ရှေးဘိုးဘေး၏ လက်ချောင်း
Vol. 150 Ch. 2071
ဝမ်လင်းက ဖိတ်ခေါ်စာကို ပြန်ချလိုက်၏။ သူသည် ဒီကိစ္စကို ဆက်လက် စဉ်းစားမနေတော့ပေ။ တကယ်တော့ ရှေးတောက်အင်ပါယာ၏ ကြင်ယာတော်အခမ်းအနားပွဲနှင့် ယှဉ်ပါက သူ့ကျင့်ကြံမှုသည် ပို၍ အရေးကြီးပေသည်။
“သတ္တုအနှစ်သာရခန္ဓာကိုယ်ဟာ နောက်ရက်အနည်းငယ်လောက်ဆို ဖွဲ့စည်းနိုင်တော့မှာ။ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်ဟာ ပြီးပြည့်စုံသွားတဲ့အခါကျရင် ငါ့ထင်မြင်ချက်ဟာ မှန်လား၊မှားလား သက်သေပြနိုင်လိမ့်မယ်…”
ဝမ်လင်းသည် စိတ်ပူပန်ဟန် အနည်းငယ် ဖြစ်ပေါ်နေ၏။ သူသည် သူ၏ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်ကို ဖွဲ့စည်းပြီးနောက် လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်တွင်သာ ဆက်ရှိနေသေးပါက သူ၏ ထင်မြင်ချက်သည် မှားသွားပေလိမ့်မည်။
သူ ကျရှုံးသွားသည်နှင့် ဝမ်လင်းသည် တခြားအနှစ်သာရများအတွက် အနှစ်သာရခန္ဓာကိုယ် ဖွဲ့စည်းခြင်းကို လက်လျှော့ရပြီး သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်အမှားတို့အပေါ် နားလည်ခြင်းတွင် အာရုံစိုက်ရမည် ဖြစ်သည်။
သို့ပေမည့် ဆန်းကြယ်အနှစ်သာရများသည် လုံးဝ ဝိုးတဝါးနိုင်ကာ အခွင့်အလမ်းနှင့် ဉာဏ်အလင်းပေါ်တွင်သာ အလုံးစုံ မှီတည်နေသည်။ သူသည် ၎င်းကို နှစ်အနည်းငယ်အတွင်း ပိုင်ဆိုင်ချင်လည်း ပိုင်ဆိုင်နိုင်မည်။ သို့မဟုတ်ပါက နှစ်ပေါင်းထောင်ချီ ကြာခဲ့လျှင်ပင် သဲလွန်စ လုံးဝ မတွေ့တာ ဖြစ်နိုင်သည်။
ထို့အတွက်ကြောင့် ဝမ်လင်းသည် သတ္တုအနှစ်သာရကို စိတ်ပူပန်မှုပါဝင်သော မျှော်လင့်ချက်ဖြင့် ကြည့်နေ၏။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် သက်ပြင်းချကာ သတ္တုအနှစ်သာရထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူသည် သူ တတ်နိုင်တာအားလုံး လုပ်ခဲ့ပြီး ဖြစ်၏။ သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်သည်ဖြစ်စေ၊ မတိုးတက်သည် ဖြစ်စေ ရက်အနည်းငယ်ကြာလျှင် အဖြေရပေလိမ့်မည်။
ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သစ်သားအိမ်အတွင်း အလင်းသည် တောက်ပလာခဲ့ကာ အတားအဆီးတစ်ခု ဖြည်းဖြည်းချင်း လှည့်ပတ်သည်။ ၎င်းသည် မည်သည့်အသံဗလံကိုမျှ မထွက်ပေါ်စေပါ။ အပြင်ဘက်ထိလည်း ထိုအလင်းက မပျံ့နှံ့ပေ။
