ဒေါသပုန်ထခြင်း(၁)
Vol. 150 Ch. 2075
ထိုအမျိုးသမီးသည် ရောင်စုံဖီးနစ်ဝတ်စုံကို ဝတ်ဆင်ထားကာ တော်ဝင်သောသွင်ပြင်ကို ပေးစါမ်းနေသည်။ သူမက ခေါင်းငုံ့ထား၏။ သူမ၏မျက်နှာကို ပုတီးစေ့ပဝါဖြင့် ဖုံးထားသဖြင့် သူမ ရှေးတောက်အင်ပါယာထံ လျှောက်လာစဉ် မျက်မှောင်ကြုတ်နေသည်ကို အနှီပဝါက ဖုံးကွယ်ပေးထားသည်။
ခေါင်းလောင်းသံသည် အမှန်တော့ ခေါင်းလောင်းထံမှ ထွက်ပေါ်လာခဲ့တာ မဟုတ်ပေ။ သူမ၏မျက်နှကို ဖုံးထားသော ပုတီးစေ့ပဝါထံမှ ပုတီးစေ့များ၏ ပွတ်တိုက်မှုကနေ ထွက်ပေါ်လာတာသာ ဖြစ်သည်။
သည်အခိုက်၌ ရင်ပြင်နှင့်စင်မြင့်များပေါ်ရှိ ကလန်သုံးခုမှ လူတိုင်းသည် ထိုအမျိုးသမီးကို ကြည့်နေသည်။ သူမက အကြွင်းမဲ့ မလှသော်လည်း တမည်ထူးသော ခံစားမှုကို ပေးစွမ်းနေသည်။
“စု့န်ကျိ…” ဝမ်လင်းက ထိုအမျိုးသမီးကို ချက်ခြင်း သိရှိလိုက်၏။ သူသည် အနှီအမျိုးသမီးကို ကျောက်တုံးနက်မြို့တွင် ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ဖူးတာကို မှတ်မိလိုက်သည်။
ရှေးတောက်အင်ပါယာက ပျော်ရွှင်နေဟန် ရ၏။ ထိုအမျိုးသမီး လှမ်းလျှောက်လာစဉ် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ပြောလိုက်သည်။
“ကြင်ယာတော်…ကျုပ်အနားမှာ လာထိုင်ပါ။ ဒီကနေ့ဟာ ကျုပ်တို့ ရှေးတောက်ရဲ့ ပျော်ရွှင်စရာပွဲတစ်ခု ဖြစ်သလို၊ ကျုပ်တို့အတွက် အရေးကြီးတဲ့နေ့လည်း ဟုတ်တယ်…”
ဖီးနစ်ဝတ်စုံဖြင့် အမျိုးသမီးသည် ခြေလှမ်း တဒင်္ဂ ရပ်သွား၏။ ထို့နောက် သူမက ရှေးတောက်အင်ပါယာ၏ နဂါးပလ္လင်ထံ လှမ်းလျှောက်ကာ သူ့ဘေးတွင် ညင်ညင်သာသာ ထိုင်ချလိုက်သည်။ သူမက ခေါင်းမော့ကာ ရင်ပြင်ထံသို့ လှမ်းကြည့်လိုက်သည်။
သူမသည် မျက်မှောင်ကြုတ်နေဆဲ ဖြစ်၏။ သူမ၏မျက်နှာတွင် ကွယ်ဝှက်ထားသော စိတ်ရှုပ်ထွေးမှု အငွေ့အသက်တစ်ခု ရှိနေသည်။
သူမ ခေါင်းမော့လာသည့်အခါ သူမ တွေ့မြင်လိုက်ရသည့် ပထမဆုံးအရာမှာ သူမကို ကြည့်နေသော ဝမ်လင်းကိုပင်။
ချက်ခြင်းပင် သူတို့၏အကြည့်များက တွေ့ဆုံသွားကြသည်။
