သံစဉ်ကိုးခု၊သင်္ကေတသုံးခု(၂)
Vol. 150 Ch. 2069
သံစဉ်ကိုးခု၊ သင်္ကေတသုံးခု။ ပထမသံစဉ်သည် ကောင်းကင်ဘုံလေသံစဉ်ပင်။
ဒုတိယသံစဉ်သည် ကောင်းကင်ဘုံတာအိုမိုးကြိုးစည်းချက်ပင်။
တတိယသံစဉ်သည် မူလတိမ်ပုလွေပင် ဖြစ်၏။
သည်မူလတိမ်ပုလွေသည် ရွှေရောင်ကောင်းကင်တွင် ပေါ်လာသော အဖြူရောင်တိမ်များထံမှ ထွက်ပေါ်လာတာ ဖြစ်၏။ ၎င်းသည် ကောင်းကင်တခွင်တွင်ပဲ့တင်ထပ်ကာ သင်၏စိတ်ထဲ ဝင်ရောက်လာသည့်အခါ ထိုသံစဉ်က သင့်ကို စိတ်အေးသက်သာစေပြီး အနားယူအိပ်စက်ချင်စိတ် ပေါက်စေလိမ့်မည် ဖြစ်သည်။
ဝမ်လင်းသည် နှစ်ရာ့လေးဆယ်မြောက် လှေကားထစ်ပေါ်သို့ ခြေချလာသည့်အခါတွင် ယင်းပုလွေသံသည် ကောင်းကင်ထက်တွင် ပေါ်လာသည်။ ထိုပုလွေသည် အံ့အားသင့်ဖွယ် ဖြစ်ကာ သည်လောကမှ သက်ရှိကဖန်တီးသော အရာတစ်ခု မဟုတ်လေပေ။ ၎င်းကို တိမ်စိုင်ထဲရှိ မရေမတွက်နိုင်သော အပေါက်ငယ်လေးများအပေါ် လေတိုက်ခတ်စဉ်တွင် ဖန်တီးလေခြင်းပင်။
၎င်းသည် လေနှင့် ပေါင်းစည်းကာ အဆုံးစွန်အံ့အားသင့်ဖွယ် သံစဉ်တစ်ခုကို ဖန်တီးသည်။ မိုးကြိုးသည် ဗုံသံကဲ့သို့ဖြစ်ကာ ထိုလေသံစဉ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သည်။
ထိုအသံသည် သင့်ကိုယ်သင် ဆုံးရှုံးသွားစေနိုင်လောက်သည်။ ရွှမ်လောသည်ပင် ထိုသံစဉ်တွင် နစ်မြုပ်သွားကာ မျက်လုံးမှိတ်သည်။
တိုင်လေးတိုင်ပေါ်ရှိ မီးခိုးရောင်ဝတ်ရုံဖြင့် လေးယောက်သည်လည်း ထိုသံစဉ်ကို ငြိမ်သက်စွာ နားထောင်နေကြ၏။ မှတ်ဉာဏ်များက သူတို့၏စိတ်ထဲတွင် ဂယက်ထနေသည်။ မျှော်စင်ထိပ်ဖျား၌ မြူထဲမှ သက်ပြင်းချသံ တစ်သံ ထွက်ပေါ်လာသည်။
ဝမ်လင်းသည် နှစ်ရာ့လေးဆယ်မြောက် လှေကားထစ်ပေါ်တွင် ရပ်နေပြီး လေ၊မိုးကြိုးနှင့် တိမ်စိုင်များထံမှ ထွက်ပေါ်လာသော သံစဉ်ကို နားထောင်နေ၏။ ထိုတေးသံစဉ်သည် သူ့မူလစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ခြုံလွှမ်းကာ နွေးထွေးမှု ခံစားစေပြီး တဖြည်းဖြည်း အားဖြည့်ပေးသည်။ သူ အစောပိုင်းတုန်းက လှေကားထစ်များကို လျှောက်လှမ်းခဲ့ရမှ ရခဲ့သော ဒစ်ရာများသည် သည်သံစဉ်ကြောင့် စတင် ပြန်ကောင်းမွန်လာသည်။