ဝမ်လင်းသည် ထိုအတားအဆီးအစီအရင်ထံ ခြေလှမ်းကာ ပျောက်ကွယ်သွား၏။
သည်သစ်သားအိမ်၏ အောက်ဘက်တွင် ဝမ်လင်းသည် ပေတစ်သိန်းလောက် ရှိသော ကြီးမားသည့် လှိုဏ်ဂူတစ်ခုကို တူးဖော်ထားခဲ့ပြီး ဖြစ်၏။ ဝမ်လင်းက ၎င်းကို သူ တံခါးပိတ်ကျင့်ကြံပြီး ငါးရက်အကြာတွင် ဖန်တီးထားခဲ့တာပင်။
သည်လှိုဏ်ဂူသည် ပေရာချီ ကြီးမားကာ အဖြူအနက်နေမင်းနှင့် ပြည့်နေသည်။ ၎င်းလှိုဏ်ဂူ၏ ဗဟိုချက်တွင် ကြီးမားသော အဖြူအနက်နေမင်းတစင်း ရှိနေသည်။
၎င်းသည် အကြမ်းထည်ပုံစံမျှသာ ဖြစ်သော်လည်း ဝမ်လင်း၏ မဟာအင်ပါယာနေမင်း အမှန်ပင်။
မဟာအင်ပါယာနေမင်း၏ အောက်တွင် ပေထောင်ချီရှည်သော ဦးခေါင်းတစ်ခု ရှိသည်။ ၎င်းဦးခေါင်းတွင် မျက်စိ သို့မဟုတ် နားတို့ ရှိမနေပါ။ ၎င်း၏ ဦးရေပြားပေါ်၌ ခပ်နက်နက်အက်ကြောင်း တစ်ခု ရှိသည်။ ဤသည်မှာ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းပင်။
ဝမ်လင်းသည် ဒီလှိုဏ်ဂူပတ်လည်တွင် မရေမတွက်နိုင်သော အတားအဆီးများကို နေရာထားခဲ့၏။ သူ၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ဒီအတားအဆီးများ အလွန်တရာ အစွမ်းထက်သည်။ အင်ပါယာအတုများ မဆိုနှင့် ဩဇာအင်ပါယာများသည်ပင် ၎င်းတို့ကို အာရုံခံနိုင်ကြလိမ့်မည် မဟုတ်ပါ။
မဟာအင်ပါယာများသည်ပင် ဂရုတစိုက် မကြည့်မိပါက သည်အတားအဆီးများကို ထောက်လှမ်းမိရန် ခက်ပေမည်။ အကြောင်းမှာ သည်အတားအဆီးများ၌ ဝမ်လင်း၏ ကောင်းကင်ဘုံနှင့်ရှေးစွမ်းအား ပေါင်းစည်းမှု ပါဝင်သောကြောင့် ဖြစ်သည်။
ဝမ်လင်း၏ ပုံရိပ်သည် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းဘေးတွင် ပေါ်လာ၏။ သူက ဒီဟင်းလင်းပြင်ကို ဖန်တီးကာ သူ၏ မဟာအင်ပါယာနေမင်းကို အားဖြည့်တင်းစေသည်။ သူ့စမ်းစစ်ချက်အရ သူ့မဟာအင်ပါယာနေမင်းသာ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းနှင့် လုံးဝ ပေါင်းစည်းသွားပါက မဟာအင်ပါယာနေမင်းသည် အထည်ဒြပ် ဖြစ်လာပေလိမ့်မည်။
