ဒေါသပုန်ထခြင်း(၆)
Vol. 150 Ch. 2080
“ထွက်သွားစမ်း…ထွက်သွားစမ်း…” ဝမ်လင်းသည် ရူးသွပ်စွာ ရှေ့သို့ တိုးလာရင်း လက်သီးချက်များ တရစပ် ထိုးနှက်သည်။ အလွန်နည်းပါးသော သူများကသာ သူ့လက်သီးချက်ကို ယှဉ်နိုင်၏။ အားလုံးနီးပါ ချက်ခြင်း သေဆုံးကုန်သည်။
ဝမ်လင်းသည် သူ့ထံ တိုးဝင်လာသော လူဦးရေမှာ များပြားလွန်းသဖြင့် မမြင်နိုင်ပင် ဖြစ်ရ၏။ ပိုပိုများပြားသော လူများသည်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ ရောက်လာကြသည်။ သူတို့အားလုံးသည် ခဏ မင်သက်သွားသော်လည်း တွေဝေခြင်းမရှိ ဝမ်လင်းထံ အရှိန်အဟုန်နှင့် တိုးဝင်လာသည်ပင်။
ထိုအခိုက်တွင် ဝမ်လင်းသည် သူ့ရှေ့ရှိ နန်းတော်၌ ဝမ်အာ၏ ပုံရိပ်ကိုသာ မြင်နေမိသည်။
ပိုပိုများပြားသော လူများ ရောက်လာနေပြီး သူတို့သည် ဝမ်လင်း၏ အမြင်ကို ဖုံးကွယ်သွားသည်။ အချိန် ကုန်လွန်လာသည်။ ဝမ်လင်းသည် မာန်သွင်းကာ လေထဲသို့ ခုန်တက်၏။ သည်နေရာတွင် တည်နေရာရွှေ့ပြောင်းဖို့ သို့မဟုတ် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုဖို့ မဖြစ်နိုင်ပေ။ ဝမ်လင်း လေထဲသို့ ခုန်တက်လာချိန်တွင် သူ့ဆံပင်တဝက်သည် အနက်ရောသို့ ပြောင်းသည်။
ထိုဆံပင်နက် ပေါ်လာသည့်အခါ ဝမ်လင်း၏နောက်တွင် သူ၏ မဟာအင်ပါယာနေမင်း အကြမ်းထည် ပေါ်လာကာ ကောင်းကင်ထက်တွင် နောက်ထပ် နေတစင်း ပေါ်ထွန်းသွားစေသည်။
ထိုနေမင်း ပေါ်လာသည့်အခါ ရှေးတောက်အင်ပါယာ၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူသည် မယုံကြည်နိုင် ဖြစ်နေသည်။ သူက အံ့အားတသင့် ပြောလာမိသည်။
“မဟာအင်ပါယာ…”
သူသာမက ရှေးတောက်ကလန်ဝင်ထောင်သောင်သိန်းချီးသည် သည်ထူးခြားလှသော အဖြူအနက်နေမင်းကို မြင်သည့်အခါ သူတို့၏စိတ်များ တုန်ဟိန်းသွားကြ၏။
“မဟာအင်ပါယာ…”
“သူ…သူက တကယ်ပဲ မဟာအင်ပါယာပဲ…”
အကွာအဝေးတစ်ခု၌ မင်းသား ကျိတုက ထိုသည်ကို တွေ့မြင်သည့်အခါ စိတ်လှုပ်တရှား ဖြစ်မိ၏။ သူသည် ယနေ့တွင် အလည်လာခဲ့တာ ဖြစ်၏။ အခုအခါ၌ သူသည် ရှေးတောက်အင်ပါယာအပေါ် နှာခေါင်းရှုံ့လှောင်ပြောင်ကာ နောက်သို့ ဆုတ်တော့သည်။
