← Chapters

သူ ဘယ်သူလဲ…

Vol. 149 Ch. 2066

သူ ဘယ်သူလဲ…

Vol. 149 Ch. 2066

ကောင်းကင်သည် အပြာရောင်သမ်းနေကာ အောက်ဘက်တွင် ကလန်တစ်ခုကဲ့သို့ အဆောက်အဦများစွာ ရှိနေ၏။ သို့ပေမည့် ထိုကလန်၏ အမည်မှာ ဝေဝါးကာ တွေ့မြင်ရဖို့ မဖြစ်နိုင်ပေ။ ပို၍ သေချာကြည့်ဖို့ ကြိုးစားလေလေ ၎င်း၏အမည်က ပို၍ ဝေဝါးလာလေပင်။

ထိုအဆောက်အဦများထဲမှ တစ်ခုတွင် အမျိုးသမီးတစ်ယောက် ရှိနေ၏။ ထိုအမျိုးသမီးကို အလွန်ရင်းနှီးသလို ရှိလှသည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။ တစ်ခုခုကို ရှာဖွေနေသည့်အလား။

“သူမက ဘယ်သူလဲ…ငါကရော ဘယ်သူလဲ…”

သည်ကုန်းမြေသ်ည ကျယ်ပြောကာ ကောင်းကင်သည် နက်မှောင်လာပြီး ပတ်ဝန်းကျင်သည် သွေးလွှမ်းသောအော်ရာတစ်ခုနှင့် ပြည့်လာသည်။ ဒီနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည့်အလား။ အမျိုးသမီးတစ်ယောက်သည် ကောင်းကင်ကို ဖြတ်၍ ထွက်ပြေးနေ၏။ သူမ၏မျက်နှာမှာ ကြောက်ရွှံ့မှုကြောင့် တုန်လှုပ်နေသည်။ သူမသည် သူမနောက်သို့ လိုက်လံနေသော ကျင့်ကြံသူတစ်ယောက်ထံ မကြာဆိုသလို လှည့်လှည့် ကြည့်မိနေသည်။

ထိုသို့ဖြစ်နေစဉ် အန္တရာယ်အဖြစ်ဆုံး အခိုက်အတန့်၌ သူမက ရင်းနှီးသော အမျိုးသားတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။

“သူမက ဘယ်သူလဲ၊ သူက ဘယ်သူလဲ၊ ငါကရော ဘယ်သူလဲ…”

မြူပင်လယ်တစ်ခုနှင့် သာမန်လှိုဏ်ဂူတစ်ခု။ အမျိုးသားတစ်ယောက်က ထိုလှိုဏ်ဂူထဲတွင် ထိုင်နေ၏။

အမျိုးသမီးက လှိုဏ်ဂူအပြင်ဘက်တွင် ရပ်နေသည်။ သူမက ကြောက်ရွှံ့နေသော်လည်း သူမ၏မျက်လုံးထဲတွင် ပြတ်သားမှုတို့ ရှိနေသည်။ သူမ၏ရှေ့တွင် ကျင့်ကြံသူများက မန္တာန်များကို အသုံးပြုကာ လှိုဏ်ဂူထဲသို့ ဝင်ရောက်ဖို့ အစီအရင်ကို ချိုးဖျက်ရန် ကြိုးစားနေသည်။

သူမက အံတင်းတင်းကြိတ်ကာ သူ၏ တက်စွမ်းသမျှ ခွန်အားကုန်ကို အသုံးပြုကာ ခုခံ၍ ထိုအစီအရင်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။ သူမ၏ခန္ဓာကိုယ်က ကွေးညွှတ်ကျသွား၏။ သို့သော် သူမက အမျိုးသား၏ နွေးထွေးသော ရင်ဘက်ပေါ် မှီလဲကျသွားတာကို တွေ့လိုက်ရသည်။

“သူမက ဘယ်သူလဲ၊ သူက ဘယ်သူလဲ၊ ငါက ဘယ်သူလဲ…”

