ကြောင်းထဲမှ ထွက်လာ၏။ ထိုအရိပ်သည် အနည်းငယ် ပိုသေး၏။ ၎င်းလှမ်းထွက်လာသည့်အခါ ဦးဂျိုနှစ်ချောင်း လှစ်ဟပေါ်ကာ ၎င်း၏ခန္ဓာကိုယ်တခုလုံးသည် နက်မှောင်နေသည်။ ၎င်းမှာ ရှေးဟောင်းမိစ္ဆာဖြစ်၏။
ထိုရှေးဟောင်းမိစ္ဆာ၏ မျက်လုံးမှာ နီရဲနေပြီး ရူးသွပ်မှုနှင့်ရန်လိုမှု ပြည့်နေသည်။ ၎င်းက အော်မြည်သံ ပြုသည်။ ၎င်း၏ဦးခေါင်းထက်တွင် လူခုနစ်ယောက် ရှိနေသည်။
ထိုခုနစ်ယောက်တွင် အမျိုးသားငါးယောက်၊ အမျိုးသမီးနှစ်ယောက် ရှိ၏။ သူတို့က လူငယ့်ထံ လက်နှစ်ဖက်ဆုပ်ကာ ရိုသေမှု ပြ၏။ သူတို့က မြေပြင်ထက်သို့ အကြည့် ရောက်သွားသည့်အခါ တဦးတည်းရပ်နေသော ဝမ်လင်းက သူတို့၏အာရုံကို စွဲဆောင်သွားသည်။
“ကျုပ်ရဲ့ ကလန်ဝင်တွေက လေးစားမှု ကင်းမဲ့ခဲ့ပါတယ်။ သင်တို့အားလုံး အရှက်ရစရာ တစ်ခုကို တွေ့မြင်ခဲ့ရတယ်…” ရှေးဟေင်းမိစ္ဆာထက်ရှိ လူခုနစ်ယောက်ကို တော်ဝင်ဝတ်ရုံဖြင့်လူငယ်က ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူသည် ဝမ်လင်းဘေးရှိ ရွှေရောင်ချပ်ဝတ်ဖြင့်လူထံသို့ အကြည့်ရောက်သွားသည်။
“လိန်းယွမ်…သူက မင်းရဲ့ အဖွဲ့ဝင်အသစ်လား…”
“မင်းသားကို တင်ပြပါတယ်။ ဒီလူ့ကို ကျုပ် မသိပါဘူး။ သူက ခုလေးမှ ဒီမှာ ပေါ်လာခဲ့တာပါ။ သူက မင်းသားကို တွေ့ချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီနိမ့်ကျတဲ့သူက သူ့ကို ဒီမှာ နေခိုင်းခဲ့တာ မှားခဲ့ပါတယ်။ ဒီနိမ့်ကျတဲ့သူက ခုချက်ခြင်း သူ့ကို သတ်ပစ်လိုက်ပါ့မယ်…”
ရွှေရောင်ဝတ်ရုံဖြင့် ဗလတောင့်တောင့်လူက ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို လှစ်ဟဖော်၏။
“မလိုဘူး…” မင်းသားက အေးစက်စက် ပြောလိုက်၏။ သူ၏မျက်လုံးက အရောင်တောက်သွားကာ ဝမ်လင်းအပေါ် အကြည့်ရောက်သွားသည်။
“ထူလော…သူ့ကို သတ်လိုက်…” မင်းသားက ထိုသို့ ဆိုသည့်နောက် သူ့အောက်ရှိ ပေရာချီမြင့်မားသော ရှေးဟောင်းနတ်ဆိုးက မာန်သွင်းသံ ပြု၏။ ၎င်း၏ ညာလက်သည်းများကို ဆန့်ထုတ်ကာ ဝမ်လင်းထံ ဆန့်တန်းလိုက်သည်။
၎င်းက ဝမ်လင်းကို ဖမ်းယူကာ ခြေမွပစ်လိုသည်ဟု ထင်ရသည်။ ထိုထက်ရှသော လက်သည်းများက လေဟာနယ်ကို ထက်ပိုင်းဖြတ်သွားသကဲ့သို့ပင်။ ယင်းတို့၌ ကြောက်မက်ဖွယ်နတ်ဆိုးအော်ရာ ပေါ်လာကာ ဝမ်လင်းထံ နီးကပ်လာသည်။