ဒေါသပုန်ထခြင်း(၅)
Vol. 150 Ch. 2079
ထိုစူးရှသော အော်သံက ရင်ပြင်တစ်ခုလုံးနှင့် စင်မြင့်များပေါ်ရှိ လူတိုင်းကို တုန်လှုပ်သွားစေသည်။ သူတို့၏ အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားကြသည်။ သူတို့သည် နိမ့်ပါးသော စိတ်နေဖြင့် ပြန်ထွက်သွားသော ဝမ်လင်းသည် ဒီလောက်အချိန်တိုအတွင်း ရှေးတောက်အင်ပါယာကို သတ်ချင်စိတ်ဖြင့် ပြန်ရောက်လာသည်ကို ခုထိ မယုံကြည်နိုင် ဖြစ်နေသေးသည်။
သို့သော် ကျင်းတစ်ရာ့ခုနစ်ယောက်၏ သေဆုံးခြင်းက အခုအခြေအနေ၏ အမှန်တရားကို ပြသနေသည်။
လူအများသည် မအော်ဟစ်နိုင်ခင်မှာပင် ပိုမိုအားကောင်းသော ဟိန်းအော်သံကို ကြားလိုက်ရသည်။ ဧရာမလက်ဝါးကြီးတစ်ခုက ရောက်ရှိလာသည်။ ထိုလက်ဝါးသည် ထူးဆန်းကာ လက်ဆယ်ချောင်း ရှိသည်။ ၎င်း နီးကပ်လာသည့်အခါ ရင်ပြင်ပတ်လည်တွင် အစိမ်းရောင်အလင်းတစ်ခု ပေါ်လာကာ ထိုလက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ နန်းတော်တစ်ခုလုံး လှုပ်ခါသွားသည်။ လက်ဆယ်ချောင်း လက်ဝါးသည် လွင့်ပြယ်သွား၏။ သို့သော် အစိမ်းရောင်လိုက်ကာစမှာလည်း အပြင်းအထန် တုန်ယင်ကာ ၎င်းမှာလည်း ပျက်စီးခြင်း ဆိုက်သည်။
သွေးနံ့လှိုင်လှိုင်ပါသော လေက ရင်ပြင်အပြင်ဘက်မှ ထွက်ပေါ်လာကာ သည်သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသော ရင်ပြင်ကို ဝေ့ခတ်တိုက်ခတ်လာသည်။ လူတိုင်း၏အကြည့်က လက်ဝါးချက် ပျောက်ကွယ်သွားသော နေရာသို့ ကျရောက်နေသည်။ သူတို့သည် ရန်သူကြီးကို ရင်ဆိုင်ရတော့မည့်ကဲ့သို့ပင်။
ရှေးတောက်အင်ပါယာ၏ မျက်နှာက ဖြူရောနေ၏။ သူသည် အံတင်းတင်းကြိတ်ကာ လက်ဝါးချက် ပျောက်ကွယ်သွားသော နေရာသို့ စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် ဒေါသတို့ ပြည့်နေသည်။
စုန့်ကျိသည်လည်း ထိုနေရာသို့ လှမ်းကြည့်၏။ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ဖြတ်သန်းသွားကာ သူမ၏စိတ်နှလုံးသည် တုန်ယင်သည်။ မှတ်ဉာဏ်တစ်ခုက နိုးထလာတော့မည့်အလား။
