← Chapters

တောင်ပေါ်သို့ ခြေလှမ်း

Vol. 149 Ch. 2065

တောင်ပေါ်သို့ ခြေလှမ်း

Vol. 149 Ch. 2065

ရွှမ်လောက နေရာတွင် တည်ငြိမ်စွာ ရပ်နေ၏။ သို့သော် သူ့စိတ်ထဲ၌ စတင် ရုန်းကန်လာရပြီ။ သူသည် မဟာအင်ပါယာကူးတောက် သူ့အပေါ် မကျေနပ်သည့်အတွက် အပြင်ဘက်တွင် သူ့ကို စောင့်ခိုင်းတာကို သိ၏။

ထို့အပြင် ထိုသို့ မကျေနပ်မှု ရင်းမြစ်သည် သူ့တပည့်၊ ဝမ်လင်းတွင် ကောင်းကင်ဘုံသားတို့၏ ကျင့်ကြံခြင်းနှင့်အနှစ်သာရများ ပိုင်ဆိုင်ထားခြင်းကြောင့်မှန်း သူ သိသည်။

မဟာအင်ပါယာကူးတောက်သည် ရိုးရာဓလေ့ကို ဆုပ်ကိုင်ထားသော လူစားမျိုး ဖြစ်၏။ သူသည် ရှေးဘိုးဘေး၏ သွေးမျိုးဆက်နှင့် ပတ်သတ်၍ အလေးထားပေသည်။ ရှေးအင်ပါယာများ၏ မျိုးဆက်များအပေါ် အလေးထားပေသည်။

သို့သော် စိတ်ဝိညာဉ်သွေးနှင့် တစုံတစ်ယောက်က ကောင်းကင်ဘုံကလန်၏ အော်ရာကို ပိုင်ဆိုင်နေခြင်းအပေါ်တွင်မူ သူ ခွင့်မပြုနိုင်တာ သိသာနေသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က တုန်ယင်နေ၏။ သည်သုံးရက်တာအတွင်း ခေါင်းလောင်းသံက သူ့စိတ်ထဲသို့ ဝင်ရောက်ကာ တုန်ဟည်းနေသည်။ ယင်းတို့က သူ၏ကျင့်ကြံမှုကို ဖိနှိပ်ကာ ပယ်ဖျက်ဖို့ ကြိုးစားနေသည်။

“ရှေးကလန်ရဲ့ စွမ်းအားဖြစ်ဖြစ်၊ ကောင်းကင်ဘုံသားတွေရဲ့ စွမ်းအားဖြစ်ဖြစ် နှစ်ခုလုံးဟာ ငါ့အပိုင်ပဲ။ ငါ ခက်ခက်ခဲခဲ ရရှိခဲ့တာသာ ဖြစ်တယ်။  ကောင်းကင်ဘုံသားကျင့်ကြံခြင်းကို လက်လွှတ်ဖို့ ငါ ငြင်းဆိုတယ်…”

ဝမ်လင်း၏မျက်လုံးတို့မှာ နီရဲနေ၏။ သူ၏ ဆုံးဖြတ်ချက်သည် ခိုင်မာသည်။ သူသည် ထိုခေါင်းလောင်းသံကို ဆန့်ကျင်ကာ ဆက်လက် ရုန်းကန်နေသည်။

သူ၏ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစွမ်းအားသည် သူ့စိတ်ထဲရှိ ခေါင်းလောင်းသံကို ပြန့်ကြဲသွားစေရန် အဆက်မပြတ် တိုက်ခိုက်နေသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်နေစဉ် ရွှမ်လော၏ မျက်လုံးက အရောင်တောက်သွား၏။ သူက လှည့်၍ ဝမ်လင်း ခေါင်းလောင်းသံကို ခုခံဖို့ ကူညီပေးရန် လက်မြှောက်သည်။ တကယ်တော့ ဝမ်လင်းသည် သူ၏တပည့်ဖြစ်သူ မဟုတ်လား။

