သက်ဝင်လှုပ်ရှားနေသော ရှေးတောက်
Vol. 150 Ch. 2072
“ဒီလက်ချောင်းဟာ မန္တာန်တစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ လောကနဲ့ ချိတ်ဆက်ထားတာပဲ။ ဒါဟာ သားရဲတွေကိုသာ တိုက်ခိုက်တာ မဟုတ်ဘူး။ သားရဲတွေရှိတဲ့ လောကကိုပါ ပိုင်းခြားပြီး တိုက်ခိုက်လိုက်တာ…”
“ဒါက လောကကို ဖွင့်လှစ်နိုင်ပြီး လက်ချောင်းရဲ့ ဖိအားကို အသုံးပြုပြီး လောကကို ခြေမွဖျက်စီးပစ်နိုင်တယ်။ သားရဲတွေဟာ ဒီပျက်စီးမှုအတွင်းက သားကောင်သာသာပဲ…”
သို့ပေမည့် ဝမ်လင်း၏ လက်ချောင်းကမူ အလွန်နှေးကွေးနေ၏။ သူ့ရှေ့တွင် မမြင်ရသော အတားအဆီးအလွှာများ ရှိနေသကဲ့သို့ ရှေးဘိုးဘေးလိုမျိုး လက်ညွှန်ချက် ထုတ်ဖော်နိုင်ဖို့ကို ကာဆီးထားသည်။
တအောင့်အကြာတွင် ဝမ်လင်းက သူ့လက်ချောင်းကို ပြန်ရုတ်ကာ ထပ်မံ မကြိုးစားကြည့်တော့ပေ။ သူက ခေါင်းငုံ့ကာ စဉ်းစားနေ၏။
“ဒီမန္တာန်ကနေ ငါဟာ ရှေးဘိုးဘေးရဲ့ ခွန်အားဟာ မတူညီတဲ့ နယ်ပယ်တစ်ခုကို ရောက်နေတာကို မြင်နိုင်ခဲ့ပြီ။ ဒါပေမဲ့ မှတ်ဉာဏ်အစိတ်အပိုင်းနဲ့ အမြန်နှုန်းမန္တာန်တို့နဲ့ဆို ငါဟာ ဒီလက်ချောင်းကို ပုံတူကူးနိုင်တယ်…”
ဝမ်လင်းက ခေါင်းပြန်မော့ကာ ကျောက်စိမ်းပြားအပိုင်းအစတို့ကို ကြည့်၏။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်သည်။
ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ကောင်းကင်ဘုံရှေးမြို့၌ သတ်ဖြတ်ခြင်းကနေ ဗရမ်းဗတာဖြစ်နေသော မူလစိတ်ဝိညာဉ်များ ရှိနေခဲ့ပြီး ဖြစ်၏။ သူက ၎င်းတို့ကို ဖြည်းဖြည်းချင်း သန့်စင်ထားခဲ့သည်။ ခုခါ၌ သူသည် နောက်ထပ် မန္တာန်သွေးကြောကို ဖန်တီးဖို့ လုံလောက်သော မူလစိတ်ဝိညာဉ်များ ရှိနေလေပြီ။
“ငါ့ခန္ဓာကိုယ်မှာ မန္တာန်သွေးကြောငါးခု ရှိတယ်။ ဒါ့ကြောင့် လှုပ်ရှားမှုတစ်ခုနဲ့ ငါဟာ ပုံရိပ်ယောင်ကိုးဆယ့်ကိုးခုကို ဖန်တီးနိုင်တယ်။ ငါ ခြောက်ခုမြောက်မန္တာန်သွေးကြောကို ဖန်တီးနိုင်တဲ့အခါ ဘယ်လို ဖြစ်လာမလဲ သိချင်မိတယ်…”
ဝမ်လင်းက အမြန်နှုန်းမန္တာန်ပညာရပ်ကို အလျင်အမြန် အသက်သွင်းကာ ခြောက်ခုမြောက် မန္တာန်သွေးကြောကို သိပ်သည်းဖွဲ့စည်းသည်။ မကြာမီတွင် ခုနစ်ရက်တာ ကုန်လွန်သွားခဲ့သည်။
