← Chapters

အမွှေးတိုင်အိုးကို ဦးညွှတ်ခြင်း

Vol. 149 Ch. 2061

အမွှေးတိုင်အိုးကို ဦးညွှတ်ခြင်း

Vol. 149 Ch. 2061

ရှေးကလန်၏ ရှေးတောက်သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အနောက်တောင်ဘက်တွင် တည်ရှိပေသည်။ နိုင်ငံဆယ့်နိုင်ငံသည် ရှေးကလန်၏ ကုန်းမြေများနှင့် ယှဉ်၍ရကာ အနည်းငယ်ပင် ပိုကြီးမားသေးသည်။

လူတစ်ယောက်သည် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းအစွမ်းကို မပိုင်ဆိုင်ဘဲ ပျံသန်းခြင်းတွင်သာ မှီခိုပါက သည်အကွာအဝေးကို ဖြတ်သန်းဖို့ နှစ်များစွာ ကြာပေလိမ့်မည်။ သို့သော် ရှေးကလန်၌ ဧရာမရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာများ ရှိနေကြတာ ဖြစ်၏။ သည်တည်ရှိမှုများက ကောင်းကင်ကို ဖွင့်ဟနိုင်ပြီး ခရီးသွားလာခြင်းအချိန်ကို အများကြီး လျှော့ချနိုင်ကြသည်။

ရှေးတောက်တမန်တော်များသည် ရှေးရှီကနေ ရှေးတောက်အင်ပါယာမြို့သို့ ပြန်ရောက်ရန် လအနည်းငယ်သာ လိုသည်။

ရှေးတောက်အင်ပါယာမြို့သည် လေထဲတွင် တည်ရှိသည့် မြို့ကြီးတစ်မြို့ဖြစ်သည်။ အဝေးမှ ကြည့်ပါက သည်မြို့ကောင်းကင်သည် အံ့ချီးဖွယ် ကောင်းပုံ ပေါ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကြားတွင် လွင့်မြောလျက် အားကောင်းသော ဖိအားကို ပေးစွမ်းသည်။

သည်မြို့ပတ်လည်တွင် မရေမတွက်နိုင်သော ကျောက်တုံးများ လွင့်မြောနေ၏။ သည်ကျောက်တုံးများက အရွယ်အစား ကွဲပြားကာ ကောင်းကင်မြို့ကို ဗဟိုပြုကာ တဖြည်းဖြည်း လှည့်ပတ်နေသည်။

ရှေးတောက်တမန်တော်များ ပြန်ရောက်လာပြီးနောက် တလအကြာတွင် ဝမ်လင်းသည် မြေပုံကို အသုံးပြုကာ ရှေးကလန်၏ ကျယ်ပြောသော ကုန်းမြေထုကို ဖြတ်ကျော်ကာ သည်မြို့သို့ ရောက်လာသည်။

သူသည် အချိန်အကြာကြီး ကောင်းကင်ရှိ မြို့ကို ကြည့်နေမိသည်။

သည်မြို့သည် ကောင်းကင်ဘုံကလန်၏ ရှေးဘိုးဘေးမြို့လောက် မခန်းနားမကြီးကျယ်သော်လည်း ထူးခြားကြီးမားသော မြို့တစ်မြို့ ဖြစ်နေဆဲသာ။ မြို့ဗဟိုချက်တွင် လူတစ်ယောက်၏ ကြီးမားသော ရုပ်တုတစ်ခု ရှိသည်။ သူက ကောင်းကင်ထက်သို့ အထင်သေးဟန်ဖြင့် ကြည့်ရှုနေ၏။ ဝမ်လင်းသည်ပင် အဝေးကနေ ထိုအထင်အမြင်သေးမှုကို ခံစားမိနိုင်သည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ရှေးဘိုးဘေး…”

