အိမ်ကဲ့သို့ နွေးထွေးမှု ပေးသည့် ရေနွေးကြမ်းတခွက်
Vol. 149 Ch. 2062
ရှေးတောက်အင်ပါယာနန်းတော်၌ တော်ဝင်ဝတ်ရုံဖြင့်လူသည် လက်သီးတင်းတင်း ဆုပ်ထားကာ သုန်မှုန်သောအသွင်အမူအရာဖြင့် ရှိနေသည်။
သူ့နောက်တွင် အဘိုးအိုသည် ပင့်သက်ပင် မရှိုက်ဝံ့ ဖြစ်နေသည်။ သူသည် အလားတူ တုန်လှုပ်နေ၏။ သို့သော် ဖိအားကြောင့် သူသည် ၎င်းတုန်လှုပ်ကြောက်ရွှံ့မှုကိုပင် မဖော်ပြဝံ့ပေ။
“ငါ စိတ်ဝိညာဉ်သွေးရဲ့ အော်ရာကို ခံစားမိတယ်…” တော်ဝင်ဝတ်ရုံဖြင့်လူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ သူသည် လွန်ခဲ့သော နှစ်ရာချီအနည်းငယ်တည်းက ခန့်မှန်းချက်တစ်ခု ရှိနှင့်ထား၏။ ၎င်းက သူ့စိတ်ထဲတွင် ဆူးတစ်ချောင်းကဲ့သို့ ရှိနေခဲ့သည်။
အချိန်အတန်ကြာပြီးနောက် တော်ဝင်ဝတ်ရုံဖြင့်လူက ပြောလာသည်။ “မြန်မြန်…ရွေးချယ်ခံ အမျိုးသမီးတွေကို အဲ့စိတ်ဝိညာဉ်နဲ့ ပေါင်းစည်းလိုက်…”
“အရှင့်အမိန့်အတိုင်းပါ…” ထိုအဘိုးအိုက ချက်ခြင်း ဒူးထောက်လိုက်သည်။ သူ၏ကျောတွင် ချွေးများ ရွှဲနစ်နေ၏။
တော်ဝင်ဝတ်ရုံဖြင့်လူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ပျောက်ကွယ်သွားတော့သည်။
မြို့၏ တောင်ဘက်ပိုင်း၊ ရှေးတောက်ဘုံကျောင်းအပြင်ဘက်တွင် ဝမ်လင်း ပတ်လည်ရှိ ရှေးတောက်သားများသည် သူ့ကို အထိတ်တလန့် ကြည့်နေကြသည်။ သူသည် ရှေးတောက်ဘုံကျောင်းထံ ခြေလှမ်း၏။ သို့သော် အထဲသို့ မဝင်ဘဲ ဘုံကျောင်းရှေ့တွင်ပင် ပျောက်ကွယ်သွားသည်။
ထို့နောက်တွင် သူသည် တောင်အနောက်ဘက်ရှိ သာယာလှပသော နန်းတော်တစ်ခုတွင် ပြန်ပေါ်လာသည်။ သူ့ဘေးတွင် ကျောက်သားလျှောက်လမ်းအတိုင်း စိးဆင်းနေသော ကြည်လင်သည့် စမ်းချောင်းငယ်တစ်ခု ရှိနေ၏။ ယင်းစမ်းချောင်းထဲတွင် ငါးများသည် မြူးထူးစွာ ကူးခတ်နေသည်။
ထိုစမ်းချောင်းအပြင် ကျောက်သားထိုင်ခုံအနည်းငယ်လည်း ရှိနေ၏။ ယင်းကျောက်ထိုင်ခုံတစ်ခုပေါ်တွင် အစိမ်းရောင်ဝတ်ရုံဖြင့် လူငယ်တစ်ယောက် ထိုင်နေ၏။ သူသည် ငယ်ရွယ်ပုံ ပေါက်နေသော်ငြားလည်း သူ့ထံမှ ရှေးကျသော အော်ရာကို ပေးစွမ်းနေသည်။
သူက ဝမ်လင်းကို ပြုံး၍ ကြည့်နေသည်။