သူက ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းရှေ့တွင် ထိုင်ကာ အစိမ်းရောင်အခိုးငွေ့များကို ထွေးထုတ်သည်။ ထိုအခိုးအငွေ့တို့သည် ဦးခေါင်းထဲသို့ ဝင်ရောက်သွားပြီး ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းသည် တုန်ယင်သွားသည်။ ၎င်းသည် ရွှေရောင်အလင်း မြောက်များစွာကို ထုတ်လွှတ်ကာ ချက်ခြင်းပင် အထက်ရှိ နေမင်း၏ စုပ်ယူခြင်းကို ခံရသည်။ ၎င်းသည် နေမင်းကို အားဖြည့်ပေးသော အဖြူအနက်အလင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
သည်သုံးလတာအချိန်အတွင်း သူ၏ မဟာအင်ပါယာနေမင်းသည် ကောင်းကင်ဘုံဘိုးဘေး ဦးခေါင်းကို စုပ်ယူနေခဲ့သည်။ သို့သော် ၎င်းမှာ မည်သို့ လွယ်လွင့်တကူ သန့်စင်၍ ရပါ့မည်နည်း။ အချိန်တိုအတွင်း ၎င်းဦးခေါင်းကို အပြည့်အဝ စုပ်ယူနိုင်ဖို့မှာ ခက်ခဲလှသည်သာ။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထံ ဆန့်ထုတ်၏။ သူ့လက်ဖဝါးထံမှ ရွှေရောက်နက်နက်အလင်းတစ်ခု ပျံ့လွင့်လာ၏။ ဝမ်လင်း၏ လက်ထဲတွင် မျက်လုံးမှိတ်ထားသော အားနည်းသည့် စိတ်ဝိညာဉ်တစ်ခုလည်း ရှိနေသည်။ ဝမ်လင်းသည် တည်ငြိမ်နေသော်လည်း သူက မျက်မှောင်ကြုတ်နေပြီး အလေးအနက် ဖြစ်လာသည်။
ထိုအားနည်းသော စိတ်ဝိညာဉ်သည် ကောင်းကင်ဘုံအင်ပါယာ လျန်တောက်ကျန်းပင်။
ဝမ်လင်း၏ ဖမ်းစီးခြင်း ခံခဲ့ရသော ကောင်းကင်ဘုံအင်ပါယာသည် သနားစရာ အခြေအနေသို့ စိုက်နေ၏။ သူသည် ဝမ်လင်း၏လက်ထဲတွင် တုန်ယင်နေကာ မျက်လုံးဖွင့်ရန် ကြိုးစားနေသည်။ သို့သော် သူ့ထံ၌ ခွန်အားဟူ၍ မကျန်တော့ပေ။ သို့သော်ငြားလည်း သူ၏ခန္ဓာကိုယ်သည် လူတိုင်း သိရှိစေနိုင်သော မဟာအင်ပါယာတစ်ယောက်၏ ဖိအားနှင့် အားကောင်းလှသည့် ကောင်းကင်ဘုံစွမ်းအင်ကို ပေးစွမ်းနေတုန်းပင်။
ထိုဖိအားသည် မဟာအင်ပါယာတစ်ယောက်၏ အပိုင် ဖြစ်သော်လည်း ကောင်းကင်ဘုံစွမ်းအင်ကမူ မသန့်စင်တော့ပေ။ ထိုစိတ်ဝိညာဉ်သည် ခုခါ၌ ပြင်းထန်သော နာကျင်မှုကို ခံစားနေရပုံ ပေါ်ပြီး ၎င်း၏ကောင်းကင်ဘုံစွမ်းအင်သည်လည်း အတော့်ကို ဗရမ်းဗတာ ဖြစ်နေ၏။
“အားကောင်းလိုက်တဲ့ ရှေးဘိုးဘေးကျိန်စာ…” ဝမ်လင်းသည် တကိုယ်တည်း ရေရွတ်လိုက်သည်။ သူက ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ပေါ်သို့ ချိပ်ဟန်များကို အဆက်မပြတ် နေရာချသည်။ ကောင်းကင်ဘုံအင်ပါယာ၏ ကိုယ်ပိုင်စွမ်းအားနှင့်အတူ သူ၏ ကျင့်ကြံမှုအဆင့်နှင့် စွမ်းအားတို့ဖြင့်ပင် ယင်းတို့သည် ရှေးဘိုးဘေး ကျိန်စာကို မပယ်ဖျက်နိုင်သေးပေ။ သို့သော် သူက ထိုစိတ်ဝိညာဉ် မကွယ်ပျောက်သွားအောင် မျှခြေအနေထားသို့ ရောက်အောင် လုပ်နိုင်ခဲ့သည်။