ထိုအခိုက်တွင် ဝမ်လင်း၏စိတ်သည် တုန်ဟည်းသွားသည်။ သူ့စိတ်ထဲသို့ ရုတ်တရက် မိုးကြိုးပေါင်းမြောက်များစွာ ပစ်ချလိုက်သည့်အလား။ သည်အခိုက်တွင် သူ၏ခန္ဓာကိုယ်၊ မူလစိတ်ဝိညာဉ်၊ သူ့စိတ်ဝိညာဉ်သည်ပင် တုန်လှုပ်သွား၏။ ထိုအမျိုးသမီးက သူ့ဘဝ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်နေသည့်အလား။
ဝမ်လင်းက ထိုအမျိုးသမီးကို စိုက်ကြည့်လျက် သူ့အမူအရာက ပြောင်းလဲသွားသည်။ သူ့နှလုံးခုန်သံ မြန်လာသည်။ ထိုအမျိုးသမီးက သူ့ကို ရင်းနှီးသလို ခံစားမှုအား ပေးစွမ်းနေသည်။ ဝမ်လင်းသည် ထိုခံစားမှု၏ ရင်းမြစ်ကို မစဉ်းစားတတ်အောင် ဖြစ်ရသည်။
“ဝမ်အာ…လီချန်မေ၊ ကျိုးယု၊ အနီရောင်လိပ်ပြာ…” ဝမ်လင်းသည်ထိုအမျိုးသမီး၏ မျက်လုံးကို ကြည့်မိချိန်၌ သူ့စိတ်ထဲတွင် မျက်နှာအချို့ ပေါ်လာ၏။ သို့သော် သူသည် ထိုရင်းနှီးမှု၏ ဇာစ်မြစ်ကို ရှာမတွေ့နိုင်ပေ။
“သူမက သူတို့နဲ့လည်း တူတဲ့ပုံ မရဘူး…” ဝမ်လင်းသည် ထိုအမျိုးသမီးကို သေချာ ကြည့်သည့်အခါ သူက ထိုအမျိုးသမီးမှာ သူ့အတွက် အလွန်ရင်းနှီးသလို ဖြစ်နေသည်ကို တွေ့ရှိရ၏။
“ဝမ်လင်း…” ထိုအသံသည် မကျယ်ပေ။ သို့သော် ထည်ဝါခမ်းနားမှုအပြည့်ဖြင့် ဝမ်လင်း၏နားထဲ ဝင်ရောက်လာသည်။
“ငါ့ကြင်ယာတော်က မင်းကို အဲ့လောက်ထိ အာရုံစိုက်မိအောင် စွဲဆောင်နိုင်တာလား….”
ရှေးတောက်အင်ပါယာသည် ဝမ်လင်းကို အေးစက်စက် လှမ်းကြည့်လာသည်။ သူသည် အင်ပါယာ ဖြစ်၏။ လူတိုင်းက သူ့ကြင်ယာတော်ကို တချက်သာ ကြည့်ရုံ ကြည့်ကြပြီး သူတို့၏အကြည့်များကို ပြန်ရုတ်သိမ်းကြသည်သာ။ သည်ဝမ်လင်းကမူ ခုထိ စိုက်ကြည့်နေတုန်း ဖြစ်နေသည်။ အခုအခါ၌ သူ၏စကားသံမှာ အေးစက်နေ၏။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ရှေးတောက်အင်ပါယာ၏ စကားတို့ကြောင့် သူသည် အသိပြန်ဝင်လာသလို ထင်ရသည်။ သူက စိတ်ရှုပ်ထွေးဟန် အကြည့်ကို ထုတ်ဖော်ကာ ရှေးတောက်အင်ပါယာကို လစ်လျူရှုပြီး ထိုဖီးနစ်ဝတ်ရုံဖြင့် အမျိုးသမီးကို ဆက်၍ ကြည့်နေသည်။
သူက ထိုအမျိုးသမီးကို ရင်းနှီးသလို ဖြစ်နေသည့် ခံစားမှု၏ ဇစ်မြစ်ကို ရှာချင်နေ၏။ သို့သော် သူသည် ကြည့်နေရင်း သက်ပြင်းချမိကာ အတိတ်ကို အောက်မေ့ဟန်အကြည့်တစ်ခု လှစ်ဟပေါ်သည်။ သူသည် ထိုအမျိုးသမီးကို မသိနေပေ။