ကောင်းကင်မြို့အပြင်ဘက်တွင် မြောလွင့်နေသော ကျောက်တုံးများက အစွမ်းထက်အကာအကွာအစီအရင်ကို ပုံဖော်ထားသည်။ မြို့ထဲသို့ ဝင််ရောက်လိုသူတိုင်းမှာ အသိအမှတ်ပြုကျောက်စိမ်းပြား ရှိဖို့ လိုသည်။ သို့မဟုတ်ပါက သူတို့သည် မြို့ထဲသို့ ခြေလှမ်းတဝက်ပင် လှမ်းဝင်နိုင်မည် မဟုတ်ပါ။

ဤသည်မှာ ရှေးတောက်အင်ပါယာအာဏာစက်၏ အထွတ်အထိပ် ဖြစ်၏။ ဤနေရာမှာ ရှေးတောက်အင်ပါယာ ရှိနေသော နေရာပင်။

ကောင်းကင်မြို့၏ အရှေ့ဘက်ပိုင်းတွင် အင်ပါယာနန်းတော်ကို ဖြစ်ပေါ်စေသည့် ကြီးမားထည်ဝါသော နန်းတော်ဆောင်များစွာဖြင့် ဖွဲ့စည်းထားသည်။ သည်နေရာတွင် အစောင့်အကြပ်များ၊ အတားအဆီးများဖြင့် ပြည့်နေသည်။ ထိုနေရာတွင် လူများကို ကြည့်မိပါက ဖိနှိပ်ခြင်းခံစားမှုကို ပေးစွမ်းသော ခရမ်းရောင်မြူလွှာခပ်ပါးပါးလည်း ရှိသည်။

ဝမ်လင်း၏အမြင်တွင် ထိုနန်းတော် ပတ်လည်ရှိ ခရမ်းရောင်မြူသည် ဝိုးတဝါးပုံရိပ်တစ်ခုကို သိပ်သည်းဖွဲ့စည်းနေသလို ရှိသည်။ ထိုပုံရိပ်က ကြီးမားလှကာ ကောင်းကင်ကို ထောက်ပိုးထားသည့်နှယ်။ ၎င်းပုံရိပ်ကို မည်သူမည်ဝါမှန်း မြင်ရဖို့မှာ မဖြစ်နိုင်ပေ။ ၎င်း၏ဦးခေါင်းထက်ရှိ သရဖူကသာ ထင်ရှားသိသာသည်။

ထိုပုံရိပ်သည် သန့်စင်သော ရှေးကလန်အော်ရာကို ပေးစွမ်းနေသည်။

ရှေးတောက်အင်ပါယာမြို့သည် ရှေးဘိုးဘေးမြို့လောက် မကြီးမားပေ။ ၎င်း၏နန်းတော်မှာလည်း အလားတူသာ။ သို့ပေမည့် အစောင့်အကြပ်များစွာနှင့် ဖိနှိပ်ခြင်းကမူ ကောင်းကင်ဘုံအင်ပါယာ၏ နန်းတော်ထက် အဆများစွာ သာလွန်သည်။

မရေမတွက်နိုင်သော အစောင့်အကြပ်များသည် နန်းတော် အတွင်း၊အပြင်တွင် ရှိနေသည်။ နန်းတော်ထဲရှိ အစေခံများသည်ပင် သင့်တင့်သည့် ကျင့်ကြံခြင်းအဆင့်များ ရှိကြသည်။

ဝမ်လင်းသည် နေရာတွင် အချိန်အတန်ကြာ ရပ်နေ၏။ ထို့နောက် သူ့အကြည့်ကို ပြန်ရုတ်သည်။ သူသည် မနှေးလွန်း၊မမြန်လွန်းသောနှုန်းဖြင့် ခြေလှမ်းလိုက်၏။ သို့ပေမည့် သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ သူသည် အခိုးအငွေ့တန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ကောင်းကင်မြို့ထဲ လွင့်မြောသွားသည်။

