← Chapters

ဒေါသပုန်ထခြင်း(၂)

Vol. 150 Ch. 2076

ဒေါသပုန်ထခြင်း(၂)

Vol. 150 Ch. 2076

ဖီးနစ်ဝတ်ရုံဖြင့် အမျိုးသမီးက သက်ပြင်းချ၏။ သူမသည် အမှန်တကယ်ပင် ခုလိုမျိုး လူထူထူမြင်ကွင်းကို သဘောမကျပေ။ အထူးသဖြင့် ဝမ်လင်း၏အကြည့်က သူမ၏စိတ်နှလုံးကို စူးရှနာကျင်စေ၏။ သို့သော် ထိုသို့ဖြစ်ရတာ ဘာကြောင့်မှန်းကိုမူ သူမ မသိပေ။

သူမက ထရပ်လိုက်သည်။ အရိပ်တစ်ခုက သူမနောက်တွင် ချက်ခြင်း ပေါ်လာကာ အရက်ခွက်တစ်ခုကို ကမ်းပေး၏။ သူမ နန်းတော်ဆောင်ထဲမှ လှမ်းထွက်လာစဉ် ထိုအရက်ခွက်က သူမ၏နောက်တွင် လွင့်မြောလိုက်ပါလာ၏။ သူမသည် ဝမ်လင်းထံ လှမ်းလျှောက်လာလေသည်။

ဝမ်လင်းသည် ခေါင်းငုံ့ကာ နေရာတွင် ထိုင်နေ၏။ သည်အချိန်တိုအတွင်း သူသည် အရက်အိုး ခုနစ်အိုး၊ရှစ်အိုးလောက် မော့ပြီးသွားပေပြီ။ သူက သူ့ရှေ့တွင် လာရပ်သော အမျိုးသမီးကို မော့ကြည့်လိုက်၏။ သူ့မျက်လုံးတို့မှာ ထပ်မံ၍ ဝေဝါးသွားမိပြန်သည်။

“နင်…”  ထိုအမျိုးသမီးက ဝမ်လင်းကို ကြည့်ကာ စကားဆိုဟန် ပြင်သည်။

“နင် ကုချင်းတီးခတ်တတ်လား…”   ဝမ်လင်းက ခါးသီးစွာ မေးလိုက်သည်။ သူ ထိုသို့ ပြောလိုက်ပြီးနောက် ခေါင်းယမ်းကာ သူ့ဟာသူ ရယ်မိ၏။ သူသည် အရက်အိုးကို ကောက်ကိုင်ကာ အမျိုးသမီး၏လက်ထဲရှိ ခွက်နှင့် ထိသည်။ သူက အရက်တအိုးလုံး မော့ချလိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ အကွာအဝေးတစ်ခုထံ ပျံသန်းသွားတော့သည်။

အရက်များ ပြန့်ကြဲသွားပြီး အရက်တစ်စက်သည် ထိုအမျိုးသမီး၏ မျက်နှာထက်သို့ ကျရောက်သည်။ ၎င်းမှာ အလွန်အေးစက်နေသည်။

“ဝမ်အာ…နင့်ရဲ့ စိတ်ဝိညာဉ်ဟာ ဘယ်နေရာမှာလဲ…”  ဝမ်လင်းသည် ကောင်းကင်ထက်တွင် ပျောက်ကွယ်သွားသည်။ သို့သော် ထိုအမျိုးသမီးက သူ့အသံကို ဝိုးတဝါး ကြားလိုက်မိသည်။

ထိုအသံတွင် ဝမ်းနည်းမှု ပြည့်နေ၏။ သူမသည်သာ ယင်းအသံကို ကြားရသည် မဟုတ်၊ တခြားလူအချို့လည်း ကြားလိုက်ရသည်ပင်။ ရှေးတောက်အင်ပါယာသည်လည်း ထိုစကားကို ကြား၏။ သူ့မျက်နှာထက်ရှိ အပြုံးက ပို၍ ပီပြင်လာသည်။ သူသည် အရက်ခွက်ကို ကောက်ယူကာ တငုံသောက်လိုက်သည်။