ကျောက်သားစားပွဲပေါ်၌ ရေနွေးကြမ်းအိုးတစ်ခုလည်း ရှိနေ၏။ ဝမ်လင်း ပေါ်လာသည့်အခိုက်တွင် ရေတို့ ဆူပွက်ကာ ပလုံစီထသည်။
“လာပါ…ဆရာ ရေနွေးကြမ်းအိုး မင်းအတွက် တည်ထားတာ ဆူနေပြီ။ ငါတို့ အတူတူ ရေနွေးကြမ်းအရသာ ခံသောက်ကြတာပေါ့…”
ဝမ်လင်းကလည်း ပြုံး၍ လျှောက်လာ၏။ သူသည် သူ့ဆရာနှင့်သူ့အတွက် ရေနွေးခွက်ထဲ တခွက်စီ ငှဲ့သည်။ သူက တခွက်ကို ယူကာ တခွက်ကို အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်ထံ လက်နှစ်ဖက်ဖြင့် တလေးတစး ကမ်းပေးလိုက်သည်။
ထိုသူက ပြုံး၍ လက်ခံကာ ဝမ်လင်းကို ကြင်နာသောအကြည့်ဖြင့် ကြည့်သည်။
ဝမ်လင်းသည် ဘေးတွင် ထိုင်ကာ သူ့ရေနွေးကြမ်းခွက်ကို ကောက်ယူကာ တငုံသောက်၏။ သူ့ပါးစပ်ထဲ၌ မွှေးပျံ့သင်းမှုကို ခံစားကာ သူက မျက်လုံးမှိတ်လိုက်သည်။ လေပူတို့ ပျံ့နှံ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးမှု ခံစားရစေသည်။
“ဘယ်လိုလဲ…” အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်က ပြုံးကာ မေးသည်။
“အိမ်ရဲ့ နွေးထွေးမှု ရှိနေပါတယ်…” ဝမ်လင်းက မျက်လုံးဖွင့်ကာ ပြုံး၍ ပြန်ပြောသည်။
အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်က ထိုသည်ကို ကြားသည့်အခါ သူသည် ချက်ခြင်း စတင်ရယ်မောသည်။ သူသည် သူ့တပည့် ရောက်လာမည်ကို သည်နေရာတွင် စောင့်နေခဲ့ကာ ရေနွေးကြမ်းကို ကြိုတည်ထားခဲ့ပေသည်။ ဤသည်က ခုချိန်မှစ၍ ဝမ်လင်းကို ဤနေရာမှာ သူ၏အိမ်ဟု ပြောဆိုလိုက်ခြင်းတည်း။
ရေနွေးကြမ်းက သူ၏ခန္ဓာကိုယ်ကို နွေးထွေးမှု ပေးသောကြောင့်တည်း။
သူတို့နှစ်ယောက် မတွေ့ရတာ နှစ်ရာချီခဲ့လေပြီ။ သို့သော် သည်အခိုက်တွင် သူတို့နှစ်ယောက်ကြားတွင် မည်သည့်အဟန့်အတားမျှ ရှိမနေလေပေ။ အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်က ဝမ်လင်းကို ကြည့်သည်။ သူက ပို၍ ကြည့်မိလေလေ ပို၍ ကျေနပ်မိလေပင်။
“ဆရာက ကောင်းကင်ဘုံကလန်ကနေ ထွက်ခွာလာတဲ့ အချိန်တုန်းက အတော့်ကို အကူအညီမဲ့သလို ခံစားနေခဲ့ရတာ။ ဒါပေမဲ့ ကောင်းကင်ဘုံကလန်မှာ မင်း ပေါ်လာခဲ့တာကို ငါ သတိပြုမိခဲ့တဲ့ အချိန်မှာတော့ ငါတို့နှစ်ယောက်ဟာ တနေ့မှာ ထပ်တွေ့ရလိမ့်မယ်ဆိုတာကို ငါ သိခဲ့တယ်…”