သူ၏ ကောင်းကင်ဘုံနှင့် ရှေးစွမ်းအားတို့သည်ပင် ပိုမို ပေါင်းစပ်နေ၏။ သို့သော် ၎င်းက ရွှေ့ရှားမှု မရှိပေ။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏မျက်လုံးထဲပ အလင်းတစ်ခု ဖြတ်ပြေးသွား၏။ သူက သူ့ညာခြေကို ပင့်မြှောက်ကာ ဖြည်းဖြည်းချင်း ခြေလှမ်းသည်။ သူ၏အမူအရာက ကြမ်းကြုတ်ခြင်း မရှိတော့၊ ထိုအစား တည်ငြိမ်နေသည်။
သူ့မျက်လုံးတို့သည်လည်း နီရဲနေခြင်း မရှိတော့ဘဲ သူက ရှေ့သို့ တည်ငြိမ်စွာ ဆက်လျှောက်လာ၏။
ရွှေရောင်ကောင်းကင်သည် အလင်းနှင့် ပြည့်နေ၏။ မဟူရာမြေပြင်က လမ်း ဖြစ်လာ၏။ မိုးကြိုးက ဗုံပင်။ လေက စည်းချက်၊ တိမ်စိုင်တို့က ပုလွေ ဖြစ်လာ၏။ ထိုအရာများက ဝမ်လင်းကို အပေါင်းအပါ ပြုပေးကာ သူသည် နှစ်ရာ့ငါးဆယ်မြောက် လှေကားထစ်ပေါ် တည်တည်ငြိမ်ငြိမ် လျှောက်လာခဲ့သည်။
သူ ခြေချလိုက်သည့်အခိုက်တွင် နောက်ထပ် အသံတစ်သံ ပေါ်လာပြန်၏။ ၎င်းက မိုးစက်များ မြေပြင်ထက်သို့ ထိမှန်သလို အသံမျိုးပင်။
မိုးသံသည် လောကတွင် ပဲ့တင်ထပ်ကာ တိမ်ပုလွေသံနှင့် ရောယှက်၏။ ထိုတေးသံစဉ်က ပို၍ အံ့ချီးဖွယ် ကောင်းလာချေသည်။၎င်းအတွင်း၌ ရှင်သန်ခြင်းဓာတ် ကွယ်ပုံးနေသလိုမျိုးအလား။
ထိုအခိုက်တွင် ရွှမ်လောက မျက်လုံးဖွင့်လာ၏။ သူက ဝမ်လင်းကို ကြည့်ကာ အသက်ဝဝရှိုက်သွင်း၏။ သူ၏ ကျင့်ကြံမှုအဆင့်၊ အဆင့်အတန်းတို့အရ ပုံမှန်အားဖြင့် သူသည် ခုလောက်ထိ တုန်လှုပ်မှုကို ပြသလေ့ မရှိပါ။ သို့ပေမည့် ဝမ်လင်း ဆွဲဆောင်နိုင်ခဲ့သော သံစဉ်လေးခုသည် သူ့စိတ်ခံစားချက်များကို လှိုင်းထန်သွားစေသည်။
ရွှမ်လော၏အကြည့်က ဝမ်လင်းထံ ဖြတ်သန်းသွားပြီးနောက် မျှော်စင်ထံသို့ ရောက်၏။ သူက တကိုယ်တည်း တွေးမိလိုက်သည်။ “မဟာအင်ပါယာကူးတောက်…သင်က သူ့ရဲ့ တည်ရှိမှုကို အသိအမှတ်မပြုခဲ့ဘူး။ ဒါပေမဲ့ ခုတော့ သင် ဘာတွေးနေလဲ ကျုပ် သိချင်မိတယ်။ ဒါမှမဟုတ် စိတ်ဝိညာဉ်သွေးစက် ပိုင်ဆိုင်တဲ့ ကျုပ်ရဲ့ တပည့်ဝမ်လင်းက သင့်ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုနိုင်ပါ့မလား…”
