ဖခင်တစ်ယောက်ကဲ့သို့ ဆရာ
Vol. 149 Ch. 2063
သူ ထိုသို့ ပြောလိုက်သည့်နောက် လူတိုင်းသည် ငြိမ်သက်တိတ်ဆိတ်သွားသည်။ လူတိုင်း၏အကြည့်က ဝမ်လင်းပေါ် စုဝေးကျရောက်နေသည်။ ရှေးတောက်တွင် မဟာအင်ပါယာမှ လွဲ၍ ကျန်သူအားလုံးသည် ရှေးတောက်အင်ပါယာရှေ့၌ ဒူးထောက်ရမည်မှာ အမှန်ဖြစ်၏။ သည်နေရာရှိ လူတိုင်းမှာလည်း ဒူးထောက်နေကြသည်။
ဤသည်မှာ အင်ပါယာ၏ အာဏာစက်ပင်။ လူတစ်ယောက်သည် မနာခံပါက အင်ပါယာအာဏာစက်အပေါ် မလေးမစား ပြုမူခြင်းပင် ဖြစ်၏။
ရှေးကလန်၌ အင်ပါယာအာဏာစက်ကို မလေးမစား လုပ်သည်ထက် ပိုမို ပြင်းထန်သော ပြစ်မှုမှာ အနည်းငယ်မျှသာ ရှိချေသည်။
ထိုအဘိုးအို စကားများကို ကြားသည့်အခါ ရွှမ်လောသည်ပင် မင်သက်သွားမိ၏။ သူက မဟာအင်ပါယာတစ်ယောက် ဖြစ်သော်လည်း ရှေးတောက်ဝင် ဖြစ်နေတုန်းသာ။ သူ မဟာအင်ပါယာ မဖြစ်လာခင်က သူသည်လည်း မျိုးဆက်၏ အင်ပါယာကို လေးစားမှုပြရန် ဒူးထောက်ဖို့ လိုခဲ့သည်ပင်။
ရှေးတောက်အင်ပါယာက ပြုံး၍ ဝမ်လင်းကို ကြည့်၏။ သို့သော် သူက စိတ်ထဲကနေ နှာခေါင်းရှုံ့နေ၏။ သူသည် ဤနေရာသို့ ရောက်လာသည်မှာ အမွှေးတိုင်အိုးကို ပုံမှန်မဟုတ် ဖြစ်စေသောသူက သူ ခန့်မှန်းထားသော သူ ဟုတ်လား၊ မဟုတ်လားကို ဆုံးဖြတ်နိုင်ဖို့အတွက်ပင်။
မဟုတ်ပါက သူသည် ထိုသူ့ကို စည်းရုံးသိမ်းသွင်းမည် ဖြစ်၏။
သို့သော် ထိုသူက သူ ခန့်မှန်းထားသူ ဖြစ်နေပါက သူကိုယ်တိုင် ထိုသူနှင့် ပတ်သတ်၍ မည်မျှ သာမန်ထက်ထူးကဲသည်ကို ကြည့်မြင်ရလိမ့်မည်။
“မင်းက ရွှမ်လောရဲ့ တပည့်ဖြစ်လာတော့ရော ဘာဖြစ်သေးသလဲ။ ငါ့မှာ ရှေးဘိုးဘေး ချီးမြှင့်တဲ့ သွေးစက်ခြောက်စက်ပဲ ရှိပြီး မင်းကျတော့ သွေးစက်ဆယ်စက် ဘာကြောင့် ပိုင်ဆိုင်ရတာလဲ။ ဒါ့အပြင် နောက်ဆုံးသွေးစက်က စိတ်ဝိညာဉ်သွေးစက် ဖြစ်နေသေးတယ်…”
“ဒီကိစ္စကို ရွှမ်လောက ချိပ်ပိတ်ထားခဲ့တာ။ ဒါ့ကြောင့် ငါ့ရဲ့ ရှေးတောက်က တော်တော်များများက မသိခဲ့ကြဘူး။ ရွှမ်လောက ဒီကိစ္စကို အများသိအောင် ပြောတဲ့သူမှန်သမျှ သူတို့ ဘယ်လိုအဆင့်တန်းပဲ ရှိရှိ သတ်ပစ်ခံရလိမ့်မယ်လို့ ပြောခဲ့တယ်…”
“မဟာအင်ပါယာတစ်ယောက်ဟာ ငါ သေရမလား၊ ရှင်ရမလားအပေါ် ဆုံးဖြတ်နိုင်ခွင့် မရှိဘူး။ သူ အတိတ်တုန်းက အဲ့လို ပြောခဲ့တဲ့အကြောင်းရင်းဟာ သူက သူ့တပည့်ဟာ မဟာအင်ပါယာကူးတောက်ရဲ့ အသိအမှတ်ပြုမှုကို ရလိမ့်မယ်လို့ ထင်ထားခဲ့တာကြောင့်ပဲ…”
