ရုတ်တရက် ပြန်လှည့်ကြည့်မိခြင်း
Vol. 150 Ch. 2074
သည်လိုအခမ်းအနားများ၌ သူ့အပေါ် အာရုံစိုက်ကြည့်ခံရခြင်းကို ဝမ်လင်းသည် အသားကျနေပြီ ဖြစ်သည်။ သူ့အမူအရာက ပြောင်းလဲမသွားပေ။ သူ့ဝတ်ရုံဖြူက တလွင့်လွင့် ရှိနေ၏။ သူက ရှေ့သို့ တည်ငြိမ်စွာ ဆက်လျှောက်လာသည်။
“ဒီလူ…သူက ဘယ်သူလဲ…”
“သူက တကိုယ်တည်း လာခဲ့တာ။ ပြီးတော့ ကိုးကြိမ်မြောက်ဗုံသံမှာ လာဝံ့တယ်။ သူဟာ ထူးခြားတဲ့အဆင့်အတန်း ရှိနေတဲ့သူလား…”
“ဒီလူ့ကို မသိဘူး…”
ဝမ်လင်းသည် လူထောင်ချီ၊ ကျင်းတစ့်ရာရှစ်ယောက်၊ စိန့်ခုနစ်ဆယ့်နှစ်ယောက်၊ ကျန်းသုံးဆယ့်ခြောက်ယောက်တို့ကို ဖြတ်၍ လျှောက်လာစဉ် လူအုပ်ထဲ၌ ခပ်ကြိတ်ကြိတ် ဆွေးနွေးမှုများ ရှိလာသည်။
သူ ရှေ့သို့ ဆက်လျှောက်လာနေရင်း ပိုပိုများပြားသော အကြည့်များက သူ့အပေါ် စုဝေးလာသည်။ ဆွေးနွေးသံတို့ကို ပိုကျယ်လာသည်။
“သူ ဘယ်မှာ သွားထိုင်မလို့လဲ…”
“သူက ရှေ့ဆုံးကို ဦးတည်သွားတဲ့တယ်။ ရှေ့ဆုံးက ထိုင်ခုံလေးခုမှာ နှစ်ခုဟာ မဟာအင်ပါယာနဲ့ အင်ပါယာဆရာသခင်တို့အတွက် ပြင်ဆင်ပေးထားတာ။ ကျန်တဲ့ ခုံနစ်ခုဟာ ခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ ရှေးတောက်ရဲ့ ဘိုးဘေးနှစ်ယောက်အတွက်ပဲ…”
နောက်ဆုံးကျန်သောခုံလေးခုတွင် တစ်ခုသည် ရှေ့ဆုံးမှ ဖြစ်ကာ ကျန်သုံးခုက နောက်တွင် ရှိသည်။
ထိုသို့ဖြင့် လူပေါင်းတစ်သိန်းကျော်သည် အံ့အားတသင့် ဖြစ်ကုန်ကာ ဆွေးနွေးသံများသည် ပို၍ အားကောင်းလာသည်။
ဝမ်လင်းသည် ထိုအခိုက်တွင် ခဏရပ်ကာ သူ့ကို အရိုအသေပေးလိုက်သော လူခုနစ်ယောက်ကို ပြုံးပြ၏။ ထို့နောက်တွင် သူသည် အင်မောတယ်ဗိုလ်ချုပ်ကိုးယောက် ရှိနေသောနေရာထံ ဆက်လျှောက်လာသည်။
ထိုကိုးယောက်ထဲတွင် ရှစ်ယောက်က ငြိမ်သက်နေ၏။ သို့သော် ဆယ့်လေးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်သည့် ဩဇာအင်ပါယာနှင့် အဆင့်တူသော သူကမူ အေးစက်စက်နှာခေါင်းရှုံ့၏။ ရုတ်တရက် သူက ထရပ်လိုက်သည်။ သူက ဝမ်လင်း သူ့အပေါ်မှ ဖြတ်သန်းသွားမည်ကို ဟန့်တားလိုသည့်အလား။
သို့သော် သူ ထရပ်မည့် အခိုက်တွင် ဝမ်လင်း၏ အေးစက်စက်အကြည့်က ဖြတ်ခနဲ ရောက်လာ၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်ဖိအား ထွက်ပေါ်လာသည်။ ထို့နောက် ရုတ်တရက် ပြန်ပျောက်ကွယ်သွားသည်။