ဝမ်အာ ဟူသော အမည်ကို ကြားလိုက်ရသည့်အခါ၌ ဖီးနစ်ဝတ်စုံဖြင့် အမျိုးသမီးသည် ရုန်းကန်သောအမူအရာ၊ ရှုပ်ထွေးသော အမူအရာ ဖြစ်ပေါ်သွားတာကို ဝမ်လင်းသည် မမြင်ပေ။ ရှေးတောက်အင်ပါယာသည်လည်း မမြင်ပေ။ သို့သော် ထိုအမူအရာက ခဏသာ ကြာမြင့်လိုက်ပြီး ပျောက်ကွယ်သွားသည်။

သူမသည် နန်းဆောင်ထံသို့ ပြန်၍ လျှောက်လာ၏။ သူမ၏နောက်တွင် သက်ဝင်လှုပ်ရှားသောပွဲက တဖန် ပြန်စတင်ကျန်ခဲ့၏။

“ဝမ်အာ…နင့်ကို ရှာတွေဖို့ ငါဟာ ကောင်းကင်တခုလုံးကို အထက်အောက် လှန်ပစ်ချင်တယ်…”

“ဝမ်အာ ငါ့အသံကို နင် ကြားရဖို့ လောကတစ်ခုလုံးကို မိုးကြိုးသံနဲ့ ငါ ပစ်ချချင်တယ်…”

“ဝမ်အာ နင့်ကို ရှာတွေဖို့ ငါဟာ ကီလိုမီတာ သန်းချီနဲ့ မရေမတွက်နိုင်တဲ့ လောကတွေကို ဖြတ်သန်း လျှောက်လှမ်းလာခဲ့ပြီးပြီ…”

“ဝမ်အာ…ငါဟာ တာအိုကို သတ်ဖြတ်တဲ့ နတ်ဆိုးမိစ္ဆာတစ်ယောက် ဖြစ်လာခဲ့ပြီ။ မိုးကောင်ကင်ကို ဖိဆန်တဲ့သူ ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ ငါဟာ နင့်ရှေ့မှာ လာရပ်ချင်ရုံပါ…”

“ဝမ်အာ…နင့်ရဲ့ စိတ်ဝိညာဉ် ဘယ်ရောက်နေတာလဲ…”

ဝမ်လင်းသည် ရှေးတောက်မြို့ထဲ ဖြတ်၍ လျှောက်လာရင်း သူ့မျက်လုံးထဲမှ မျက်ရည်များစီးကျလာနေ၏။ သူသည် ရှေ့သို့ ငြိမ်သက်စွာ ဆက်လျှောက်နေသည်။ သူ့နောက်ကျောမှာ အထီးကျန်ခြင်းနှင့် ပူဆွေးခြင်းတို့ကို လှစ်ဟဖော်ပြနေသည်။

သူ၏ ဝမ်းနည်းမှုကို ဝမ်လင်းသည် သူ့စိတ်နှလုံးခပ်နက်နက်အတွင်း နစ်မြုပ်ထားခဲ့ပေ၏။ ယင်းခံစားချက်သည် လွယ်လင့်တကူ မပေါ်လာနိုင်ပေ။ သို့သော် သူသည် ဝမ်အာနှင့် ပုံပန်းအသွင်ဆင်သော အမျိုးသမီးကို တွေ့ရသည့်အခါ သူ၏ ထိုခံစားချက်ကို ဆက်၍ ဖုံးကွယ်မထားနိုင်တော့ပါ။

သူသည် ရှေးတောက်ဘုံကျောင်းသို့ ပြန်ရောက်လာ၏။ သူ့ကိုယ်ပိုင် သစ်သားအိမ်သို့ ပြန်ရောက်လာ၏။ သူသည် အိမ်ထဲတွင် ထိုင်ချကာ ကျင့်ကြံဖို့ စိတ်မပါတော့ပေ။

“ငါ့မှာ ကောင်းကင်ကို ထွင်းဖောက်နိုင်တဲ့ ကျင့်ကြံခြင်းအဆင့် ပိုင်ဆိုင်ထားခဲ့ပြီ။ ဒါပေမဲ့ အဲ့လိုဆိုတော့ရော ဘာဖြစ်သေးသလဲ…”

“ငါ့မှာ ကောင်းကင်ကို ဖိဆန်တဲ့ စိတ်ဆန္ဒ ရှိတယ်။ ဒါပေမဲ့ အဲ့တော့ ဘာဖြစ်သေးသလဲ…”