မျှော်စင်ထိပ်သည် ငြိမ်သက်နေတုန်းပင်။ သက်ပြင်းချသံ ထွက်ပေါ်လာပြီးနောက် ထိုမြူထဲရှိ ပုံရိပ်က မျက်လုံးမှိတ်လိုက်သည်။ သူသည် သံစဉ်တွင် နစ်မြုပ်နေသည်ဟု ထင်ရ၏။ သူ့မျက်နှာထံမှ လွမ်းဆွတ်တမ်းတမှုနှင့် အတိတ်ကို အောက်မေ့မှုတို့ လှစ်ဟပေါ်သည်။
ဝမ်လင်းသည် နှစ်ရာငါးဆယ်မြောက် လှေကားထစ်ပေါ်တွင် အနည်းငယ် တုံ့နှေးရပ်သွား၏။ မိုးသံစဉ်ကို ကြားရသည့်နောက် သူသည်လည်း တခဏတာ နစ်မြောသွားခဲ့သည်။ ထို့နောက်တွင် သူက ထပ်မံ၍ ခြေလှမ်းသည်။
နှစ်ရာ့ခြောက်ဆယ်မြောက် လှေကားထစ်ပေါ်တွင် ဝမ်လင်းသည် ကောင်းကင်၏ တေးသံကို ကြားရ၏။ သည်အသံက အလွန်ဆန်းပြားထူးခြားမှု ရှိသည်။ ကောင်းကင်သည် ငြိမ်သက်နေသည်။ သို့သော် ယင်းအခိုက်တွင် ကောင်းကင်ထက်မှ ခပ်တိုးတိုး၊ခပ်ဖျော့ဖျော့အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းသည် လေ၊မိုးကြိုး၊ တိမ်နှင့် မိုးသံစဉ်တို့နှင့်အတူ ပေါင်းစည်းသည်။
ယင်းအသံ ထွက်ပေါ်လာသည့်အခါ ကောင်းကင်ဘုံနှင့် ရှေးစွမ်းအားတို့ ပေါင်းစည်းမှုသည် လှုပ်ရှားမည့် အရိပ်အယောင်များ ပြသလာသည်။ တောင်ထံမှ ဖိအားကလည်း တိုးလာခဲ့လေပြီ။
သို့သော် ၎င်း၏အမြန်နှုန်းက နှေးကွေးလွန်းသည်။ ၎င်းပေါင်းစည်းစွမ်းအင် တပတ်လည်ဖို့ အချိန်မည်မျှ ကြာမြင့်မည်ကို မသိရနိုင်ပါ။ ဝမ်လင်းက စိတ်မပူပေ။ သည်သံစဉ်ငါးခု၏ အကျိုးကျေးဇူးကြောင့် သူ၏ခန္ဓာကိုယ်အတွင်းအပြင်တွင် အလွန်ခိုင်မာမြဲမှု ရှိနေသလို ခံစားရ၏။ သူသည် အဆုံးမဲ့စွမ်းအားကို ပိုင်ဆိုင်လာသည့်အလား။
ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်သွေးက အရည်ပျော်သည့် အရိပ်လက္ခဏများ ပြသလာသည်။ ဤသည်မှာ ရွှမ်လောက မဟာအင်ပါယာကူးတောက်ကို နိုးထပေးဖို့ တောင်းဆိုခဲ့သော စိတ်ဝိညာဉ်သွေး ဖြစ်၏။ သို့သော် မဟာအင်ပါယာကူးတောက်က ငြင်းဆိုခဲ့ပေသည်။
ဝမ်လင်းသည် ငြိမ်သက်စွာ ရှေ့သို့ ဆက်လှမ်းကာ လှေကားထစ်များကို ဖြတ်ကျော်လာသည်။ သူ၏ ခြေလှမ်းက နှစ်ရာ့ခုနစ်ဆယ်မြောက် လှေကားထစ်ပေါ် ကျရောက်သည့်အခါ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ အနှစ်သာရအားလုံးသည် ရုတ်တရက် အရည်ပျော်ကျသွား၏။
ထိုအခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်၌ အနှစ်သာရတစ်ခုတလေပင် မရှိတော့ပေ။ သို့သော် သူ၏မျက်လုံးတွင် ငွေရောင်အလင်း ရှိနေ၏။ ထိုငွေရောင်အလင်းကြောင့် သူ့မျက်လုံးသည် ငွေရောင် ဖြစ်လာသည်။
သူ၏မျက်လုံးထဲတွင် စိတ်ခံစားချက် ကင်းမဲ့နေပြီး ယင်းက အလွန်အေးစက်၏။ သူ့ အနက်ရောင်မျက်လုံး သူငယ်အိမ်သည်ပင် ငွေရောင် ဖြစ်လာ၏။ ထိုငွေရောင်မျက်လုံးများ ပေါ်လာသည့်အခါ ဝမ်လင်း၏ခန္ဓာကိုယ်မှ ဖော်ပြ၍ မရနိုင်သော အော်ရာတစ်ခု ထွက်ပေါ်လာ၏။ ဤသည်မှာ ရွှမ်လော အတိတ်တုန်းက လှိုဏ်ဂူလောကတွင် ခံစားမိခဲ့ဖူးသော အော်ရာပင် ဖြစ်သည်။ ၎င်းက အရာအားလုံးသည် ဖျက်စီးခံရတော့မည့်ကဲသို့ ခံစားရစေသည်။
ထိုအော်ရာ ပေါ်လာသည့်အခါ ရွှမ်လောသည် စိတ်ရှုပ်ထွေးဟန် အမူအရာဖြစ်ပေါ်လာ၏။
“သံစဉ်ကိုးခုနဲ့ သင်္ကေတသုံးခုကြားမှာ ငွေရောင်မျက်လုံးဟာ အများအားဖြင့် တွေ့ရတဲ့ အရာပဲ။ ရှေးဘိုးဘေးရဲ့ သံစဉ်ကိုးခုဟာ လူတစ်ယောက်ရဲ့ မျက်လုံးကို ငွေရောင် ဖြစ်လာအောင် လုပ်ပေးနိုင်တယ်။ သင်္ကေတသုံးခုရဲ့ နှစ်ခုဟာလည်း အဲ့မျက်လုံးတွေပဲ…”
တိုင်လုံးလေးလုံးပေါ်ရှိ မီးခိုးရောင်ဝတ်ရုံဖြင့် လူလေးယောက်သည် သူတို့အကြည့်များကို ကောင်းကင်ထက်မှ ရုတ်သိမ်းကာ ဝမ်လင်းထံ ထပ်ကြည့်လာသည်။ သူတို့က ဝမ်လင်း၏ ငွေရောင်မျက်လုံးကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်မိသည်။ ထိုစိတ်ရှုပ်ထွေးမှုသည် တွင်းနက်တစ်ခုကဲ့သို့ပင်။ သူတို့၏စိတ်များက ဝါးမြိုခြင်း ခံရသည့်အလား။
မြူများထဲမှ ပုံရိပ်ကမူ အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သူက ဆိုလာသည်။
“သံစဉ်ကိုးခု၊ သင်္ကေတသုံးခု၊ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ သံစဉ်ငါးခုနဲ့ သင်္ကေတနှစ်ခု ရှိနေတယ်။ တက်လာခဲ့ပါ။ မင်း လှေကားထစ်ပေါင်းသုံးရာလောက်ထိ တက်နိုင်ရင် မင်းရဲ့ စိတ်ဝိညာဉ်သွေးကို နိုးထစေပြီး မင်းကို ဆင့်ခေါ်မယ်…”
ထိုအသံမှာ အေးစက်နေတုန်းပင်။