အပြာရောင်ကောင်းကင်အောက်တွင် ရင်းနှီးသလို မရင်းနှိးသလို ကလန်တစ်ခု ရှိနေ၏။ အမျိုးသမီးတစ်ယောက်သည် အဆောက်အဦတစ်ခု၏ အပြင်ဘက်တွင် ငြိမ်သက်စွာ ထိုင်ကာ လက်ထဲတွင်လည်း ကုချင်းကို ကိုင်ဆောင်ထားသည်။ ဝမ်းနည်းဖွယ် ကုချင်းသံက ပဲ့တင်ထပ်၏။ သူမသည် လက်ထပ်ရပေတော့မည်။

သို့ပေမည့် သူမက အရာအားလုံးကို ရင်ဆိုင်ဖို့ အဆောက်အဦထံမှ လှမ်းထွက်လာစဉ် သူ၏အဆုံးစွန်ကျင့်ကြံမှုနှင့်အတူ အမျိုးသားတစ်ယောက် ပေါ်လာကာ သူမရှေ့သို့ လျှောက်လာခဲ့သည်။

ထိုအမျိုးသား၏ နူးညံ့ကြင်နာသော အပြုံးက သူမကို မင်သက်သွားစေသည်။

သူမသည် သူ မည်သူမှန်း သိလို၏။ သူမ မည်သူမှန်းလည်း သိလို၏။ သူမကိုယ်တိုင် မည်သူ ဖြစ်သည်ကိုပါ သိလိုက်နေသည်။

လူတစ်ယောက်ကို နွေးထွေးမှု ခံစားစေနိုင်မည့် အလင်းတန်းတစ်ခုသည် ငြိမ်သက်နေသော တောင်ကြားတွင် ထွန်းလင်းသည်။ ထိုနေရာတွင် သစ်သားအိမ်တစ်ခုလည်း ရှိ၏။ ကုချင်းသံ တီးခတ်နေသော အမျိုးသမီးထံမှ သာယာနာပျော်ဖွယ် တေးသီချင်းတပုဒ် ထွက်ပေါ်လာသည်။ သူမက သူမပေါ်တွင် မှီနေသော အမျိုးသားကို ကြည့်ကာ နူးညံ့သိမ့်မွေ့သော အကြည့်တစ်ခုကို ထုတ်ဖော်သည်။

သူမသည် ပျော်ရွှင်နေပုံ ရသည်။ သို့သော် သူမက မည်သူနည်း။ ထိုအမျိုးသားကရော မည်သူနည်း၊ သူမကိုယ်တိုင်ကရော မည်သူနည်း။

သူမသည် တစ်ခုခုကို မှတ်မိတော့ မလိုဖြစ်လာသည်။ သို့သော် သူမက ထိုအရာကို မမှတ်မိနိုင် ဖြစ်နေသည်။ သူမ၏စိတ်က ဝေဝါးနေသည်။

ဝေဝါးနေစဉ္အတွင်း ထိုပုံရိပ်က အက်ကြောင်းများထက ရုတ်တရက် ပျက်စီးသွားသည်။ ၎င်းက မုန်တိုင်းထန်သော နေ့တစ်နေ့အဖြစ်သို့ ပြောင်းသွားသည်။ ထိုအမျိုးသားက အမျိုးသမီးဖြစ်သူကို မျက်ရည်များ စီးကျနေလျက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူသည် စတင်၍ အော်ဟစ်၏။ သည်အော်သံတွင် နာကျင်မှု ပါဝင်၏။ ကတိကဝတ် ပါ၏။

“ကောင်းကင်ဘုံ နင့်ကို သေစေချင်ရင်တောင် ငါက နင့်ကို ပြန်ခေါ်ဆောင်မှာ ဖြစ်တယ်…”