ကောင်းကင်မြို့ ပတ်လည်ရှိ အကာအကွယ် အလွှာများသည် သာမန်လူများအဖို့ ဝင်ရောက်ရန် အင်မတန်ခက်ပေမည်။ သန်မာသူများအတွက်ပင် မျက်မှောင်ကြုတ်မိသွားစေနိုင်ကာ ဟန့်တားခံရနိုင်သည်။ သူတို့သည် ကောင်းကင်မြို့၏ ဥပဒေများကို လိုက်နိုင်ရလိမ့်မည် ဖြစ်ပြီး ဝင်ရောက်ဖို့ အသိအမှတ်ပြုကျောက်စိမ်းပြားများကို အသုံးပြုရပေလိမ့်မည်။

ရှေးတောက်မှ လူများ၏ အမြင်တွင် လူကိုးယောက်ကသာ ကောင်းကင်မြို့ပတ်လည်ရှိ အကာအကွယ်ကို လစ်လျူရှုနိုင်သည် ဟူ၏။

ထိုကိုးယောက်မှာ မဟာအင်ပါယာများပင်။

ထိုကိုးယောက်ကသာ ရှေးတောက်အင်ပါယာမြို့ထဲသို့ တည်ငြိမ်စွာ ခြေလှမ်းဝင်နိုင်ကြလိမ့်မည်။

သို့သော် ခုခါ၌ နောက်တစ်ယောက် ရှိလာခဲ့လေပြီ။ အတားအဆီးအလွှာများက အခိုးငွေ့အသွင် ပြောင်းထားသော ဝမ်လင်းကို မဟန့်တားနိုင်ပေ။ သူ့ကို ရှေးတောက်အင်ပါယာမြို့၏ လမ်းမထက်တွင် ပေါ်လာခွင့် ပြုရသည်သာ။

အင်ပါယာမြို့တွင် ရှေးတောက်ကလန်ဝင်များစွာ ရှိသဖြင့် သည်နေရာမှာ သက်ဝင်လှုပ်ရှားနေသည်။

ဝမ်လင်းသည် နေရာတွင်ရပ်ကာ ဒီနေရာကို ကြည့်၏။ သူသည် ရှေးတောက်အမျိုးသား၊အမျိုးသမီးများကို ကြည့်သည်။ သို့သော် တချို့အကြောင်းရင်းများကြောင့် သူသည် ရှေးကလန်သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့ချိန်တုန်းကလို သည်နေရာမှာ သူနှင့် သက်ဆိုင်သည်ဟူသော ခံစားချက်ကို အာရုံမရခဲ့ပေ။

“ဆရာ…ငါ ရောက်လာတာကို သိလောက်တယ်…”  ဝမ်လင်းသည် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ဖို့ မလိုဘဲ သည်မြို့၏ တောင်ဘက်အဆုံးရှိ တောင်တလုံးကို ခံစားမိရသည်။ တိမ်စိုင်များက သည်တောင်ကို ဖုံးလွှမ်းနေလျက် မဟာအင်ပါယာတစ်ပါး၏ အော်ရာကို ပေးစွမ်းနေသည်။

သူသည် ထိုအော်ရာထဲရှိ နူးညံ့ညင်သာမှုကိုလည်း ခံစားမိနိုင်သည်။ သူသည် ခပ်ရေးရေးပြုံးကာ တောင်ဘက်သို့ လျှောက်လာလေ၏။

သည်မြို့၏ တောင်ဘက်ပိုင်းရှိ ၎င်းတောင်သည် မိုးထိထိုးနေ၏။

လတ်ဆတ်သော အငွေ့အသက်တို့လည်း ပျံ့နှံ့နေ၏။ သည်နေရာတွင် အသက်ရှုရှိုက်ခြင်းက လူတစ်ယောက်ကို ပို၍ စိတ်အားတက်ကြွမှုကိုပါ ဖြစ်စေနိုင်မည်။