ထိုဖိအားသည် ခဏသာ ကြာလိုက်သော်လည်း မတ်တပ်ထရပ်ရန် ဟန်ပြင်သော သူသည် တုန်ယင်သွား၏။ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်လာကာ သူက ပြန်ထိုင်ချလိုက်သည်။
ထိုအခိုက်တွင် သူ့စိတ်မှာ တုန်လှုပ်သွားသလို တကိုယ်လုံးလည်း ချွေးပြန်သွားသည်။ ဝမ်လင်း၏အကြည့်က သူ့ကို အကြိမ်ရာချီ သတ်ပစ်နိုင်သည့်အလား သူ ခံစားလိုက်ရ၏။
ထိုသို့သော ခံစားမှုမျိုးကို သူသည် အရင်က လုံးဝ မခံစားမိခဲ့ဖူးပေ။
သူ ပြန်ထိုင်လိုက်သည့်အခိုက်တွင် ဝမ်လင်းသည် ယပ်တောင်အသွင် စီစဉ်ထားသော ထိုင်ခိုင်များ၏ ရှေ့ဆုံးသို့ ရောက်လာ၏။ ထို့နောက် သူသည် တည်ငြိမ်စွာ ထိုင်ချလိုက်သည်။
သူ ထိုင်ချလိုက်သည့်အခိုက်တွင် ဒီရင်ပြင်အနှံ့ အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။
“သူက ဘယ်သူလဲ။ ဘာကြောင့် ရှေးတောက်ရဲ့ မဟာအင်ပါယာ နေရာမှာ လာထိုင်ရတာလဲ။ ဒါက…ဒါက…”
“သူ့ရှိက ဖိအားက အားကောင်းလွန်းလှတယ်။ ငါ့နှလုံးခုန်တောင် ရပ်လုမတတ်ပဲ။ သူဟာ ကျိန်းသေပေါက် သာမန်လူ မဟုတ်ဘူး…”
“ငါ ကြားတာကတော့ ရှေးတောက်ရဲ့ မဟာအင်ပါယာဟာ တပည့်တစ်ယောက် လက်ခံခဲ့တယ်တဲ့။ သူက မဟာအင်ပါယာရွှမ်လောရဲ့ တပည့် ဖြစ်နိုင်လး။ ဒါပေမဲ့ သူက ငယ်လွန်းတယ်…”
“တကယ်ပဲ သူကို…”
“ဆံဖြူဩဇာအင်ပါယာ။ သူက တကယ်ပဲ မဟာအင်ပါယာရွှမ်လောရဲ့ တပည့်ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး…”
“ဘယ်လို..သူက ဆံဖြူဩဇာအင်ပါယာလား။ ကောင်းကင်ဘုံကလန်ရဲ့ ဆံဖြူဩဇာအင်ပါယာ မဟုတ်ဘူးလား။ သူဟာ မဟာအင်ပါယာတွေအောက် နံပါတစ်ပဲ။ သူဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဆယ်စင်းမြောက်နေမင်းလို့တောင် ကောလာဟာလ ရှိကြတယ်…”
ထိုသူများသည် ဝမ်လင်းကို အသိအမှတ်ပြုကြသော မင်းသားကျိတုကဲ့သို့ တော်ဝင်မိသားစုမျာပင်။ ရှေးတောက်ဝင်များသည် ဝမ်လင်းကို ပို၍ သိရှိကြ၏။ သို့သော် တခြားကလန်ဝင်များကမူ ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေ၏။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွှံ့မှုအရိပ်အယောင်တို့ကို ဖုံးကွယ်ထားကြသည်။
အမှန်တော့ သူတို့သည် ဝမ်လင်းနှင့် ပတ်သတ်၍ လုံးဝ မသိထားတာတော့ မဟုတ်ပါ။ ရွှမ်လောက ဝမ်လင်းကို ခေါ်ကာ ရှေးဂျီနှင့်ရှေးရှီတို့ရှိ ရောက်လာခဲ့ဖူးသည် မဟုတ်လား။