“ငါဟာ ရှေးတောက်ရဲ့  စောင့်ရှောက်သူ ဖြစ်လာခဲ့ရင်တောင်မှ ငါဟာ ဝမ်အာရဲ့ စိတ်ဝိညာဉ်ကို မရှာနိုင်သေးဘူး…”  ဝမ်လင်း၏မျက်နှာသည် နာကျင်မှုနှင့် ပြည့်နေ၏။ သူသည် ထိုပြဿနာကို မတွေးချင်ပေ။ သူသည် ကျင့်ကြံခြင်းနှင့်သာ နစ်မြုပ်ထားကာ သူ့ကိုယ်သူ ဝမ်အာအကြောင်း မတွေးဖို့ လှည့်ဖြားထားခဲ့၏။ သူသည် သူ့ကိုယ်သူ ဝမ်အာ၏ စိတ်ဝိညာဉ်ကို ရှာဖွေနိုင်မည်ဟူသော မျှော်လင့်ချက်ရှိသည်ဟုသာ ပြောထားခဲ့သည်။

သို့သော် သူသည် သူ့ကိုယ်သူ နှစ်ပေါင်းထောင်ချီ လှည့်စားထားခဲ့၏။ သို့သော် ခုချိန်တွင်မူ သူသည် ဝမ်အာနှင့် သွင်ပြင်တူသော စုန့်ကျိကို တွေ့မြင်သည့်အခါ သူ၏ ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

အချိန် တဖြည်းဖြည်း ကုန်လွန်လာသည်။ ဝမ်လင်းသည် အိမ်ထဲ၌သာ နေနေ၏။ သူ့စိတ်နှလုံးမှာ နာကျင်ကြေကွဲနေသည်။ သူသည် အတိတ်ကို ပြန်စဉ်းစားမိနေသည်။ သူသည် ထိုမှတ်ဉာဏ်များကို မှီ၍သာ အထီးကျန်မှုကို မခံစားမိနိုင်မှာ မဟုတ်လား။

“ဒီလောကမှာ…ရုပ်ရည်သွင်ပြင်တူတဲ့သူ တစုံတစ်ယောက်တော့ ရှိမှာပဲ။ ဒါပေမဲ့ သူမဟာ ဝမ်အာ မဟုတ်ဘူး။ သူမဟာ စု့န်ကျိပဲ။ ငါ သူမကို ကျောက်တုံးနက်မြို့မှာ တခါ  တွေ့ခဲ့ဖူးတယ်..”  အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် နာကျင်မှုနှင့် ထိုမှတ်ဉာဏ်များကို သူ့စိတ်ထဲ၌ အတင်းအကြပ် ပြန်ထည့်သိမ်းထားလိုက်၏။ သူသည် သူ့ကိုယ်သူ ခုလိုမျိုး စိတ်လွတ်ကိုယ်လွတ် မဖြစ်စေနိုင်ပေ။ ဤသည်က ဝမ်အာ၏ စိတ်ဝိညာဉ်ကို ရှာဖို့ အထောက်အကူ မဖြစ်စေနိုင်ပါ။

သက်ပြင်းလေးပင်စွာ ချကာ ဝမ်လင်းက မျက်လုံးမှိတ်၏။ သူ မျက်လုံးထပ်ဖွင့်လာသည့်အခါ သူသည် တည်ငြိမ်မှု ပြန်ရလာသည်။ သို့သော် ယင်းတည်ငြိမ်မှုထဲ၌ ဝမ်းနည်းမှု အငွေ့အသက်ကတော့ ရှိနေဆဲပင်။

“စုန့်ကျိ…”  ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သူ့ညာလက်ကို ပင့်မြှောက်၏။ သူ၏ကိုယ်မှ ထပ်နေသော အရိပ်တစ်ခုသည် သူ့ထံမှ လှမ်းထွက်လာသည်။ သူ၏ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်သည် လှမ်းထွက်လာခဲ့သည်။ အလယ်တွင် ရွှေရောင်အလင်းဒြပ်ထုတစ်ခု ရှိနေ၏။ ထိုအရိပ်သည် ယင်းအလင်းထဲ၌ ရှိနေသည်။ ၎င်းမှာ သတ္တုအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် ဖွဲ့စည်းပေါ်ပေါက်တော့မည် ဖြစ်သည်။

ဝမ်လင်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ကာ ဒီကိစ္စကို ဆက်၍ မတွေးမိစေတော့ပေ။ သူသည် စုန့်ကျိမှာ ဝမ်အာ မဟုတ်မှန်း သူ့ကိုယ်သူ ပြောခဲ့၏။ သူ မျက်လုံးမှိတ်လိုက်သည်။ သူသည် အတိတ်ကို ပြန်အောက်မေ့နေခြင်းအား ရပ်တန့်ဖို့ သူ့ကျင့်ကြံမှုကိုသာ အာရုံစိုက်ထားရတော့မည်။