ရှေးတောက်မှ လူများစွာသည် တောင်ထိပ်ဖျားရှိ ဘုံကျောင်းထံ လှမ်းတက်လာကြ၏။ ရှေးတောက်ရှိ လူတိုင်းက သည်ဘုံကျောင်းကို သိပေသည်။

ဤသည်မှာ ရှေးတောက်ဘုံကျောင်းပင်။ ယင်းသည် ရှေးတောက်၏ တစ်ဦးတည်းသော မဟာအင်ပါယာ ရွှမ်လောနေထိုင်သော နေရာပင်။

ရှေးတောက်ဘုံကျောင်းသည် ရှေးတောက်ဝင်တိုင်းအတွက် တံခါးဖွင့်ထား၏။ ဘုံကျောင်းသို့ လာရောက်သူတိုင်းသည် သူတို့၏ ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်နိုင်ဖို့ အကူအညီဖြစ်စေရန် အတွက် လာရောက်ကြခြင်းပင်။ သို့သော် သူတို့က မဟာအင်ပါယာရွှမ်လောကို မြင်ရခဲသည်။ ရွှမ်လော၏ နောက်လိုက် အစွမ်းထက်ရှေးတောက်ကိုးယောက်ကသာ သူတို့ကို လမ်းညွှန်ပြကြ၏။

မည်သည့်အချိန်တွင်ဖြစ်စေ ထိုကိုးယောက်ထဲမှ တစ်ယောက်သည် သူတို့၏ ကလန်ဝင်များကို ဉာဏ်အလင်းပြဖို့ ဘုံကျောင်း၌ အမြဲတမ်းအားဖြင့် ရှိပေသည်။

သည်ဘုံကျောင်းအပြင်ဘက်တွင် အမွှေးတိုင်ထွန်းသော အိုးကြီးတစ်ခု ရှိ၏။ ၎င်းမှာ လူဆယ်ယောက် သိုင်းဖတ်လောက်ရသည့်အထိကို ကြီးမားသည်။ ၎င်းအတွင်း၌ မီးခိုးဖြူရောင်သဲများ ရှိကာ အမွှေးတိုင်ကြီးကိုးတိုင်ကို သည်အိုးထဲ၌ စိုက်ထွန်းထားသည်။ အခိုးအငွေ့တို့က ကောင်းကင်ထက်တွင် လွင့်မြောတက်နေသည်။

ဉာဏ်အလင်းရဖို့ ရောက်လာကြသော ရှေးတောက်သားတိုင်းသည် ၎င်းအိုးကြီးရှေ့တွင် ဦးညွှတ်အရိုအသေ ပြုကြရ၏။ သည်အမွှေးတိုင်အိုးသည် အတော်လေး ထူးခြားသည်။ လူများ ပို၍ ဦးညွှတ်လေလေ အခိုးအငွေ့တို့က ပို၍ ထူလာလေပင်။ အမွှေးတိုင်းကိုးတိုင်သည် လုံးဝ လောင်ကျွမ်းမသွားသည်ဟု ထင်ရပြီး ရှေးအချိန်တည်းက တောက်လောင်နေသလား မှတ်ရသည်။

ဝမ်လင်းသည် လှေကားထစ်များအတိုင်း တက်လာရင်း သည်တောင်နှင့် ကောင်းကင်ထက်သို့ မြင့်တက်နေသော အခိုးအငွေ့များကို ကြည့်သည်။ သူသည် တလှမ်းချင်းတက်လာပြီး အဆုံးတွင် တောင်ထိပ်သို့ ရောက်လာ၏။ သူက အမွှေးတိုင်အိုးကြီးကို တွေ့မြင်လိုက်သည်။ တောင်ပေါ်သို့ ရောက်လာသော ရှေးတောက်သားအချို့ ရှိပြီး သူတို့က ရှေးတောက်ဘုံကျောင်းထံ တလေးတစား လျှောက်သွားကြသည်။