“ဒါပေမဲ့ သူဟာ တော်ဝင်မိသားစု မျိုးဆက်တစ်ယောက် မဖြစ်နိုင်ဘူး။ သူဟာ မဟာအင်ပါယာကူးတောက်ရဲ့ အသိအမှတ်ပြုခြင်းကို ရလိမ့်မယ်လို့ ငါ မယုံဘူး…”
စိတ်ထဲကနေ ထိုသို့ တွေးနေသော်ငြားလည်း ရှေးတောက်အင်ပါယာသည် အပြင်ပန်းတွင်မူ ပြုံးနေဆဲပင်။ သူက နှစ်ပေါင်းရာချီကျော် သူ၏ မနာလိုမှုကို ကောင်းကောင်း ဖုံးကွယ်ထားပေသည်။
ထိုမနာလိုမှုက ဝမ်လင်း စိတ်ဝိညာဉ်သွေးကို ရရှိပိုင်ဆိုင်ခဲ့သည့်အချိန်မှစ၍ ခုထိ ရှိနေခဲ့တာ ဖြစ်သည်။ သူက ဝမ်လင်းသည် ဆံဖြူဩဇာအင်ပါယာ၊ မဟာအင်ပါယာများအောက် နံပါတ်တစ် ဖြစ်သည်ကို တွေ့မြင်သည့်အခါ၌လည်း ပို၍ မနာလိုဖြစ်မိ၏။ သူ၏ မနာလိုဖြစ်မှုက ရုတ်တရက် တောက်လောင်လာခဲ့သည်။ သို့သော် သူက ၎င်းကို ဖိနှိပ်ထားသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ သူ့အကြည့်က အင်ပါယာထံ ဖြတ်သန်းသွား၏။ ထို့နောက် သူ့အကြည့်က သူ့အား လှမ်းဟောက်သော အဘိုးအိုထံသို့ ကျရောက်သွားချိန်၌ သူ၏မျက်လုံးထံမှ ရွှေရောင်အလင်း ထုတ်လွှတ်သည်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာသည်။ “မင်း ဘာပြောခဲ့တာလဲ။ ထပ်ပြောစမ်းပါအုံး…”
ထိုအဘိုးအိုသည် ဩဇာအင်ပါယာအဆင့် ကျင့်ကြံခြင်း ရှိ၏။ သို့သော် မည်သို့ပင်ဖြစ်စေ ဝမ်လင်း၏အကြည့်အောက်တွင် သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားရသည်။
သူ့မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။ သူ၏ ခန္ဓာကိုယ်တွင်းရှိ ရှေးစွမ်းအားမှာ ဗရမ်းဗတာ ဖြစ်သွား၏။ သူသည် ဝမ်လင်းထံမှ ဖိအားကို ခံစားမိကာ ၎င်းကို ခုခံနိုင်စွမ်း မရှိလေပေ။
ပို၍ အရေးကြီးသည်မှာ ဝမ်လင်း၏အကြည့်အောက်တွင် သူ့သွေးများက ဆူပွက်လာသလို ခံစားမိခြင်းပင်။ ဝမ်လင်းထံ၌ အနှိုင်းမဲ့ မြင့်မြတ်သော သွေးမျိုးဆက် ပိုင်ဆိုင်ထားသည့်နှယ်။ ထိုသွေးမျိုးဆက်က ယင်းအဘိုးအို၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။
“တော်လောက်ပြီ။ မင်းက ဒီကို ရောက်လာခဲ့တာဟာ ငါ့တပည့်ကို ဒူးထောက်ခိုင်းဖို့လား။ သူက ငါ ရွေးချယ်ထားတဲ့ ရှေးတောက်ရဲ့ အနာဂတ်စောင့်ကြပ်သူပဲ…”