သို့သော် ဝမ်လင်း မျက်လုံးမှိတ်လိုက်စဉ်တွင် ရုတ်တရက် သူက မျက်လုံးပြန်ဖွင့်လာ၏။ သူ၏မျက်လုံးထံမှ ကြောက်မက်ဖွယ်ရွှေရောင်အလင်း လှစ်စပေါ်ကာ တုန်လှုပ်မှုအငွေ့အသက် ပါဝင်သည်။

“ငါ စုန့်ကျိနဲ့ ကျောက်တုံးနက်မြို့အပြင်ဘက်မှာ တွေ့ခဲ့ဖူးတယ်။ အတိတ်တုန်းက အဲ့အမျိုးသမီးဟာ နန်းတော်မှာတုန်းကလိုမျိုး ခံစားမှု ငါ့ကို မပေးနိုင်ခဲ့ဘူး။ သူမဟာ သာမန်ပဲ။ အတော့်ကို သာမန်ပဲ။ သူမက ကြော့ရှင်းပေမဲ့ နန်းတော်တုန်းမှာလိုမျိုး ငါ သူမကို စတွေ့တဲ့အခါတုန်းက မခံစားမိခဲ့ရဘူး…”

ဝမ်လင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။

“သူမက နန်းတော်မှာတုန်းကလိုမျိုး ကျောက်တုံးနက်မြို့မှာတည်းကဆိုရင် ငါ့အနေနဲ့ အဲ့မြို့မှာတည်းက သတိပြုမိခဲ့မှာပဲ။ ငါ သူမကို စတွေ့တဲ့အချိန်တည်းက ရင်းနှီးသလိုမျိုး ခံစားမိခဲ့သင့်တာ…”

“ဒါပေမဲ့ အဲ့တုန်းက ငါ ဘာမှ မခံစားခဲ့ရဘူး။ အခု သူမကို နန်းတော်ထဲမှာ ထပ်တွေ့တော့မှာ ငါ ရင်းနှီးသလိုမျိုး ခံစားလိုက်ရတာ…”

“တခုခုတော့ မှားနေပြီ…”

“ရှေးတောက်အင်ပါယာက နှစ်ပေါင်းရာချီ ကိုယ်လုပ်တော်တွေ ရှာဖွေနေခဲ့ပြီး နောက်ဆုံးမှ တစ်ယောက်ကို ရွေးချယ်ခဲ့တာ။ စုန့်ကျိဟာ အကြွင်းမဲ့ မလှဘူး။ ဒါပေမဲ့ သူမက ဘာကြောင့် ရွေးချယ်ခံခဲ့ရတာလဲ…”

“ရှေးတောက်အင်ပါယာက ဘယ်လိုအမျိုးသမီးမျိုးကို နှစ်ပေါင်းရာချီ ရှာဖွေနေခဲ့တာလဲ။ စုန့်ကျိကို ငါ နန်းတော်မှ ထပ်တွေ့တဲ့အချိန် သူမက အရင်နဲ့ ကွာခြားသွားတယ်လို့ ငါ ဘာကြောင့် ခံစားမိရတာလဲ…”

“ငါဟာ နန်းတော်ကို သွားရောက်ခဲ့တဲ့အချိန်၊ ရောက်သွားခဲ့တဲ့ အချိန်တုန်းက စိတ်ကသိကအောက် ဘာကြောင့် ဖြစ်နေခဲ့တာလဲ။ ရှေးတောက်အင်ပါယာကို မြင်တဲ့အချိန်မှာ ဘာကြောင့် ငါဟာ သတ်ဖြတ်လိုစိတ် ပေါ်လာခဲ့ရတာလဲ။ ငါ စုန့်ကျိကို တွေ့တဲ့အချိန်မှာ အဲ့သတ်ဖြတ်လိုစိတ်နဲ့ ကကိကအောက် ဖြစ်မှုတို့က ဘာကြောင့် ပျောက်ကွယ်သွားခဲ့တာလဲ…”

ဝမ်လင်းသည် ရုတ်တရက် ထရပ်၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ့မျက်လုံးသည် တောက်ပလာ၏။