သို့သော် ရွှမ်လော နောက်သို့ လှည့်လိုက်စဉ် မျှော်စင်တံခါးသည် ထပ်မံ ပွင့်ဟသွားကာ လူငယ် လှမ်းထွက်လာသည်။

“မဟာအင်ပါယာရွှမ်လော…ဘိုးဘေးကူးက သင့်ကို ဆင့်ခေါ်ပါတယ်…”

ရွှမ်လောသည် ခဏတာ တုန့်နှေးနေသည်။ ထို့နောက် သူက ငြိမ်သက်စွာ အချိန်အတန်ကြာ စဉ်းစားနေသည်။ သူ့ညာလက်ကို ဝမ်လင်းထံ ညွှန်လိုက်ရင်း သူက မျှော်စင်ထံသို့ ဦးတည်လှမ်းသွားတော့သည်။ လူငယ်က ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ မျှော်စင်ထံ ပြန်လှည့်သွား၏။ တံခါးလည်း ပြန်ပိတ်သွားသည်။

ရွှမ်လော၏ လက်ညွှန်မှုက ဝမ်လင်း၏စိတ်နှလုံးကို ရုတ်တရက် တုန်ဟည်းသွားစေသည်။ ထိုအော်ရာက သူ့ခန္ဓာကိုယ်တွင်း၌ နွေးထွေးမှုကို ခံစားရစေသည်။ ၎င်းက သူ၏ကျင့်ကြံမှုကို မဖိနှိပ်သည့်အပြင် သူ၏ခန္ဓာကိုယ်ထဲရှိ ခေါင်းလောင်းသံများကိုလည်း ခုခံပေးသည်။

ဤသည်က ဝမ်လင်း၏ ကျင့်ကြံမှုနှင့် အနှစ်သာရများကို အနည်းငယ် သက်သာရာ ရသွားစေသည်။ သူ၏ကျင့်ကြံမှုနှင့် အနှစ်သာရများကို အလျင်အမြန် စုဝေးလိုက်၏။ ရွှမ်လော၏ စွမ်းအားက ခေါင်းလောင်းသံကို ချေဖျက်ပေးနေပြီး ယင်းအသံများသည် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ဝမ်လင်း၏ ကျင့်ကြံခြင်းနှင့် အနှစ်သာရများက သူ၏ခန္ဓာကိုယ်တွင် အလျင်အမြန် လှည့်ပတ်လာ၏။ ထိုအခါ၌ ခေါင်းလောင်းများသည် ထပ်မံ၍ စတင် လှုပ်ရှားပြန်သည်။ နောက်ထပ် ခေါင်းလောင်းသံတို့က သူ့စိတ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်ပြန်သည်။

ယင်းတို့သည် ဝမ်လင်း၏ ကျင့်ကြံမှုနှင့်အနှစ်သာရတို့ဖြင့် နောက်ထပ် ပဋိပက္ခဖြစ်မှု စတင်၏။

ဝမ်လင်းသည် သွေးအန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူက တောင်ထိပ်ကနေ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

“မင်းရဲ့ ကျင့်ကြံမှု၊ မင်းရဲ့ အနှစ်သာရတွေ၊ မင်းရဲ့ အတိတ်က မှတ်ဉာဏ်တွေကို ဖယ်ရှား ဖောက်ဖျက်ပစ်လိုက်၊ မင်းရဲ့ သွေးမျိုးဆက် အမွေအနှစ်ကို နိုးထစေပါ။ အဲ့လိုဆိုရင် ငါ့အနေနဲ့ မင်းကို ရှေးတောက်ရဲ့ စောင့်ရှောက်သူ ရာထူးနဲ့ မဟာအင်ပါယာကျင့်ကြံခြင်းကို ကမ်းလှမ်းပေးနိုင်တယ်…”

အေးစက်စက်နှင့် ရှေးကျသော အသံတစ်သံသည် ဝမ်လင်း၏ စိတ်ထဲ၌ ခေါင်းလောင်းသံတို့နှင့်အတူ မြည်ဟိန်းလာသည်။