ရွှမ်လောက မပျော်ရွှင်ဟန် အမူအရာ ဖြစ်ပေါ်လာသည်။
ရှေးတောက်အင်ပါယာက ပြုံး၍ နောက်သို့ လှည့်ကာ ထိုအဘိုးအိုထံ အေးစက်စက် ကြည့်သည်။
“နောက်ပြန်ဆုတ်စမ်း။ အရှင်ရွှမ်လောရဲ့ တပည့်ဟာ ငါနဲ့ အဆင့်အတန်းတူတူပဲ။ မင်း ဒီမှာ စကားပြောပိုင်ခွင့် မရှိဘူး…”
ထိုအဘိုးအိုသည် အလျင်အမြန် ခေါင်းညိတ်သည်။ သူက ချွေးများဖြင့် ရွှဲနစ်နေ၏။ ဤသည်မှာ ဝမ်လင်း၏အကြည့်ကြောင့်လော၊ သို့တည်းမဟုတ် အင်ပါယာ၏ ဟိန်းဟောက်မှုကြောင့်လောကိုမူ မသိရလေပေ။
“ဝမ်လင်း…ကျုပ် မင်းရဲ့ နာမည်ကို တော်တော်လေး ကြားခဲ့ဖူးတယ်။ အထူးသဖြင့် ကောင်းကင်ဘုံကလန်တစ်ခုလုံးကို လှုပ်ခါစေခဲ့တဲ့ ဆံဖြူဩဇာအင်ပါယာဆိုတဲ့ အမည်ပဲ။ ကျုပ် မင်း အကြောင်း ပထမဆုံး စကြားခဲ့တုန်းကဆို ဒီလိုပါရမီရှင်မျိုးဟာ ဘာကြောင့် ရှေးတောက်ကလန်မှာ မပေါ်လာခဲ့ရတာလဲဆိုပြီး မချိသလို ခံစားမိခဲ့ရသေးတယ်…”
“ဒါပေမဲ့ အခုတော့ ကျုပ် အတော့်ကို ကျေနပ်မိရပြီ…”
“ဒီအစွမ်းထက်တဲ့ ကျင့်ကြံသူ၊ မဟာအင်ပါယာတွေအောက် နံပါတ်တစ် ပုဂ္ဂိုလ်ဟာ ငါတို့ ရှေးတောက်ကလန်ဝင် ဖြစ်နေတယ် မဟုတ်လား။ ဒါက ပျော်ရွှင်ရမဲ့ ကိစ္စပဲ…”
ရှေးတောက်အင်ပါယာက ပြုံးလိုက်၏။ သူသည် အမှန်ပင် ကျေနပ်ပျော်ရွှင်နေပုံ ပေါက်နေသည်။
“ချန်းရှီ…” ရှေးတောက်အင်ပါယာက ထိုအမည်ကို ခေါ်သည့်အခါ သူ့နောက်မှ တခြားအဘိုးအိုတစ်ယောက်က ချက်ခြင်း ဦးညွှတ်လိုက်၏။
“နိမ့်ကျတဲ့သူ ရှိပါတယ်…”
“ဝမ်လင်းဟာ ရှေးတောက်ကလန်ရဲ့ အနာဂတ်စောင့်ကြပ်သူ၊ သူဟာ ငါနဲ့ အဆင့်အတန်းတူတူပဲလို့ ရှေးတောက်ကလန်ကို ကြေငြာလိုက်ပါ။ ကလန်တစ်ခုလုံးရဲ့ မဟာအခမ်းအနားကလွဲလို့ သူ့အနေနဲ့ ငါ့ရှေ့မှာ ဒူးထောက်ဖို့ မလိုဘူး။ ဒါကို မလိုက်နာဝံ့တဲ့သူရှိရင် ကလန်တစ်ခုလုံး အသတ်ခံရမယ်…”
ထိုအဘိုးအိုက တလေးတစား ပြော၏။ “အမိန့်အတိုင်းပါ အရှင်မင်းမြတ်…”
“ဝမ်လင်း…ငါ မင်းကို ဒီအရာ လက်ဆောင်ပေးလိုက်တယ်။ ဒါနဲ့ဆိုရင် မင်းအနေနဲ့ နန်းတော်ကို မင်း ဆန္ဒရှိသလို ဝင်ချင်ဝင်၊ထွက်ချင်ထွက်နိုင်တယ်။ ငါ့မှာ မင်း ကိုယ်တိုင် ကြည့်ပေးဖို့ လိုပြီး ငါ့အတွက် အမွေဆက်ခံဖို့ ရွေးချယ်ပေးရမယ့် သားအချို့လည်း ရှိထားတယ်…”