“ဒါပေမဲ့ ငါ သူမကို နတ်ဘုရားအာရုံနဲ့ စစ်ဆေးကြည့်ခဲ့တယ်။ တစ်ခုခုမှားနေတာ ဘာမှ ရှာမတွေ့ခဲ့ဘူး။ သူမဟာ လုံးဝကို သာမန်ပဲ။ သူမရဲ့ ပုံပန်းသွင်ပြင်ကသာ ငါ့ကို ရင်းနှီးသလို ခံစားမှုကို ပေးနေခဲ့တာ…”

“ဘာကြောင့် အဲ့လို ဖြစ်ရတာလဲ…”  ဝမ်လင်း၏စိတ်နှလုံးသည် တုန်ယင်နေ၏။ သူက သူ့နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။ သည်လိုခံစားချက်မျိုးက သူ့ထံ၌ ဖြစ်ခဲသည်။ ဤသည်မှာ စိတ်လှုပ်ရှားမှု၊ တွေဝေမှု၊ သံသယနှင့် စိတ်ရှုပ်ထွေးမှုတို့ ပေါင်းနေသော ခံစားမှု ဖြစ်သည်။  “နှစ်ပေါင်းရာချီ ရွေးချယ်မှု၊ အရင်တုန်းက စုန့်ကျိနဲ့ အခု ကြီးမားတဲ့ ကွာခြားသွားမှု။ ပြီးတော့ ငါ့ကို ရူးသွပ်သွားအောင် မောင်းနှင်နေတဲ့ လျှို့ဝှက်ချက်ကရော ဘာလဲ…”

ဝမ်လင်းသည် မျက်နှာပျက်လာ၏။ သူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရုံမျှသာ ရှိတော့သည်။ သူသည် နန်းတော်သို့ ပြေးသွားကာ ရှေးတောက်အင်ပါယာကို ဖန်း၍ သူ့စိတ်ဝိညာဉ်ကို ရှာဖွေပစ်ချင်စိတ် ပေါက်လာနေသည်။

သို့သော် သူ ထိုသို့ မလုပ်နိုင်ပေ။

သူသည် ရွှမ်လော၏တပည့် ဖြစ်၏။ ရွှမ်လောမှာ ရှေးတောက်၏ စောင့်ရှောက်သူ ဖြစ်သည်။ ရွှမ်လောမှာ သူ့ဆရာ ဖြစ်ကာ သူ့ကို များစွာ ကူညီပေးခဲ့ဖူးသည်။ သူ့ထံ၌ မည်သည့်သက်သေမှ မရှိဘဲ အင်ပါယာကို သတ်ဖို့ နန်းတော်သို့ သွားခဲ့ပါက သူသည် အသက်ရှင်ရလိမ့်မည် မဟုတ်တော့ပေ။ သူသည် သူ့ဆရာကို မျက်နှာချင်းဆိုင်နိုင်စွမ်းပင် ရှိတော့မည် မဟုတ်ပေ။

ဝမ်လင်း၏မျက်လုံးသည် လင်းလက်လာ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ အနက်ရောင်ကျောက်စိမ်းပြားတစ်ခုက သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

ထိုကျောက်စိမ်းပြားသည် နက်မှောင်သော တစ္ဆေအလင်းကို ပေးစွမ်းနေ၏။ ထိုကျောက်စိမ်းပြားသည် အတိတ်တုန်းက မဟာစိတ်ဝိညာဉ်ကလန်၌ အရှင်ကုန်းနျန်က သူ့ကို ပေးခဲ့သော အရာပင်။ ၎င်းသည် တောက်ဝမ်ကလန်၏ သူ့ကလန် လွတ်မြောက်မှုရအောင် အရာအားလုံးကို အစီအစဉ်ချခဲ့သော ပါရမီရှင်၏ ကျောက်စိမ်းပြားပင်။

ထိုသို့သော ဉာဏ်ရည်ဉာဏ်သွေးဖြင့် ပါရမီရှင်က ဝမ်လင်း၏ ရုပ်တုရှေ့တွင် ခွင့်လွှတ်ပေးရန် အလို့ငှာ ဒူးထောက်ခဲ့ဖူး၏။

“ဒီကျောက်စိမ်းပြားက မင်းရဲ့ အနာဂတ်ကို တစ်ကြိမ်ကြည့်ရှုဖို့အတွက် ကူညီပေးနိုင်တယ်…”  ဝမ်လင်းသည် ဒီကျောက်စိမ်းပြားပေါ်မှာ စကားလုံးများကို ပြန်စဉ်းစားမိသည်။

