ညပွဲ
Vol. 150 Ch. 2073
ရှေးတောက်အင်ပါယာမျိုးဆက်တိုင်းသည် အဓိကအခမ်းအနား မကျင်းပခင်တွင် ညပွဲကို ပြင်ဆင်ကြ၏။ ထိုညပွဲတွင် နေဝင်ချိန်တွင်စကာ နေထွက်ချိန်တွင် အဆုံးသပ်လိမ့်မည်။ ထိုပွဲတွင် ပါဝင်သူများသည် အဓိကအခမ်းအနားတွင်လည်း ပါဝင်ကြလိမ့်မည် ဖြစ်၏။
ညဦးပိုင်းပွဲ၌ ရှေးတောက်အင်ပါယာသည် ကြင်ယာတော်နှင့်အတူ ထွက်လာမည် ဖြစ်သည်။ ဤသည်မှာ ကြင်ယာတော်သည် ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းတွင် ထွက်ပေါ်လာမှုပင်။
လူတိုင်း၏ ချီးကျူးဂုဏ်ပြုမှုကို လက်ခံပြီးနောက် ကြင်ယာတော်က ပြန်ထွက်ခွာမည် ဖြစ်ပြီး အင်ပါယာကမူ လူတိုင်းနှင့် သည်တညလုံး ဖြတ်သန်းကာ နောက်တနေ့မနက် အခမ်းအနားပွဲအထိ ရှိနေမည် ဖြစ်သည်။
ထိုညပွဲကို နန်းတော်၏အပြင်ဘက် ရင်ပြင်တွင် ကျင်းပလိမ့်မည်။ နေ ဝင်တော့မည် ဖြစ်ကာ ထိုရင်ပြင်၌ အစေခံများသည် စားပွဲသောက်ပွဲများကို ခင်းကျင်း ပြင်ဆင်နေသည်။ စားပွဲပေါင်းထောင်ချီ ရှိလေ၏။
သည်စားပွဲများသည် ယပ်တောင်ပုံစံ စီခင်းထားကာ နန်းတော်ကို ပူဇော်သမှု ပြုနေသလို ထင်ရသည်။
နန်းတော်၏အထက်တွင် စင်မြင့်ငယ်ရာချီ လွင့်မြောနေ၏။ ယင်းစင်မြင့်များပေါ်တွင် စားပွဲရာချီစီ ရှိကာ တက်ရောက်လာမည့် လူများကို ကြိုဆိုရန် အသုံးပြုလိမ့်မည် ဖြစ်သည်။
အချိန်ကျရောက်လာသည့်အခါ ဗုံသသည် နန်းတော်မှ စတင် ပဲ့တင်ထပ်လာ၏။ နန်းတော်၏ ဗဟိုချက်တွင် ပေထောင်ချီကြီးမားသော ဗုံကြီးတစ်ခု ပေါ်လာသည်။ ၎င်းကို အမည်မသိသားရဲ၏ အရေပြားဖြင့် ပြုလုပ်ထားသည်။ ထိုအရေပြားက ရှေးကျကာ ကြမ်းကြုတ်သော အော်ရာကို ပေးစွမ်းနေသည်။
ဗုံ၏အထက်တွင် အနက်ရောင်ဝတ်ရုံဖြင့် လူကိုးယောက် ရှိနေသည်။ သူတို့တစ်ယောက်ချင်းစီမှာ အင်ပါယာအတုတစ်ယောက်နှင့် ယှဉ်နိုင်သည်။ ထိုကိုးယောက် ပူးပေါင်းအားဖြင့် ဗုံကို တီးခတ်နေသည်။ သူတို့၏စွမ်းအားများသည် ပုံရိပ်ယောင်လက်ဝါးအဖြစ် ပြောင်းကာ ဗုံကို တီးနေ၏။
ယင်းဗုံသံကို ဒီနေရာရှိ ရှေးကလန်ဝင်များက ကြားနေရသည်။