ဝမ်လင်းသည် ရုတ်တရက် မော့ကြည့်လာ၏။

သူ၏မျက်လုံးတို့မှာ နီရဲနေ၏။ သူ၏ကျင့်ကြံမှုက ရုတ်တရက် အသက်ဝင်လာသည်။ သူ၏ရှေးစွမ်းအားနှင့်အတူ သူက သူ့ကျင့်ကြံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိလာသည်။

“ငါ့မှာ ကောင်းကင်ဘုံကလန်ရဲ့ ကျင့်ကြံမှုရယ်လို့ ပိုင်ဆိုင်ထားတာ မဟုတ်ဘူး။ ငါ့မှာ ပိုင်ဆိုင်တဲ့ဟာက ငါ့ရဲ့ နှစ်ပေါင်း သုံးထောင်ကျော် သက်တမ်းမှာ ရရှိလာခဲ့တဲ့ ကိုယ်ပိုင်ခွန်အားသာ ဖြစ်တယ်။ ဒါကို ဖျက်သိမ်းဖို့ သင့်မှာ ဘယ်လိုများ လုပ်ပိုင်ခွင့် ရှိလို့လဲ…”

ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်ထဲရှိ ခေါင်းလောင်သံတို့သည် ပေါက်ကွဲထွက်လာသည်။ ယင်းတို့သည် သူ၏ကျင့်ကြံခြင်းနှင့် ထိပ်တိုက်တွေ့ကာ သူ့အား သွေးအန်သွားစေသည်။ သူက ဆက်လက်၍ နောက်ဆုတ်သွားရပြီး တောင်လယ်ထိ ရောက်ရှိသွား၏။

“ငါ့အနှစ်သာရတွေဟာ ငါ့ဘဝရဲ့ ထိုးထွင်းသိမြင်မှုသာ ဖြစ်တယ်။ ငါ့ဘဝရဲ့ ရုန်းကန်ခဲ့ရမှုရဲ့ အသီးအပွင့်တွေသာဖြစ်တယ်။ ဒါတွေကို ဖျက်သိမ်းပစ်ဖို့ သင့်မှာ ဘာလို့ အခွင့်အာဏာ ရှိရမှာလဲ…”

ဝမ်လင်းက မော့ကြည့်လာ၏။ သူ၏မျက်လုံးတို့သည် ချင်းချင်းနီရဲလာသည်။ သူသည် နောက်ထပ် မာန်သွင်းအော်ဟစ်သည်။

သူ ထိုသို့ အော်ဟစ်နေစဉ် တတိယကြိမ်မြောက် သွေးအန်၏။ သူ၏ခန္ဓာကိုယ်သည် တုန်ခါကာ ခေါင်းလောင်းသံများနှင့် သူ့ကျင့်ကြံမှု ထပ်မံ၍ ထိပ်တိုက်တွေ့သည်။ သူသည် တောင်ခြေထိပါ နောက်ဆုတ်သွားရသည်။ သူ၏နောက်တွင် တောင်လှေကားထစ် ဆယ့်ကိုးထစ်သာ ရှိတော့သည်။

“ငါ့မှတ်ဉာဏ်တွေဟာ ငါ့ကျင့်ကြံမှု၊ ငါ့အနှစ်သာရ၊ ငါ့သွေးမျိုးဆက်၊ သင် ငါ့ကို ပေးအပ်မယ့် မဟာအင်ပါယာစွမ်းအားတို့ထက် ပိုပြီးတော့ တန်ဖိုးရှိတယ်။ ငါဟာ ဒီမှတ်ဉာဏ်တွေအတွက် ရှင်သန်နေထိုင်နေတဲ့သူ။ ဒါကို မေ့ပစ်ဖို့ သင့်မှာ ဘာ လုပ်ပိုင်ခွင့်ရှိလို့လဲ…”

ဝမ်လင်းသည် မာန်သွင်းလိုက်ပြန်သည်။

သူသည် လေးကြိမ်မြောက် သွေးအန်ရ၏။ နောက်သို့ ခြေလှမ်းဆယ့်ရှစ်လှမ်း ဆုတ်လိုက်ရပြန်သည်။ နောက်ဆုံးခြေလှမ်းတွင် ဝမ်လင်း၏ ညာခြေက ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ သူ့ကိုယ်သူ အတင်းအကြပ် နေရာတွင် ရပ်တန့်လိုက်သည်။