ဝမ်လင်းထံ ကြည့်နေသော အကြည့်များထဲမှ အကြည့်တစ်ခုကတော့ စိတ်လှုပ်ရှားမှုနှင့် ပြည့်နေ၏။ ထိုအကြည့်ပိုင်ရှင်ကမူ မင်းသားကျိတု ဖြစ်၏။
မင်းသား ကျိတုသည် ဝမ်လင်း ပေါ်လာကာ ဒီနေရာမှ လူများ၏ အာရုံစိုက်ခြင်းကို ခံရသည့်အထိ စောင့်ကြည့်နေ၏။ သူသည် ဝမ်လင်း မည်သို့မည်ပုံ တည်ငြိမ်နေတာကိုလည်း တွေ့မြင်ပေသည်။
“မွေးစားအဖေရဲ့ အမည်ဟာ ရှေးကလန်မှာ ကျော်ကြားပြီးပဲ။ မွေးစားအဖေသာ ငါ့ကို ကူညီပေးခဲ့ရင်…” မင်းသားကျိတုက လက်သီးတင်းတင်း ဆုပ်လိုက်၏။
ဝမ်လင်းက သူ့အပေါ် ကျရောက်နေသော အကြည့်အားလုံးကို လစ်လျူရှုထား၏။ သူသည် နေရာတွင် ထိုင်ချကာ မျက်လုံးမှိတ်လိုက်သည်။ သို့သော် သည်အခိုက်တွင် သူ့စိတ်နှလုံးမှာ မတည်မငြိမ် ဖြစ်လာရ၏။ သူ့ကိုယ်သူ အသိစိတ်လွတ်သွားသလိုမျိုး ခံစားမိလာရသည်။
ထိုခံစားချက်သည် သူ နန်းတော်သို့ စလာသည့်လမ်းမှာတည်းက ဖြစ်လာခြင်းပင်။ သူက ၎င်းခံစားချက်ကို ဖိနှိပ်ထားသော်လည်း သူ့စိတ်အနေအထားပေါ် ၎င်းက သက်ရောက်နေဆဲသာ။ ထိုသို့မဟုတ်ပါက ဝမ်လင်းသည် အစောပိုင်းက အင်မောတယ်ဗိုလ်ချုပ်ဖြစ်သူ ထရပ်လာသည့်အခါ၌ သူ၏ ကျင့်ကြံမှုကို ဒီနေရာတွင် အရိပ်အမြွက်ပင် ထုတ်ဖော်ခဲ့လိမ့်မည် မဟုတ်ပေ။
“ဒီလူက ဘယ်သူလဲ။ သူက ရှေးတောက်အင်ပါယာနန်းတော်အထက်ကို ခုလိုပုံစံနဲ့ ဘာကြောင့် ရောက်လာတာလဲ…” ဝမ်လင်းက မျက်လုံးမှိတ်၍ သူ့ကျင့်ကြံမှုကို လှည့်ပတ်စေ၏။ သူ၏စိတ်သည် တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။ သို့သော် သူက ပို၍ သုန်မှုန်လာသည်။
“တစ်ခုခုတော့ မူမမှန်ဘူး။ ဒီနန်းတော်က ငါ့အပေါ် ဒီလိုသက်ရောက်မှု ဖြစ်အောင်လို့ အတားအဆီးအချို့ကိုများ အသက်သွင်းထားတာများလား။ ဒါပေမဲ့လည်း ဘေးပတ်လည်ကို ကြည့်လိုက်ရင် ဘာအတားအဆီးမှ အသက်သွင်းထားတဲ့ပုံလည်း မရှိဘူး…” ဝမ်လင်းသည် မျက်လုံးပြန်ဖွင့်လာကာ နေရာတွင်သာ ငြိမ်သက်စွာ ထိုင်နေ၏။
“ဒီရူးသွပ်တဲ့ ခံစားချက်က ငါ့ကို နေမထိထိုင်မသာ ဖြစ်စေတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း ငါ ဒီလိုခံစားချက်မျိုး ဝိုးတဝါး ခံစားမိခဲ့တယ်။အခုတော့ ဒါက ပို အားကောင်းလာခဲ့တယ်…”