အင်ပါယာ၏ ကြင်ယာတော် အခမ်းအနားပွဲ ကျင်းပဖို့ သုံးရက်သာ လိုတော့၏။
ရှေးတောက်အင်ပါယာမြို့တစ်ခုလုံးသည် ပွဲတော်ကျနေကာ လှလှပပ မွန်းမံလို့ထား၏။ အထူးသဖြင့် ညပိုင်းအခါတွင် အဝေးကနေပင် ရောင်စုံအလင်းများကို မြင်ရနိုင်သည်။
ရှေးတောက်အင်ပါယာမြို့၏ ကောင်းကင်တွင်ပင် ရောင်စုံအလင်းတို့ဖြင့် စွန်းထင်းနေ၏။ ၎င်းသည် အံ့ချီးရှုမောဖွယ် ခံစားမှုကို လူအများအား ပေးစွမ်းနေလျက် ပျော်မြူးသောရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေစေသည်။
ရှေးတောက်အင်ပါယာသည် သည်အခမ်းအနားပွဲကို အရေးတကြီး ထားရှိ၏။ အင်ပါယာမိသားစုတစ်ခုလုံးပင် သည်ကိစ္စကို အရေးတကြီး သတ်မှတ်ထားသည်။ တကယ်တော့ ရှေးတောက်အင်ပါယာက သူ့ကြင်ယာတော်ကို ဘွဲ့ထူးပေးတော့မည် မဟုတ်လား။ ရှေးတောက်၏ အစွမ်းထက်ကျင့်ကြံသူများက စုဝေးနေ။ တခြားနိုင်ငံများမှ ကျင့်ကြံသူများလည်း လာရောက်ကြသည်။ သူတို့သည် သည်အခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုကြခြင်းပင်။
ရှေးဂျီနှင့်ရှေးရှီတို့မှ တမန်တော်များပင် သည်အခမ်းအနားကို ဂုဏ်ပြုဖို့ ရောက်လာခဲ့ကြပြီး ဖြစ်သည်။
ရှေးရှီက လက်ဆောင်တော်တော်များများကို ပြင်ဆင်ထားခဲ့သည်။ သူတို့၏ ခေါင်းဆောင်မှာ မင်းသာကျိတု ဖြစ်၏။ အတိတ်တုန်းက သူသည် စုန့်ကျိကို ရွေးချယ်ဖို့အတွက် ရှေးတောက်မှ တမန်တော်များနှင့်အတူ ကိုယ်တိုင် လိုက်ပါသွားခဲ့ဖူးသည်။ ထို့ကြောင့် သူ ဒီအခမ်းအနားကို ရောက်လာခဲ့တာမှာ အံ့အားသင့်စရာ မရှိပေ။
သည့်အပြင် ထိုကြင်ယာတော်၏ မျိုးရိုးအမည်မှာ စုန့်ဖြစ်ပြီး ရှေးရှီမဟာအင်ပါယာနှင့် သွေးဝေးသော မျိုးဆက်တစ်ယောက်လည်း ဟုတ်၏။
လူအများသည် ရှေးတောက်အင်ပါယာမြို့သို့ ရောက်လာနေခြင်းက သည်မြို့ကို သက်ဝင်လှုပ်ရှားစေတော့သည်။ အင်ပါယာမြို့တော်၏ အစောင့်အကြပ်များမှာလည်း အခမ်းအနားပွဲ အချိန်တောအတွင်း မည်သည့်အရာမျှ ဖြစ်မလာတာ သေချာစေအောင် အရေအတွက် တိုးထားခြင်း ခံရသည်။