သူမကို ပြန်ခေါ်ဆောင်ဖို့ အမိန့်ပေးခံရထားသော အရိပ်နှစ်ခုသည်ပင် ထိုအမိန့်ကို မေ့နေ၏။ သူတို့၏ စိတ်နှလုံးမှာလည်း ထိုလက်ဝါးပျောက်ကွယ်သွားသော နေရာသို့ ကြည့်ကာ တုန်ယင်နေသည်။
သိပ်သည်းသော သွေးမြူတစ်ခုသည် ထိုနေရာ၌ ရွှေ့လျားနေ၏။ ၎င်းမှာ တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုပင်။ ခြေလှမ်းသံများသည် ထိုမြူထဲ၌ ပဲ့တင်ထပ်ကာ သည်ငြိမ်သက်သွားသော ရင်ပြင်ထံသို့ ဦးတည်လာနေသည်။
ထိုအသံက ဒီနေရာရှိ လူတိုင်း၏ စိတ်နှလုံးတွင်းမှ ကြောက်ရွှံ့မှုကို မြင့်တက်လာစေသည်။
ထိုခြေသံများ နီးလာသည့်အခါ ကလန်သုံးခုမှ လူများသည် အလိုလို နောက်ဆုတ်မိကြ၏။
ငြိမ်သက်နေစဉ်အတွင်း ရှေးတောက်အင်ပါယာက ရုတ်တရက် ပြောလာ၏။ “သူ့ကိုသတ်…” သူ့အသံက အတော့်ကို တည်ငြိမ်နေ၏။ သို့သော် သူ့မျက်နှာကို ကြည့်ပါက ဒေါသထွက်နေသော မျက်လုံးအတွင်း အကြောက်တရား ပုန်းကွယ်နေတာကို မြင်ရပေလိမ့်မည်။
ရှေးတောက်အင်ပါယာ ထိုသို့ ဆိုသည့်နောက် အရိပ်ကဲ့သို့ အခိုးအငွေ့ ဒါဇင်သည် နန်းတော်ထဲမှ ထွက်ပေါ်လာသည်။ ထိုအရိပ်များသည် တဟုန်ထိုး သွေးမြူထံ တိုးဝင်ကာ ချက်ခြင်းလိုလို အနားရောက်သွားသည်။
ထိုအရိပ်ဒါဇင်ချီသည် သွေးမြူထဲ ဝင်ရောက်သည့်အခါ နာကျင်ထိတ်လန့်ဖွယ် အော်ဟစ်သံများ ပဲ့တင်ထပ်သည်။ ထိုအော်သံများသည် အလွန်ဆိုးဝါးကာ တဖြည်းဖြည်း လွင့်ပျောက်သွားသည်။
သို့သော်လည်း ထိုသူတို့၏ ဆိုးဝါးသော အော်ဟစ်သံများက လူအများ၏ စိတ်နှလုံးထဲတွင် ကပ်ငြိကျန်ခဲ့သည်။ ဤသည်က ရှေးတောက်အင်ပါယာကို ပို၍ သုန်မှုန်သွားစေသည်။
“မင်းတို့နှစ်ယောက် ဧကရီကို ဘာကြောင့် ခေါ်မသွားရသေးတာလဲ…” သူက နောက်လှည့်ကာ စုန့်ကျိနောက်မှ အရိပ်နှစ်ခုကို လှမ်းကြည့်သည်။ ထိုသူတို့သည် တုန်ယင်သွားကာ ခပ်မြန်မြန် ခေါင်းညိတ်၏။ ထိုနှစ်ယောက်သည် လှုပ်ရှားကာ ဝဲကတော့တစ်ခုအဖြစ်သို့ ပြောင်း၍ စုန့်ကျိကို ဝန်းရံသည်။ ထိုဝဲကတော့သည် နန်းတော်ထံ တရှိန်ထိုး ဦးတည်ဝင်ရောက်သည်။
သို့သော် ထိုအခိုက်တွင် အေးစက်စက် ရူးသွပ်ဖွယ်အော်ဟစ်သံသည် သွေးမြူထဲမှ ထွက်ပေါ်လာသည်။