“ဒီခံစားချက်က ငါနဲ့ ပတ်သတ်လို့ အရေးကြီးတဲ့အရာ တစ်ခုခု ဖြစ်လာတော့မလို့ပဲ။ ငါ သေရေးရှင်ရေး အခြေအနေတွေ အများကြီး ငါ့ဘဝမှာ ရင်ဆိုင်ခဲ့ချိန်ကတောင် ခုလိုမျိုး မခံစားမိခဲ့ဘူး…” ဝမ်လင်းသည် မျက်တောင် မကြုတ်မိဘဲ မနေနိုင် ဖြစ်နေ၏။
“ငါ ရှေးတောက်နန်းတော်မှာ အချိန်ကြာကြာ နေလို့ မဖြစ်ဘူး…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာကာ သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်၏။ သည်အခိုက်တွင် ကိုးခုမြောက်ဗုံသံသည် တဖြည်းဖြည်း လွင့်ပါးလာသည်။
ထိုဗုံသံ ကွယ်ပျောက်သည့်အခါ၌ ရင်ပြင်နှင့် လွင့်မြောနေသော စင်မြင့်များပေါ်ရှိ လူတိုင်းသည် ရုတ်တရက် ငြိမ်သက်တိတ်ဆိတ်သွားကြသည်။ လူတိုင်းသည် စကားပြောဆိုနေခြင်းကို အလိုလိုရပ်ကာ သူတို့၏အကြည့်က ပင်မခန်းမအဆောင်ထံတွင် စုဝေးကုန်သည်။
“အင်ပါယာ ရောက်ရှိလာပါပြီ…” စူးရှသောအသံတစ်သံသည် ထိုအဆောင်မှ ထွက်ပေါ်လာ၏။ ထို့နောက် ပိတ်ထားသော တံခါးသည် ပွင့်ဟလာသည်။
ထိုတံခါး ပွင့်ဟလာသည့်အခါ အကြည့်အားလုံးသည် ထိုပင်မနန်းဆောင်ထဲရှိ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသောသူထံ စုဝေးကျရောက်လာသည်။
ထိုသူသည် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အင်ပါယာသရဖူကို ဆောင်းထား၏။ သူ့ထံမှ ပြင်းထန်သောဖိအားတစ်ခု ပေးစွမ်းနေသည်။ သူကား ရှေးတောက်အင်ပါယာပင်။
“ကျုပ်တို့က အင်ပါယာကို နှုတ်ဆက်ပါတယ်…” ဘုရင်ဆယ့်ရှစ်ပါးအပါအဝင် လူတိုင်းသည် ရှေးတောက်အင်ပါယာထံ ဦးညွှတ်လိုက်ကြ၏။
ရှေးတောက်အဖွဲ့ဝင်မဟုတ်သူများသည် ဒူးထောက်ဖို့ မလိုပေ။ သို့သော် ရှေးတောက်ဝင်များအားလုံးကမူ ဒူးတစ်ဖက် ထောက်ထားကြ၏။ ဝမ်လင်းက ထရပ်သည်။ သူသည် အနည်းငယ် စဉ်းစားပြီးနောက် ဦးညွှတ်လိုက်သော်လည်း ဒူးတော့မထောက်ပေ။
သူ၏အမူအရာက ပုံမှန်သာ ဖြစ်သော်လည်း သတ်ဖြတ်လိုသော ရူးသွပ်ဖွယ်ခံစားချက်က သူ့စိတ်ထဲတွင် လှိုင်းတပိုးအလား ခက်ထန်နေ၏။ သူသည် ၎င်းကို မဖိနှိပ်ထားနိုင်လုနီးပါးပင်။
ရှေးတောက်အင်ပါယာ ပေါ်လာသည့်အခါ ထိုခံစားချက်သည် အလွန်အမင်း ပြင်းထန်လာ၏။