“အဲ့တည်းက ဆရာဟာ ဒီရေနွေးကြမ်းအိုးကို ကြိုပြင်ဆင်ထားခဲ့တာပဲ…”
သည်အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ ရွှမ်လောပင်။
“ဆရာဟာ ကောင်းကင်ဘုံကလန်မှာ မင်း လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးကို စောင့်ကြည့်ခဲ့တယ်။ ဒါပေမဲ့ ဆရာ့အနေနဲ့ ဘာမှ ဝင်စွက်ဖက်လို့ မရနိုင်ခဲ့ဘူး။ ဆရာသာ အဲ့လို ဝင်စွက်ဖက်ခဲ့မယ်ဆို ကောင်းကင်ဘုံကလန်ရဲ့ မဟာအင်ပါယာအားလုံးက သတိပြုမိသွားကြလိမ့်မယ်…”
ရွှမ်လောသည် ဝမ်လင်းကို ကြည့်ကာ ထိုသို့ ပြော၏။
“ဒါပေမဲ့ ငါ လက်ခံထားတဲ့ တစ်ဦးတည်းသောတပည့်ဟာ သာမန်ထက်ထူးကဲတယ်လို့ ငါ ယုံကြည်ထားတယ်။ သူက ကောင်းကင်ဘုံကလန်ကနေ ငါ့ရဲ့ ရှေးတောက်ထိ လျှောက်လှမ်းလာနိုင်ခဲ့တာပဲ မလား…”
ဝမ်လင်းသည် ရေနွေးခွက်ကို ပြန်ချ၏။ သူသည် ရွှမ်လောနှင့် အကြည့်ချင်းဆုံသွားသည်။
“တပည့်က ဒီကို လာပြီး ရှေးတောက်ကို စောင့်ရှောက်မယ်လို့ ကတိပေးထားခဲ့ပြီးပါ…”
“ဆံဖြူဩဇာအင်ပါယာ၊ မဟာအင်ပါယာတွေအောက် နံပါတ်တစ်…”
ရွှမ်လောသည် ထရပ်ရင်း ရယ်မောကာ ဆိုလေ၏။
“ဝမ်လင်း…ရက်အနည်းငယ်လောက် အနားယူလိုက်အုံး။ သုံးရက်ကြာရင် ဆရာက မင်းရဲ့ ကျင့်ကြံမှုအဆင့် အတော်လေး တိုးတက်သွားစေဖို့ အကူအညီ ဖြစ်စေမယ့် နေရာအချို့ကို ခေါ်သွားပေးမယ်။ ဒါက မင်းအနေနဲ့ ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုတဲ့အတွက် ငါ့ဘက်ကပေးတဲ့ ပထမဆုံးလက်ဆောင်တွေ ဖြစ်လာလိမ့်မယ်…”
ရွှမ်လောသည် ဝမ်လင်းကို ပြုံး၍ ကြည့်၏။ ထို့နောက် သူသည် ပျောက်ကွယ်သွားတော့သည်။
“ဝမ်လင်း…ဒီနေရာကို မင်းရှိ ငါ လက်ဆောင်ပေးခဲ့မယ်…”
ဝမ်လင်းသည် ထရပ်ကာ ကောင်းကင်ထက်သို့ ဦးညွှတ်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူသည် ခေါင်းမော့ကာ ဘေးပတ်လည်သို့ ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်သည်။ သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
“ထားလိုက်ပါတော့လေ…ငါ ရှေးတောက်မှာ နေလိုက်တာပေါ့…” ဝမ်လင်းသည် သက်ပြင်းချ၏။ ထို့နောက် သူသည် ကျောက်ထိုင်ခုံပေါ်တွင် ထိုင်ကာ ငြိမ်သက်စွာ ရေနွေးကြမ်း သောက်နေလေသည်။
