← Chapters

အကြည့်ကို ပိတ်ပင်ကာဆီးသည့် သစ်ရွက်တစ်ရွက်

Vol. 149 Ch. 2059

အကြည့်ကို ပိတ်ပင်ကာဆီးသည့် သစ်ရွက်တစ်ရွက်

Vol. 149 Ch. 2059

ဆောင်းဦးလေသည် အနက်ရောင်မြေပြင်ထုတခွင် တိုက်ခတ်နေ၏။ အစပိုင်း၌ အအေးဓာတ် ရှိနေသော သည်ရာသီက နောက်ပိုင်းတွင် နွေးထွေးလာ၏။ ကျောက်တုံးနက်မြို့အပြင်ဘက်တွင် တောင်တန်းများနှင့်သစ်တောအုပ်များ ရှိနေပြီး လေနှင့်အတူ သစ်ရွက်ခြောက်များက လွင့်နေသည်။

အဝါရောင်သစ်ရွက်ခြောက်တစ်ရွက်က လေနှင့်အတူ ပျံသန်းလာကာ ကျောက်တုံးနက်မြို့အပြင်ဘက်သို့ ကျဆင်းလာပြီး အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် အကြည့်ချင်းဆုံနေသည်ကို ကာဆီးသွားသည်။

ထိုသစ်ရွက်ခြောက် လွင့်သွားစဉ်၌ ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ ထိုအမျိုးသမီးမှာ သာမန်ပင်။ သူမထံ၌ ရှေးဟောင်းနတ်ဆိုး သွေးမျိုးဆက် ပိုင်ဆိုင်ထားသော်ငြားလည်း နတ်ဆိုးဆန်သော အော်ရာကို ပေးစွမ်းမနေပေ။ ထိုအစား သူမထံမှ အဖြူရောင်ကြာပွင့်ကဲ့သို့ သန့်စင်သော အော်ရာကိုသာ ပေးစွမ်းသည်။

ထိုအမျိုးသမီး၏ ညာမျက်လုံးအောက်နား၌ မွေးရာပါ အမှတ်အသား တစ်ခု ရှိနေ၏။ ထိုအမှတ်အသားက သူမ၏ သန့်စင်မှုကို မဖျက်စီးရုံသာမက အပိုထပ်ဆောင်း အလှတရားတစ်ခုလိုပင် ဖြစ်နေသေးသည်။ ထိုအမှတ်အသားဖြင့် သူမက အကြွင်းမဲ့ မလှသော်ငြားလည်း လူတစ်ယောက်ကိုတော့ ရင်ခုန်မိအောင် လုပ်နိုင်နေဆဲသာ။

“စုန့်ကျိက မင်းသားနဲ့ ရှေးတောက်တမန်တော်အရှင်တွေကို နှုတ်ဆက်ပါတယ်…”

သူမ၏မျက်နှာက အနည်းငယ် နီမြန်းနေ၏။ သူမက လူတိုင်းကို အရိုအသေ ပေးလိုက်သည်။

“နင့်မျိုးရိုး နာမည်က စုန့်နော်။ သူမက မင်းသား ပြောတဲ့ တစ်ယောက်မလား…”  ရှေးဟောင်းမိစ္ဆာပေါ်ရှိ အဘိုးအိုသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ သူက ထိုအမျိုးသမီးကို ကြည့်ကာ သူ့အမူအရာသည်  အလေးအနက် ဖြစ်လာသည်။

“ဟုတ်ပါတယ်…သူမရဲ့ မျိုးရိုးနာမည်က စု့န်ပါ…”  မင်းသားက ပြုံး၍ ဆက်ပြော၏။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူမဟာ မဟာအင်ပါယာ၊စုန့်မိသားစုရဲ့ တစိတ်တပိုင်းပဲ။ ဒါပေမဲ့ မဟာအင်ပါယာရဲ့ မိသားစုက ကြီးမားလွန်းတဲ့အတွက် သူမဟာ သွေးဝေးလွန်းတဲ့ မိသားစုအခွဲတစ်ခုကပဲ။ ဒါပေမဲ့ ကျောက်တုံးနက်မြို့မှာတော့ သူမရဲ့ မိသားစုဟာ အစွမ်းထက်တယ်လို့ သတ်မှတ်နိုင်တယ်…”

ရှေးဟောင်းမိစ္ဆာပေါ်ရှိ အဘိုးအိုက ခဏတဖြုတ် စဉ်းစားပြီးနောက် မင်းသားထံ လက်နှစ်ဖက်ဆုပ်ကာ ပြောလာသည်။ “မင်းသားရဲ့ အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ် ဒီအမျိုးသမီးကို ခေါ်သွားပါမယ်။ သူမ ရွေးချယ်မခံရရင်တော့ ကျုပ်တို့ ပြန်ပို့ပေးပါ့မယ်…”

“ကောင်းပြီ။ စုန့်ကျိ…ရှေးတောက်တမန်တော်တွေနောက် လိုက်သွားလိုက်ပါ….”