“မင်း လုပ်ရဲလား…” ထိုအသံသည် ထွင်းဖောက်အား ပါဝင်ကာ သည်ဝဲကတော့အတွင်းရှိ နှစ်ယောက်ကို တုန်ခါတုန်ယင်သွားစေသည်။ သူတို့၏ ခန္ဓာကိုယ်များကို ထိန်းချုပ်နိုင်စွမ်းပင် မရှိတော့သလို ထင်ရသည်။ သူတို့သည် မဟာကပ်ဘေးကြီးတစ်ခု သူတို့အပေါ်သို့ ဆင်းသက်လာတော့မည့်ကဲသို့ ခံစားလိုက်ရသည်။
သူတို့ ရပ်တန့်သွားကာ အရိပ်နှစ်ခုအဖြစ် ပြန်ပြောင်းသည့်အခါတွင် သွေးမြူအတွင်း၌ ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ့ခြေလှမ်းသံများ ထွက်ပေါ်လာရင်း ယင်းပုံရိပ်သည် သွေးမြူထဲမှ လှမ်းထွက်လာသည်။
ထိုအခိုက်တွင် လူတိုင်း၏အကြည့်က သူ့အပေါ်သို့ ကျရောက်သည်။
သူတို့သည် ထိုပုံရိပ်ကို မြင်သည့်အခါ ပင့်သက်ရှိုက်မိသွားသည်။ ထိုသူမှာ ဆံပင်ဖြူ။ ဝတ်ရုံဖြူနှင့် ဖြစ်၏။ သို့သော် ခုခါ၌ သူ့ဝတ်စုံဖြူသည် သွေးများ စွန်းထင်းနေသည်။ သူ့မျက်လုံးတို့မှာ ရူးသွပ်မှု ပြည့်နှက်လျက် နီရဲနေ၏။
သူသည် ဝမ်လင်းပင်။
သူသည် ခြေလှမ်းတိုင်းတွင် သတ်ဖြတ်ခဲ့၏။ သည်နန်းတော်သို့ လာရောက်သော ခရီးတွင် လူများစွာကို သတ်ခဲ့သည်။ ဤနေရာသို့ သူသည် ဒုတိယအကြိမ်မြောက် ရောက်လာခြင်း ဖြစ်သည်။ ပထမတစ်ကြိမ်က သူ့ဆရာပေးခဲ့သော လက်ဆောင်ကို လာပေးခြင်း ဖြစ်ကာ အခုအကြိမ်တွင်မူ တစ်စုံတစ်ယောက်ကို လာခေါ်တာ ဖြစ်သည်။
“ဝမ်လင်း…မင်း ဘာလုပ်မလို့လဲ…” ဝမ်လင်းသည် ရင်ပြင်နှင့် ကလန်သုံးခုမှ ကျင့်ကြံသူတစ်သိန်းနီးပါးကို ဖြတ်၍ လျှောက်လာသော ဝမ်လင်းကို စိုက်ကြည့်နေမိ၏။
ဝမ်လင်းသည် သွေးမြူထဲမှ လှမ်းလျှောက်ထွက်လာ၏။ သူသည် ရှေးတောက်အင်ပါယာကို မကြည့်ပေ။ သို့သော် စိတ်ရှုပ်ထွေးသောမျက်ဝန်းတို့ဖြင့် ရှိနေသည့် စုန့်ကျိကို လှမ်းကြည့်သည်။
“ငါ သူမကို လာခေါ်တာ…” ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ စုန့်ကျိကို လက်ညှိုးထိုးပြသည်။ ထို့နောက်တွင် သူသည် ရှေးတောက်အင်ပါယာကို အေးစက်စက် ကြည့်လိုက်၏။
ရှေးတောက်အင်ပါယာ၏ စိတ်နှလုံးသည် တုန်ယင်ကာ ဝမ်လင်း၏အကြည့်အောက်တွင် သူ့မျက်နှာသည် ဖြူရောသွားသည်။ သို့ပေမည့် ထိုအဖြစ်ကြောင့် သူသည် ဒေါသအလွန်ထွက်သွား၏။ သူသည် ရှေးတောက်အင်ပါယာ ဖြစ်၏။ သူသည် ရှေးတောက်တွင် အနှိုင်းမဲ့သူပင်။ သူသည် ရှေးဘိုးဘေး၏ မျိုးဆက်တစ်ယောက် ဖြစ်ကာ မိုးကောင်းကင်က ဂုဏ်ယူရသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။