ဝမ်လင်းသည် နှစ်ရာ့ခုနစ်ဆယ်မြောက် လှေကားထစ်ပေါ်တွင် ရပ်နေကာ ယင်းအေးစက်စက်အသံကို တစ်စက်လေးမျှ မတုန့်ပြန်ပေ။ သူက ခြေမြှောက်ကာ ထပ်မံ လျှောက်လာ၏။ သူသည် နှစ်ရာ့ရှစ်ဆယ်မြောက် လှေကားထစ်ပေါ်သို့ ရောက်သည့်အခါ သူ၏ ရှေးစွမ်းအားသည် ရုတ်တရက် ပျော်ကြသွားသည်။
၎င်း ပျော်ကျသွားချိန်၌ နောက်ထပ်သံစဉ်တစ်ခုသည် အရင်သံစဉ်ငါးခုထဲ ထပ်ပေါင်းသွားသည်။ ဤသည်မှာ မြေပြင်ထု တေးသံစဉ်ဖြစ်၏။ မဟူရာမြေပြင်ထုသည် သွေ့ခြောက်ထုံမှိုန်းသော နာရေး သံစဉ်ကို ထုတ်လွှတ်လာသည်။
ထိုနာရေးသံစဉ်သည် မည်သို့မည်ပုံ ပေါ်လာသည်ကိုမူ မသိရပေ။ သို့သော် ယင်းက ရှင်းလင်းသိသာ၏။
၎င်းက ကောင်းကင်ထက်ရှိ သံစဉ်နှင့် ရောနှောလေ၏။ ထိုအခါ သေခြင်းနှင့်ရှင်ခြင်းတရား ရောယှက်လေသည့်အလား။ လေ၊ တိမ်၊ မိုးကြိုးနှင့် မိုး သံစဉ်တို့နှင့်အတူ ၎င်းက မဟာသံစဉ်တစ်ခုကို ဖန်တီးလေသည်။
“သံစဉ်ကိုးခု၊ သင်္ကေတသုံးခုမှာ ငါလည်း ဒါနဲ့ ပတ်သတ်လို့ ကြားသိခဲ့ဖူးတယ်။ အခု သံစဉ်ခြောက်ခုနဲ့ သင်္ကေတနှစ်ခု ပေါ်လာခဲ့ပြီ…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် သူ့အနှစ်သာရများနှင့် ရှေးစွမ်းအားတို့ ပျော်ဝင်နေတာကို ခံစားမိသည်။ သူတို့သည် မကွယ်ပျောက်သွားပေ။ သို့သော် သူ့ခန္ဓာကိုယ်ထဲ၌ ပိုမိုနက်နဲသော အဆင့်တစ်ခုတွင် ပေါင်းစပ်သွားခြင်း ဖြစ်လေ၏။
သူသည် သူ၏ကောင်းကင်နှင့်ရှေးစွမ်းအားများ ပေါင်းစည်းသွားသည့်နောက် အားအသစ်အမျှင်တန်းတစ်ခု မွေးဖွားလာခဲ့တာကို ခံစားမိနိုင်သည်။ သို့ပေမည့် ၎င်းသည် အတော့်ကို ဖြည်းညင်းစွာသာ ရွှေ့လျားနေ၏။ ထိုစွမ်းအား တပတ်ပြည့်အောင် လည်ပတ်ဖို့ နှစ်များစွာ သို့တည်းမဟုတ် ဆယ်စုနှစ်များစွာပင် ကြာကောင်းကြာနိုင်သည်။
သူသည် သူ့ခြေထောက်ကို ပင့်ကာ ကူးတောက်တောင်ထံမှ စွမ်းအားကို ခုခံပြီး နှစ်ရာရှစ်ဆယ့်တစ်ခုမြောက် လှေကားထစ်ပေါ်သို့ ခြေလှမ်းသည်။ သူ တစ်လှမ်းချင်း လှမ်းလာသည်။ သူသည် နှစ်ရာ့ကိုးဆယ်မြောက်လှေကားထစ်ထံ ရောက်လာသည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားသည် အနည်းငယ် ပိုမြန်လာတာကို ခံစားမိသည်။
တချိန်တည်းမှာ ပျောက်ကွယ်သွားသော အနှစ်သာရများနှင့် ရှေးစွမ်းအားတို့၏ တည်ရှိမှုကိုလည်း ခံစားမိသည်။ ယင်းတို့သည် သူ့မူလစိတ်ဝိညာဉ်နှင့် အတွင်းအင်္ဂါများ၌လည်း တည်ရှိနေ၏။