“လူတိုင်းပဲ ဒီကိစ္စဟာ ငါ့အတွက် ရွှင်မြူးစရာပါ။ ငါတို့ ဒီညပွဲကို ကျင်းပကြလိုက်ရအောင်။ မင်းတို့အားလုံးနဲ့အတူ ငါ သောက်မယ်…” ရှေးတောက်အင်ပါယာက ပြုံးလိုက်၏။ သို့သော် သူ့အကြည့်က ဝမ်လင်းပေါ် ကျရောက်သွားချိန်တွင် သူ့စိတ်နှလုံးမှာ မပျော်မရွှင်ဖြစ်ကာ သုန်မှုန်သွားသည်။ သို့သော် သူ့အမူအရာကတော့ ပြောင်းမသွားဘဲ သူက ဝမ်လင်းကို ပြုံး၍ လှမ်းကြည့်သည်။
“ဒီမိတ်ဆွေတွေက ငါ့ရှေးတောက်ကို လာခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်ရပါတယ်။ ဒီကနေ့ ငါ စကားတွေ အများကြီး ပြောမနေတော့ဘူး။ ဒီကို ရောက်လာတဲ့ မိတ်တွေတွေနဲ့ ခွက်လိုက်ရအောင်…”
ရှေးတောက်အင်ပါယာက လက်မြှောက်၏။ အရိပ်တစ်ခု ပေါ်လာကာ သူ့အား အရက်ခွက်ကို ကမ်းလှမ်းပေးသည်။
တချိန်တည်းမှာ ရင်ပြင်၊စင်မြင်ပေါ်ရှိ လူတိုင်းသည်လည်း သူတို့၏ စားပွဲများပေါ်မှ အရက်တို့ကို ကောက်ငှဲ့ကြသည်။ သူတို့အားလုံးသည် အရက်ခွက်ကို တလေးတစား ကိုင်ထားကြသည်။
ဝမ်လင်းသည် ကြိတ်၍ သက်ပြင်းချမိ၏။ သူလည်း အရက်ခွက်ကို ကောက်ယူလိုက်သည်။ သည် တခွက်သောက်ပြီးနောက် သူ့ဆရာဖြစ်သူ၏ လက်ဆောင်ကို ပေးပြီး သူ ပြန်ထွက်သွားတော့မည် ဖြစ်သည်။ သူ့စိတ်ထဲရှိ ကသိကအောက် ဖြစ်နေမှုက သူ့မျက်နှာကိုပါ အနည်းငယ် ဖြူရောသွားစေသည်။
ရှေးတောက်အင်ပါယာက ပြုံး၏။ သူက တငုံသောက်သည်။ လူတိုင်းသည်လည်း ဂုဏ်ပြုစကားများဆိုပြီးနောက် သောက်လိုက်ကြ၏။ ဝမ်လင်းက မသောက်ပေ။ သူ့ခွက်ကို ပြန်ချကာ စကားပြောရန် ဟန်ပြင်လိုက်၏။
“ဒီပျော်ရွှင်စရာကောင်းတဲ့ပွဲအပြင် ကျုပ်အနေနဲ့ နောက်ထပ်ကိစ္စတစ်ခုကို ထုတ်ပြန်ကြေငြာချင်ပါတယ်။ တချို့ကတော့ မဟာအင်ပါယာရွှမ်လောရဲ့ တပည့်ဟာ ကောင်းကင်ဘုံကလန်ရဲ့ ဆံဖြူဩဇာအင်ပါယာ၊ ငါတို့ရှေးတောက်ရဲ့ စောင့်ရှောက်သူ ဖြစ်တာကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်…”
“ဝမ်လင်း…ထလာပြီး ဒီအမိန့်ပြန်တမ်းကို နားထောင်ပါ…” ရှေးတောက်အင်ပါယာက ပြုံး၍ ဆိုသည်။
ဝမ်လင်းသည် ခြေလှမ်းအနည်းငယ် ရှေ့သို့ လှမ်းကာ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်သည်။
“ခုထိ ဒူးမထောက်သေးဘူးလား…” ရှေးတောက်အင်ပါယာ၏ အမူအရာသည် လေးလံလာသည်။ သူက စကားမဆိုပေ။ သို့သော် ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်နေ၏။
အချိန်အတန်ကြာပြီးနောက် လူတိုင်းသည် ပုံမှန်မဟုတ်တာကို သတိပြုမိသည်။ သူတို့၏အကြည့်များက ဝမ်လင်းပေါ် စုဝေးကျရောက်လာသည်။