သူတို့သည် အမွှေးတိုင်ကိုးတိုင်ကို ပူဇော်သမှု ပြီးမြောက်ပြီးနောက် အခိုးအငွေ့တို့က တိုးပွားလာသလို ထင်ရသည်။ သို့သော် ဤသည်က သိပ်တော့ မသိသာပေ။ အာရုံမစိုက်ပါက လူတစ်ယောက်အဖို့ သတိပြုမိရန် ခက်ပေမည်။

ဝမ်လင်းသည် ၎င်းအမွှေးတိုင်အိုးကို ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ၎င်းထံ တဖြည်းဖြည်းလှမ်းလာသည်။ သူ အမွှေးတိုင်အိုးနားသို့ ရောက်လာသည့်အခါ သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ၎င်းကို အရိုအသေး ပေးလိုက်သည်။

ထိုအရိုအသေပေးခြင်းက အမွှေးတိုင်ကိုးတိုင် သို့မဟုတ် အမွှေးတိုင်အိုးတို့ကို ပေးခြင်း မဟုတ်။ သူ၏ဆရာ ရွှမ်လောကိုသာ အရိုအသေပေးခြင်းပင်။

သူသည် ရှေးတောက်သို့ လာရောက်ဖို့ ရွေးချယ်မှတော့ သူ၏ဆရာနောက်သို့ လိုက်လာဖို့ ရွေးချယ်မှတော့ အတိတ်တုန်းက သူ၏ ကျိန်ဆိုမှုကို ဖြည့်ဆည်းဖို့ ရွေးချယ်မှတော့ ဝမ်လင်းသည် ထိုအရိုအသေပေးခြင်းကို စိတ်လိုလက်ရ ပြုမူခြင်း ဖြစ်တော့သည်။ သူသည် နှစ်ပေါင်းထောင်ချီ ဟိုဒီသွားလာ လေလွင့်နေခဲ့သူ ဖြစ်သည်။ အခု သူသည် ဒီနေရာတွင် ငြိမ်းငြိမ်းချမ်းချမ်း နေချင်မိနေသည်။

ရှေးတောက်ကို စောင့်ကြပ်ပေးခြင်း။ သူ၏ဆရာ ပြန်လည်မွေးဖွားခြင်းကို စောင့်ကြပ်ပေးခြင်း။

သည့်အတွက်ကြောင့်လည်း ဝမ်လင်းသည် ဒီနေရာရှိ ဓလေ့ထုံးတမ်းကို လိုက်နာကာ အမွှေးတိုင်အိုးကြီးကို အရိုအသေ ပြုလိုက်တာ ဖြစ်၏။ သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်ကာ အရိုအသေ ပေးလိုက်ချိန်တွင် အမွှေးတိုင်သည် လောင်ကျွမ်းတုန်ဟည်းကာ အရူးအမူး စတင်လောင်ကျွမ်းလာသည်ဟု ထင်ရလေတော့သည်။ အစိမ်းရောင်အခိုးအငွေ့များသည် ချက်ခြင်း ဆယ်စ၊ အဆတစ်ရာ၊ အဆတစ်ထောင် သို့တည်းမဟုတ် အဆတစ်သောင်းလောက်ထိ ပိုမိ သိပ်သည်းများပြားလာသည်။

ထိုသိသာသော ပြောင်းလဲမှုက ဦးညွှတ်ပြီးခါစ၊ ရှေးတောက်ဘုံကျောင်းထံ ခြေလှမ်းနေ‌သော လူအချို့ကို ရပ်တန့်သွားစေ၏။ သူတို့က လှည့်ကြည့်ကာ ထိတ်လန့်ဟန် လှစ်ဟပေါ်သည်။

ဝမ်လင်း၏နောက်မှ ရှေးတောက်သားအချို့မှာလည်း ရပ်တန့်သွားကာ မယုံကြည်နိုင် လှစ်ဟပေါ်သည်။