အပေါ်သို့ မော့ကြည့်၏။ သူ၏မျက်လုံးတို့က နီရဲကာ သူ့အမူအရာသည် ကြမ်းကြုတ်နေသည်။ သို့သော် သူ၏ခန္ဓာကိုယ်ထဲရှိ ခေါင်းလောင်းများ၏ စွမ်းအားကမူ သူ၏ လုံးဝ ဖိနှိပ်ပစ်ခြင်းကို ခံလိုက်ရလေပြီ။ သူ့ဆံပင်က ရုတ်တရက် အဖြူတဝက်၊အနက်တဝက် ဖြစ်လာသည်။ သူ့နောက်တွင် မဟာအင်ပါယာနေမင်းအကြမ်းထည်ပုံစံ ပေါ်လာသည်။

ထိုမဟာအင်ပါယာနေမင်းသည် တဝက်ဖြူ၊ တဝက်နက် ဖြစ်၏။ ၎င်းထံမှ ထူးခြားသောအလင်းတစ်ခုကို ပေးစွမ်းကာ ဝမ်လင်းကို သူ၏ အသန်မာဆုံးခွန်အား၊ မဟာအင်ပါယာတစ်ယောက်နှင့် ယှဉ်၍ရသော ခွန်အားကို ရရှိလာစေသည်။

ဝမ်လင်း၏ မဟာအင်ပါယာနေမင်း ပေါ်လာသည့်အခိုက်တွင် ကူးတောက်တောင်ပေါ်ရှိ ကောင်းကင်သည် ပြောင်းလဲသွားသည်။

ကောင်းကင်ထက်ရှိ မျှော်စင်ထံမှ မထူခြားနားသော အသံတစ်သံ ထွက်ပေါ်လာကာ လောကတွင် ပဲ့တင်ထပ်သည်။ “ကူးတောက်တောင်ပေါ်မှာ လှေကားထစ် ကိုးရာကိုးဆယ့်ကိုးထစ် ရှိတယ်။ မင်းသာ လှေကားထစ် သုံးရာထိ တက်လှမ်းလာနိုင်ခဲ့ရင် မင်းရဲ့ မလေးမစားမှုအတွက် ပြစ်ဒဏ်ကို သက်ညှာပေးလို့ရတယ်…”

ထိုမျှော်စင်ထိပ်တွင် မြူလွှာဖုံးနေသော ပုံရိပ်တစ်ခု ထိုင်နေသည်။ သူ၏ရှေ့တွင် ရွှမ်လော ရှိနေသည်။

“မင်းရဲ့ တပည့်ကို ငါ အသိအမှတ် မပြုနိုင်ဘူး…”  မြူလွှာဖုံးနေသော အရိပ်ထံမှ မထူးခြားနားသော အသံတစ်သံ ထွက်ပေါ်လာ၏။

“ဒါပေမဲ့ မင်းက သူ့ကို ဒီနေရာကို ခေါ်လာခဲ့မှတော့ သူသာ လှေကားထစ် သုံးရာထိ တက်လှမ်းနိုင်ခဲ့ရင် သူ့ကို ပြန်ခေါ်သွားခွင့် ပေးမယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်သွေးစက် နိုးထလာအောင်လို့တော့ ငါ ကူညီပေးမှာ မဟုတ်ဘူး…”

“ရှေးတောက်အပေါ် ကာကွယ်မှုကတော့ မင်းက သူ့ကို ရွေးချယ်လိုက်မှတော့ သူ လုပ်ပါစေ။ ဒါပေမဲ့ ခုချိန်ကစပြီး သူဟာ ရှေးကလန်ကနေ မထွက်သွားနိုင်ဘူး။ မဟုတ်ရင် ငါ လှုပ်ရှားရလိမ့်မယ်…”