သူသည် ဒီနေရာတွင် အချိန်အကြာကြီးနေဖို့ ဆုံးဖြတ်ထား၏။ မတော်တဆ တစ်ခုခုသာ ဖြစ်မလာပါက သူသည် ရွှမ်လောအပေါ် သူ ပေးထားသော ကတိကို ဖြည့်ဆည်းပြီးသည့်အထိ ရှေးတောက်ကို စောင့်ကြပ်ပေးပေမည်။ သူသည် ဤနေရာဖြင့် ခုထိ တရင်းတနှီး မဖြစ်သေးလျှင်ပင် သူ ထိုသို့ လုပ်ဆောင်ပေးပေမည်။
သုံးရက်တာသည် ခဏအတွင်း ကုန်ဆုံးသွားသည်။ ဝမ်လင်းသည် ဒီသာယာလှပသောနေရာ၌ နေနေပြီး နေဝင်နေထွက်ချိန်တို့ကို စောင့်ကြည့်၊ လတ်ဆတ်သောလေတို့ကို ရှုရှိုက်ကာ ဖြတ်သန်းနေသည်။ သုံးရက်ပြီးနောက် ဝမ်လင်းသည် ရွှမ်လောက သူ့ကို ဆင့်ခေါ်နေသည်အား ခံစားမိသည်။ သူက ခြေလှမ်း၏။ လှိုင်းဂယက်များ ထကာ သူ ပျောက်ကွယ်သွားလေသည်။
ထို့နောက်တွင် သူသည် ရှေးတောက်ဘုံကျောင်းရှေ့၌ ပြန်ပေါ်လာ၏။ ဤသည်မှာ လေးရက်မြောက် မနက်ခင်းအချိန်ဖြစ်၍ တောင်တခုလုံး အစိမ်းရောင်မြူများက ဖုံးလွှမ်းလျက် ရှိသည်။ ရွှမ်လောက ရှေးတောက်ဘုံကျောင်းရှေ့တွင် ရပ်နေ၏။ သူ၏နောက်တွင် လူကိုးယောက် ရှိနေသည်။
ထိုကိုးယောက်တွင် ခုနစ်ယောက်သည် အမျိုးသား၊ နှစ်ယောက်က အမျိုးသမီး ဖြစ်၏။ သူတို့၏ ကျင့်ကြံမှုများက သာမန်မဟုတ်ပါ။ သူတို့အားလုံးသည် ရှေးတောက်ဂုဏ်ထူးဝိသေသကို ပိုင်ဆိုင်ဖို့အတွက် ကြယ်နှစ်ဆယ့်ခုနစ်လုံးစီ ရှိထားကြ၏။ ဝမ်လင်းပေါ်လာသည့်အခါ သူတို့အားလုံး၏အကြည့်က သူ့ထံ စုဝေးလာသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ သူ့အကြည့်က ထိုကိုးယောက်ထံ ဖြတ်သန်းသွားသည်။ သူတို့ထဲမှ ကျင့်ကြံမှုအမြင့်ဆုံးတစ်ယောက်က အဘိုးအိုပင်။ သည်လူမှာ ဝမ်လင်းကို ကောင်းကင်ဘုံကလန်၏ ဩဇာအင်ပါယာတစ်ယောက်၏ စွမ်းအားမျိုးနှင့် ညီမျှသော ခံစားချက်ကို ပေးနေသည်။
တခြားသူများကတော့ အင်ပါယာအတုများနှင့် ယှဉ်၍ ရ၏။
ဝမ်လင်းက သူတို့ကို ကြည့်နေစဉ် သူတို့ကလည်း ဝမ်လင်းကို ကြည့်နေ၏။ သို့ပေမည့် ဝမ်လင်း၏ တည်ငြိမ်မှုနှင့် ယှဉ်သည့်အခါ သူတို့၏စိတ်နှလုံးများ တုန်ယင်ကုန်ရသည်။
သူတို့အမြင်၌ ဝမ်လင်းသည် သူတို့၏အကြည့်များကို ဝါးမြိုပစ်သော ဝဲကတော့တစ်ခုနှယ်။ သူတို့ခန္ဓာကိုယ်ထဲရှိ ရှေးစွမ်းအားများသည်ပင် ဆွဲငင်ခြင်း ခံရသလို ထင်မှားရသည်။