“အစတုန်းကတော့ ငါက ဒီစိတ်ဝိညာဉ်ထံက ဖိအားကို အသုံးပြုပြီး ငါ့ကောင်းကင်ဘုံနဲ့ရှေးစွမ်းအားကို အတင်းအကြပ် ပေါင်းစည်းမလို့ပဲ။ ဒါပေမဲ့ ခုတော့ အဲ့လို လုပ်ဖို့ မလိုတော့ဘူး။ ဒါပေမဲ့လည်း ဒါဟာ ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဉ် ဖြစ်တဲ့အတွက် ငါ့အတွက် အတော်လေး အသုံးဝင်နေဆဲ ဖြစ်တယ်…”
ဝမ်လင်းသည် သူ၏ ကိုယ်ပိုင်မဟာအင်ပါယာနေမင်းကို ကြည့်ကာ စဉ်းစားခန်းဝင်နေသည်။
“ကံမကောင်းစွာနဲ့ ကောင်းကင်ဘုံကျိန်စာဟာ အားကောင်းလွန်းတာပဲ။ ငါသာ ဒီကျိန်စာကို ဖယ်ရှားနိုင်ခဲ့ရင် ငါဟာ သူ့ရဲ့ စိတ်ဝိညာဉ်ကို ငါ့ရဲ့ မဟာအင်ပါယာနေမင်းထံ ပေါင်းစည်းနိုင်ပြီး ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို အတင်းအကြပ် ဝါးမြိုဖို့အတွက် ဒါကို လမ်းညွှန်အဖြစ် အသုံးပြုနိုင်လိမ့်မယ်…”
ဝမ်လင်းသည် ဘယ်လက်ဖြင့် မေးပွတ်ကာ စဉ်းစားနေသည်။ ထို့နောက် သူ့မျက်လုံးက အရောင်တောက်သွားသည်။ သူသည် ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည်။ ထိုသို့ ပြုလုပ်ပြီးသည့်အခါ သူက ညာလက်ထဲရှိ စိတ်ဝိညာဉ်ထံ လက်ညွှန်သည်။
ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်သည် ရုတ်တရက် တုန်ခါသွားလေ၏။ သူက ပါးစပ်ဟလာကာ တိတ်တဆိတ် ငြီးငြူသံကို ထုတ်ဖော်၏။ လှိုဏ်ဂူပတ်လည်ရှိ အတားအဆီးများသည် စတင်၍ လင်းလက်လာသည်။
ဝမ်လင်း၏ ဘယ်လက်က ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို လက်ညွှန်လိုက်သည့်အခါ၌ သူ၏အမူအရာက အလွန်အလေးအနက် ဖြစ်နေ၏။ အချိန်အတန်ကြာပြီးနောက် မီးခိုးရောင်အခိုးအငွေ့ အမျှင်တန်း စုဝေးလာကာ ဝမ်လင်း၏ ဖြည်းဖြည်းချင်း ဆွဲငင်ခြင်းကို ခံရသည်။
သူ့ဘယ်လက်ကို လုံးဝ ပင့်မြှောက်လိုက်သည့်အခါတွင် သူ့လက်ချောင်း ပတ်လည်ရှိ မီးခိုးရောင်အခိုးအငွေ့သည် ရုတ်တရက် မိစ္ဆာတစ္ဆေကဲ့သို့ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ၎င်း၏ပါးစပ်ကို ပွင့်ဟကာ ဝမ်လင်း၏လက်ချောင်းထံ တိုးဝင်လာသည်။