အင်ပါယာက ပြုံး၍ ထိုသို့ ဆိုကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ခရမ်းရောင်ကျောက်စိမ်းပြားတစ်ခု ပေါ်လာကာ ဝမ်လင်းရှေ့တွင် လွင့်မြောကာ ၎င်းက သူ လက်ခံမည်ကို စောင့်နေသည့်အလား။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ ရှေးအင်ပါယာကမူ စိတ်မရှည် မဖြစ်ပေ။ သူက ပြုံး၍ ဆက်စောင့်နေသည်။
ရွှမ်လောသည် ဘေးတစ်ဖက်တွင် ရပ်နေ၏။ သူက ဝမ်လင်း တစ်ခုခု ပြောချင်နေသည်ကို သိ၏။ ဝမ်လင်းသည် ရှေးတောက်နှင့် အသားကျရန်လိုကာ အင်ပါယာမိသားစု၏ အာဏာကို လက်ခံရဖို့ လိုပေမည်။
တကယ်တော့ အစက ရွှမ်လောသည် သည်ကိစ္စအပေါ် ပူပန်ခဲ့ခြင်း မရှိပေ။ အကြောင်းမှာ ဝမ်လင်းသည် အတိတ်တုန်းက အားနည်းလွန်းခဲ့သောကြောင့် ဖြစ်၏။ သို့သော် လှိုဏ်ဂူလောကကနေ ထွက်လာပြီးနောက် ဝမ်လင်းအနေဖြင့် အင်ပါယာမိသားစု၏ အာဏာစက်ကို လက်ခံဖို့မှာ မလွယ်ကူတော့ပေ။
သို့သော် ဝမ်လင်း၏ တိုးတက်လာမှုက ရွှမ်လော မျှော်လင့်ထားခဲ့ပြီး ဖြစ်၏။ သူသည် ဝမ်လင်း၏ ပြောင်းလဲမှုအပေါ် ကျေနပ်သော်လည်း ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကြောင့်လည်း နောင်တရနေမိ၏။ အကြောင်းမှာ ဝမ်လင်း၏ခုလက်ရှိ ကျင့်ကြံမှုအဆင့်က အင်ပါယာမိသားစု၏ အာဏာစက်ကို လက်သင့်ခံနိုင်ဖို့ အချိန်ယူရအုံးမည် ဖြစ်သောကြောင့်တည်း။
“ဒါက ငါ ပေးထားခဲ့တဲ့ ကတိပဲ။ ငါ ဒီကိစ္စကို သည်းခံရမယ်…” ဝမ်လင်းက သက်ပြင်းချ၏။ သူသည် အင်ပါယာ၏ အဓိပ္ပာယ်ကို တွေ့မြင်သည်ပင်။ သို့သော် သူက ထို့ထက်ပို၍ မပြောချင်တော့ပေ။ သက်ပြင်းချကာ ဝမ်လင်းက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ကျောက်စိမ်းပြားကို လက်ခံ၏။ ထို့နောက် သူက အင်ပါယာထံ လက်နှစ်ဖက်ဆုပ်ကာ စကားဆိုသည်။
“ကျေးဇူးတင်ပါတယ်…အင်ပါယာ…” ဝမ်လင်းက ကျောက်စိမ်းပြားကို ကိုင်ထား၏။ သူ၏အမူအရာက မပြောင်းလဲပေ။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ ရွှမ်လောဘေးတွင် ရပ်သည်။
ရှေးတောက်အင်ပါယာက ပြုံး၍ ခေါင်းညိတ်၏။ ထို့နောက် သူက ရွှမ်လောကို ကြည့်ကာ လက်နှစ်ဆက်ဆုပ်၍ ပြောသည်။