တတိယမြောက်ဗုံသံ ထွက်ပေါ်လာသည့်အခါတွင် နန်းတော်ထဲမှ လူများ လှမ်းထွက်လာကြသည်။ အရေအတွက်မှာ များလှသဖြင့် သူတို့ကို ရေတွက်ဖို့ မဖြစ်နိုင်ပေ။ သူတို့အားလုံးသည် အစွမ်းထက်ကြကာ အင်ပါယာအတုများနှင့် မယှဉ်နိုင်သော်လည်း အားလုံးကတော့ တတိယအဆင့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။
ထိုသူများသည် စားပွဲတစ်ခုကို ရွေးချယ်ကာ ထိုင်၍ တစ်ယောက်နှင့်တစ်ယောက် စကားဆိုနေသည်။ နန်းတော်ရင်ပြင်တစ်ခုလုံးသည် စကားဆိုသံတို့ဖြင့် အတော့်ကို သက်ဝင်လာသည်။
ငါးကြိမ်မြောက် ဗုံသံ ထွက်ပေါ်လာသည့်အခါ ကောင်းကင်ထက်မှ အလင်းတန်းများ ပျံသန်းလာ၏။ ယင်းအလင်းတန်းများထဲတွင် ရှေးတောက်မှ သူများနှင့် တခြားကလန်နှစ်ခုမှ သူများလည်း ပါဝင်သည်။ တချို့က ရင်ပြင်တွင် ထိုင်ရန် ရွေးချယ်ကာ တခြားသူများက မြောလွင့်နေသော စင်မြင့်ရာချီကြားတွင် ထိုင်ကြသည်။
ပိုပိုများပြားသော သူများ ရောက်လာကြသည်။ ခုနစ်ကြိမ်မြောက် ဗုံသံ ပဲ့တင်ထပ်ချိန်တွင် အလင်းတန်းထောင်ချီ ပျံသန်းလာသည်။ သူတို့အားလုံးက နေရာယူကာ ထိုင်ချလိုက်သည်။
အလင်းတန်းထောင်ချီ ပြီးနောက် တောက်ပသောအလင်းတန်း တစ်ရာ့ရှစ်ခုက မိုးကုပ်စက်ဝန်းစွန်းမှ ထွက်ပေါ်လာသည်။ သူတို့သည် ချက်ခြင်း ရောက်လာကြပြီး အဖြူရောင်ချပ်ဝတ်ဖြင့် ရှေးတောက်ဝင်တစ်ရာ့ရှစ်ယောက် လှစ်ပေါ်လာသည်။
ထိုလူတစ်ရာ့ရှစ်ယောက်သည် နန်းတော်ထံ ဦးညွှတ်ကာ ထို့နောက် ရင်ပြင်ပေါ်သို့ သက်ဆင်းချလိုက်၏။ သူတို့အားလုံးက နန်းတော်နှင့် နီးသော စားပွဲများတွင် နေရာယူကာ ထိုင်ချလိုက်သည်။
“ရှေးတောက်ရဲ့ ကျင်းတစ်ရာ့ရှစ်ယောက်…”
“ရှေးတောက်ကို ကျင်း၊ စိန့်၊ မိစ္ဆာ၊ ဘုရင်နဲ့ အင်မောတယ်ဗိုလ်ချုပ်တွေလို့ ပိုင်းခြားထားတယ်။ ကျင်းတစ်ရာ့ရှစ်ယောက် ပေါ်လာပြီ ဆိုတော့ တခြားသူတွေလည်း သိပ်မကြာခင် ရောက်လာတော့မယ်…”
ဒီကျင်းတစ်ရာ့ရှစ်ယောက်မှာ ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းအော်ရာတွေ ပိုင်ဆိုင်ကြတယ်။
လူအများ၏အကြည့်က ထိုသူတို့ထံ စုဝေးနေ၏။
သည်လူတစ်ရာ့ရှစ်ယောက် ပေါ်လာပြီးနောက် တိုနာဒိုမုန်တိုင်း ခုနစ်ဆယ့်နှစ်ခုသည် အကွာအဝေးတစ်ခုတွင် ပေါ်လာသည်။ ထိုမုန်တိုင်းတစ်ခုချင်းစီတွင် လူတစ်ယောက် ပါရှိ၏။ သူတို့အားလုံးက ရင်ပြင်ထံသို့ တရကြမ်း ဦးတည်လာသည်။