သို့ပေမည့် ၎င်းက ဝမ်လင်း၏လက်ချောင်းကို ဝါးမြိုတော့မည့် အခိုက်တွင် ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွးကာ သူ့မျက်လုံးသူငယ်အိမ်က ငွေရောင် ဖြစ်လာ၏။ ထိုငွေရောင်အလင်းက သည်တစ္ဆေပေါ်သို့ ကျရောက်သွားကာ ၎င်းသည် ကြောက်လန့်သွးသည့်အလား ရုတ်တရက် တုန်လှုပ်သွားသည်။ ထို့နောက်တွင် ၎င်းသည် ၎င်း၏အရွယ်အစားတဝက်ထိ အလျင်အမြန် ကြုံ့သွားသည်။ ဝမ်လင်းက ၎င်းကို ဖမ်းယူကာ အကြမ်းပတမ်း ညှစ်ချေလိုက်သည်။
မီးခိုးရောင်အခိုးအငွေ့သည် လွင့်ပြယ်သွားသည်။
ဝမ်လင်း၏နှဖူးတွင် ချွေးများ ပြန်နေ၏။ သူ့မျက်လုံးထဲရှိ ငွေရောင်အလင်းသည် လွင့်ပြယ်သွားသည်။ သူက ခါးသီးဟန် အပြုံးတစ်ခုကို ထုတ်ဖော်မိ၏။
“ကောင်းကင်ဘုံနဲ့ ရှေးစွမ်းအားတို့ ပေါင်းစည်းမှုဟာ ရှေးကျိန်စာကို ဖယ်ရှားနိုင်တယ်။ ဒါပေမဲ့ ခုလက်ရှိ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ငါဟာ ဒီပေါင်းစည်းစွမ်းအားကို ကြာကြာ မထိန်းသိမ်းထားနိုင်ဘဲ တခါတည်းနဲ့ ရှေးကျိန်စာကို မဖယ်ရှားနိုင်ဘူး…”
ဝမ်လင်းသည် ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို ကြည့်လိုက်၏။ အစောလေးက သူ ဖယ်ရှားလိုက်သော ရှေးကျိန်စာ အစိတ်အပိုင်းက ပြန်ကောင်းမွန်သွားလေသည်။
သက်ပြင်းချကာ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၍ ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို သိမ်းဆည်းလိုက်သည်။ သူသည် နေရာတွင် ထိုင်ကာ အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သက်ပြင်းထချမိသည်။
“ကြည့်ရတာ ငါ့ကျင့်ကြံမှုအဆင့် တိုးတက်လာတာကိုပဲ စောင့်ဖို့ လိုပြီ။ ဒါမှသာ ငါ့အနေနဲ့ ဒီပေါင်းစည်းစွမ်းအားကို ကြာကြာ ထိန်းသိမ်းထားနိုင်ပြီး ရှေးကျိန်စာကို ဖယ်ရှားနိုင်မှာ။ ငါ့မဟာအင်ပါယာနေမင်းနဲ့ ပေါင်းစည်းနိုင်မှာ ဖြစ်တယ်…”
“ရှေးကျိန်စာဟာ ထူးဆန်းတယ်။ ကောင်းကင်ဘုံအင်ပါယာရဲ့ အဆင့်အတန်းဟာ ထူးခြားတယ်။ ဒါ့ကြောင့် ဆရာ ရွှမ်လောကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး အကူအညီတောင်းဖို့က သိပ်မသင့်တော်လောက်ဘူး…”