ထိုပုံရိပ်ထံမှ စကားတို့သည် အေးစက်ကာ စိတ်ခံစားချက် ကင်းမဲ့သည်။

ရွှမ်လောသည် ခါးသီးသော အမူအရာဖြင့် ရှိနေ၏။ သူသည် ဝမ်လင်းကို ဒီနေရာသို့ ခေါ်လာခဲ့သည်မှာ ကောင်းမွန်စေချင်သော ရည်ရွယ်ချက်ဖြင့် ဖြစ်၏။ သို့သေ်ာ သူသည် ကူးတောက်က ခုလိုအရာများ ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သူသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် ပြတ်သားသောအကြည့်ကို ထုတ်ဖော်ကာ မြူထဲရှိပုံရိပ်ထံ လက်နှစ်ဖက်ဆုပ်လိုက်၏။

မြူထဲရှိ ပုံရိပ်က ဖြည်းဖြည်းချင်း ပြောလာ၏။ “သူသာ လှေကားထစ်သုံးရာကို မဖြတ်သန်းနိုင်ခဲ့ရင် ဒီမှာ နေဖို့ လိုလိမ့်မယ်….”

ရွှမ်လောမှာ ငြိမ်သက်စွာ စဉ်းစားနေ၏။

ဝမ်လင်းသည် ကူးတောက်တောင်ခြေတွင် ရပ်ကာ မော့ကြည့်နေ၏။ သူသည် သူ့ဆရာသည် တောင်ပေါ်တွင် ရှိနေကာ သူ့အား စောင့်ကြည့်နေနိုင်လောက်တာကို သိ၏။

“ဝမ်လင်း…မင်းရဲ့ အသန်မာဆုံးကျင့်ကြံမှုကို အသုံးပြုပြီး လှေကားထစ် သုံးရာကို ဖြတ်သန်းလာခဲ့ပါ။ မဟာအင်ပါယာကူးတောက်ကို ငါ့တပည့်ဟာ ထိုက်တန်တဲ့အကြောင်း တွေ့မြင်စေလိုက်…”

တောင်ထိပ်မှ ဒေါသသံ အနည်းငယ် စွက်သော ရွှမ်လော၏အသံ ထွက်ပေါ်လာ၏။

ရွှမ်လောသည် ဒေါသထွက်နေ၏။ သူသည် မျှော်စင်ထိပ်၌ သည်စကားများကို ပြောလာခဲ့၏။ သူက သူ့ဘေးရှိ ကူးတောက်ကို လုံးဝ လစ်လျူရှုထားတော့သည်။

ရွှမ်လောက မြူထဲရှိ ပုံရိပ်ကို ကြည့်ကာ ပြောလိုက်ပြန်သည်။ “ကျုပ်က သူ့ကို လှိုဏ်ဂူလောကကနေ ခေါ်လာပြီး ဒီထိ ရောက်လာစေခဲ့တာပဲ။ သူ့ကို ပြန်မခေါ်သွားနိုင်မယ့် တစ်ခုတည်းသော နည်းဟာ ကျုပ်သေမှပဲ ဖြစ်လိမ့်မယ်…”

ရွှမ်လောသည် ခါးမတ်ထား၏။ သူသည် ဆက်လက်၍ အရိုအသေပေးခြင်း မပြုတော့ပေ။

မြူထဲရှိ ပုံရိပ်က မည်သို့မျှ ပြန်မဆိုပေ။ မျှော်စင်ထိပ်က လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။

ရွှမ်လောသည် ဝမ်လင်းအပေါ် ခံစားချက်အထူး ရှိ၏။ သူက လှိုဏ်ဂူလောက၌ ဝမ်လင်း၏ ရုန်းကန်မှုကို စောင့်ကြည့်ခဲ့ကာ ဝမ်လင်း၏ ဇွဲနပဲနှင့် ပြတ်သားမှုတို့ကို မျက်မြင်တွေ့ခဲ့ပေသည်။ သူသည် ဝမ်အာ ဟုအမည်ရသော အမျိုးသမီးတစ်ယောက်အပေါ် ဝမ်လင်း၏ ခံစားချက်များကိုပင် တွေ့မြင်ခဲ့ရသေးသည်။