အမွှေးတိုင်အိုးမှာလည်း တုန်ဟိန်းလာ၏။ အခိုးအငွေ့များသည် ကောင်းကင်ထက်သို့ ပိုမြင့်တက်လာသည်။ အခိုးအငွေ့များက အရင်ထက် သိသာစွာ အပေါ်ထိ မြင့်တက်လာချေ၏။

ထိုအခိုးအငွေ့များသည် ကောင်းကင်ထက်သို့ မြင့်တက်ကာ အတော့်ကို အားကောင်းသည်။ တောင်ပေါ်ရှိ လူတိုင်း၊ မြို့၏ တောင်ဘက်ခြမ်းရှိ လူတိုင်း၊ ပိုဝေးသော နေရာရှိ လူတိုင်းသည်လည်း ထိုအခိုးအငွေ့များကို ရှင်းလင်းစွာ တွေ့မြင်ကြရတော့သည်။

ထိုအစိမ်းရောင်အခိုးအငွေ့များသည် သည်တောင်မှာ လောင်ကျွမ်း၍ ကောင်းကင်ထက်သို့ တဟုန်ထိုး ထိုးတက်လာသလား ထင်မှားရသည်။ ၎င်းသည် ကောင်းကင်ထက်တွင် မှိုပွင့်အသွင် ဖွဲ့စည်ကာ အဘက်ဘက်သို့ ပျံ့လွင့်သည်။

အရှေ့ပိုင်းရှိ အင်ပါယာနန်းတော်သည်ပင် ၎င်းအခိုးအငွေ့တို့ကို ရှင်းလင်းစွာ တွေ့မြင်ရတော့သည်။

ရှေးတောက်ဘုံကျောင်း၏ အပြင်ဘက်ရှိ ရှေးတောက်သားအားလုံးသည် မင်သက်ကုန်ကာ သူတို့၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်ကုန်သည်။ သူတို့သည်သာမက ကောင်းကင်ထဲရှိ မြို့ထဲရှိ လူတိုင်းသည်လည်း တုန်လှုပ်ကုန်သည်။

ထိုအခိုက်တွင် ဝမ်လင်းသည် ဦးညွှတ်တာ တဝက်သာ ရှိသေး၏။ သူ၏ဦးညွှတ်မှုကို  အဆုံးမသပ်ရသေးပေ။

တချိန်တည်းမှာ ရှေးတောက်အင်ပါယာနန်းတော်တွင် တော်ဝင်ဝတ်ရုံဖြင့် အမျိုးသားတစ်ယောက်သည် အမြင့်မားဆုံးနန်းတောင်များထဲမှ တစ်ခုတွင် ရပ်နေ၏။ သူသည် ကောင်းကင်ထက်ရှိ အခိုးအငွေ့တို့ကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

သူ၏နောက်တွင် အဘိုးအိုတစ်ယောက် ရှိနေ၏။ ထိုအဘိုးအိုက တရိုတသေ ပြောလာသည်။ “ဘုရင်မင်းမြတ်…ဒီတစ်ခေါက် အမျိုးသမီး စုစုပေါင်း သုံးဆယ့်တစ်ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့အားလုံးကို ဟိုစိတ်ဝိညာဉ်နဲ့ ပေါင်းစည်းဖို့ စီစဉ်နေရာချထားပြီးပါပြီ…”

သို့ပေမည့် သူ စကားပြော၍ မပြီးခင်မှာပင် အကွာအဝေးတစ်ခုရှိ ရုန်းကြွနေသော အစိမ်းရောင်အခိုးငွေ့တို့ကြောင့် တုန်လှုပ်သွားသည်။

“ရှေးတောက်ဘုံကျောင်းမှ ရှိတဲ့ အမွှေးတိုင်အိုးကို ဒီလောက် အခိုးအငွေ့တွေ ထုတ်လွှတ်စေတာ။ အဲ့တာ ဘယ်သူလဲ သွားစစ်ဆေးလိုက်…”