သူ၏အနှစ်သာရများသည် သူ့မူလစိတ်ဝိညာဉ်တွင်း၌ ရှိနေပြီး ရှေးစွမ်းအားသည် သူ့အတွင်းအင်္ဂါများထဲ၌ ရှိနေသည်။ ယင်းတို့သည် ပေါင်းစည်းသွားဟန် ရသလို ထိုသို့ မဖြစ်ပုံလည်း ရနေပြန်သည်။ သို့ပေမည့် ထိုစွမ်းအားတို့သည် အရင်နှင့် သိသိသာသာ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက နှစ်ရာ့ကိုးဆယ်မြောက် လှေကားထစ်ပေါ်သို့ ခြေလှမ်းသည့်အခါ၌ နောက်ထပ် သံစဉ်တစ်ခုသည် ပထမခြောက်ခုပြီးနောက် ပေါ်လာပြန်သည်။ သို့ပေမည့် အပြင်လူများက ယင်းသံစဉ်ကို မကြားရနိုင်ပါ။ ဝမ်လင်းသည်သာ ၎င်းအသံကို ကြားရသည်။ အကြောင်းမှာ ယင်းသံစဉ်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာတာ ဖြစ်သည်။
ထိုသံစဉ်သည် သူ့ခန္ဓာကိုယ်၏ သံစဉ် ဖြစ်၏။ သူက မော့ကြည့်လိုက်ချိန်၌ သူ့လက်နှစ်ဖက်ကို လှုပ်ရှား၊ သူ့ခြေထောက်ကို ပင့်မြှောက်ပြီး သူ၏ဒွာရပေါက်များသည် ပိတ်လိုက်ဖွင့်လိုက် ဖြစ်ကာ ဤသံစဉ်ကို ဖန်တီးလိုက်တာပင်။ ယင်းက သူ့ခန္ဓာကိုယ်၏အသံပင်။
ထိုအသံများသည် အလွန်ညင်သာသည်။ သို့သော် ဒီအခိုက်တွင် ယင်းတို့က အပြင်ရှိ သံစဉ်နှင့် ပေါင်းစည်းသည်။ ၎င်းက ဝမ်လင်းပတ်လည်တွင် သိပ်သည်းကာ သူ့အား သံစဉ်တစ်ခုက ဝန်းရံလေသည်။
“ဒါက ခုနစ်ခုမြောက်သံစဉ်ပဲ…” ဝမ်လင်းက ၎င်းသံစဉ်ကို ခဏ နားထောင်လိုက်သေးသည်။ ထို့နောက် ရုတ်တရက် သူက မော့ကြည့်လာသည်။ သူက ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်ကာ တောင်ထိပ်ပေါ်ရှိ မျှော်စင်ထံသို့ စိုက်ကြည့်သည်။
“သင့်အနေနဲ့ သုံးရာမြောက်လှေကားထစ်ကို မဖြတ်သန်းနိုင်ဘူးလို့ ကျုပ်ကို ပြောခဲ့တယ်…”
ဝမ်လင်းက ခြေကြွကာ သုံးရာမြောက်လှေကားထစ်ပေါ် ရောက်ဖို့အတွက် ဆယ်လှမ်းလှမ်းသည်။
သူ သုံးရာမြောက်လှေကားထစ်ပေါ်သို့ ခြေချလိုက်သည့်အခိုက်တွင် တိုင်လုံးလေးလုံးပေါ်ရှိ မီးခိုးရောင်ဝတ်ရုံဖြင့် လူလေးယောက်၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုသည် ပျောက်ကွယ်သွားပြီး အေးစက်မှုက အစားထိုး ဝင်လာသည်။ အေးစက်မှုက သူတို့၏ မျက်လုံးထဲတွင် ပြည့်နှက်လာသည့်အခါ သူတို့သည် လှုပ်ရှားလာပြီး ရှေ့သို့ ခြေတလှမ်းလှမ်းသည်။ ထို့နောက်တွင် သူတို့သည် ဝမ်လင်းထံ လျှပ်စီးကဲ့သို့ တရကြမ်း ဦးတည်လာတော့သည်။