ထိုအကြည့်များကြားထဲ၌ မင်းသားကျိတုထံမှ အကြည့်လည်း ပါသည်။ သူက စိတ်ထဲရှိ စိတ်လှုပ်တရှားဖြစ်မှုကို ဖိနှိပ်ထားရ၏။ သူသည် ဝမ်လင်း ရှေးတောက်မှ ထွက်လာရမည့် နေ့ကို စောင့်နေသည် မဟုတ်လား။
“အင်ပါယာ…ကျုပ်က ဆရာ့ကိုယ်စား ဂုဏ်ပြုလက်ဆောင်လာပေးအပ်တာပါ။ ကျုပ်မှာ အရေးတကြီး လုပ်စရာ ကိစ္စရှိသေးလို့ ပြန်ပါတော့မယ်…” ဝမ်လင်းသည် ဆက်၍ စိတ်မရှည်တော့ပေ။ သူသည် ခုချိန်၌ အတော့်ကို ကသိကအောက် ဖြစ်နေ၏။ သူက အင်ပါယာကို အေးစက်စက် ကြည့်လိုက်၏။ သူသည် ဘာကြောင့် ထို့သို့ ဖြစ်နေမှန်း မသိပေ။ သို့သော် သူသည် ထိုသူ့ကိုသာ ထပ်မံ မြင်ရသည့်အခါ ဖော်ပြ၍မရသော သတ်ဖြတ်လိုစိတ်နှင့် အခဲမကျေမှုကို ခံစားနေရ၏။
သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ရွှမ်လော သူ့ကို ပေးခဲ့သော ကျောက်စိမ်းသေတ္တာကို ထုတ်ယူ၏။ သူသည် ၎င်းကို ရှေ့သို့ ပစ်ပေးလိုက်ရာ အရိပ်တစ်ခုသည် ရှေးတောက်အင်ပါယာရှေ့တွင် ပေါ်လာ၏။ ထိုအရိပ်က ၎င်းသေတ္တာကို ရှေးတောက်အင်ပါယာထံ တရိုတသေ ကမ်းပေးလိုက်သည်။
“ဝမ်လင်း…ကျုပ်က မင်းဟာ ရှေးတောက်ရဲ့ စောင့်ရှောက်သူအဖြစ် ထုတ်ပြန်ခဲ့တယ်။ မင်းမှာ အရေးတကြီး ကိစ္စရှိနေမှတော့ မင်း ထွက်သွားနိုင်ပါတယ်။ မင်း မနက်ဖြန် အခမ်းအနားပွဲကို တက်ရောက်ဖို့ ငါ မျှော်လင့်တယ်…”
ရှေးတောက်အင်ပါယာသည် ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ပြုံး၏။ သူသည် ဖြစ်ပျက်ခဲ့တာကို အရေးစိုက်ဟန် မတူသည့်ပုံပင်။ သူက ဝမ်လင်းကို ဆက်၍ မကြည့်တော့ပေ။
ထို့နောက် ရှေးတောက်အင်ပါယာက ပြောလာ၏။ “ဧကရီကို ဖိတ်ခေါ်လိုက်…”
ဝမ်လင်း၏ စိတ်ထဲရှိ ကသိကအောက်ဖြစ်မှုက ပို၍အားကောင်းလာ၏။ သူသည် ထွက်ခွာရန် တဖက်သို့ လှည့်သည်။ သို့သော် ထို့နောက် သူ့နားထဲသို့ ခေါင်းလောင်းသံများ ပဲ့တင်ထပ်လာကာ သူ့စိတ်ထဲရှိ ခံစားချက်နှင့် ပေါင်းစည်း။ ထိုသည်က သူ့စိတ်ထဲရှိ ကသိကအောက် ဖြစ်နေခြင်းကို ရုတ်တရက် သဲလွန်စမရှိ ပျောက်ကွယ်သွားစေသည်။
ဝမ်လင်းသည် မင်သက်သွား၏။ သူက နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သူသည် ပင်မနန်းဆောင်ထဲမှ လှမ်းထွက်လာသော ဖီးနစ်ဝတ်ရုံဖြင့် အမျိုးသမီးတစ်ယောက်ကို တွေ့မြင်သည်။ သူမက ရှေးတောက်အင်ပါယာထံ လျှောက်လှမ်းလာသည်။