သူတို့ကိုးယောက်လုံးက စဉ်းစားနေပြီးနောက် ဝမ်လင်းထံ ဦးညွှတ်လိုက်ကြ၏။ “ကျုပ်တို့က လူငယ်သခင်ကို နှုတ်ဆက်ပါတယ်…”
“ဝမ်လင်း…ဒီကိုးယောက်ဟာ ငါ့အမိန့်အောက်ကလူတွေ၊ သူတို့က ငါ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့ကြတယ်။ ခုချိန်ကစပြီး သူတို့ကိုးယောက်ဟာ မင်းအမိန့်ကိုလည်း နာခံကြရလိမ့်မယ်…”
ဝမ်လင်းက ပြုံး၍ သူ့ကို ဦးညွှတ်နေသော လူကိုးယောက်ကို ကြည့်၏။
ဝမ်လင်းက တည်ငြိမ်စွာ ဆိုသည်။ “ကျေးဇူးပါ…ဆရာ…”
ရွှမ်လောသည် ပြုံး၏။ သူက စကားဆက်ရန် ဟန်ပြင်သည်။ သို့သော် ရုတ်တရက် သူက မျက်မှောင်ကြုတ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ ဝမ်လင်းသည်လည်း တစုံတစ်ခုကို သတိပြုမိကာ ကောင်းကင်သို့ လှမ်းကြည့်သည်။
ထိုကိုးယောက်သည်လည်း ကောင်းကင်ထက်ရှိ ပြောင်းလဲမှုကို ခံစားမိကာ မော့ကြည့်လာသည်။
တအောင့်အကြာတွင် လှိုင်းဂယက်များစွာ ကောင်းကင်ထက်တွင် ပေါ်လာပြီး ပျံ့နှံ့သည်။ ခရမ်းရောင်အလင်း လင်းလက်ကာ ထူထဲသော ခရမ်းရောင်မြူ ပျံ့လွင့်လာ၏။ ထို့နောက် ဟိန်းမြည်သံ တစ်ခု ထွက်ပေါ်လာပြီး ခရမ်းရောင်မြူများထဲမှ ကြီးမားသော လက်တစုံ ထိုးထွက်လာ၏။ ယင်းနောက်တွင် ပေထောင်ချီမြင့်မားသော လူတစ်ယောက် လှမ်းထွက်လာသည်။
သူ့နောက်တွင် နောက်ထပ် ပေရာချီမြင့်မားသော ရှေးဟောင်းနတ်ဆိုးအနည်းငယ် လိုက်ပါလာ၏။ ခဏအကြာတွင် လူတစ်ရာနီးပါးသည် ခရမ်းရောင်မြူထဲမှ လှမ်းထွက်လာကြ၏။
ထိုသူတို့အားလုံးထဲ၌ မည်သူကမျှ အားမနည်းပေ။ အများစုက အင်ပါယာအတုစွမ်းအားကို ပိုင်ဆိုင်ထားကြပြီး အားလုံးလိုလိုသည် ရွှေအဆင့်ထိပ်သီးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူတို့သည် ရှေးဟောင်းနတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာများ ဖြစ်ကြသည်။
သူတို့ပေါ်လာသည့်နောက် ကောင်းကင်ထက်တွင် တညီတညာ ရပ်ကာ ခရမ်းရောင်မြူထံ ဒူးထောက်ကြ၏။
“ရှေးအင်ပါယာကို ကြိုဆိုပါတယ်…” ကျယ်လောင်သောအသံတစ်သံ လောကတွင် ပဲ့တင်ထပ်သွား၏။
ထိုအသံ ထွက်ပေါ်လာရင်း ခရမ်းရောင်မြူသည် အပြင်းအထန် လည်ပတ်ကာ လူတစ်ယောက် လှမ်းထွက်လာ၏။ သူသည် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ကာ သရဖူကို ဆောင်းထားလျက် သူ့ထံမှ ဖိအားတစ်မျိုး ပေးစွမ်းနေသည်။