ဝမ်လင်းထံတွင် သူ၏ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိပေ၏။ လုံးဝ မလိုအပ်ပါက သူသည် မည်သူ့ကိုမျှ ပေးမသိတတ်သော အလေ့အကျင့် ရှိသူ မဟုတ်လား။
ဝမ်လင်းက ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို သိမ်းဆည်းလိုက်ပြီး သူ့ညာလက်ကို ဝေ့ယမ်းကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားသည် မင်းသားကျိတု သူ့ကို လက်ဆောင်ပေးထားခဲ့တာ ဖြစ်ပြီး ၎င်းထံ၌ ရှေးဘိုးဘေး၏ လက်ချောင်းစွမ်းအား ပါဝင်သည်။
ဝမ်လင်းသည် ထိုကျောက်စိမ်းပြားကို ရခဲ့သည့်အချိန်၌ သူသည် ၎င်းကို မလေ့လာနိုင်ခဲ့ပေ။ သူ့ကို အတွင်းရှိ တစုံတစ်ခုအား ကြည့်မြင်ဖို့ ကာဆီးထားသော အရံအတားတစ်ခု ရှိနေခဲ့သည့်အလား။ သူသည် ၎င်းကို တကြိမ်သုံးမန္တာန်အဖြစ်သာ အသုံးပြုနိုင်၏။
သို့သော် ခုခါ၌ သူ၏ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်သွေးက အရည်ပျော်ကာ တကွဲတပျက် မှတ်ဉာဏ်အချို့ကို ရရှိခဲ့သည်။ သူသည် ထိုမှတ်ဉာဏ်များကို ခံစားမိသော်လည်း မကြည့်ရှုနိုင်ပေ။ ဤသည်မှာ သူ့ထံ၌ စိတ်ဝိညာဉ်သွေး လုံလုံလောက်လောက် မပိုင်ဆိုင်ခြင်းကြောင့်မှန်း သိသာသည်။
ထိုကျောက်စိမ်းပြားကို ကိုင်ကာ ဝမ်လင်းက ၎င်းကို ကြည့်၏။ ၎င်းအတွင်း၌ ဝိုးတဝါးပုံရိပ်တစ်ခု ရှိနေသည်။ ထိုပုံရိပ်သည် ဝေဝါးနေသော လောကအတွင်း၌ လှုပ်ရှားနေ၏။ ထိုပုံရိပ် တုန်ယင်လာရင်း ယင်းလောကမှာလည်း တစစီ ဖြစ်ကာ ပျောက်ကွယ်သွားသည်။
၎င်းမှာ ရိုးရှင်းလှသော ပုံရိပ်တစ်ခုပင်။ သို့သော် ၎င်းသည် ဝေဝါးနေသည့်အတွက် နားလည်သဘောပေါက်ဖို့တော့ အတော်လေး ခက်ခဲလိမ့်မည်။
ဝမ်လင်းသည် ၎င်းကို အရင်က အကြိမ်တချို့ ကြည့်ခဲ့ဖူး၏။ အမြဲတမ်း ထိုမြင်ကွင်းကဲ့သို့သာ ရှိနေခဲ့၏။ သည်တစ်ကြိမ်တွင်လည်း အတူတူပင်။ သို့သော် ခုခါ၌ သူသည် အရင်နှင့် မတူတော့ပေ။ သူက မျက်လုံးမှိတ်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လာရာ သူ့မျက်လုံးထဲ၌ ငွေရောင်အလင်း ထပ်မံ ပေါ်လာသည်။
ထိုငွေရောင်အလင်းက သူ၏မျက်လုံးတစုံလုံးကို သိမ်းပိုက်၏။ သူ၏အကြည့်က အလွန်အေးစက်နေသည်။ ဝမ်လင်းသည် ထိုကျောက်စိမ်းပြားကို ထပ်မံ ကြည့်သည်။ သူ၏အကြည့်အောက်တွင် ဝိုးတဝါးပုံရိပ်က ထပ်မံ ပေါ်လာသည်။