ပြင်းထန်သောဖိအားတစ်ခုသည် ရုတ်တရက် သက်ဆင်းလာကာ ဒီဧရိယာကို ထွေးခြုံလာသည်။ ထိုမုန်တိုင်းများထဲ၌ ယောက်ျား၊မိန်းမ၊ လူငယ်၊ လူအို အစုံ ပါဝင်ကြ၏။ သို့သော် သူတို့တစ်ယောက်ချင်းစီတွင် ချွင်းချက်မရှိ နတ်ဘုရား၊ နတ်ဆိုး သို့မဟုတ် မိစ္ဆာတို့၏ အော်ရာကို ပိုင်ဆိုင်ကြသည်။ ထို့နောက်တွင် သူတို့၏ မျက်လုံးများနှင့် နှဖူးများကို ကြည့်ပါက လူတစ်ယောက်သည် စုစုပေါင်းကြယ်ခုနစ်ဆယ့်နှစ်လုံးကို မြင်ရပေလိမ့်မည်။
“စိန့်ခုနစ်ဆယ့်နှစ်ယောက်။ ရှေးတောက်အတွက် ဒီစိန့်ခုနစ်ဆယ့်နှစ်ယောက်ဟာ ကြီးမားတဲ့ အကျိုးဆောင်ပေးမှုတွေ လုပ်ပေးထားကြတယ်…”
“ဒီစိန့်ခုနစ်ဆယ့်နှစ်ယောက်မှာ လူ ခုနစ်ဆယ့်နှစ်ယောက်ပဲ ပါဝင်ပြီး ပိုလည်း မပိုသလို၊ လိုလည်း မလိုဘူးလို့ ငါ ကြားဖူးတာ ကြာပြီ။ ဒီစိန့်ခုနစ်ဆယ့်နှစ်ယောက်ဟာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှေးတောက်ကို စောင့်ကြပ်ခဲ့ကြတယ်…”
ဗုံသံ ပဲ့တင်ထပ် မြည်ဟိန်းနေစဉ်မှာပင် ဆွေးနွေးသံများ ထွက်ပေါ်လာ၏။ ရှစ်ကြိမ်မြောက် ဗုံသံထိ ရှိလာခဲ့လေပြီ။
ထိုဗုံသံ ပဲ့တင်ထပ်လာသည့်အခါ မြေပြင်သည် တုန်ခါလာ၏။ မြေအောက်တွင် နဂါးများက ရွှေ့လျားလာကြသည့်အလား။ တချိန်တည်းမှာ သွေးအလင်းတန်း သုံးဆယ့်ခြောက်ခုက ကောင်းကင်ထက်မှ ဆင်းသက်လာကာ ကောင်းကင်ကို အနီရောင်စွန်းထင်းသွားစေသည်။ နေဝင်ချိန်တွင်ပင် သွေးအလင်း၏ ခြုံလွှမ်းခြင်းကို ခံရသည်။
“ကျန်းသုံးဆယ့်ခြောက်ယောက်…”
“ရှေးတောက်ကလန်ရဲ့ ကျော်ကြားလှတဲ့ ကျန်းသုံးဆယ့်ခြောက်ယောက်။ သူတို့ဟာ ရှေးတောက်တော်ဝင်မိသားစုရဲ့ အစောင့်အရှောက်တွေပဲ။ ဒီအစွမ်းထက်တဲ့ စောင့်ရှောက်သူ သုံးဆယ့်ခြောက်ယောက်ကို ရှေးတောက်တော်ဝင်မိသားစုဟာ အင်ပါယာမျိုးဆက်တိုင်းအတွက် ရင်းမြစ်တွေအမြောက်အများနဲ့ ဖန်တီးခဲ့ကြတာ…”
“ငါ ကြားဖူးတာကတော့ သူတို့ဟာ မရဏစစ်သည်တော်တွေတဲ့။ ရှေးတောက်အင်ပါယာကသာ သူတို့ကို အမိန့်ပေးလိုက်ရင် သူတို့က သူတို့ကိုယ်သူတို့ပါ ဖောက်ခွဲပစ်ကြလိမ့်မယ်…”
“သူတို့ကို ဘယ်လိုများ ကျန်းသုံးဆယ့်ခြောက်ယောက်လို့ ခေါ်ပါ့မလဲ။ မိစ္ဆာသုံးဆယ့်ခြောက်ယောက်ဆိုတာ ရှင်းနေတာပဲကို…”