ရှေးတောက်အင်ပါယာမြို့၊ အထူးသဖြင့် နန်းတော်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထား၏။ ရှေးတောက်၏ အစွမ်းထက်ကျင့်ကြံသူအားလုံးနီးပါး ရောက်နေကြလေပြီ။
တော်ဝင်သွေးမျိုးဆက် ပိုင်ဆိုင်သည့် တကွဲတပြားတွင် ရှိနေကြသော ဘုရင်များလည်း သည်နေရာသို့ ရောက်လာခဲ့ကြပြီး ဖြစ်၏။
ဤသည်မှာ ရှေးကလန်၏ ကြီးမြတ်သောကိစ္စတစ်ခုလည်း ဖြစ်၏။ ရှေးအင်ပါယာသုံးယောက်ထဲမှ တစ်ယောက်က ကြင်ယာတော်ကို ရွေးချယ်တော့မည် မဟုတ်လား။ ရှေးကလန်၌ သည်လိုကိစ္စမှာ ကြီးကျယ်ပေ၏။ အကြောင်းမှာ အင်ပါယာစွမ်းအားသည် အနှိုင်းမဲ့ ဖြစ်သောကြောင့်ပင်။ လူတိုင်းနီးပါးက သည်အချက်ကို သိကြ၏။ ကူးတောက်တောင်သည်ပင် လက်ဆောင်တစ်ခု ပို့ပေးခဲ့သည်။ ရှေးအောက်အင်ပါယာသည် ဒီအချိန်အတွင်း လူတိုင်း၏ အာရုံကို စွဲဆောင်ထားသည်။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း လူအများအပြား ရောက်ရှိလာသည့်အတွက်ကြောင့် ရှေးတောက်သည် သူတို့၏အစွမ်းထက် ရတနာများကို အသုံးပြုကာ ကြီးမားသော စင်မြင့်ကိုးဆယ့်ကိုးခုကို ဖန်တီးကာ ဒီပျံသန်းနေသောမြို့ ပတ်လည်တွင် ဖြန့်ကျက်ထားခဲ့၏။
အစွမ်းထက်သော သူများက သည်စင်မြင့်များပေါ်တွင် နေရာထိုင်ခင်းများကို ဖန်တီးကြသည်။
ဝမ်လင်းကမူ သူ၏ ကျင့်ကြံမှုတွင်သာ နစ်မြုပ်နေပြီး ဤအရာတို့အား လစ်လျူရှုထား၏။ အခမ်းအနား မတိုင်ခင် သုံးရက်မြောက်ညတွင် ရှေးတောက်အင်ပါယာမြို့တစ်ခုလုံးသည် တောက်ပနေ၏။
ရှေးကလန်သုံးခုမှ လူများစွာ ရောက်ရှိလာခြင်းကြောင့် လေလံပွဲများစွာလည်း ပေါ်လာ၏။ အခမ်းအနားကို စောင့်နေရင်း ကလန်သုံးခုမှ လူများသည် တစ်ယောက်နှင့်တစ်ယောက် အရောင်းအဝယ်များ စတင် ပြုလုပ်ကြသည်။
ရှေးတောက်နန်းတော်တွင် မြူးထူးပျော်ရွှင်ဖွယ် အငွေ့အသက်ဖြင့် ပြည့်နေသည်။ အမြင့်မားဆုံး နန်းတော်၌ ရှေးတောက်အင်ပါယာသည် လက်နောက်ပစ်ကာ သာယာလှပကာ အရောင်စုံနေသော မြို့ကို ကြည့်နေလျက် ပြုံးနေသည်။
ရှေးတောက်အင်ပါယာက ဖြည်းဖြည်းချင်း ပြောလာ၏။ “အနာဂတ်မှာ ငါဟာ ရှေးတောက်အင်ပါယာမြို့ကို ဒီကနေ့လိုမျိုး နေ့တိုင်းဖြစ်နေအောင် လုပ်ဆောင်မယ်။ ရှေးကလန်တစ်ခုလုံးရဲ့ ဗဟိုချက် ဖြစ်လာအောင် လုပ်မယ်…”