မင်းသားသည် ထိုကိစ္စကို လုံးဝ အရေးမစိုက်ပေ။ သူက ပြုံး၍ အမိန့်ပေးလိုက်၏။ ထို့နောက် သူက ဝမ်လင်းကို တလေးတစား လှမ်းကြည့်သည်။

စုန့်ကျိအမည်ရ အမျိုးသမီးက သက်ပြင်းချလိုက်မိပုံ ရ၏။ သို့သော် သူမ၏စိတ်နေစရိုက်သည် နူးညံ့လှသည်ဖြစ်ကာ သူမသည် ဒီကိစ္စကို မငြင်းဆန်နိုင်ပေ။ သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ ရှေးဟောင်းမိစ္ဆာထံ လှမ်းလျှောက်လာ၏။

ဝမ်လင်းသည် ထိုအမျိုးသမီး၏ လမ်းကြောင်းတည့်တည့်တွင် ရှိနေ၏။ သူမက သူ့အနီးနားသို့ ရောက်လာသည့်အခါ လေးစားမှု ပြရန် ခေါင်းအနည်းငယ် ငုံ့သွား၏။ ထို့နောက် ဝမ်လင်းကို ပတ်ကျော်ကာ ရှေးဟောင်းမိစ္ဆာထံ လျှောက်သွားတော့၏။

သူမက ရှေးဟောင်းမိစ္ဆာပေါ်သို့ ခြေချကာ အဘိုးအိုဘေးနားသို့ ရောက်လာသည့်အခါ၌ လေတိုက်ခတ်သွားသဖြင့် သူမ၏ဆံနွယ်က မျက်နှာကို ဖုံးသွားသည်။ သို့ပေမည့် ၎င်းက သူမ၏မျက်လုံးထဲရှိ လက်သင့်မခံနိုင်မှုနှင့် အောက်မေ့မှုတို့ကို မဖုံးကွယ်ထားနိုင်ပေ။ သူမက သူမ၏ မွေးရပ်မြေကို ကြည့်လို့နေသည်။

“ငါ ရွေးချယ်မခံရဖို့ မျှော်လင့်ရမှာပဲ။ ငါဟာ လှလည်း မလှဘူး။ ဒါ့ကြောင့် ရွေးချယ် မခံရလောက်ပါဘူး။ ဒေါ်ဒေါ်ချန်နဲ့ ညီမတန်တို့ဟာ ငါ့ကို စောင့်နေကြလိမ့်မယ်…”

ထိုအမျိုးသမီးသည် ခေါင်းငုံ့ကာ သူမ၏ဆံပင်တို့က သူမ၏မျက်လုံးထဲရှိ ရစ်သီနေသောမျက်ရည်စတို့ကို ဖုံးသွားလေသည်။

ရှေးတောက်တမန်တော်များက စုန့်ကျိကို ရရှိပြီးနောက် သူတို့က မင်းသားနှင့်ဝမ်လင်းတို့ထံ လေးစားယဉ်ကျေးမှု ပြရန် လက်နှစ်ဖက်ဆုပ်၏။ ထို့နောက်တွင် ရှေးဟောင်းမိစ္ဆာသည် ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်ကာ မာန်သွင်းလိုက်သည်။ သည့်နောက် ၎င်းသည် ကောင်းကင်ထက်ရှိ ပွင့်ဟနေသော အက်ကြောင်းထဲသို့ ခုန်၍ ဝင်ရောက်သွားတော့သည်။

သည်နေရာမှာ ရှေးတောက်အင်ပါယာမြို့နှင့် ဝေးကွာလွန်းလှပေ၏။ ရှေးဟောင်းမိစ္ဆာဖြင့်ပင် ဌာနေသို့ ပြန်ရောက်ရန် သူတို့အတွက် လပေါင်းများစွာ ကြာလိမ့်မည် ဖြစ်၏။