ရှေးတောက်အင်ပါယာနန်းတော်တွင် အင်ပါယာနန်းတော်အဆောင်အတွင်းရှိ ခမ်းနားထည်ဝါသော အခန်းထဲတွင် အမျိုးသမီးတစ်ယောက်သည် နူးညံ့သော အိပ်ယာထက်တွင် လှဲလျောင်းနေသည်။ သူမက အကြွင်းမဲ့ မလှပါ။ သို့သော် သူမသည် မျက်စိအေးစေသောအလှကိုတော့ ပိုင်ဆိုင်ထားသည်။ သို့သော် သူမက ရုန်းကန်နေသည်။ သူမ၏မျက်နှာက ဖြူရောနေသည်။ သူမသည် အိပ်မက်ဆိုးတစ်ခုကို မက်နေသည့်အလား သူမ၏မျက်တောင်တို့က တုန်ခါနေသည်။ သူမ၏ အိပ်မက်ဆိုးမှ နိုးထဖို့ ကြိုးစားနေလေသည်။

သူမ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာကာ သူမ၏ပါးပေါ်၊ ထိုမှသည် ခေါင်းအုံးဖြူကို မျက်ရည်များဖြင့် စိုစွတ်သွားစေသည်။

သူမ၏ အိပ်မက်ထဲရှိ နှလုံးကွဲတမျှ အော်သံက သူမ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ ထိုအော်သံက ကံကြမ္မာကို ဖိဆန်ဆန့်ကျင်ကာ ကောင်းကင်ထိ တိုက်ရိုက် ထိုးတက်သွား၏။ ဤသည်မှာ ဖိဆန်ခြင်းစိတ်ဆန္ဒတစ်ခု။

ထိုအသံက မျက်ရည်များကို ပိုမို၍ စီးကျလာစေသည်။

သို့သော် သူမသည် အိပ်မက်ထဲရှိ ထိုအမျိုးသမီး၊ နှလုံးကွဲတမျှ အော်ဟစ်ခဲ့သော ထိုအမျိုးသားတို့ကို မမှတ်မိနိုင်ပေ။ သူမသည် မှတ်မိချင်၏။ သို့သော် ခုခါ၌ သူမသည် သူမကိုယ်တိုင်ကိုယ်ပင် မည်သူမှန်း မမှတ်မိနိုင် ဖြစ်နေပေသည်။

သူမ၏ အိပ်မက်ထဲပ သူမက နှစ်အချို့ကြာပြီးနောက် ခေါင်းတလားတစ်ခုဘေးတွင် အမျိုးသားတစ်ယောက်ကို ဝိုးတဝါး တွေ့မြင်ခဲ့သည်။ သူက ထိုခေါင်းတားကို အတော် ဂရုစိုက်ပြီး သူ့မျက်နှာဖြင့် ၎င်းခေါင်းတလားကို ညင်သာစွာ ထိတွေ့သည်။ သူ့မျက်နှာပေါ်ရှိ ညင်သာနူးညံ့သော အမူအရာက သူမ၏စိတ်နှလုံးကို ကိုက်ခဲနာကျင်စေသည်။

ခေါင်းတလားအပေါ် ကျဆင်းလာသော မျက်ရည်တို့က သူမကို ဝမ်းနည်းစေ၏။ သူမသည် မျက်လုံးဖွင့်ကာ ထိုအမျိုးသား၏ မျက်နှာကို ထိကိုင်၍ မျက်ရည်များကို သုတ်ပေးချင်မိနေသည်။

သူမသည် ရုန်းကန်နေရင်း အိပ်မက်ထဲရှိ အရာအားလုံးက ပျက်စီးသွား၏။ ထိုအမျိုးသား၊ ထိုအမျိုးသမီးတို့သည် မြူများကြား ပျောက်ကွယ်သွားသလို ထင်ရ၏။ အရာအားလုံးသည် ဝေဝါးသွားသည်။

သူမ မျက်လုံးဖွင့်လာ၏။

“နင် နိုးလာပြီပဲ…” သူမ၏နောက်မှ တိုးညင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