သူသည် ထိုရင်းနှီးမှု၏ ဇစ်မြစ်ကို ဝိုးတဝါး သိရှိလိုက်၏။ ၎င်းမှာ သူမ၏ပုံပန်းသွင်ပြင်ပင်။ ထိုတည်ငြိမ်သော တမူထူးသော ပုံပန်းသွင်ပြင်က လီမူဝမ်နှင့် အတော့်ကို ဆင်တူနေသည်။
“ဒါက ဝမ်အာ မဖြစ်နိုင်ဘူး။ ဒါဟာ အပြင်ပိုင်းအသွင် တူညီရုံလေးပဲ။ ဒါက ထင်ယောင်ထင်မှား ဖြစ်တာ…” ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ထိုအမျိုးသမီးကသာ အမှန်တကယ် လီမူဝမ် ဖြစ်နေပါက သူသည် အကြည့်တချက်ဖြင်ပင် ပြောနိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် အခုတော့ သူ မည်သို့ပင် ကြည့်ကြည့် လီမူဝမ်၏အော်ရာကို တစွန်းတစမျှ ရှာနိုင်ခြင်း မရှိပါ။
“ဝမ်အာဟာ ကောင်းကင်ဘုံရှောင်ကြဉ်ခြင်းခေါင်းတလားထဲမှာ။ သူမရဲ့စိတ်ဝိညာဉ် အပိုင်းအစဟာ ပျောက်နေတယ်။ ငါ အဲ့တာကို မရှာနိုင်သေးဘူး။ ဒီအမျိုးသမီးဟာ သူမ မဟုတ်ဘူး။ ဒီလောကမှာ ရုပ်အသွင်ပုံပန်း တူညီတဲ့သူတွေ အများကြီး ရှိနေတာပဲ မဟုတ်လား…”
ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုကို ဖုံးကွယ်လိုက်လေ၏။
ထိုအမျိုးသမီး၏ မျက်နှာမှာ အနည်းငယ် ဖြူရောသွားသည်။ သူမ၏မျက်လုံးထဲတွင် ဒေါသ ထွက်ပေါ်ဟန် ဖြစ်ပေါ်လာ၏။ သူမက ဝမ်လင်း၏အကြည့်ကြောင့် မပျော်မရွှင် ဖြစ်သွားသည့်အလား။ သို့သော် ထိုသို့ဖြစ်တာ ဘာကြောင့်မှန်းကို သူမ မသိပေ။ သို့သော သူမက ရင်းနှီးသလိုမျိုးလည်း ခံစားမိပြန်သည်။ သို့ပေမည့် ထိုခံစားချက်သည် ပေါ်လာသည်နှင့် ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။
“ငါ မင်းကို မေးနေတယ်လေ…” ရှေးတောက်အင်ပါယာက သူ့ဘယ်လက်ကို ပင့်မြှောက်ကာ နဂါးပလ္လင်၏ လက်တင်သည့်နေရာကို ရိုက်ချလိုက်၏။ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်လာသည်။
သို့သော် ဤအခိုက်၌ သတ်ဖြတ်လိုစိတ် ဒါဇင်ချီက ဝမ်လင်းထံ တချိန်တည်း ကျရောက်လာသည်။ အင်ပါယာကသာ သူတို့ကို အမိန့်ပေးလိုက်ပါက သူတို့သည် တိုက်ခိုက်တော့မည် ဖြစ်သည်။
ထိုအခိုက်တွင် ရင်ပြင်နှင့် စင်မြင့်များပေါ်ရှိ လူများသည်လည်း တစ်ခုခုမူမမှန်တာကို သတိပြုမိ၏။ သူတို့သည် ဝမ်လင်းနှင့် ဖီးနစ်ဝတ်စုံဖြင့် အနည်းငယ် ဒေါသထွက်သွားသော အမျိုးသမီးတို့အပေါ်သို့ ထူးဆန်းသောအကြည့်များဖြင့် ကြည့်လာသည်။