ရှေးတောက်တမန်တော်များ ထွက်သွားသည့်နောက် ရွှေရောင်ချပ်ဝတ်ဖြင့်ဗလတောင့်တောင့်လူက လူတိုင်းကို မြို့ထဲသို့ ဦးဆောင်ခေါ်သွား၏။ တအောင့်အကြာတွင် မြို့အပြင်တွင် ဝမ်လင်းအပြင် တုန်ယင်နေသော ရှေးဟောင်းမိစ္ဆာ၊ မင်းသားနှင့် မင်းသားနောက်မှ အမျိုးသမီးတို့သုံးယောက်သာ ကျန်ခဲ့တော့သည်။

မင်းသားကျိတုက ပြုံး၍ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။ “စီနီယာရဲ့ အမည်က ဘယ်သူဘယ်ဝါမှန်း ကျုပ်မသိပါဘူး။ စီနီယာ ကျုပ်ကို ပြောပြနိုင်မလား….”

ဝမ်လင်းသည် ထိုမင်းသားကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောသည်။ “ဝမ်လင်း…”

“ဒီတော့ အသင်က စီနီယာဝမ်လင်းပေါ့။ စီနီယာ…ဒါက စကားကောင်းကောင်း ပြောလို့ရတဲ့ နေရာ မဟုတ်ဘူး။ ဂျူနီယာ့မှာ အမှောင်နိုင်ငံထဲမှာ နန်းတော်တစ်ခု ရှိပါတယ်။ စီနီယာ စိတ်မရှိဘူးဆိုရင် ကျုပ်တို့ အဲ့ကိုသွားပြီး အစောပိုင်းတုန်းက အဆင်အခြင်မဲ့ခဲ့တဲ့ အပြုအမူအတွက် စီနီယာ့ကို စိတ်ကျေနပ်အောင် လုပ်ပေးမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး အသေးစိတ် ပြောကြမလား…”

ထိုမင်းသားက အလွန်ရိုသေသည့်ဟန် ပြကာ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၏။

အစောပိုင်းတုန်းက ထိုမင်းသား၏ မထူးခြားနားဟန်နှင့် အခု အလွန်လေးစားနေပုံကို နှိုင်းယှဉ်ကြည့်ကာ ဝမ်လင်း၏ မျက်လုံးသည် မဆိုသလောက် အရောင်လက်သွားသည်။

“အင်ပါယာအာဏာစွမ်းအား။ ဒါက စွမ်းအားရှေ့မှာ အတော့်ကို အားနည်းနေတုန်းလား။ အင်ပါယာမိသားစုဟာ ခုလောက်ထိ အာဏာစက် ပြင်းထန်နေတာဟာ မဟာအင်ပါယာကူးတောက်ကြောင့်လား။ ကူးတောက်သာ မရှိတော့ရင် အင်ပါယာမိသားစုရဲ့ အာဏာဟာ ကောင်းကင်ဘုံကလန်မှာလိုပဲ ဆုံးရှုံးသွားနိုင်လောက်တယ်…”

ဝမ်လင်းသည် ထိုသို့ စဉ်းစားနေပြီးနောက် ခေါင်းညိတ်၏။

မင်းသားကျိတုသည် အတော့်ကို ပျော်ရွှင်သွားပေသည်။ သူသည် ဘေးတဖက်သို့ တရိုတသေ ဖယ်ပေးလိုက်ပြီး ဝမ်လင်းကို ရှေးဟောင်းနတ်ဆိုးအပေါ် အရင်ဆုံး ခြေလှမ်းတက်စေသည်။ မင်းသားဘေးရှိ အမျိုးသမီးက တခုခု ပြောချင်နေ၏။ သို့သော် မင်းသား၏အကြည့်ကြောင့် သူမ၏ စကားများကို ပြန်မြိုသိပ်ထားလိုက်သည်။

ရှေးဟောင်းနတ်ဆိုးသည် ဝမ်လင်းက ၎င်းပေါ်သို့ တက်လာချိန်၌ အတော့်ကို နာခံ၏။ ၎င်း၏မျက်လုံးသည် နီရဲနေဆဲ ဖြစ်သော်လည်း ရူးသွပ်မှု မရှိတော့ပေ။ ၎င်းက ကောင်းကင်ထက်ရှိ အက်ကြောင်းထံ ခုန်တက်ကာ ပျောက်ကွယ်သွားတော့သည်။