“ရှေးတောက်က ကပ်ဘေးကြီးတစ်ခုကို သွားစွဲဆောင်တာပဲ။ ဒါတွေအားလုံးဟာ ကျပ်မပြည့်တဲ့ အင်ပါယာကြောင့်ပဲ…”
မင်းသားကျိတုသည် မဟာအင်ပါယာနေမင်းက ဖြန့်ကားလာသည်ကို ကြည့်ကာ စိတ်လှုပ်တရှား ဖြစ်နေ၏။ တချိန်တည်းမှာ ဝမ်လင်းသည် မာန်သွင်းကာ သူ့ညာလက်ကို ပင့်မြှောက်၏။ သူက သူ၏ မဟာအင်ပါယာနေမင်းကို ပင့်မြှောက်လိုက်လေသည့်အလား။ သူသည် သူ့အား ပိတ်ဆို့ထားသော ရှေးတောက်အဖွဲ့ဝင် မြောက်များစွာထံ လက်ဝေ့ယမ်းသည်။
သည်လက်ဝေ့ယမ်းမှုနှင့်အတူ မဟာအင်ပါယာနေမင်းသည် ဥက္ကာပျံ့အလား မြေပြင်ထက်သို့ ပျံသန်းသွားသည်။ နေမင်းထံမှ တဝီဝီအသံတို့ ပဲ့တင်ထပ်ကာ ဗုံသံကို အစားထိုးသွားသည်။
ပြင်းထန်သော တုန်ခါလှိုင်းတစ်ခု ပျံ့လာ၏။ ၎င်းနှင့် ထိမိသော လူတိုင်းသည် သေဆုံးကုန်သည်။ သည်စွမ်းအားက နန်းတော်ရှေ့ရှိ ရင်ပြင်၌ ပေါက်ကွဲထွက်လာသည်။
မြေပြင်ထုသည် ပျက်စီးသွား၏။ လောကသည် တုန်ဟည်းတုန်ယင်သည်။
အရာအားလုံး ဖျက်စီးခံရသည့်နောက် မဟာအင်ပါယာနေမင်းသည် နန်းတော်ထံ ဦးတည် ပျံသန်းလာသည်။ သည်အခိုက်တွင် အရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ တော်ဝင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်ပင်။ သူ့ထံမှ ဖိအားကို ပေးစွမ်းနေ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ မဟာအင်ပါယာနေမင်းနှင့် ရင်ဆိုင်သည်။
ထိုအဘိုးအိုသည် နန်းတော်နှင့် ပေခြောက်သောင်းအကွာတွင် ရပ်နေသည်။ သူ့နောက်တွင် စိန့်ခုနစ်ဆယ့်နှစ်ယောက်၊ ကျန်းသုံးဆယ့်ခြောက်ယောက်နှင့် အင်မောတယ်ဗိုလ်ချုပ်ကိုးယောက် အပါအဝင် အစွမ်းထက်ရှေးတောက်ဝင် တစ်ထောင်နီးပါး ရှိနေသည်။ သူတို့သည် အစောပိုင်းတုန်းက တိုက်ပွဲတွင် မပါဝင်ခဲ့ပေ။ အကြောင်းမှာ သူတို့သည် နန်းတော်ကို စောင့်ကြပ်နေရမည် ဖြစ်သောကြောင့်ပင်။
ထိုအဘိုးအို ပေါ်လာသည့်အခါ လူတစ်ယောက်သည် စိတ်လှုပ်တရှား ဖြစ်လာသည်။ ရှေးတောက်အင်ပါယာသည် တလေးတစား အမူအရာ ဖြစ်သွားသည်။
ထိုအဘိုးအို၏ လက်ဝါးချက်နှင့် မဟာအင်ပါယာနေမင်း ထိပ်တိုက်တွေ့သည့်အခါ သူ၏အမူအရာက ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာပြီး နောက်သို့ လွင့်ထွက်သွား၏။ သူက သွေးပါ အန်လိုက်ရပြီး မာန်သွင်းအော်ဟစ်လိုက်သည်။