“အရှင်မင်းမြတ်ဟာ ကြီးကျယ်လှတဲ့သူပါ။ သင် အဲ့တာကို အောင်မြင်တာနဲ့ အဲ့နေ့ဟာ ကျိန်းသေ ရောက်လာပါလိမ့်မယ်။ ကျုပ်တို့က အဲ့လိုနေမျိုး ရောက်လာတာကို တွေ့မြင်ရဖို့ အရှင့်နောက်ကို လိုက်ခဲ့ကြာတပါ…”
ထိုနန်းဆောင်အတွင်း၌ လူခုနစ်ယောက်သည် ဒူးထောက်နေကြပြီး သူတို့သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေသည်။
“ပြင်ဆင်မှုတွေက အခြေအနေ ဘယ်လိုရှိလဲ…” ရှေးတောက်အင်ပါယာက ပြုံး၍ ဆို၏။
“ရှေးရှီနဲ့ ရှေးဂျီတို့က တမန်တော်တွေ ရောက်လာခဲ့ကြပါပြီ။ သူတို့ရဲ့ လက်ဖွဲ့ပစ္စည်းတွေကိုလည်း နေရာချထားပြီးပါပြီ။ မဟာအင်ပါယာနှစ်ပါးရဲ့ တမန်တော်တို့လည်း ရောက်နေကြပါပြီ။ ကူးတောက်တောင်က လက်ဆောင် ယူလာတဲ့ တမန်တော်အရှင်ကိုလည်း အင်ပါယာမြို့မှာ နေရာထိုင်ခင်း ချထားပေးပြီးပါပြီ..”
ဒူးထောက်နေသော ခုနစ်ယောက်ထဲမှ တစ်ယောက်က ထိုသို့ ပြောလာ၏။
ဒုတိယတစ်ယောက်ကလည်း ခပ်သွက်သွက် ပြောလာ၏။ “ကျုပ်တို့ကလန်က သူတွေအတွက်လည်း စီစဉ်ပေးထားပါပြီ။ တခြားကလန်နှစ်ခုက အစွမ်းထက်တဲ့ သူတွေကိုလည်း စင်မြင့်ကိုးဆယ့်ကိုးခု ပတ်ပတ်လည် အနှံ့မှာ ရှိနေကြပါတယ်။ လူတော်တော်များ ပေမယ့်လည်း အခမ်းအနားပွဲအတွက် နေရာထိုင်ခင်းဟာ လုံလောက်ပါတယ်…”
“ကျေးဇူးပြုပြီး စိတ်ချလက်ချနေပါ…အရှင်မင်းမြတ်…”
“အင်ပါယာဆရာသခင်ကလည်း အခမ်းအနားပွဲကျရင် သူ ကိုယ်တိုင်ကိုယ်ကျ လာခဲ့မယ်လို့လည်း သတင်းစကား ပေးခဲ့ပါတယ်…”
“ဧကရီစုန့်ဟာ အရင်တိုင်းပါပဲ။ သူမ ခုထိ ထွက်မလာသေးဘူး။ သူမက တစ်ခုခုကို မှတ်မိဖို့ ကြိးစားနေတဲ့ပုံပဲ။ ဒါပေမဲ့ နာကျင်မှုနဲ့ပဲ အဆုံးသပ်ပြီး သူမ ဘာကိုမှ မမှတ်မိနိုင်ပါဘူး…”
“မဟာအင်ပါယာကတော့ ဘာစကားမှ မပြောကြားသေးပါဘူး။ သူ အခမ်းအနားပွဲကို လာ၊မလာတော့ အကျွန်လည်း မသိပါဘူး…”
ထိုခုနစ်ယောက်သည် တစ်ယောက်ပြီး တစ်ယောက် ပြောကြ၏။ ထို့နောက် သူတို့က ခေါင်းငုံ့လိုက်ကြသည်။ သူတို့သည် ရှေးတောက်၏ အနှိုင်းမဲ့တည်ရှိမှု ဖြစ်သော ရှေးတောက်အင်ပါယာထံမှ အမိန့်များကို စောင့်နေသည်။