သူမသည် ထည်ဝါသော အိပ်ယာခင်းကို ကြည့်၏။ သူမ၏မျက်လုံးထဲတွင်မူ စိတ်ရှုပ်ထွေးမှု ရှိနေတုန်းပင်။ အိပ်မက်ထဲမှ အရာအားလုံးက ရှိနေတုန်းပင်။ သို့သော် ဝေဝါးနေသည်။

သူမ တဖက်သို့ ခေါင်းလှည့်ကာ အသံလာရစီ အကြည့်ရောက်သွား၏။ သူမက တော်ဝင်ဝတ်ရုံဖြင့် အမျိုးသားတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ ထိုသူသည် သက်လတ်ပိုင်းအရွယ် ရှိသော်လည်း ယောက်ျားဆန်ကာ မြင့်မြတ်သောအသွင်ဟန်ပန် ရှိပေသည်။ သူက သူမကို ပြုံး၍ ကြည့်နေသည်။

“သင်….သင်က ဘယ်သူလဲ၊ ငါ…ငါကရော ဘယ်သူလဲ…”  ထိုအမျိုးသမီး၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုလာ၏။ သူမက ပြင်းထန်သော နာကျင်မှုကိုလည်း ခံစားနေရသည်။ မမြင်ရသောအားတစ်ခုက သူမကိုယ်သူမ ရှာဖွေခြင်းကို ဟန့်တား ပိတ်ပင်ထားသည့်အလား။

“ငါက ရှေးတောက်အင်ပါယာ၊ ရှေးတောက်ရဲ့ အနှိုင်းမဲ့ တည်ရှိမှုပဲ။ ငါဟာ နင့်ရဲ့ ခင်ပွန်းလည်း ဟုတ်တယ်။ နင့်နာမည်က စုန့်ကျိ၊ နင်ဟာ ရှေးရှီကလန် လာခဲ့ပြီး ငါ့ရဲ့ ဧကရီ ဖြစ်လာခဲ့တာ…”

ထိုအမျိုးသားက ပြုံး၍ ပြောနေ၏။ သူ့ထံမှ အင်ပါယာတစ်ယောက်၏ အော်ရာ ထွက်ပေါ်လာသည်။

“ခင်ပွန်း…”  ထိုစကားသံ ပဲ့တင်ထပ်ရင်း နောက်ထပ်ပုံရိပ်တစ်ခုက သူမ၏စိတ်ထဲတွင် ပေါ်လာ၏။ ထိုပုံရိပ်မှာ ကောင်းကင်ထက်သို့ ကြည့်ကာ နာကျင်စွာ အော်ဟစ်နေခဲ့သော ပုံရိပ်ပင်။

ထိုပုံရိပ်က သူမနှင့်အတူ ထိုင်ခဲ့ပြီး သူမ တီးခတ်သော ကုချီးဂီတကို နားဆင်ခဲ့ဖူးသည်။

ထိုပုံရိပ်က ဝေဝါးသွားကာ သည်တော်ဝင်ဝတ်ရုံဖြင့်လူနှင့် တထပ်တည်း ဖြစ်သွားသလို ထင်ရသည်။ သို့သော် တထပ်တည်း ဖြစ်သွားပြီးနောက် အနှီပုံရိပ်နှင့် တော်ဝင်ဝတ်ရုံဖြင့်လူတို့၏ပုံရိပ်သည် ကွဲထွက်သွားလေ၏။

သူမ၏ စိတ်ထဲမှ ပြင်းထန်သော နာကျင်မှု ထပ်မံ ထွက်ပေါ်လာသည်။ ထိုအမျိုးသမီးက မျက်လုံးမှိတ်လိုက်၏။ သူမသည် နာကျင်မှုကြောင့် သတိမေ့မြောသွားတော့သည်။

တော်ဝင်ဝတ်ရုံဖြင့်လူက ချက်ခြင်း သုန်မှုန်သွားကာ ပြောလာ၏။ “အကြောင်းရင်း ငါ့ကို ပြော…”