တုံ့နှေးမနေဘဲ သူက ၎င်းကို ခွဲပစ်လိုက်ကာ မန္တာန်တဖွဖွ ရွတ်၏။ သူသည် သူ့ညာလက်ကို ပင့်မြှောက်လိုက်ကာ ကျောက်စိမ်းပြားသည် အနက်ရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းသွားသည်။ ထိုအခိုးအငွေ့တို့က လူသေးလေးအဖြစ် ဝမ်လင်း၏ လက်ဝါးပေါ်တွင် သိပ်သည်းဖွဲ့စည်းကာ သူ့အား ကိုးကြိမ်တိုင် ဦးညွှတ်၏။

၎င်း ဦးညွှတ်လိုက်သည့်အခိုက်တွင် ဝမ်လင်း၏ စိတ်သည် တုန်ဟည်းသွား၏။ သူသည် လှိုဏ်ဂူလောကကို တွေ့မြင်၏။ သူသည် ကောင်းကင်ဘုံတာအိုထံမှ လီမူဝမ်၏ စိတ်ဝိညာဉ်အပိုင်းအစကို ယူဆောင်သွားသော သလင်းကဲ့သို့ ကြည်လင်သော လက်တဖက်ကို တွေ့မြင်သည်။

အခန်းထဲ၌ သူက ခုနစ်ရောင်စုံအလင်း ဖုံးလွှမ်းထားသော ဝိုးတဝါးပုံရိပ်၏ လက်ထဲတွင် ပုတီးစေ့တစ်ခု ကိုင်ထားသည်ကို မြင်သည်။ ထိုပုတီးစေ့တွင် လီမူဝမ်၏ စိတ်ဝိညာဉ်အပိုင်းအစ ပါဝင်သည်။

သူသည် ထိုဝိုးတဝါးအရိပ်က တော်ဝင်ဝတ်ရုံဖြင့် တုန်လှုပ်နေသော လူကို တစုံတစ်ခု ခပ်တိုးတိုး ပြောပြနေတာကိုလည်း မြင်သည်။

သူသည် ထိုတော်ဝင်ဝတ်ရုံဖြင့်လူက အံ့အားတသင့် ဖြစ်သွားပြီး စိတ်ဝိညာဉ်အပိုင်းအစကို ယူသွားတာကိုလည်း မြင်၏။ ထိုသူက သည်စိတ်ဝိညာဉ်နှင့် ပေါင်းစည်းဖို့ နှစ်ပေါင်းရာချီ ကိုယ်လုပ်တော်များကို ရှာဖွေခဲ့ကာ ကျရှုံးခဲ့တာကို မြင်သည်။ နောက်ဆုံးတွင် ဝမ်လင်းသည် ရင်းနှီးသော အမျိုးသမီးကို မြင်၏။ သူမသည် စုန့်ကျိ ဖြစ်၏။ သူမသည် ထိုစိတ်ဝိညာဉ်နှင့် ပေါင်းစည်းသွားသည်။

ထိုတော်ဝင်ဝတ်ရုံဖြင့်လူမှာ ရှေးတောက်အင်ပါယာပင်။

“ယဲ့တောက်…ငါ မင်းကို သတ်မယ်…”  ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးတို့သည် ရူးသွပ်မှုဖြင့် နီရဲတွတ်နေသည်။ သူ့ဆံပင်တို့မှာ လှုပ်ခတ်နေသည်။ သူသည် မာန်သွင်းကာ အော်ဟစ်လိုက်၏။ သည်အော်သံက ကောင်းကင်နှင့်မြေကြီးကို ဆုတ်ဖြဲပစ်နိုင်သော၊ အင်ပါယာအာဏာစက်ကို ဖျက်စီးနိုင်သော အော်ဟစ်ကြိမ်းမောင်းသံတည်း။

ထိုအော်သံတွင် ရူးသွပ်မှု၊ လောကကို ဖျက်စီးပစ်မည့် ဒေါသတို့ ပါဝင်၏။ သည်အသံတွင် သူ့အသက်ကိုပင် တစက်လေးမျှ ထည့်မတွက်တော့မည့် ရူးသွပ်မှုမျိုး ပါဝင်သည်။

ဤအသံက လောကကို တုန်ခါသွားစေ၏။ ၎င်းမှာ ဝမ်လင်း၏ ဒေါသပုန်ထနေသော အသံတည်း။

All Chapters