“ကျုပ် ခု ထွက်သွားပါတော့မယ်။ ဒီကနေ့ ဝမ်လင်းနဲ့ ဆုံရတာ ငါ့အတွက် ကျေနပ်စရာပဲ။ ဝမ်လင်း…အရှင်ရွှမ်ရဲ့ ရွေးချယ်မှုဟာ ငါတို့ ရှေးတောက်ရဲ့ အနာဂတ်ပဲ…” ရွှမ်လောက ခေါင်းဆက်ပြသည်ကို မြင်သည့်အခါ အင်ပါယာသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူသည် ဝမ်လင်းကို ကြည့်ပင် မကြည့်ဘဲ လှည့်၍ ထွက်သွား၏။ သူ၏အစောင့်များက ရွှမ်လောကို အရိုအသေပေးကာ အလျင်အမြန် လိုက်ပါ ထွက်ခွာသွားတော့သည်။
မကြာမီတွင် ကောင်းကင်ထက်ရှိ ခရမ်းရောင်မြူ လွင့်ပါးသွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
ကောင်းကင်မြို့၏ နန်းတော်ထဲတွင် အင်ပါယာသည် သူ သဘောကျသော နန်းဆောင်၌ ပေါ်လာသည်။ သူ့မျက်နှာထက်တွင် အပြုံး ပေါ်လာ၏။ သူက စတင် ရယ်မောသည်။
“သူက ရွှမ်လောရဲ့ တပည့်ဖြစ်တော့ရော ဘာဖြစ်သေးလဲ။ ဘာဖြစ်သေးလဲ။ သူ့မှာ ရှေးဘိုးဘေးရဲ့ သွေးစက် ဆယ်စက် ဖြစ်တော့ရော ဘာဖြစ်လဲ။ မင်းမှာ စိတ်ဝိညာဉ်သွေးစက်တစ်စက် ပိုင်ဆိုင်ထားရင်ကော ဘာဖြစ်လဲ။ ဝမ်လင်း… မင်း ငါ့ရှေ့မှာဆို ဒူးထောက်ရမှာပဲ ဖြစ်တယ်…”
“ဒီတစ်ကြိမ်သာ မဟုတ်ဘူး။ အကြိမ်တိုင်းပဲ။ မင်း ငါ့ကို ထိခိုက်စေဝံ့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ငါဟာ မဟာအင်ပါယာကူးတောက်ရဲ့ အကာအကွယ်ကို ရထားလို့ပဲ။ ရွှမ်လော ပြန်လည်မွေးဖွားခြင်းဖြစ်စဉ် စတာနဲ့ ငါ မင်းကို သတ်ချင်ရင် ငါ့လက်တဖက် မြှောက်တာလောက် လွယ်ကူတဲ့အကြောင်း မင်းကို သိစေချင်တယ်…”
ရှေးတောက်ဘုံကျောင်း၏ အပြင်ဘက်တွင် ရွှမ်လောသည် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားနေ၏။
ရှေးတောက်အင်ပါယာ ထွက်သွားသည့်နောက် ဝမ်လင်းက ပြုံး၍ ရွှမ်လောက အေးဆေး ပြောလိုက်သည်။
“ဆရာ…သင် ကျနော့်အတွက် စီစဉ်ပေးထားတဲ့ လက်ဆောင်ကို စောင့်နေတာ သုံးရက် ရှိခဲ့ပြီ…” ဝမ်လင်း၏အပြုံးက ရွှမ်လော၏ အမူအရာကို ပို၍ ရှုပ်ထွေးသွားစေသည်။
“မင်းက လှိုဏ်ဂူလောကကနေ လာခဲ့တာ။ မင်းရဲ့ အဆင့်အတန်းဟာလည်း အလွန်မြင့်မားနေပြီ။ ကောင်းကင်ဘုံကလန်မှာဆို မင်းဟာ မဟာအင်ပါယာတွေအောက် နံပါတ်တစ်ပုဂ္ဂိုလ်ပဲ။ ဒါပေမဲ့ ရှေးကလန်မှာတော့ အင်ပါယာအာဏာစက်ကြောင့် မင်းဟာ ခေါင်းငုံ့နေရတယ်…”
“ဒါကို အရင်တည်းက ဆရာ မျှော်လင့်ထားခဲ့ပြီးသားပါ။ ဒါပေမဲ့ အခု ငါ မင်းနဲ့ ပတ်သတ်လို့ မှားယွင်းခဲ့ပြီလို့ ခံစားနေရတယ်…”