သူတို့က ချက်ခြင်း နီးကပ်လာကာ လက်သီးတစ်ချက်စီကို ပစ်သွင်းသည်။
ထိုလက်သီးချက်များတွင် မီးခိုးရောင်မြူတစ်ခု ပါဝင်၏။ ထို့အပြင် ယင်းတို့၌ ဧရာမဦးခေါင်းတစ်ခုစီလည်း ပါဝင်သေးသည်။ ထိုဦးခေါင်းများက ရူးသွပ်နေပုံ ရကာ ဝမ်လင်းထံ ဦးတည်ဝင်လာသည်။
တစီစီအသံများက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ပဲ့တင်ထပ်၏။ ထိုအသံက နှလုံးခုန်သံတစ်ခုကဲ့သို့ပင်။ သို့သော် ဤသည်မှာ ဝမ်လင်း၏ အတွင်းအင်္ဂါများမှ ဖန်တီး ဖြစ်ပေါ်သော ရှစ်ခုမြောက် သံစဉ် ဖြစ်ချေ၏။
အတွင်းအင်္ဂါသံစဉ်။
ယင်းသည် သူ၏အတွင်းအင်္ဂါးငါးခုထံမှ ထွက်ပေါ်လာသော အသံများက ဒီသံစဉ်အဖြစ် ဖွဲ့စည်းဖြစ်ပေါ်တာပင်။
၎င်းသံက သူ၏ခန္ဓာကိုယ်အသံနှင့် အတူ ရောယှက်ကာ လေ၊တိမ်၊ မိုးကြိုးနှင့် မိုးတို့ ပေါင်းစည်းနေသော သံစဉ်နှင့်အတူ ပေါင်းစပ်လေ၏။ ထိုအခါ သံစဉ်ရှစ်ခုလုံးသည် ပေါက်ကွဲထွက်လာသည်။
သံစဉ်ရှစ်ခုလုံးသည် တချိန်တည်းတွင် ပဲ့တင်ထပ်သည့်အခါ၌ သူ၏ အတွင်းအင်္ဂါများထဲရှိ ရှေးစွမ်းအားသည် သူ့အသွေးအသားတို့ကို ဖြတ်သန်း ပျံ့နှံ့သည်။ တချိန်တည်းမှာ သူ၏ မူလစိတ်ဝိညာဉ်ထဲရှိ အနှစ်သာရများက သူ့သွေးကြောများကနေ ပျံနှံ့သည်။
ထိုစွမ်းအားနှစ်ခုသည် ပျံ့နှံ့လာကာ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ပြန်လည် စုဝေးလာချိန်တွင် ယင်းတို့သည် သိသိသာသာ ပေါင်းစည်လေသည်။ ထိုသို့ သောပေါင်းစပ်မှု စွမ်းအားက ဝမ်လင်း၏ခန္ဓာကိုယ်ကိုယ်ထဲတွင် မြန်ဆန်သောနှုန်းဖြင့် စီးဆင်းလှည့်ပတ်သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်လောက်မည့် ထိုသို့ လှည့်ပတ်စီးဆင်းမှုက တခဏအတွင်း ပြီးပြည့်စုံသွားသည်။
ယင်းစွမ်းအားသည် ကောင်းကင်ဘုံသားများ၊ သို့မဟုတ် ရှေးသားများ၏ စွမ်းအားမျိုး မဟုတ်ပါ။ ဝမ်လင်းက မာန်သွင်းလိုက်ချေ၏။
“ထွက်သွားစမ်း…”