မဟာအင်ပါယာကူးတောက်ကလည်း သူ့ကို အသိအမှတ် ပြုထား၏။ မည်သူကမျှ သူ သေမည်၊ရှင်မည်ကို မဆုံးဖြတ်နိုင်ပေ။ သူ၏စိတ်ဆန္ဒက ရှေးတောက်၏ စိတ်ဆန္ဒပင်။ ခု သည်နေ့ သူ၏ မင်္ဂလာအခမ်းအနား မတိုင်ခင်လေး၌ သူ ပုရွတ်ဆိတ်ဟု သတ်မှတ်ထားသော တစုံတစ်ယောက်က သူ၏ ကြင်ယာတောကို လာလိုချင်နေ၏။ ဤသည်က သူ့ကို ဒေါသထွက်ကာ ရယ်မောပစ်စေသည်။
“ဝမ်လင်း…မင်းဟာ အရှင်ရွှမ်လောရဲ့ တပည့်၊ ရှေးတောက်ရဲ့ အနာဂတ်စောင့်ရှောက်သူပဲ။ ငါ မင်းကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံခဲ့တယ်။ မင်းက ဒူးမထောက်ချင်တဲ့အတွက် ငါ မင်းကို အတင်းအကြပ် ဒူးမထောက်ခိုင်းခဲ့ဘူး။ မင်းက ညပွဲမှာ မပါဝင်ချင်တဲ့အတွက်လည်း ငါ မင်းကို ထွက်သွားခွင့် ပြုခဲ့သေးတယ်…”
“ငါ မင်းကို ကောင်းကောင်း ပြုမူဆက်ဆံခဲ့တယ်။ ဒါပေမဲ့ အခု မင်းက ရှေးတောက်ကလန်ဝင်တွေကို သတ်ဖြတ်ပြီး နန်းတော်ထိ ကျူးကျော် ဝင်ရောက်လာခဲ့တယ်။ အခု လူတိုင်းရှေ့မှာလည်း ငါ့ကြင်ယာတောကို လာပြီးတော့ လိုချင်နေသေးတယ်…”
“ဝမ်လင်း..မင်း သိပ်များသွားပြီ။ မင်းက ရှေးတောက်ကို ဘယ်လိုများ ကာကွယ်ပေးမှာလဲ။ မင်းက ငါ့ရှေးတောက်ကလန်ကို ဖျက်စီးချင်နေတာ သိသာတာပဲ။ မင်းဟာ အဲ့လိုလူမျိုးမှန်း လူတိုင်းကို သိစေမယ်…”
ရှေးတောက်အင်ပါယာသည် လက်ဝေ့ယမ်းကာ အော်ဟစ်လိုက်၏။ “ဒီ ဝမ်လင်းကို သတ်ပြီး သူ့ခေါင်းကို ငါ့ဆီ ယူလာခဲ့ကြ…”
ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူသည် သူ့ဆရာ ဆိုးဆိုးဝါးဝါး မခံစားရလေအောင် သူ့ကိုယ်သူ ရောက်ရှိလာသည့်အခါ၌ အတင်းအကြပ် တည်ငြိမ်အောင် ထိန်းချုပ်ထားခဲ့၏။ သူသည် ရှေးတောက်အင်ပါယာကို အခွင့်အရေးတစ်ခု ပေးခဲ့ပေသည်။ ရှေးတောက်အင်ပါယာကသာ သူ့ကို စုန့်ကျိအား ကမ်းလှမ်းပေးပါက သူ၊ သူ့ဆရာနှင့် ရှေးတောက်ကြားရှိ ပတ်သတ်မှုကို ပြန်ဖာထေးနိုင်မည့် အခွင့်အရေးတစ်ခု ရှိချင်ရှိလာနိုင်ပေသည်။
သို့သော် အခုတွင်မူ။
ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲရှိ ရူးသွပ်မှုက လင်းလက်လာ၏။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် ပေါက်ကွဲထွက်လာသည်။
“မင်း သဘောမတူရင်တော့ မင်း သေနိုင်ပြီ…” ဝမ်လင်းသည် မာန်သွင်းကာ ရှေ့သို့ ခြေလှမ်းသည်။ ထိုအခါ ရှေးတောက်ဝင်အားလုံးသည် သူတို့ကိုယ်သူတို့ ဝမ်လင်း၏ ပြိုင်ဘက် မဟုတ်တာ သိသော်လည်း ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။ ရှေးတောက်အင်ပါယာ၏ အမိန့်အောက်တွင် သူတို့အားလံးသည် ရှေ့သို့ တရကြမ်း တိုးလာကြ၏။ သူတို့၏စိတ်ထဲတွင်လည်း ဝမ်လင်းကို သတ်ဖြတ်ချင်နေသည်။
ရှေးကလန်တွင် အင်ပါယာအာဏာသည် အကြွင်းမဲ့ ဖြစ်၏။ ရှေးတောက်အင်ပါယာ၏ စကားတို့သည် သူတို့၏အမြင်၌ အရာရာ ဖြစ်ကာ ဝမ်လင်းသည် ရှေးတောက်ကို သစ္စာဖောက်ခြင်း ဖြစ်ကာ သူ့ကို သတ်ပစ်ရမည် ဖြစ်သည်။
ရူးသွပ်နေသော လူအုပ်စုက သူ့ထံ တိုးဝင်လာသည်ကို ရင်ဆိုင်၍ ဝမ်လင်းသည် ရှေ့သို့ တိုး၏။ သူ့ကို တားဆီးသူ မှန်သမျှသည် သူတို့၏ အဆင့်အတန်း၊ ကျင့်ကြံမှုအဆင့် မည်သို့ပင်ဖြစ်နေပါစေ သူ့ရှေ့တွင် အသွေးအသားပုံအဖြစ် ပေါက်ကွဲပျက်စီးခြင်း ဆိုက်ရသည်။
ထိုအခိုက်တွင် မရေမတွက်နိုင်သော လူများ သေဆုံးကုန်သည်။ သို့သော် ပိုပိုများပြားသော သူများက ရှေ့တိုးလာသည်။ တခြားကလန်နှစ်ခု၏ တချို့သူများသည်ပင် ဝမ်လင်းထံ ဦးတည်ဝင်လာဖို့ ဆုံးဖြတ်လိုက်ကြသည်။
ဝမ်လင်းသည် ရှေးတောက်အင်ပါယာနှင့် ပေသောင်းချီ ဝေးနေသေး၏။ သူက နန်းတော်ထံ မုန်တိုင်းတစ်ခုအလား နီးကပ်လာသည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။
“ငါ့ကို တားတဲ့သူတိုင်း သေရမယ်…” ဝမ်လင်းက မာန်သွင်းကာ လက်သီးတချက် ပစ်သွင်း၏။ သူ၏ရှေးရှိ ရှေးတောက်ဝင်များစွာ သေဆုံးကုန်သည်။
တချိန်တည်းမှာ ရင်ပြင်ရှိ ရှေးတောက်ဝင်တိုင်း၏ နောက်တွင် ကြီးမားသော အရိပ်တစ်ခု ပေါ်လာ၏။ ယင်းတို့မှာ ပေထောင်ချီကြီးမားသော ရှေးဟောင်းနတ်ဘုရား၊ နတ်ဆိုးနှင့် မိစ္ဆာများပင်။ သူတို့အားလုံးက မာန်သွင်းအော်ဟစ်ကာ ဝမ်လင်းထံ အရှိန်အဟုန်နှင့် တိုးဝင်လာသည်။