သူ့နောက်တွင် အဘိုးအိုနှစ်ယောက် ရှိ၏။ ထိုအဘိုးအိုနှစ်ယောက်လုံးသည် ခါးကိုင်းလျက် ရှိကာ သူတို့က သူ့နောက်မှ လိုက်ပါလာသည်။
ဝမ်လင်း၏အကြည့်က ထိုအဘိုးအိုနှစ်ယောက်ထံ ဝေ့ခတ်ကျရောက်သွားပြီး သူ၏မျက်လုံးသူငယ်အိမ်မှာ မဆိုသလောက် လင်းလက်သွားသည်။ ထိုနှစ်ယောက်၏ အော်ရာမှာ ဩဇာအင်ပါယာများထက် အားမနည်းပေ။
“ရှေးအင်ပါယာကို ကြိုဆိုပါတယ်…” ရွှမ်လော လက်အောက်မှ လူကိုးယောက်သည် ခရမ်းရောင်မြူကို တွေ့မြင်သည့်အခါ လေးစားမှုပြသလာ၏။ တော်ဝင်ဝတ်ရုံဖြင့်လူ ပေါ်လာသည့်အခါ သူတို့၏အမူအရာများသည် စိတ်လှုပ်တရှား ဖြစ်ဟန်ပေါ်ကာ ချက်ခြင်း ဒူးတစ်ဖက်စီ ထောက်ကြသည်။
ရွှမ်လောနှင့်ဝမ်လင်းတို့သာ တည်ငြိမ်စွာ ရပ်နေပြီး စောင့်ကြည့်နေသည်။
“ယဲ့တောက်က အရှင်ရွှမ်လောကို နှုတ်ဆက်ပါတယ်…” တော်ဝင်ဝတ်ရုံဖြင့်လူက ပြုံး၍ ဆို၏။
ဝမ်လင်းသည် နေရာတွင် ရပ်နေလျက် ထိုသူ့ကို ကြည့်နေသည်။ ဒူးထောက်နေသော သူများနှင့် သူတို့၏စကားအရ ဝမ်လင်းသည် ထိုသူမှာ ရှေးတောက်အင်ပါယာမှန်း သိလိုက်သည်။
ထိုသူ့ကို ကြည့်ကာ ဝမ်လင်းသည် ကောင်းကင်ဘုံအင်ပါယာ လျန်တောက်ကျန်းနှင့် မနှိုင်းယှဉ်မိဘဲ မနေနိုင် ဖြစ်မိ၏။ ကျင့်ကြံမှုအဆင့်ဖြစ်စေ၊ အသွင်အပြင်ဖြစ်စေ ထိုသူသည် ကောင်းကင်ဘုံအင်ပါယာကို မယှဉ်နိုင်ပေ။ သို့ပေမည့် သူသည် လူများ၏ လေးစားမှုကို ခံရ၏။
“သူ့ကျင့်ကြံမှုအဆင့်ဟာ အင်ပါယာအတု အဆင့်ပဲ ရှိသေးတယ်…” ဝမ်လင်း၏အမူအရာက ပုံမှန်သာ ဖြစ်၏။ အင်ပါယာမိသားစု၏ စွမ်းအားသည် ရှေးတောက်ရှိ လူတိုင်းအပေါ် သက်ရောက်နိုင်သည်။ သို့သော် ဝမ်လင်းအပေါ်တွင်မူ မသက်ရောက်နိုင်ပါ။
ရွှမ်လော၏ အမူအရာက ပုံမှန်အတိုင်းရှိကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်း ဘာကြောင့် ရောက်လာခဲ့တာလဲ…”
“လွန်ခဲ့တဲ့သုံးရက်က ယဲ့တောက်က ကောင်းကင်ထက်ကို မြင့်တက်လာတဲ့ အခိုးအငွေ့တွေကို သတိပြုမိခဲ့ပါတယ် အဲ့တာက ကျုပ်တို့ ရှေးတောက်မှာ အစွမ်းထက်တဲ့သူ ပေါ်လာတာကြောင့် ဖြစ်တာလို့ ကျုပ် သတိပြုမိခဲ့တယ်။ ဒါ့ကြောင့် သူ့ကို တွေ့ရဖို့ လာခဲ့တာပါ။ အဲ့လူက သူ မလား…”