ရွှမ်လောက သူ့တပည့်ကို ကြည့်၏။
“ဆရာ ဒါနဲ့ ပတ်သတ်ပြီး အများကြီး တွေးနေဖို့ မလိုပါဘူး။ ဒါက ဘာအန္တရာယ်မှ မရှိတာပဲ။ တပည့်က ဒီကို လာဖို့ ဆုံးဖြတ်ပြီးမှတော့ ဒီလို ကိစ္စတွေကို လစ်လျူရှုနိုင်ပါတယ်…”
“ရှေးကလန်မှာ အင်ပါယာစွမ်းအားက အကြွင်းမဲ့ဖြစ်ပြီး အင်ပါယာက ကျုပ်ကို ဖိနှိပ်ချင်မှတော့ တပည့်ကလည်း ကလန်အခမ်းအနားကျရင် ဒူးထောက် ပေးရမှာပေါ့။ သူ တပည့်ဒူးထောက်တာကို တောင့်ခံနိုင်ရင် တပည့် ဒူးထောက်လိုက်မယ်…”
“လှိုဏ်ဂူလောကမှာတုန်းက တပည့်က ဆရာ့ကို ရှေးတောက်ကို ကာကွယ်ပေးပါ့မယ်လို့ ကတိပေးထားခဲ့တာပဲ။ ဒီကိစ္စဟာ တပည့်ဖြည့်ဆည်းပေးရမယ့်အရာသာ ဖြစ်တယ်…”
ဝမ်လင်းသည် ပြုံး၍ ထိုသို့ ဆိုလာသည်။
ရွှမ်လောသည် ငြိမ်သက်နေမြဲပင်။ အချိန်အတန်ကြာပြီးနောက် သူက ဆုံးဖြတ်လိုက်သည်။
“မင်းက ငါ့ရဲ့ တဦးတည်းသော တပည့်ပဲ။ ဒီနေရာဟာ မင်းအတွက် မသင့်တော်ဘူးလို့ ခံစားရရင် မင်းအနေနဲ့ အတိတ်တုန်းက ကတိကို ဆက်ပြီး ထိန်းထားစရာ မလိုတော့ဘူး။ မင်းအနေနဲ့ အချိန်မရွေး ထွက်သွားနိုင်ပါတယ်…”
“မင်း ဘာကိုပဲ ရွေးချယ်ရွေးချယ်။ မင်းက ဘယ်နေရာကိုပဲ သွားသွား…ငါ ရွှမ်လောဟာ မင်းရဲ့ ဆရာသာ ဖြစ်တယ်…”
ရွှမ်လော၏ စကားတို့က လေးနက်နေ၏။ ဝမ်လင်း၏စိတ်နှလုံးကိုလည်း နွေးထွေးစေသည်။
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မပြောတော့ဘူး။ ဆရာက မင်းရဲ့ အနှစ်သာရတွေအတွက် ကြီးမားတဲ့အကူအညီ ဖြစ်စေနိုင်လောက်မယ့် နေရာအချို့ကို ခေါ်သွားပေးမယ်…”
ရွှမ်လောက ပြုံး၍ ထိုသို့ ဆိုကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ သူသည် ဝမ်လင်းကို ခေါ်ဆောင်ကာ ပျောက်ကွယ်သွားတော့သည်။
ရှေးတောက်…ဖျင်ထျန်နိုင်ငံ။
သည်နိုင်ငံမှာ လွင်ပြင်ဒေသ ဖြစ်ကာ တောင်တန်းများ ကင်းမဲ့သည်။ သည်လွင်ပြင်ကို မြက်များ ဖုံးလွှမ်းနေ၏။ လေများ တိုက်ခတ်နေစဉ် လေတိုင်းသံကို အတိုင်းသား ကြားနေရသည်။
သည်လွင်ပြင်ဒေသ၏ မြောက်ဘက်ပိုင်းတွင် ပျက်စီးယိုယွင်းမှုကို ပေးစွမ်းနေသော ခပ်နက်နက် ရေကန်တစ်ခု ရှိ၏။