၎င်း ပျောက်ကွယ်သွားသည့်နောက် ကောင်းကင်ထက်ရှီ အက်ကြောင်းမှာလည်း ကွယ်ပျောက်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့ပေမည့် ထိုရှေးဟောင်းနတ်ဆိုး ထွက်ခွာသွားချိန်၌ အေးစက်ကာ အာဏာစက်ပါသော အသံက ကျောက်တုံးနက်မြို့၏ မြို့အရှင် လန်းယွမ်၊ ကုန်းရှီနှင့် ဝတ်ရုံနက်လူငယ်တို့၏ နားထဲသို့ ဝင်ရောက်လာ၏။

“မင်းတို့သုံးယောက်…စီနီယာဝမ်လင်း ဒီကို ရောက်လာခဲ့တဲ့ သတင်းကို ဖြန့်ကျက်ခွင့် မပြုဘူး။ တခြားသူတွေ ဒီကိစ္စကို မသိစေနဲ့။ သတင်း ပေါက်ကြားသွားတာနဲ့ မင်းတို့သုံးယောက်လုံးရဲ့ မိသားစုဝင်တွေပါ အမြစ်ဖြုတ်ခံရမယ်…”

ရှေးရှီ၏ အမှောင်နိုင်ငံ။ သည်နိုင်ံမှ တနှစ်ပတ်လုံး မြူများ ဖုံးလွှမ်းနေ၏။

ပြောကြသည်မှာ အမှောင်နိုင်ငံ၏အောက်တွင် မြူအသွင်သက်ရှိတစ်ကောင် ရှိသည် ဟူ၏။ ထိုသက်ရှိကို ရှေးဘိုးဘေးက ဖမ်းဆီးပြီးနောက် သည်နိုင်ငံ ဖြစ်ပေါ်လာစေအောင် ချိပ်ပိတ်ထားခဲ့သည်ဟု ဆိုကြသည်။

မြူအတွင်း၌ မြင်းခွာပုံ တောင်တန်းတစ်ခု ရှိသည်။ ၎င်းတောင်တန်းပေါ်တွင် တည်ရှိသည့် နန်းတော်ကြီးထံမှ ပြင်းထန်အားကောင်းသော ဖိအားကို ပေးစွမ်းနေသည်။

ယင်းနန်းတော်တွင် အစေခံများစွာ၊ အစောင့်အကြပ်များစွာဖြင့် သက်ဝင်လှုပ်ရှားနေသည်။ ယနေ့တွင် နန်းတော်အထက်ရှိ မြူထုက နှစ်ပိုင်းကွဲထွက်ကာ အက်ကြောင်းတစ်ခု ပေါ်လာပြီး ဧရာမရှေးဟောင်းနတ်ဆိုး လှမ်းထွက်လာ၏။

ထိုနတ်ဆိုး ပေါ်လာသည်နှင့် နန်းတော်အတွင်းရှိ လူတိုင်းက သတိပြုမိကြသည်။ အစေခံများ၊ အစောင့်အားလုံးက ဒူးထောက်လိုက်ကြ၏။

“မင်းသား ပြန်လာတာကို ကြိုဆိုပါတယ်…”

သူတို့၏အသံတွင် လေးစားမှုတို့ ပြည့်နေသည်။ မင်းသားကျိတုသည် သူတို့၏အမြင်၌ မြင့်မြတ်လှသော တည်ရှိမှုတစ်ခုပင်။

ထိုဧရာမနတ်ဆိုးက ကွင်းပြင်ပေါ်သို့ သက်ဆင်းလာ၏။ ထိုကွင်းပြင်သည် နတ်ဆိုး ဆင်းသက်နိုင်အောင် ပြင်ဆင်ထားတာ သိသာသည်။ ရှေးဟောင်းနတ်ဆိုးက ခြေကျပြီးသည်နှင့် ဒူးထောက်ကာ ၎င်း၏ဦးခေါင်းကို မြေပေါ်သို့ ထိသည်။

ဝမ်လင်းက တည်ငြိမ်စွာ ဆင်းလာ၏။ သူ၏နောက်တွင် မင်းသားနှင့် တခုခုမှားယွင်းနေသလို ခံစားနေရသော အမျိုးသမီးတို့ လိုက်ပါလာသည်။

ဝမ်လင်း လှမ်းလျှောက်လာသည့်နောက် သူက အမိန့်နာခံလှသော ရှေးဟောင်းနတ်ဆိုးကို ကြည့်ကာ ပြောလိုက်၏။ “ဒီရှေးဟောင်းနတ်ဆိုးက တော်သားပဲ…”