ရှေးတောက်အင်ပါယာက ဝမ်လင်းထံ ခေါင်းဆက်ပြ၏။
“သူက ငါ့တပည့်ပဲ။ မင်းလည်း ဒါကို သိပြီးသားလို့ ငါ ယူဆတယ်။ ကောင်းကင်ဘုံကလန်ရဲ့ ဆံဖြူဩဇာအင်ပါယာ၊ဝမ်လင်း။ သူဟာ ဒီအဘိုးအို ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်အတွင်း ရှေးတောက်ကို ကာကွယ်ပေးလိမ့်မယ်…”
ရွှမ်လောက တည်ငြိမ်စွာ ဆို၍ ရှေးတောက်အင်ပါယာကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်၏။
“ဝမ်လင်း…သူက ရှေးတောက်အင်ပါယာပဲ။ သူဟာ အနာဂတ်မှာ မင်း စောင့်ရှောက်ပေးဖို့ လိုတဲ့သူလည်း ဟုတ်တယ်။ သူ အနားယူသွားခဲ့ရင် မင်းအနေနဲ့ မင်းသားများစွာထဲက တစ်ယောက်ကို အင်ပါယာအသစ်အဖြစ် ရွေးချယ်ပေးဖို့ လိုလိမ့်မယ်။ ဒါက မဟာအင်ပါယာတစ်ယောက်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ပဲ…”
ဝမ်လင်း၏အမူအရာက ပုံမှန်အတိုင်းသာ ဖြစ်၏။ သို့သော် သူ့စိတ်နှလုံးမှာ တချက် ခုန်သွားမိသည်။ ဤသည်မှာ သူ့အနေဖြင့် မဟာအင်ပါယာတစ်ယောက်က အင်ပါယာမျိုးဆက်တိုင်းကို ရွေးချယ်ပေးတာကို ပထမဆုံးအကြိမ်အဖြစ် ကြားဖူးတာ ဖြစ်သည်။
“အင်ပါယာမိသားစုနဲ့ မဟာအင်ပါယတွေဟာ ရှေးကတည်းက အတူတကွ တည်ရှိနေထိုင်တယ်။ ဒါက အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်။ မင်းသား ကျိတုက ငါ့အကူအညီကို တောင်းခံခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး။ ငါ့တိုက်ပွဲစွမ်းအားဟာ မဟာအင်ပါယာတွေအောက်မှာ နံပါတ်တစ်ပဲ။ ငါ့အကူအညီနဲ့ဆို သူဟာ မဟာအင်ပါယာရဲ့ မျက်နှာသာ ပေးတာကို ခံရနိုင်လောက်မယ်…”
ဝမ်လင်းသည် စဉ်းစားနေစဉ် အင်ပါယာဘေးနားမှ အဘိုးအိုထံကနေ ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။
“မင်းက မဟာအင်ပါယာရဲ့ တပည့် ဖြစ်နေပေမယ့်လည်း မင်းဟာ ရှေးတောက်ဝင် ဖြစ်နေတုန်းပဲ။ စည်းမျဉ်းအရဆို မဟာအင်ပါယာကလွဲလို့ ကလန်သားအားလုံးဟာ ရှေးတောက်အင်ပါယာရှေ့မှာ ဒူးထောက်ကို ထောက်ရမယ်…”
“မင်း…ဘာကြောင့် ဒူးမထောက်သေးတာလဲ…” ထိုအဘိုးအို၏ မျက်လုံးထံမှ အေးစက်သော အကြည့်ကို ဖော်ပြသလို သူ၏စကားတို့မှာလည်း အေးတိအေးစက်နိုင်လှသည်။