ရွှမ်လောသည် လှိုဏ်ဂူလောက၌ ဝမ်လင်းက သူ၏ဇနီးဖြစ်သူ ဝမ်အာအပေါ် လွမ်းဆွတ်အောက်မေ့မှုနှင့် ကျခဲ့သော မျက်ရည်များကို မေ့ပစ်နိုင်မည် မဟုတ်ပါ။

ဤသည်က သူ့ကိုယ်သူအကြောင်းကို ပြန်တွေးမိစေပြီး သူ့အတိတ်ကို ပြန်သတိရစေမိ၏။ ဝမ်လင်း ကောင်းကင်ဘုံကလန်၌ တွေ့ကြုံခဲ့ရသည့် အရာများသည်ပင် ရွှမ်လောကို သူ့အကြောင်းကိုယ်သူ ပြန်တွေးမိအောင် လုပ်နိုင်ခဲ့သည်။ သူတို့၏ သမိုင်းတို့မှာ ထပ်တူ ဖြစ်သွားခဲ့ကြသည့်အလား။

ဝမ်လင်းသည် သူ၏ဆရာစကားများ သူ့နားထဲ ပဲ့တင်ထပ်လာချိန်၌ ပထမဆုံး လှေကားထစ်တွင် ရပ်နေ၏။ သူ၏မျက်လုံးထံမှ ပြတ်သားသောအကြည့်ကို ထုတ်ဖော်သည်။ သူသည် ကူးတောက်တောင်ကို သဘောမကျတော့ပေ။ မဟာအင်ပါယာကူးတောက်ကိုလည်း နောက်ထပ် လေးစားသမှု လုံးဝ ပေးတော့မည် မဟုတ်ပါ။

“ဒီလောကမှာ သန်မာသူဟာ အားနည်းသူတွေရဲ့ ကံကြမ္မာကို ထိန်းချုပ်တယ်။ မဟာအင်ပါယာကူးတောက်ဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခုလုံးမှာ အသန်မာဆုံးသူ ဖြစ်တယ်။ ဒါ့ကြောင့် သူက ငါ့အပေါ်မှာ သူ့ဆန္ဒရှိသလို ပြောဆိုပြုမူနိုင်တယ်။ ဒါပေမဲ့ တနေ့မှာ ငါ ဝမ်လင်းဟာ သန်မာလာပြီး ကူးတောက်ရဲ့ နေရာကို အစားထိုးနိုင်ရင် ငါဟာ မိုးကောင်းကင် ဖြစ်လာလိမ့်မယ်…”

ဝမ်လင်း၏ မျက်လုံးတို့မှာ အရောင်တောက်လာ၏။ သူ့နောက်မှ မဟာအင်ပါယာနေမင်း အကြမ်းထည်သည် တောက်ပလာသည်။ ထိုအလင်းက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းကာ သူ့ကို ပို၍ အရပ်ရှည်သလို ဖြစ်စေသည်။

သူက ရုတ်တရက် ခြေပင့်ကာ ရှေ့သို့ လှမ်းသည်။

ထိုခြေလှမ်းသည် ဝမ်လင်း၏ ရှေးကလန်အပေါ် ပထမဆုံး ခုခံမှုပင်။ ဤသည်မှာ ရှေးကလန်အပေါ် ဆန့်ကျင်မှုဟုလည်း ဆိုနိုင်သည်။ သူနှင့် ရှေးကလန်ကြား ပတ်သတ်မှုအတွက် ဖြစ်ပေါ်လာသော ပထမဆုံးအက်ကြောင်းလည်း ဟုတ်သည်။

သူသည် မူလတုန်းက သူ့ဆရာ၏မျက်နှာကြောင့် ရှေးကလန်တွင် နေထိုင်ရန် ရည်ရွယ်စိတ်ကူးထားခဲ့၏။ သူက ရှေးတောက်အင်ပါယာကို ဒူးထောက်ဖို့အတွက်ပါ သည်းခံရန် ဆုံးဖြတ်ထားခဲ့သည်။