သို့ပေမည့် ဝမ်လင်းသည် ထိုဝိုးတဝါးပုံရိပ်ကို ကြည့်သည့်အခါ သူ၏စိတ်ထဲတွင် ထိုမှတ်ဉာဏ်များ ပါဝင်နေခြင်းကြောင့် အချို့မှတ်ဉာဏ်များသည် အတူတကွ ချိတ်ဆက်ကာ သူ့စိတ်ထဲ၌ ပေါ်လာ၏။
မီးခိုးရောင်ဝတ်ရုံဖြင့် လူတစ်ယောက် ရှိနေ၏။ သူ့ထံ၌ ဆံပင်ရှည်တို့ ရှိနေသည်။ သူက ရှေးတောက်အင်ပါယာမြို့ရှိ ရုပ်တုနှင့် အသွင်တူတူပင်။ ထိုသူမှာ ရှေးဘိုးဘေးပင်။
သူက ဘယ်လက်ကို နောက်ပစ်ကာ ကောင်းကင်ထက်တွင် လွင့်မြောနေ၏။ သူသည် ကောင်းကင်ထက်သို့ အထင်သေးဟန်တို့ဖြင့် ကြည့်နေ၏။ သူသည် ကောင်းကင်ထက်သို့ ကြည့်နေစဉ် အနက်ရောင်အစက်အုပ်စုများက နီးကပ်လာကြ၏။ ယင်းအနက်ရောင်အစက်များသည် ကြမ်းကြုတ်သော သားရဲအုပ်စုများပင်။
ထိုသားရဲများသည် လူသားဦးခေါင်းများနှင့် ခြင်္သေ့ခန္ဓာကိုယ်များ ပိုင်ဆိုင်၏။
ယင်းတို့သည် ပျံသန်းလာကာ စူးစူးဝါးဝါး အော်ဟစ်ကြသည်။ ရှေ့ဆုံးမှ အားကောင်းလှသော သားရဲတစ်ကောင်ဆို မဟာအင်ပါယာတစ်ယောက်နှင့် နီးကပ်လှသော အော်ရာမျိုးကို ပေးစွမ်းနေသေး၏။
သို့ပေမည့် မီးခိုးရောင်ဝတ်ရုံနှင့်လူက ယင်းသားရဲများကို အထင်သေးစွာ ကြည့်နေဆဲပင်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ လက်ညွှန်လိုက်သည်။
သူ ထိုသို့ ပြုလုပ်သည့်အခါ လောကသည် တုန်ဟည်းသွား၏။ သားရဲများရှိနေသော ကီလိုမီတာ တစ်သိန်းအတွင်းရှိ အရာအားလုံးသည် လောကနှင့် ပိုင်းခြားသွားသလို ထင်ရသည်။ ထို့နောက် ထိုပိုင်းခြားခံရသော လောက၏ အထက်အောက်မှ အတူတကွ ညှစ်ချေခြင်း ခံရသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ထိုပိုင်းခြားထားသော လောကသည် ညှစ်ချေခံရသည့်အခါ သားရဲများအားလုံးသည် တစစီ ဖြစ်ကုန်သည်။
ဘန်းခနဲ ပေါက်ကွဲကာ ဝမ်လင်း၏ လက်ထဲရှိ ကျောက်စိမ်းပြားတွင် အက်ကြောင်းတစ်ခု ပေါ်လာ၏။ ထိုကျောက်စိမ်းပြားမှာ ထက်ပိုင်းကွဲထွက်သွားသည်။ နှစ်ပိုင်းလုံးက မြေပြင်သို့ ကျကာ အမှုန့်အဖြစ်သို့ ပြောင်းသွားလေတော့၏။
ဝမ်လင်းသည် သတိပြန်ဝင်လာ၏။ သူ့ဘယ်မျက်လုံးထဲရှိ ငွေရောင်သည် လွင့်ပြယ်သွားလေပြီ။ သို့သော် သူ့မျက်လုံးတို့မှာ တောက်ပနေဆဲပင်။
“ရှေးဘိုးဘေးရဲ့ အစွမ်းထက်လိုက်တဲ့ လက်ညွှန်ချက်ပဲ…”