ထိုအနီရောင်အလင်းများထံမှ ဗလတောင့်တောင့်အမျိုးသား သုံးဆယ့်ခြောက်ယောက် လှမ်းထွက်လာ၏။ သူတို့ကို အနီရောင်မြူက ခြုံလွှမ်းထားသဖြင့် သူတို့၏ပုံပန်းသွင်ပြင်ကို မြင်ရဖို့မှာ မဖြစ်နိုင်ပေ။ သူတို့သည် ပင်မနန်းတော်ထံ ဦးညွှတ်ကာ စိန့်ခုနစ်ဆယ့်နှစ်ယောက်၏ ရှေ့တွင် နေရာယူကာ ထိုင်လိုက်ကြ၏။
ဗုံသံက ဆက်၍ ပဲ့တင်ထပ်၏။ ထိုလူသုံးဆယ်ခြောက်ယောက် ထိုင်ချလိုက်ပြီးနောက် ဗုံသံကို ဖိနှိပ်သွားသည့် ကျယ်လောင်စွာ တုန်ဟည်းသံနှင့် သည်နေရာရှိ လူပေါင်းတစ်သိန်းလောက်နီးပါး၏ အသံသည် ဟိန်းထွက်လာသည်။ ဤသည်က လူတိုင်း၏အာရုံကို စွဲဆောင်သွး၏။ သူတို့က ကောင်းကင်ထက်တွင် လူများကြောင့် ဆုတ်ဖြဲခံရသော အက်ကြောင်း ဆယ့်ရှစ်ခုကို တွေ့မြင်သည်။ ထို့နောက် လေထဲ၌ အနီနှင့်အနက် လက်သည်းအစုံ ဆယ့်ရှစ်ခု ပေါ်လာ၏။
လူတိုင်း၏အကြည့်က ထိုနေရာသို့ စုဝေးကျရောက်လာချိန်တွင် ထိုအက်ကြောင်းဆယ့်ရှစ်ခုထဲမှ အနီအနက်နဂါး ဆယ့်ရှစ်ကောင် ထွက်လာကြသည်။
ထိုနဂါးများသည် တုန်လှုပ်ချောက်ခြားဖွယ် နတ်ဆိုးအော်ရာများကို ပေးစွမ်းနေသည်။ ယင်းတို့သည် နဂါးများ ဖြစ်၏။ ရှေးဟောင်းနတ်ဆိုးအော်ရာများနှင့် နဂါးများပင်။
ထိုနဂါးများ ပေါ်လာသည့်နောက် ၎င်းတို့သည် ကောင်းကင်ထက်တွင် လှည့်ပတ် ပျံသန်းကာ ကြီးမားသော ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေသည်။
“ရှေးတောက်ရဲ့ ဘုရင်ဆယ့်ရှစ်ပါး…”
“ဒါ အမှန်ပဲ။ ရှေးတောက်ရဲ့ ဘုရင်ဆယ့်ရှစ်ပါးရဲ့ စီးတော်ယဉ် နတ်ဆိုးနဂါးတွေပဲ။ ဒီနဂါးတွေ ပေါ်လာပြီ ဆိုမှတော့ ဘုရင်ဆယ့်ရှစ်ပါးလည်း ရောက်လာပြီလို့ ဆိုလိုတယ်…”
“သူတို့ဟာ အင်ပါယာအောက်က တော်ဝင်မိသားစုလည်း ဖြစ်ကြတယ်။ ရှေးတောက်ရဲ့ ဘုရင် ဆယ့်ရှစ်ပါး။ သူတို့အားလုံးက အတော်လေး အစွမ်းထက်ကြပြီး သူတို့ထဲက ဆယ့်နှစ်ယောက်ကို အများအားဖြင့် မြို့တော်ထဲ ဝင်ခွင့်မပြုကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ နိုင်ငံဆယ့်နှစ်နိုင်ငံကို စောင့်ကြပ်နေရလို့ပဲ…”
ကောင်းကင်ထက်တွင် နဂါးဆယ့်ရှစ်ကောင် ပေါ်လာသည့်အခါ အုံးအုံးကြွကြွ ဖြစ်ကုန်၏။ အဝေးရှိ ကောင်းကင်၊ နန်းတော်နှင့် အဝေးတစ်နေရာကနေ ဝမ်လင်းက လှမ်းကြည့်နေသည်။