“စီနီယာရဲ့ ချီးကျူးမှုကို ရတာ ဒီရှေးဟောင်းနတ်ဆိုးအတွက် ဂုဏ်ယူစရာပါ။ အဖေက ကျုပ်ကို ဒီနတ်ဆိုးကို ပေးခဲ့တာဟာ ခရီးသွားရာမှာ ကူညီပေးနိုင်ဖို့နဲ့ ကာကွယ်ဖို့အတွက်ပါ။ ဒီရှေးဟောင်းနတ်ဆိုးမျိုးက ရှားပါးတယ်။ သူဟာ အရင်တုန်းက ရှေးရှီရဲ့ စစ်သည်တော်တစ်ယောက်ပဲ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူ့ကြယ်နှစ်ဆယ့်ခုနစ်လုံး ပေါင်းစည်းပြီးတဲ့နောက် သူဟာ ရှေးဘိုးဘေးရဲ့ အသိအမှတ်ပြုခြင်း မခံခဲ့ရဘူး။ ဒါ့ကြောင့် သူဟာ စစ်သည်တော်အဖြစ်ကနေ အဆင့်လျှော့ကျသွားခဲ့ပြီး သူ့အသိစိတ်ဟာလည်း ဆုံးရှုံးသွားခဲ့တယ်…”

မင်းသားက ထိုသို့ ပြောပြီးနောက် သက်ပြင်းချ၏။

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူ၏အကြည့်က ရှေးဟောင်းနတ်ဆိုးထံ ထပ်မံ ကျရောက်သွား၏။ ထို့နောက် သူက လှည့်၍ နန်းတော်ကို ကြည့်လိုက်သည်။

မင်းသားကျိတုက ဝမ်လင်း၏အပြုအမူကို သတိပြုမိ၏။ အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် သူက အံတင်းတင်းကြိတ်ကာ ပြောလာသည်။

“စီနီယာ ဒီရှေးဟောင်းနတ်ဆိုးကို သဘောကျရင် ဂျူနီယာ့အနေနဲ့ ဒါကို ပေးချင်ပါတယ်…”

“အို…”  ဝမ်လင်းက ကျိတုကို ကြည့်လိုက်သည်။

မင်းသား ကျိတုကလည်း ဝမ်လင်းကို ကြည့်၏။ သူ၏အမူအရာက အတော့်ကို အလေးအနက် ဖြစ်နေသည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒါက မင်း ငါ့ကို ပြောခဲ့တဲ့ ငါ စိတ်ကျေနပ်အောင် လုပ်ပေးမယ် ဆိုတာလား…”

“စီနီယာ နားလည်မှု လွဲနေပါပြီ။ ဒီလို ရှေးဟောင်းနတ်ဆိုးလောက်နဲ့ စီနီယာ့ကို ဘယ်လိုလုပ် စိတ်ကျေနပ်အောင် လုပ်ပေးလို့ ရပါ့မလဲ။ စီနီယာ…ကျုပ်တို့ နန်းတော်ရှိ သွားပြီး စကားပြောကြရအောင်…”

မင်းသားက ပြုံး၍ ဝမ်လင်းကို ဦးဆောင်ခေါ်သွားသည်။ သူတို့သုံးယောက်သည် နန်းတော်ထံ လှမ်းလာကြသည်။

နန်းတော်သည် သာယာမြူးဖွယ်ကောင်းလှသော်ငြားလည်း ၎င်းထံမှ လွှမ်းမိုးသော အော်ရာကို ပေးစွမ်းနေပေသည်။ ဝမ်လင်းသည် နန်းဆောင်ထဲသို့ ဝင်လာသည့်အခါ မင်းသားသည် ဝမ်လင်းရှေ့သို့ အမြန် လျှောက်လာပြီး အလွန်လေးနက်သော အမူအရာဖြင့် သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ရုတ်တရက် ဦးညွှတ်လိုက်လေ၏။

“ဂျူနီယာရှေးရှီရဲ့ မင်းသား ကျိတုဟာ ဆံဖြူဩဇာအင်ပါယာကို နှုတ်ဆက်ပါတယ်…”

မင်းသား ထိုသို့ ပြောလိုက်သည့်နောက် သူ့နောက်ရှိ အမျိုးသမီးထံမှ အံ့အားတသင့်အသံ ထွက်ပေါ်လာသည်။ သူမသည် မယုံကြည်နိုင် ဖြစ်နေကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူမသည် သူမအစ်ကိုဖြစ်သူ၏ စကားကြောင့် လုံးဝ တုန်လှုပ်မိသွားသည်။