တော်ဝင်ဝတ်ရုံဖြင့်လူက မျက်မှောင်ကြုတ်ကာ ပြော၏။ သို့သော် သူ စကားမဆုံးခင်မှာပင် သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ၏မျက်လုံးထံမှ ကြောက်မက်ဖွယ်အလင်းတစ်ခု လှစ်ဟပေါ်သည်။

သူ့နောက်မှ အဘိုးအိုသည်လည်း ပင့်သက်ရှိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ်ပင် အလိုလို ဆုတ်မိသွားသည်။ အခု သူ တွေ့မြင်လိုက်ရသည့်အရာက အစောလေးကထက် များစွာ ပိုတုန်လှုပ်မိစေသည်။ သူ့စိတ်ထဲ၌ လွန်စွာထိတ်လန့်မှုပင် ပေါ်လာသည်။

ရုန်းကြွနေသော အစိမ်းရောင်အခိုးငွေ့တို့မှာ အမှန်တကယ် ကွေးညွှတ်ကာ စက်ဝန်းအသွန် ဖြစ်ပေါ်လာ၏။ ၎င်းသည် ဦးညွှတ်မှု၏ စွမ်းအားကို တောင့်မခံနိုင်တော့သည့်အလား။ ၎င်းအခိုးအငွေ့သည် စတင် လွင့်ပြယ်လာကာ ပျက်စီးလေတော့မလို ထင်ရသည်။

ထိုမြင်ကွင်းသည် အလွန်တုန်လှုပ်ချောက်ခြားဖွယ်ပင်။ သည်မြင်ကွင်းကို တွေ့မြင်သော ရှေးတောက်အင်ပါယာမြို့ထဲရှိ လူတိုင်းသည် အလန့်တကြား ဟစ်အော်မိကုန်၏။

ဤသည်မှာ သူတို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။ သူတို့သည် ရှေးတောက်ဘုံကျောင်းရှေ့ ဦးညွှတ်မှုကြောင့် အစိမ်းရောင်အခိုးအငွေ့များ ပျက်စီးလုမတတ် ဖြစ်လိမ့်မည်ဟု လုံးဝ မတွေးထင်မိခဲ့ကြပေ။ သည့်အပြင် ယင်းအခိုးအငွေ့တို့က လူတစ်ယောက်ကို ဦးညွှတ်နေကြတာ သိသာနေသည်။

ရှေးတောက်ဘုံကျောင်းရှေ့တွင် ဝမ်လင်းသည် သူ၏ဦးညွှတ်မှုကို ရှေ့မဆက်ပေ။ အကြောင်းမှာ သူက အစိမ်းရောင်အခိုးငွေ့တို့က သူ၏ဦးညွှတ်မှုကို တောင့်မခံနိုင်သည်ကို မြင်သောကြောင့်ပင်။ သူသာ ဆက်၍ ဦးညွှတ်ပါက ယင်းသည် ပျက်စီးသွားချေလိမ့်မည်။

“ဝမ်လင်း…ဦးညွှတ်ဖို့ မလိုဘူး။ တောင်အနောက်ဘက်ကို လာခဲ့ပါ…”

ရင်းနှီးသောအသံတစ်သံ ဝမ်လင်းနားထဲသို့ တိုးဝင်လာ၏။ ထိုအသံတွင် နူးညံ့မှု ပါကာ ကြင်နာမှုတို့ ပြည့်နေသည်။

ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို ပြန်ဆန့်လိုက်၏။ ထိုအခါကျမှ အစိမ်းရောင်အခိုးအငွေ့တို့ ကွေးညွှတ်ခြင်းသည် ရပ်တန့်သွားတော့သည်။ ဝမ်လင်းသည် အမွှေးတိုင်အိုးကို ကျော်ကာ လျှောက်လာတော့သည်။ ရုန်းကန်ကြွနေသော အစိမ်းရောင်အခိုးငွေ့တို့မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြလေ၏။

All Chapters