ထိုနဂါး ဆယ့်ရှစ်ကောင် ပေါ်လာသည့်အခါ သူတို့သည် ဒီဧရိယာရှိ လောကစွမ်းအင်ကို ပြောင်းလဲသွားစေသည်။ သူတို့ဖန်တီးလိုက်သော ဝဲကတော့မှ ဖြစ်ပေါ်သည့် မုန်တိုင်းက နတ်ဘုရားအာရုံကိုပင် ပိတ်ဆို့ကာဆီးနိုင်သည်။
“ရှေးတောက်ရဲ့ ဘုရင် ဆယ့်ရှစ်ပါး…။ ယဲ့မိုဟာ အတိတ်တုန်းက ဒီဘုရင်ဆယ့်ရှစ်ပါးထဲက တစ်ယောက် ဖြစ်နေမလား ငါ သိချင်မိတယ်…”
ဝမ်လင်းသည် ရှေးတောက်သို့ ရောက်လာရုံ ရှိသေး တချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့သည် ဖြစ်၍ ယဲ့မို၏မျိုးဆက်များကို ရှာဖို့ အချိန်မရှိခဲ့ပေ။
သို့ပေမည့် ထိုကိစ္စက သူ့စိတ်ထဲ၌ ရှိနေတုန်းပင်။
စဉ်းစားနေပြီးနောက် ရှစ်ကြိမ်မြောက် ဗုံသံ ထွက်ပေါ်လာနေရင်း သူက အကွာအဝေးတစ်ခုရှိ နန်းတော်ထံ ဦးတည်လှမ်းလာသည်။ သူသည် နန်းတော်နှင့် ပိုနီးလာလေလေ တမျိုးတမည်ဖြစ်မှုကို ပို၍ ခံစားမိလာလေပင်။ ထိုခံစားချက်က ပိုအားကောင်းလာ၏။
ထိုမလွယ်ကူမှုက အန္တရာယ် မဟုတ်ပေ။ သို့ပေမည့် ဖော်ပြ၍ မရသော ခံစားမှုတစ်ခု ဖြစ်၏။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ရှေ့လာမည့် မဝေးသော အချိန်မှ သူ့အတွက် အရေးကြီးလှသော ကိစ္စရပ်များကို အာရုံခံမိတတ်သည်သာ ဖြစ်သည်။
သို့သော် အခုတော့ သူ မည်မျှ စဉ်းစားကြည့်ပါစေ သည်တော်ဝင်ညပွဲ၌ မည်သို့သောအရာ ဖြစ်လာမည်ကို ရှာမတွေ့နိုင်အောင် ဖြစ်ရသည်။
ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ ဆက်လျှောက်လာနေစဉ် နတ်ဆိုးနဂါးဆယ့်ရှစ်ကောင်သည် အောက်ဘက်ရှိ ရင်ပြင်ထံ ဆင်းသက်လာကြသည်။ လူတစ်ယောက်သည် သေချာ ကြည့်ပါက ထိုနဂါးတစ်ကောင်ချင်းစီ၏ ဦးခေါင်းပေါ်တွင် လူတစ်ယောက် ရပ်နေတာကို မြင်နိုင်ပေလိမ့်မည်။
ထိုသူ ဆယ့်ရှစ်ယောက်သည် အသွင်အပြင် ခြားနားကြ၏။ သို့သော် ရုပ်ဆင်သလိုတော့ ထင်ရသည်။ သူတို့အားလုံးသည် နဂါးများပေါ်မှ အောက်သို့ လှမ်းဆင်းလာ၏။ သူတို့သည် ပင်မနန်းတော်နှင့် အနီးဆုံးနားရှိ ထိုင်ခုံများတွင် နေရာယူကာ ထိုင်ကြ၏။
သူတို့ ထိုင်ချလိုက်သည့်အခါတွင် နတ်ဆိုးနဂါးဆယ့်ရှစ်ကောင်သည် ဟိန်းသံများ ပေးကာ ကောင်းကင်ထက်ရှိ အက်ကြောင်းများထံ ပြန်လည် ရောက်ရှိသွားသည်။ ထို့နောက်တွင် အက်ကြောင်းများ ကွယ်ပျောက်ကာ အရာအားလုံးသည် ပုံမှန် ပြန်ဖြစ်သွားသည်။