သူ့နောက်တွင် လှိုင်းဂယက်များ ထလာပြီး အဘိုးအိုတစ်ယောက် လှမ်းထွက်လာကာ ဒူးတစ်ဖက်ထောက်၍ ပြော၏။ “အရှင်မင်းမြတ်…စုန့်…ဧကရီဟာ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ပြီးတဲ့နောက် သူမရဲ့ ခန္ဓာကိုယ်ဟာ အားနည်းသွားခဲ့ပါတယ်။ သူမမှာ သူမရဲ့ ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိနှင့်ခဲ့ပြီးသားပါ။ ပေါင်းစပ်မှုက သူမရဲ့ မှတ်ဉာဏ်တွေကို ဗရမ်းဗတာ ဖြစ်သွားစေခဲ့တာပါ…”

“ဒါပေမဲ့ အဲ့တာက အန္တရာယ်တော့ မရှိပါဘူး။ ဧကရီအနေနဲ့ ပြန်ကောင်းမွန်သက်သာဖို့ အချိန်တချို့ အနားယူဖို့ပဲ လိုတာပါ။ ဒါပေမဲ့ သူမရဲ့ မှတ်ဉာဏ်တွေကတော့ ပြန့်ကြဲဝေဝါးနေအုံးမှာ ဖြစ်ပါတယ်။ ဒီလိုဆိုပေမယ့်လည်း ဒါက ကောင်းတဲ့အရာတစ်ခုပါ။ အရှင်မင်းမြတ်အနေနဲ့ သူမရဲ့ စိတ်ထဲ မှတ်ဉာဏ်တွေကို တဖြည်းဖြည်း မိတ်ဆက်ပေးနိုင်ပြီး သူမရဲ့ အစစ်အမှန်မှတ်ဉာဏ်တွေ ဖြစ်လာအောင် လုပ်လို့ရသွားမှာပါ….”

“ဒီခန္ဓာကိုယ်ဟာ အဲ့စိတ်ဝိညာဉ်အတွက် အတော်လေး သင့်တော်ပြီး အဲ့စိတ်ဝိညာဉ်ကို ဆက်တိုက်အားဖြည့်ပေးနိုင်တယ်။ နှစ်အနည်းငယ်အတွင်း ဒီစိတ်ဝိညာဉ်နဲ့ သူမရဲ့ ခန္ဓာကိုယ်ဟာ လုံးဝ ပေါင်းစည်းသွားပါလိမ့်မယ်။ အဲ့အချိန်ကျရင် စိတ်ဝိညာဉ်ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကတောင် ဒီစိတ်ဝိညာဉ်နဲ့ ထပ်ပြီးတော့ ပေါင်းစည်းနိုင်တော့မှာ မဟုတ်ပါဘူး…”

တော်ဝင်ဝတ်ရုံဖြင့်လူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း ထွက်သွားနိုင်ပြီ…”

ထိုအဘိုးအိုက ခပ်သွက်သွက် ခေါင်းညိတ်၏။ ထို့နောက် သူက အခိုးအငွေ့အဖြစ်သို့ ပြောင်းကာ အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။ သည်အခါ အခန်းထဲတွင် ရှေးတောက်အင်ပါယာနှင့် ထိုအမျိုးသမီးတို့သာ ကျန်ခဲ့တော့သည်။

ရှေးတောက်အင်ပါယာက အမျိုးသမီး၏ဘေးတွင် ထိုင်ကာ သူမကို ထူးခြားသောအကြည့်ဖြင့် ကြည့်သည်။

“အင်ပါယာဆရာသခင်က ဒီစိတ်ဝိညာဉ်ဟာ ငါ့ကို ကလန်သုံးခုလုံးကို စုစည်းနိုင်တဲ့ အစစ်အမှန်ရှေးအင်ပါယာတစ်ယောက် ဖြစ်လာအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။ အင်ပါယာဆရာသခင် မမှားနိုင်ဘူး။ ဒီအမျိုးသမီးကို ငါ့ဧကရီအဖြစ် သတ်မှတ်တာဟာ အကောင်းဆုံးချီးမြှင့်မှုပဲ…”