“စည်းမျဉ်းအရဆို အခမ်းအနားပွဲဟာ ကိုးဆယ့်ကိုးရက် ကြာလိမ့်မယ်။ ရှေးတောက်ဘိုးဘေးကို ကမ်းလှမ်းတဲ့ ပထမဆုံးနေ့ကလွဲလို့ ငါ့အနေနဲ့ ကျန်တဲ့နေ့တွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘူး။ တစ်ခုခုဖြစ်လာခဲ့ရင် မင်းတို့အားလုံး တာဝန်ယူရလိမ့်မယ်…”
တော်ဝင်ဝတ်ရုံဖြင့်လူက အမိန့်ပေး၏။ ထိုခုနစ်ယောက်သည် ချက်ခြင်း လက်ခံကြသည်။
“အခမ်းအနားပွဲက နောက်သုံးရက်ဆို စတော့မယ်။ ရှေးတောက်အင်ပါယာမျိုးဆက်တိုင်းက ရှေးတောက်က လူတွေနဲ့ တခြားရှေးနိုင်ငံနှစ်နိုင်ငံက တမန်တော်တွေ ဧကရီကို တွေ့ရဖို့ ခွင့်မပြုခင်ညမှာ ဂုဏ်ပြပွဲတစ်ခု လုပ်လေ့ ရှိရတယ်…”
“အဲ့ကိစ္စကိုရော မင်းတို့အားလုံး ကောင်းကောင်း စီစဉ်ထားကြပြီးပြီလား..”
ထိုခုနစ်ယောက်ထဲမှ တစ်ယောက် တလေးတစား ပြောလာ၏။ “သေချာ စီစဉ်ပြီးပါပြီ…”
“ကောင်းပြီ…” တော်ဝင်ဝတ်ရုံဖြင့် လူက မျှော်လင့်ချက် အရိပ်အယောင် ပါဝင်သော အပြုံးတစ်ခုကို ထုတ်ဖော်သည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သည်နန်းဆောင်မှ ပျောက်ကွယ်သွားတော့သည်။
“သူမကို လက်ထပ်ပြီး ဧကရီအဆင့်အတန်း ပေးတာဟာ သူမအတွက် အကောင်းဆုံး ဆုချီးမြှင့်မှုပဲ။ အင်ပါယာဆရာသခင်…သင့်ရဲ့ ရှေ့ဖြစ်ကြည့်ခဲ့တဲ့ ရလဒ်အပေါ် ကျုပ် မျှော်လင့်ချက် ထားနေတယ်…”
ထိုအခိုက်တွင် နန်းတော်အတွင်း၌ တိတ်ဆိတ်နေသော အခန်းတစ်ခုထဲတွင် ဖီးနစ်ဝတ်ရုံဖြင့် အမျိုးသမီးတစ်ယောက် ရှိနေသည်။ ထိုအမျိုးသမီးက အကြွင်းမဲ့ မလှပါ။ သို့သော် တမူထူးသော အသွင်ဟန်ပန်အလှကို ပိုင်ဆိုင်ထားသည်။ သူမက မှန်ရှေ့တွင် ရပ်နေ၏။ သူမ၏မျက်လုံးထဲတွင် ရှုပ်ထွေးမှုတို့ ပြည့်နေသည်။
“ငါ ဘာကိုမှ မမှတ်နိုင်ဘူး။ အိပ်မက်ထဲက အရာအားလုံးဟာ ငါ နိုးလာတဲ့နောက် ဝေဝါးလွန်းသွားတာပဲ။ ငါ အိပ်မက်ထဲက အမျိုးသမီးဟာ ဘယ်လိုဘယ်ပုံ ရှိလဲကိုလည်း မမှတ်မိဘူး။ အမျိုးသားရဲ့ ပုံပန်းသွင်ပြင်ကိုလည်း မမှတ်မိဘူး။ ငါ သူ့ရဲ့ စကားလုံးတွေကိုသာ မှတ်မိနိုင်တယ်…”
ထိုအမျိုးသမီးက မျက်လုံးမှိတ်လိုက်သည်။ သူမ၏စိတ်ထဲတွင် စကားအချို့ ပေါ်လာသည်။