“ဒီအမျိုးသမီးဟာ ကျုပ်ရဲ့ မိတ်ဆွေဟောင်းနဲ့ အတော်လေး တူလို့ပါ…” ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ ခုခါ၌ သူသည် ထိုအမျိုးသမီးမှာ သူ ရှာဖွေနေသော ဝမ်အာ မဟုတ်မှန်းကို သေချာသွားသည်။
သို့ပေမည့်လည်း မည်သို့ပင်ဖြစ်စေ သူမ၏ ပုံပန်းသွင်ပြင်က ဝမ်လင်း၏ ဝမ်းနည်းမှုနှင့် နာကျင်ကြေကွဲရခြင်းကို လောင်မြိုက်စေသည်ပင်။
“အို…” ရှေးတောက်အင်ပါယာ၏ မျက်လုံးသည် မဆိုသလောက် တောက်ပသွားသည်။ သူသည် အမျိုးသမီးကို ကြည့်၏။ ထို့နောက် ဝမ်လင်းကို ကြည့်လိုက်သည်။ သည့်နောက်တွင် သူသည် ရုတ်တရက် ပြုံးလာသည်။
ရှေးတောက်အင်ပါယာက ပြောလိုက်၏။ “ကြင်ယာတော်…နင် ရှေးတောက်ရဲ့ အနာဂတ် စောင့်ရှောက်သူကို သိရှိပါသလား…”
ဖီးနစ်ဝတ်ရုံဖြင့် အမျိုးသမီးက ခေါင်းငုံ့သွားကာ ခေါင်းခါလိုက်သည်။
“အင်ပါယာဆရာသခင်က သူ ချိပ်ပိတ်ထားတဲ့ ဒီစိတ်ဝိညာဉ်ဟာ ဘယ်လို လှိုင်းဂယက်တုန်ခါမှုမှ မပျံ့နှံ့ဘူးလို့ ပြောခဲ့ဖူးတယ်။ အဲ့စိတ်ဝိညာဉ်နဲ့ ရင်းနှီးတဲ့ သူတွေ အနားမှာ ရှိရင်တောင် သူတို့ဟာ ဒါကို ထောက်လှမ်းနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး။ အဲ့သူဟာ အင်ပါယာဆရာသခင်ထက် ရှေ့ဖြစ်ကြည့်ခြင်းစွမ်းအားမှာ သာလွန်မှုသာ မရှိရင် မဟာအင်ပါယာတွေတောင် ဒီစိတ်ဝိညာဉ်ကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူး…”
ရှေးတောက်အင်ပါယာက ခပ်ရေးရေး ပြုံးလိုက်သည်။
“စိတ်ဝင်စားစရာပဲ။ဒီစိတ်ဝိညာဉ်ဟာ တကယ်ပဲ ဒီဝမ်လင်းနဲ့ ပတ်သတ်မှု ရှိနေတာလား…” ရှေးတောက်အင်ပါယာသည် အတော်လေး အံ့အားသင့်မိသွား၏။ သို့သော် သူက ပြုံးနေဆဲပင်။
ရှေးတောက်အင်ပါယာက ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် သိနေတာ ဖြစ်နိုင်ပါတယ်။ ကြင်ယာတော်…ငါတို့ရဲ့ ရှေးတောက် အနာဂတ်စောင့်ရှောက်သူဆီ သွားပြီး သူ့ကို သေချာ ကြည့်ကြည့်လိုက်ပါ။ မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တကယ် သိရှိကြတယ်ဆိုရင် ဒါက ပျော်စရာကိစ္စပဲ…”