ဆံဖြူဩဇာအင်ပါယာ။

ရှေးကလန်များသည် ကောင်းကင်ဘုံကလန်များ၏ လှုပ်ရှားမှုကို အမြဲမပြတ် ထောက်လှမ်းနေကြ၏။ အထူးသဖြင့် အစွမ်းထက်ကျင့်ကြံသူများ၏ သတင်းထွက်ပေါ်လာချိန်တွင်ပင်။ သို့ဖြစ်၍ ရှေးကလန်များသည် ဝမ်လင်းအပေါ် အာရုံအထူးစိုက်ကာ သူ့အကြောင်းကို သိရှိအောင် တန်ကြေးကြီးကြီးပေး၍ လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် ကောင်းကင်ဘုံကလန်၏ မဟာအင်ပါယာငါးယောက်ထက်ပင် ဝမ်လင်းကို ပို၍ အာရုံစိုက်ကြသည်။ တကယ်တော့ မဟာအင်ပါယာငါးယောက်သည် သိရှိထားနှင့်ပြီးသား ဖြစ်ကာ သူတို့သည် ဩဇာအင်ပါယာတစ်ယောက်နှင့် ပတ်သတ်၍မူ သိထားတာ အနည်းအကျဉ်းမျှသာ ရှိပေသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် အံ့အားသင့်ဟန် အရိပ်အမြွက် ဖြစ်ပေါ်သည်။ မင်းသား ကျိတုထံ သူ့အကြည့်ကလည်း တဖြည်းဖြည်း အေးစက်လာ၏။

“ဂျူနီယာက စီနီယာ့ကို စမ်းသပ်တာ မဟုတ်ပါဘူး။ စီနီယာ ကျောက်တုံးနက်မြို့မှာ ပေါ်လာခဲ့တယ်။ အဲ့နေရာဟာ ကျုပ်တို့နဲ့ ကောင်းကင်ဘုံကလန်နဲ့ကြား ပိုင်းခြားပေးတဲ့ ပင်လယ်နဲ့ နီးတဲ့နေရာ ဖြစ်နေတယ်။ ပြီးတော့ စီနီယာစီမှာ အကြည့်တချက်နဲ့ ရှေးဟောင်းနတ်ဆိုးကို ကြောက်လန့်သွားစေတဲ့ စွမ်းအားလည်း ပိုင်ဆိုင်ထားတယ်။ ပြီးတော့ စီနီယာက ကျုပ်တို့ကို စီနီယာ့ရဲ့ နာမည်ကို ပြောပြခဲ့ပြီး စီနီယာ့ရဲ့ အဆင့်အတန်းပုံရိပ်ကိုလည်း ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘူးလေ…”

“ဒါ့အပြင် ဂျူနီယာ့မှာ ကောင်းကင်ဘုံကလန်ရဲ့ အစွမ်းထက်တဲ့သူတွေရဲ့ ရုပ်ပုံပန်းချီကား တေ်ာတော်များများ ရှိထားပါတယ်။ ဒါပေမဲ့ အင်ပါယာမိသားစုသုံးစုကသာ ဒီပုံတွေကို ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် အပြင်လူတွေက စီနီယာ့ကို သိရှိကြလိမ့်မှာ မဟုတ်ဘူး…”

ဝမ်လင်း၏ အေးစက်စက်အကြည့်ကြောင့် မင်းသားသည် ချွေးပြန်လာသည်။ သို့သော် သူက အံတင်းတင်းကြိတ်ကာ ငြိမ်သက်နေဆဲ ဖြစ်၏။ သူသည် ကျောက်စိမ်းပြားကို ထုတ်ကာ ဝမ်လင်းထံ တရိုတသေ ကမ်းလှမ်းလိုက်သည်။

ဝမ်လင်းသည် ၎င်းကို ယူ၏။ သူ၏နတ်ဘုရားအာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်လိုက်ရာ သူသည် မဟာအင်ပါယာငါးပါးနှင့် ဩဇာအင်ပါယာများ၏ ရုပ်ပုံများကို ချက်ခြင်း တွေ့မြင်သည်။ ထို့အပြင် အင်ပါယာအတု တော်တော်များများလည်း ပါဝင်နေသေးသည်။

သို့ပေမည့် သူ၏ပုံတုပန်းချီနှင့် မဟာအင်ပါယာငါးယောက်၏ ပန်းချီများကသာ ရွှေရောင်တောက်ပမှုကို ပေးစွမ်းနေ၏။ ကျန်သည့်ပန်းချီများသည် သာမန်သာဖြစ်သည်။

All Chapters