“ကောင်းကင်ဘုံက နင့်ကို သေစေချင်တယ်ဆိုရင်တောင် ငါဟာ နင့်ကို ပြန်ခေါ်ဆောင်မယ်…”
သူမ၏မှိတ်ထားသော မျက်လုံးတို့မှ မျက်ရည်များ စီးကျလာ၏။ မျက်ရည်စီးကြောင်းနှစ်ခုက သူမ၏ ပါးပြင်၊ ထိုမှသည် သူမ၏ ဝတ်စုံပေါ်သို့ စီးကျလာ အဝတ်တို့ကို စွတ်စိုသွားစေသည်။
“ငါ ဘာကြောင့် မျက်ရည် ကျနေရတာလဲ။ သူက ဘယ်သူလဲ။ ငါကရော စုန့်ကျိလား။ ငါက စု့န်ကျိလား…” ထိုအမျိုးသမီးက မျက်လုံးဖွင့်လာသည်။ ခုခါတွင် သူမသည် ပို၍ စိတ်ရှုပ်ထွေးမိနေတော့သည်။
ဝမ်လင်းသည် ထိုသည်တို့ကို မသိပေ။ သူသည် အာရုံခံစားမိခြင်းလည်း မရှိပေ။ သူ၏ ကျင့်ကြံမှုအဆင့်သည် မိုးထိမက ဖြစ်နေပြီ ဖြစ်သော်လည်း သူသည် သူမ၏မျက်ရည်များကို မမြင်နိုင် သို့မဟုတ် သူမ၏ အော်ရာကို မခံစားမိနိုင်နေတုန်းပင်။
သူသည် သူမကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရလျှင် ထိုအမျိုးသမီးက မည်သူမည်ဝါဖြစ်သည်ကို မြင်ချင်မှ မြင်နိုင်ပေလိမ့်မည်။ အကြောင်းမှာ သည်စိတ်ဝိညာဉ်နှင့် ပတ်သတ်၍ အရာအားလုံးကို မြူလွှာတစ်ခုက ဖုံးအုပ်ထားခြင်းကြောင့်တည်း။ သူ့အမျိုးသမီးဖြစ်သူ လီမူဝမ်၏ စိတ်ဝိညာဉ်နှင့် စုန့်ကျိအမည်ရ အမျိုးသမီးတို့ ပေါင်းစည်းသွားပြီးနောက် ထိုမြူလွှာက ပို၍ သိပ်သည်းသွားခဲ့ပေသည်။
သူသည် သူ တောက်လျှောက် ရှာဖွေနေခဲ့သော ဝမ်အာ၏ စိတ်ဝိညာဉ်အပိုင်းအစမှာ သူနှင့် အလွန်နီးကပ်စွာ ရှိနေသည်ကို သူ မသိပေ။ သူ မသိလေပါ။
အခမ်းအနားပွဲမတိုင်ခင် နံနက်ခင်း၌ ဝမ်လင်းက မြေအောက်လှိုဏ်ဂူတွင် မျက်လုံးဖွင့်လာသည်။ သူ၏ခန္ဓာကိုယ်ထဲ၌ ခြောက်ခုမြောက် မန္တာန်သွေးကြော ပေါ်လာခဲ့သော်လည်း သူ့မျက်လုံးထဲတွင် သံသယ အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
ထိုသံသယ၏ ရင်းမြစ်မှာ သူသည် သူ့စိတ်ထဲ၌ ဘာကြောင့်မှန်းမသိ မလွယ်ကူသလိုမျိုး ခံစားနေရခြင်းကြောင့် ဖြစ်၏။ ယင်းခံစားမှုက သူ့ကို သံသယဝင်မှုကို ခံစားမိစေသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ထရပ်ကာ လှိုဏ်ဂူထဲမှ လှမ်းထွက်၏။ သူသည် သစ်သားအိမ်ထဲတွင် ပြန်ပေါ်လာသည်။ လူသားပုံရိပ်တစ်ခုသည် သတ္တုအနှစ်သာရ၌ ပေါ်လာကာ ထိုခန္ဓာကိုယ်သည် တဖြည်းဖြည်း ပုံစံ ဖွဲ့စည်းနေလေ၏။