ဖီးနစ်ဝတ်စုံဖြင့် ထိုအမျိုးသမီးသည် ညင်သာစွာ ထရပ်ကာ ဝမ်လင်းကို လှမ်းကြည့်၏။ ထို့နောက် သူမသည် ပလ္လင်ထံမှ ဖြည်းဖြည်းချင်း ဆင်းကာ လျှောက်လာသည်။ ဝမ်လင်းက သူမကို ကြည့်၏။ ထိုအခိုက်တွင် သူသည် လီမူဝမ်က သူ့ထံ လှမ်းလာသလိုမျိုး ခံစားမိသည်။ သူ့စိတ်နှလုံးနှင့် ခန္ဓာကိုယ်သည်ပင် တုန်ယင်သွားရသည်။
ထိုအမျိုးသမီးသည် ဝမ်လင်းနှင့် ဆယ်ပေအကွာတွင် ရပ်လိုက်၏။ ဝမ်လင်းသည် အလွန်အေးစက်မှု၊ သို့သော် ရင်းနှီးနေသလို ခံစားမှုကိုလည်း ရနေသည်။ ဤသညက သူ့ကို သူသည် ရှေးတောက်အင်ပါယာနန်းတော်တွင် ရှိနေတာကိုပါ မေ့သွားစေ၏။ သူသည် လှိုဏ်ဂူလောက၌ ပြန်ရောက်သွားသလိုပင်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေစဉ် ဝမ်လင်း၏မျက်လုံးထဲရှိ ဝမ်းနည်းမှုသည် လောကကို အရည်ပျော်စေမလို ထင်ရလေတော့သည်။
ထိုဝမ်းနည်းမှုကို အနှီအမျိုးသမီးက မြင်၏။ သူမသည် ရုတ်တရက် စိတ်နှလုံး နာကျင်မှုကို ခံစားလိုက်ရသည်။ သူမ၏စိတ်ထဲတွင် စိတ်ရှုပ်ထွေးမှု ပေါ်လာသည်။ သို့သော် ၎င်းက ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။
“နင်က သူမ မဟုတ်ဘူး…” အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ခါးသီးဟန် အမူအရာ ထုတ်ဖော်သည်။ ရုတ်တရက် သူသည် အရက်သောက်ချင်လာသည်။ သို့မှသာ သူသည် နာကျင်မှုကို မေ့နိုင်မည်။ သူ့စိတ်ဝိညာဉ်ထဲမှ ဝမ်းနည်းမှုကို မေ့နိုင်မည်။ သူသည် သူ ခံစားမိသည်မှာ ထင်ယောင်ထင်မှား ဖြစ်တာကို သိ၏။
သို့သော် ဤသည်ကပင် သူ့ကို လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက အတိတ်ကို ပြန်အောက်မေ့သွားစေကာ ဝမ်းနည်းမှုကို အားကောင်းလာစေသည်။
သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။ ဝမ်လင်းက ထိုအမျိုးသမီး သို့မဟုတ် ရှေးတောက်အင်ပါယာတို့ကို မကြည့်ပေ။ သို့သော် သူ မထွက်သွားတော့ပေ။ သူသည် စားပွဲသို့ ပြန်လာကာ ထိုင်ချလိုက်၏။ သူသည် စားပွဲကို အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။ ထို့နောက်တွင် သူသည် အရက်အိုးကို လှမ်းယူကာ တကျိုက်မော့ချလိုက်သည်။
သို့သော် အရက်သည် ခါးသက်သော်လည်း သူ့ကို မူးသွားစေဖို့ငှာ မလုံလောက်ပေ။