သူသည် ခပ်တိုးတိုး ရေရွတ်၍ သူ့ညာလက်ကို ပင့်မြှောက်ကာ သူမ၏မျက်နှာထံ ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလာ၏။

“ဒီအမျိုးသမီးက မလှပေမယ့် သူမမှာ ကိုယ်ပိုင်ညှို့ငင်နိုင်စွမ်း ရှိိတယ်။ အင်ပါယာဆရာသခင်ဟာ အဲ့စိတ်ဝိညာဉ်ကို ဘယ်ကနေ ရလာခဲ့တာလဲလို့ ငါ အမြဲတမ်း သိချင်နေခဲ့တယ်။ ဒါပေမဲ့ သူက မပြောပြခဲ့ဘူး။ ဒါပေမဲ့လည်း ဒီစိတ်ဝိညာဉ်ဟာလည်း မိန်းမလှတစ်ယောက် ဖြစ်ခဲ့လိမ့်မယ်။ သူမမှာ သူမရဲ့ ချစ်သူ ရှိခဲ့ပုံပဲ။ ဖြစ်နိုင်တာက သူမ သေဆုံးသွားတဲ့နောက် သူမရဲ့ ချစ်သူဟာ အဆုံးစွန်နာကျင်မှုကို ခံစားခဲ့ရလောက်တယ်…”

“ကံမကောင်းစွာနဲ့…သူကတော့ သူ့ရဲ့ချစ်သူ အမျိုးသမီးဟာ ငါ့လက်ထဲမှာ ရှိနေတာကို ဘယ်တော့မှ သိနိုင်တော့မှာ မဟုတ်ဘူး။ တကယ်လို့ သူမရဲ့ အတိတ်က ချစ်သူဟာ ဘယ်သူ ဖြစ်တယ်ဆိုတာကို မြင်နိုင်တွေ့နိုင်မယ့် အခွင့်အရေးတစ်ခုရှိခဲ့ရင် စိတ်ဝင်စားဖို့ တော်တော်ကောင်းသွားမှာပဲ…”

“အဲ့လူက သေသွားတာ ကြာခဲ့ပြီလည်း ဖြစ်နိုင်တယ်။ တကယ်လို့ သူ မသေသေးဘဲ သူတို့နှစ်ယောက်သာ ပြန်ဆုံနိုင်ခဲ့ရင် သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် မှတ်မိသိရှိကြနိုင်မလား…”  တော်ဝင်ဝတ်ရုံဖြင့်လူ၏ အပြုံးက ပို၍ ပီပြင်လာသည်။

တော်ဝင်ဝတ်ရုံဖြင့်လူက သူ့ညာလက်ဖြင့် သူမ၏ မျက်နှာကို ပွတ်သပ်ကာ မျက်နှာထက်တွင် ဒဏ်ရာတစ်ခု ချန်ထားလိုက်သည်။

ထိုအမျိုးသမီး၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူမသည် မေ့မြောနေစဉ်အတွင်း နာကျင်မှုကို ခံစားနေရသည့်အလား။ သူမ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။

“ငါ့ဧကရီအဖြစ် ခန့်အပ်တဲ့ အချိန်မှာ သူမဟာ အပျိုစင် ဖြစ်နေရမယ့် အချက်ကြောင့်သာ မဟုတ်ရင် ငါ တကယ်ပဲ ခုချက်ခြင်း သူမကို ဇနီးအဖြစ် ဆက်ဆံမိတော့မယ်။ ဒါပေမဲ့လည်း အလျင်လိုစရာ မရှိဘူး။ အဲ့အခမ်းအနား ပြီးသွားတာနဲ့ ငါဟာ ဒီစိတ်ဝိညာဉ်နဲ့ ပျော်ပါးဖို့ အချိန်ရှိလာမှာပဲ…”