“ဒီရေကန်ကို ရှေးတောက်ရဲ့ အရင်မဟာအင်ပါယာက ရှာတွေ့ခဲ့ပြီး ဒီအတိုင်းရှိနေအောင် ချိပ်ပိတ်ထားခဲ့တာပဲ။ ဒီရေကန်ကို သူက ငါ့ကို လွှဲပေးပြီးတဲ့နောက် အနာဂတ်မှာ ဒါကို အသုံးပြုပြီး ယုံကြည်မှုရတနာတစ်ခု သန့်စင်ဖို့အတွက် ငါ့အနေနဲ့ ရည်ရွယ်ထားခဲ့တာပဲ။ ဒါပေမဲ့ မင်းကို တပည့်အဖြစ် လက်ခံပြီးတဲ့နောက် ဒီနေရာဟာ မင်းအတွက် အထောက်အကူ ကြီးကြီးမားမား ဖြစ်စေလိမ့်မယ်လို့ ငါ တွေ့ရှိခဲ့တယ်။ ဒါ့ကြောင့် ငါ မင်းကို ဒီရေကန်ကို လက်ဆောင်အနေနဲ့ ပေးလိုက်မယ်…”
“ဒီရေကန် တည်ရှိခဲ့တာ ကြာမြင့်လွန်းခဲ့ပြီ။ ငါ ဒါကို တစ်ကြိမ် စူးစမ်းခဲ့ဖူးတယ်။ ဒီနေရာဟာ ရှေးဟောင်းတိုက်ပွဲနေရာ ဖြစ်ခဲ့တဲ့ပုံပဲ။ ဒီရေကန်မှာ အားကောင်းတဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပါဝင်နေပြီး မင်းရဲ့ သတ်ဖြတ်ခြင်းအနှစ်သာရ ကြီးထွားဖို့အတွက် ကူညီပေးနိုင်လောက်မယ်…”
“ဒီလိုမျိုး မတူတဲ့ အနှစ်သာရတွေ ပါဝင်တဲ့ နေရာတော်တော်များများလည်း ရှိသေးတယ်။ ငါ ဒါတွေကို တစ်ခုပြီးတစ်ခု မင်းကို ပေးမယ်။ အများစုကတော့ တခြားကလန်နှစ်ခုမှာ ရှိနေတာ။ ဒါပေမဲ့ ဟိုး လွန်ခဲ့တဲ့ နှစ်ရာချီတည်းက မင်းအနေနဲ့ ဒါတွေကို သန့်စင်စုပ်ယူနိုင်ဖို့အတွက် ငါ တခြားမဟာအင်ပါယာနှစ်ယောက်နဲ့ သဘောတူညီမှု ပြုလုပ်ခဲ့ပြီးပြီ….”
ရွှမ်လောသည် ပြုံး၍ ဝမ်လင်းကို ကြည့်၏။
သူက တခြားမဟာအင်ပါယာနှစ်ယောက်နှင့် သဘောတူညီမှုရဖို့ မည်သည့်တန်ကြေးကို ပေးခဲ့ရသည်ကိုမူ ဝမ်လင်းအား မပြောပြပေ။ သို့သော် ထိုတန်ကြေးသည် သေးငယ်လိမ့်မည် မဟုတ်ပါ။
“နောက်ဆုံးကျရင်တော့ ငါ့အနေနဲ့ မင်းကို ရှေးကလန်ရဲ့ ဘိုးဘေး မဟာအင်ပါယာဖြစ်တဲ့ ကူးတောက်ရှိကို ခေါ်သွားပေးမယ်။ သူ့ရဲ့ တည်ရှိမှုကြောင့်ပဲ ကောင်းကင်ဘုံကလန်ဟာ ငါတို့ကို မကျူးကျော်ရဲတာ ဖြစ်တယ်…”
“မဟာအင်ပါယာကူးတောက်ဟာ တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေတတ်တယ်။ ငါဟာ အတိတ်တည်းက မင်းရဲ့ အခြေအနေကို တင်ပြထားခဲ့ပြီးပြီ။ ဒါ့ကြောင့် ငါ သူ့ရှိ မင်းကို ခေါ်သွားတဲ့အခါကျရင် သူ့အနေနဲ့ မင်းကို တွေ့ဖို့ များတယ်…”
“ဒါက မင်းအတွက် မဟာကံကောင်းမှုတစ်ခု ဖြစ်ချင် ဖြစ်လာနိုင်လောက်တယ်…”
ရွှမ်လောသည် ဝမ်လင်းကို ကြင်နာဟန်ဖြင့် ကြည့်၏။ သူသည် ဝမ်လင်းအတွက် လွန်ခဲ့သောနှစ်ရာချီတည်းက တင်ကြို လမ်းဖောက်ပေးထားခဲ့ပြီး ဖြစ်သည်။