ဝမ်လင်းသည် အမှန်တကယ် ငိုမိနေ၏။ သူ သောက်နေစဉ် သူ့မျက်လုံးထောင့်မှ မျက်ရည်တို့ စီးကျလာ၏။ ယင်းမျက်ရည်တို့သည် သူ့ပါးစပ်ထဲသို့ အရက်နှင့်အတူ စီးဆင်းကာ အလွန်ခါးသက်လေ၏။ ဤသည်မှာ သူ၏ ဝမ်းနည်းမှုအရသာကဲ့သို့ပင်။
ဖီးနစ်ဝတ်ရုံဖြင့် ထိုအမျိုးသမီးသည် အင်ပါယာဘေးသို့ ပြန်ရောက်လာကာ တည်ငြိမ်စွာ ထိုင်ချ၏။ သူမက ခေါင်းငုံ့ထားကာ စကားတစ်ခွန်းမှ မဆိုပေ။ ရှေးတောက်အင်ပါယာ၏ မျက်နှာပေါ်မှ အပြုံးက ပိုပီပြင်လာသည်။ တခါတရုံ သူ့အကြည့်က ဝမ်လင်းထံ ရောက်ရောက်လာ၏။ သူ၏မျက်လုံးထဲတွင် ကျေနပ်မှုနှင့် ဂုဏ်ယူမှုတို့ ရှိနေသည်။
“ကြည့်ရတာ ဝမ်လင်းဟာ ဒီစိတ်ဝိညာဉ်အပိုင်းအစကို သိနေတဲ့ပုံပဲ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းရဲ့ ကျင့်ကြံမှုက ဘယ်လောက်ပဲ ဖြစ်ဖြစ် မင်းမှာ စိတ်ဝိညာဉ်သွေး ဘယ်လောက်ပဲ ပိုင်ဆိုင်ထားပါစေ၊ ရွှမ်လောက မင်းရဲ့ ဆရာ ဖြစ်နေရင်တောင်မှ၊ အကြီးမားဆုံးဝမ်းနည်းခြင်းတရားကတောင် မင်းတို့ တစ်ယောက်ရှေ့တစ်ယောက် ရောက်နေတဲ့အချိန်မှာတောင် မင်းအနေနဲ့ သူမကို သိရှိနိုင်မှာ မဟုတ်တာပဲ။ ဒါက ငါ့ကို အတော်လေး စိတ်လှုပ်တရှား ဖြစ်စေတယ်…”
ရှေးတောက်အင်ပါယာသည် ခွက်မြောက်ကာ သည်ညပွဲသို့ လာရောက်ကြသောသူများနှင့် သောက်နေ၏။
ရှေးတောက်၏ ထုံထမ်းဓလေ့အရ သူသည် ထိုအမျိုးသမီးကို ပြန်ခိုင်းသင့်ပေပြီ။သို့သော် သူသည် ထိုသို့ မလုပ်ဘဲ သူမကို နေခိုင်းထားသည်။ သူသည် ဝမ်လင်းကို ဆက်၍ ကြည့်နေသည်။ ခုလိုအခြေအနေက သူ့ကို အတော်လေး ကျေနပ်ကာ ပျော်ရွှင်မှုကို ခံစားမိစေသည်။
ရှေးတောက်အင်ပါယာကြောင့် သည်ညပွဲက အထွတ်အထိပ်သို့ ရောက်လာ၏။ လူအုပ်၏ ဂုဏ်ပြုသံများဖြင့် ဝေဆာနေသည်။ သည်ပွဲမှာ အတော့်ကို အသက်ဝင်နေပေသည်။
ထိုသို့သောအခြေအနေတွင် ဝမ်လင်းသည် နေရာတွင်သာ ငြိမ်သက်စွာ ထိုင်၍ တခွက်ပြီးတစ်ခွက် သောက်နေသည်။ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုကို အရက်က မဖယ်ရှားပေးနိုင်ပေ။
“ကြင်ယာတော်…စောင့်ရှောက်သူဝမ်ရဲ့ စိတ်ခံစားမှုက သိပ်မကောင်းတဲ့ပုံပဲ။ နင် ငါ့အတွက် သူနဲ့ သွားသောက်လိုက်ပါလား…” ရှေးတောက်အင်ပါယာက ပြုံး၍ ဆိုသည်။