သို့ပေမည့် သူသည် သည်းခံနေခဲ့လျှင်ပင် သူနှင့် ရှေးကလန်ကြား၌ အခုအခါ အက်ကြောင်းတစ်ခု ရှိလာခဲ့လေပြီ။ ဖြစ်နိုင်သည်မှာ မည်သို့မျှ မဖြစ်လာခဲ့ပါက ထိုအက်ကြောင်းသည် ရွှမ်လောကြောင့် တဖြည်းဖြည်း ကုစားသွားနိုင်လောက်မည်။ သို့ပေမည့်…။

ယင်းအခွင့်အရေးသည် ရှေးတောက်အင်ပါယာမြို့ထဲရှိ အရေးကြီးသော အခမ်းအနားတစ်ခု ကျင်းပနေစဉ်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

အင်ပါယာမြို့၏ နန်းတော်အတွင်း၌ ရှေးတောက်အင်ပါယာက သူ၏ပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ့ရှေ့တွင် ခရမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုသုံးယောက်ရှိကာ သူတို့အားလုံးက စိတ်လှုပ်တရှားဖြင့် ဒူးထောက်နေသည်။

“အရှင်မင်းမြတ်…နှစ်ပေါင်းရာချီလောက် ကျုပ်တို့က ဟိုစိတ်ဝိညာဉ်နဲ့ ပေါင်းစည်းဖို့ အမျိုးသမီး မြောက်များစွာကို ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူကမျှ အဲ့စိတ်ဝိညာဉ်နဲ့ မပေါင်းစည်းနိုင်ခဲ့ကြဘူး…”

“ဒါပေမဲ့ အခုတော့ အဲ့စိတ်ဝိညာဉ်နဲ့ အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်တဲ့ အမျိုးသမီးတစ်ယောက် ရှိလာခဲ့ပါပြီ…”  ထိုအဘိုးအို၏အသံတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ သူတို့သည် ထိုအစီအစဉ်ကို နှစ်ပေါင်းရာချီကြာ လျှို့ဝှက်၍ လုပ်ဆောင်နေခဲ့တာ ဖြစ်သည်။

“အဲ့အမျိုးသမီးက ဘယ်နေရာကလဲ၊ သူ့နာမည်ကရော…”  ရှေးတောက်အင်ပါယာက တည်ငြိမ်နေ၏။ သို့သော် သူသည် မျှော်လင့်ချက်နှင့် ပြည့်နေသည်။ သူသည် အင်ပါယာဆရာသခင် သူ့ကို ပြောခဲ့တာကို မမေ့ပစ်နိုင်ခဲ့ပေ။ ထိုစိတ်ဝိညာဉ်က သူ့ကို ရှေးကလန်တစ်ခုလုံးအား အုပ်စိုးနိုင်သော အစစ်အမှန် ရှေးအင်ပါယာတစ်ယောက် ဖြစ်လာခွင့် ပြုနိုင်သည် မဟုတ်လား။

နောက်ထပ် အဘိုးအိုတစ်ယောက်က ခပ်သွက်သွက် ပြောလိုက်၏။ “သူမဟာ ရှေးရှီကပါ။ သူမရဲ့ နာမည်ကတော့ စုန့်ကျိ ဖြစ်ပါတယ်…”

“စုန့်ကျိကို နန်းတော်ထဲ ဝင်ခိုင်းလိုက်။ ငါ သူမကို လူ ကိုယ်တိုင် တွေ့ချင်တယ်။ မင်းတို့က သုံးလအတွင်း ငါ မဟာအခမ်းအနားတစ်ခု ကျင်းပမယ်လို့ လောကကို ပြောလိုက်။ ငါ စုန့်ကျိကို ဇနီးအဖြစ် သတ်မှတ်ပြီး သူမကို ရှေးဧကရီအဖြစ် ဘွဲ့ထူးပေးအပ်မယ်…”

ရှေးတောက်အင်ပါယာသည် ထရပ်ကာ ရယ်မောလိုက်၏။ သူ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်အလင်းတို့နှင့် ပြည့်နေသည်။

All Chapters