ဝမ်လင်းက မရပ်ပေ။ ထိုအခိုက်တွင် ရှေးတောက်အရိပ်သည် သူ့နောက်တွင် ပေါ်လာသည်။ ထိုအရိပ်သည် လောကကို ထောက်ပိုးထားသည့်အလား ထင်ရ၏။ ထိုအရိပ်ပေါ်လာသည့်နောက် သူက လက်ဝေ့ယမ်း၏။
သူ လက်ဝေ့ယမ်းစဉ် သူ့နောက်မှ ဧရာမပုံရိပ်ကလည်း အလားတူ လုပ်ဆောင်သည်။ ၎င်းသည် ဝမ်လင်းထံ တိုးဝင်လာသော အရိပ်များနှင့် ရူးသွပ်ဖွယ် ဝုန်းဒိုင်းကြဲ အဆက်မပြတ် တိုက်ခိုက်လေတော့သည်။
ရှေးတောက်အရိပ်များစွာသည် ပျက်စီးသွားကာ ရှေးတောက်ဝင်ထောင်ချီသည် ပေါက်ကွဲပျက်စီးသည်။
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှု ပို၍ အားကောင်းလာသည်။ သူ ရှေ့သို့ ဆက်လာ၏။ မျက်စိတမှိတ်အတွင်း သူသည် ရင်ပြင်ဗဟိုသို့ ရောက်လာသည်။ သူသည် ရှေးတောက်အင်ပါယာနှင့် ပို၍ နီးလာသည်။
“ဗုံသံနဲ့ ပျံသန်းနေတဲ့မြို့အစီအရင်ကို အသက်သွင်းလိုက်။ ကလန်ဝင်အားလုံးကို နန်းတော်ကို ဆင့်ခေါ်ပြီး ဒီလူ့ကို ဖျက်စီးကြ…” ရှေးတောက်အင်ပါယာ၏ ကြောက်ရွှံ့မှုကလည်း ပိုအားကောင်းလာသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ မာန်သွင်းလိုက်၏။
သည်အော်သံနှင့်အတူ မရေမတွက်နိုင်သော ပုံရိပ်များသည် နန်းတော်အတွင်းပိုင်းထဲမှ ပျံသန်းထွက်လာကာ နန်းတော်ထံ ဦးတည်သည်။ နန်းတော်ရှိလူတိုင်းသည် နီးကပ်လာကြသည်။
မကြာမီတွင် ဗုံသံသည် ကောင်းကင်တခွင် ပဲ့တင်ထပ်၏။ ကောင်းကင်သည် အရောင်များ ပြောင်းကုန်ကာ ထိုအသံသည် မြို့တခုလုံးသို့ ပျံ့နှံ့၏။
ထိုအခါ ရှေးတောက်ဝင်တိုင်း၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ ဒီဗုံသံသည် အရင်နှင့် မတူပေ။ ၎င်းထံ၌ ထူးခြားသောအားတစ်ခု ပါဝင်သည်။ ဆိုလိုသည်မှာ ရှေးတောက်အင်ပါယာနန်းတော်သည် ဘေးကြပ်နံကြပ် အန္တရာယ်ကို ရင်ဆိုင်နေရသည် ဟူ၏။
သည်ဗုံသံကို ကြားသော ရှေးတောက်ဝင်တိုင်းသည် သူတို့၏ အသက်ကို ပေးကာ ရှေးတောက်ကို ကာကွယ်ကြမည် ဖြစ်သည်။
တချိန်တည်းမှာ တည်နေရာရွှေ့ပြောင်းခြင်း အလင်းတန်းများက မြို့အနှံ့ နေရာအစုံတွင် ပေါ်လာ၏။ ထိုအစီအရင်တိုင်းသည် လူအများကို နန်းတော်သို့ အမြန်ဆုံး ရောက်လာနိုင်အောင် ခွင့်ပြုပေးသည်။