“ငါ မျှော်လင့်ထားတာထက် ပိုကြာတာပဲ…” ဝမ်လင်းသည် ထိုင်ချကာ သတ္တုအနှစ်သာရကို ကြည့်၍ သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။ နေဝင်ချိန်၌ ဝမ်လင်းက မော့ကြည့်ကာ သူ၏ ဒြပ်စင်ငါးခုအနှစ်သာရများကို သူ့ခန္ဓာကိုယ်တွင်းသို့ ပြန်ထည့်သိမ်းလိုက်သည်။ ထို့နောက်တွင် သူသည် ထရပ်ကာ တံခါးဖွင့်၏။
နေဝင်ချိန်တွင် ရွှမ်လောသည် အပြင်ဘက်တွင် ရပ်ကာ ဝမ်လင်းကို ပြုံး၍ ကြည့်နေသည်။
“မင်း တံခါးပိတ်ကျင့်ကြံနေတာ သုံးလလောက် ရှိပြီ။ မင်း မနက်ဖြန် အခမ်းအနားပွဲမှာ ပါဝင်ဖို့ မလိုပါဘူး။ ဒါပေမဲ့ ငါ့အစား ဒီည ဂုဏ်ပြုပွဲကိုတော့ သွားပေးရမယ်…”
“မင်းက လူသူထူထပ်တဲ့ နေရာတွေကို သဘောမကျတာ သိပါတယ်။ အဲ့ကို ခဏလောက်ပဲ သွားထိုင်ပြီး ပြန်လာခဲ့ပါ…”
ဝမ်လင်းသည် အနည်းငယ် တွေဝေနေ၏။ သူသည် အမှန်တကယ်ပင် ထိုညပွဲသို့လည်း မသွားချင်ပေ။ သို့သော် သူ့ဆရာဖြစ်သူက သူ့ကို တောင်းဆိုလှမှတော့ သူက ခေါင်းညိတ်လိုက်၏။
“ဒါကို ယဲ့တောက်(ရှေးတောက်အင်ပါယာ)ဆီ လက်ဆောင်သွားပေးလိုက်။ ဒါက သူ့အတွက် ငါ့ရဲ့ လက်ဖွဲ့လက်ဆောင်ပဲ…” ရွှမ်လောက ပြုံး၍ ကျောက်စိမ်းသေတ္တာတစ်ခုကို ဝမ်လင်းထံ ကမ်းပေးလိုက်သည်။
ဝမ်လင်းက ၎င်းကို လက်ခံပြီးနောက် ကြည့်ပင် မကြည့်ဘဲ ရွှမ်လောထံ လက်နှစ်ဖက်ဆုပ်၏။ သူက လေထဲသို့ ပျံတက်ကာ ရှေးတောက်အင်ပါယာနန်းတော်ရှိသော အရပ်ထံ ပျံသန်းလာတော့သည်။
“ဒီလက်ဆောင် သူ့ကို ပေးပြီးရင်တော့ ငါ ထွက်လာပြီး ဆက်ကျင့်ကြံရမယ်။ ငါ့သတ္တုအနှစ်သာရက ၎င်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းတော့မှာ။ အခုချိန်မှာ အဲ့ထက် ပိုအရေးကြီးတာ ဘာမှ မရှိဘူး…”
ဝမ်လင်းက သူ့စိတ်ကို သူ ပြင်ဆင်လိုက်၏။ သို့သော် ထိုအခိုက်တွင် သူသည် မလွယ်ကူမှုကို ထပ်မံ ခံစားမိသည်။
ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ အကွာအဝေးတစ်ခုရှိ အင်ပါယာနန်းတော်ထံသို့ လှမ်းကြည့်သည်။