တော်ဝင်ဝတ်ရုံဖြင့်လူသည် ပြုံး၍ ထရပ်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းပြီး ထွက်ခွာသွားတော့သည်။

ထိုအမျိုးသမီးသည် မျက်ရည်များ စီးကျနေစဉ်၌ ကူးတောက်တောင်ခြေတွင် ဝမ်လင်းသည် တောင်ထိပ်ထံ အေးစက်စက်အကြည့်ဖြင့် မော့ကြည့်နေသည်။

မဟာအင်ပါယာကူးတောက်က သူ့ကို အသိအမှတ်မပြုတာ သိသာ၏။ သို့သော် သူသည်လည်း ရှေးကလန်တစ်ခုလုံးကို အသိအမှတ် မပြုပေ။ သူ လေးစားမှုထားသော တစ်ဦးတည်းသောသူမှာ ရွှမ်လောသာ ရှိ၏။

ရွှမ်လော မရှိပါက သူသည် ဒီနေရာသို့ လုံးဝ လာခဲ့လိမ့်မည် မဟုတ်ပေ။

“ခြေလှမ်းသုံးရာ…”   ဝမ်လင်း၏နောက်မှ မဟာအင်ပါယာနေမင်းက အားကောင်းလှသော အဖြူအနက်အလင်းကို ထုတ်လွှတ်လာ၏။ ဝမ်လင်းက ခြေကြွလိုက်သည်။

သူသည် ခြေတစ်လှမ်းသာ လှမ်းလိုက်သည်မဟုတ်၊ ခြေလှမ်းဒါဇင်ချီ လှမ်းလိုက်ခြင်း ဖြစ်၏။

သူ ခြေလှမ်း ရပ်တန့်သွားသည့်အခါ၌ ဝမ်လင်းသည် သုံးဆယ့်ကိုးခုမြောက် လှေကားထစ်တွင် ရပ်နေ၏။ ပြင်းထန်သောဖိအားက သူ့အပေါ် ဝုန်းဒိုင်းကြဲ ထိုးနှက်နေကာ သူ့အား ရပ်တန့်သွားစေ၏။ မရေမတွက်နိုင်သော တောင်များက သူ့အပေါ် ဖိချလာသည့်အလား။

အေးစက်စက်နှာခေါင်းရှုံ့သံနှင့်အတူ ဝမ်လင်း၏နောက်မှ မဟာအင်ပါယာနေမင်းအကြမ်းထည်က ပို၍ တောက်ပလာ၏။ ခြေတလှမ်းဖြင့် သူသည် ရှေ့သို့ ထပ်မံ ကျော်လွှားသွားပြန်သည်။

လေးဆယ့်နှစ်လှမ်းကနေသည် ရှစ်ဆယ့်သုံးလှမ်းမြောက်…။ ကျယ်လောင်စွာ တုန်ဟည်းသံများက သူ့နားထဲတွင် ပဲ့တင်ထပ်နေလျက် သူသည် ကိုးဆယ့်ကိုးလှမ်းမြောက်သို့ ရောက်ရှိဖို့ ပြင်းထန်သောဖိအားကို ရင်ဆိုင်နေရ၏။ သူက သူ့ညာခြေကို ပင့်မြှောက် တစ်ရာမြောက်ခြေလှမ်းကို ခပ်ကြမ်းကြမ်း လှမ်းနင်း၏။

သူ၏ ခြေထောက် ကျဆင်းသွားသည်နှင့် လောကသည် တုန်ဟည်းသွားကာ ကူးတောက်တောင်သည်ပင် တုန်ခါသွားသလို ထင်ရသည်။ ပြင်းထန်သောဖိအားက ဝမ်လင်းအပေါ် တရစပ် ထိုးနှက်လာကာ သူ့စိတ်ကို တုန်ဟည်းသွားစေ၏။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာစေသည်။

ထိုဖိအားသည် တောင်ပေါ်ရှိ မဟာအင်ပါယာကူးတောက်ထံမှ လာခြင်းတည်း။

All Chapters