ယင်းနောက်တွင် ကိုးကြိမ်မြောက်ဗုံသံ ပဲ့တင်ထပ်ကာ အရင်က ဗုံသံများ၏ အသံတို့နှင့် ပေါင်းစည်းသွားသည်။ ကြောက်မက်ဖွယ်ဟိန်းသံ မြည်ဟိန်း၏။ ထိုအသံသည် ကျင့်ကြံသူများကို တုန်ခါသွားစေဖို့ လုံလောက်သည်။ ရှေးကလန်ဝင်များသည်ပင် ထိုအသံကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မည်။ သို့သော် ထူးဆန်းစွာပင် ဒီနေရာရှိ မည်သူကမျှ ယင်းအသံ၏ သက်ရောက်ခြင်းကို မခံရပေ။
ဝမ်လင်းက ရှေ့သို့ ခြေလှမ်း၏။ သူသည် ကိုးကြိမ်မြောက်ဗုံသံ မြည်ဟိန်းချိန်တွင် နန်းတော်အထက်သို့ ရောက်လာခဲ့ပေပြီ။ သူက ရုတ်တရက် မော့ကြည့်လိုက်၏။ သူ၏မျက်လုံးသူငယ်အိမ်မှာ အနည်းငယ် ကြုံ့သွားမိသည်။
သူသည် ကောင်းကင်ထက်မှ အနက်ရောင်အလင်းတန်းကိုးခု ဆင်းသက်လာတာကို မြင်သည်။ ထိုအလင်းများသည် ကောင်းကင်ကို ထောက်ပိုးထားသော တိုင်လုံများအလား ကြီးမားလှသည်။ အနက်ရောင်အလင်းတန်းများ ဆင်းသက်လာချိန်တွင် အနက်ရောင်ချပ်ဝတ်ဖြင့် ဧရာမလူကိုးယောက် ပေါ်လာကြသည်။
ထိုကိုးယောက်သည် သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းနေ၏။ လူတစ်ယောက်သည် သူတို့၏ ပတ်လည်၌ မရေမတွက်နိုင်သော တစ္ဆေများ ဝန်းရံနေသည်ကို တွေ့မြင်နိုင်သည်။ သူတို့သည် နန်းတော်သို့ ဦးမညွှတ်ကြပေ။ သူတို့အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ဘုရင်ဆယ့်ရှစ်ပါး ရှေ့မှ စားပွဲကိုးခုထံ လျှောက်လာကြသည်။
သူတို့၏ရှေ့တွင်တော့ စားပွဲလေးခု ရှိနေဆဲ ဖြစ်သည်။
“အင်မောတယ်ဗိုလ်ချုပ်တွေ…”
“သူတို့က ရှေးတောက်ရဲ့ အင်မောတယ်ဗိုလ်ချုပ်တွေပဲ ဖြစ်လိမ့်မယ်…”
“ဒီကိုးယောက်ဟာ ကောင်းကင်ဘုံကလန်က အင်ပါယာစမ်းသပ်ကွင်းရဲ့ ဆယ့်သုံးထပ်မြောက်နန်းတော်ကို ချိုးဖျက်နိုင်တဲ့ ဩဇာအင်ပါယာတွေနဲ့ ယှဉ်လို့ ရတယ်။ သူတို့ထဲက တစ်ယောက်ဆို ဆယ့်လေးထပ်မြောက် နန်းတော်ကို ချိုးဖျက်နိုင်တဲ့ အဆင့်ထိ ရောက်နေပြီ…”
ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်ကာ ရှေ့သို့ ဆက်လျှောက်လာ၏။ ကိုးကြိမ်မြောက်ဗုံသံက မြည်ဟိန်းထွက်နေဆဲပင်။
သူ လှမ်းလျှောက် ထွက်ပေါ်လာမှုက သည်နေရာရှိ လူအများ၏အကြည့်ကို ချက်ခြင်း စွဲဆောင်သွားသည်။