“ငါ့ သွေးနဲ့ ငါဟာ ရှေးကလန်ရဲ့ မဟာအတားအဆီးကို အသက်သွင်းတယ်…”
သူ၏စကားသံတို့ ထွက်ပေါ်လာခိုက်တွင် သူ အန်ထုတ်လိုက်သော သွေးထံမှ အနက်ရောင်အလင်းတစ်ခု ထွက်လာ၏။ ၎င်းသည် ကြီးမားသောအလင်းလိုက်ကာစတစ်ခုအဖြစ်သို့ ပြန့်ကြဲသွားသည်။ ထိုအလင်းလိုက်ကာစသည် အဘိုးအို၏ရှေ့တွင် နံရံတစ်ခုကဲ့သို့ ပေါ်လာ၏။ ၎င်းသည် အဆုံးမဲ့ကာ အရအားလုံးကို ပိတ်ဆို့သည်။
ထိုအလင်းလိုက်ကာစသည် ဝမ်လင်း၏ မဟာအင်ပါယာနေမင်းနှင့် ထိပ်တိုက်တွေ့သည်။ ၎င်းသည် ကျယ်လောင်လှသော ဟိန်းမြည်သံကို ဖန်တီးကာ အင်ပါယာမြို့တခွင်လုံးသို့ ပျံ့သွားပြီးမှ ဖြည်းဖြည်းချင်း ကွယ်ပျောက်သည်။
ရင်ပြင်သည် ခုခါ၌ အလွန်ထူးခြားပုံ ပေါ်သည်။ အလင်းလိုက်ကာစအပြင်ဘက်ရှိ အရာအားလုံးသည် ဖျက်စီးခြင်း ခံထားရသော်လည်း လိုက်ကာစအတွင်း၌မူ ယခင်အတိုင်း ရှိနေသေး၏။
သို့သော် မဟာအင်ပါယာနေမင်းသည် အခုလောက် လွယ်လွယ် မည်သို့ ပိတ်ဆို့၍ ရပါ့မည်နည်း။ ထိုအလင်းလိုက်ကာစသည် ဝမ်လင်း၏ မဟာအင်ပါယာနေမင်းကို ပိတ်ဆို့ပြီးနောက် အကြိမ်အနည်းငယ် လင်းလက်ကာ ထို့နောက်တွင် တစစီ ဖြစ်သွားတော့၏။
ထိုအဘိုးအို၏ မျက်နှာက ဖြူရောသွးကာ သူ့ညာလက်မှာလည်း အမှုန့်ဖြစ်သွး၏။ သူသည် နောက်ထပ်သွေးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို ပြင်းထန်သောအားတစ်ခုက ရိုက်ချကာ သူသည် ရှေးတောက်အင်ပါယာဘေးနားထိ လွင့်ထွက်သွားသည်။
“အဖေ…” ရှေးတောက်အင်ပါယာက ချက်ခြင်း အော်ခေါ်ကာ ထိုအဘိုးအိုကို ကူညီပေးလိုက်သည်။ သို့ပေမည့် ထိုအဘိုးအိုက အံတင်းတင်းကြိတ်ကာ သူ့ ဆုံးရှုံးသွားသော ညာလက်ကို လစ်လျူရှု၏။ ထိုအစား သူက ဘယ်လက်ကို ပင့်မြှောက်ကာ ရှေးတောက်အင်ပါယာကို ရိုက်ချလိုက်သည်။
ဘန်းခနဲ ပေါက်ကွဲကာ အင်ပါယာ၏ မျက်နှာတွင် လက်ငါးချောင်းရာ ထင်းသွားသည်။
“ထွက်သွားစမ်း။ မင်းက မိန်းမတစ်ယောက်အတွက်နဲ့ ငါတို့ ရှေးတောက်အပေါ် ခုလိုအစွမ်းထက်လှတဲ့ ရန်သူတစ်ယောက်ကို သွားပြီး ရန်စခဲ့တယ်။ မင်း ဘာကြောင့် သွားမသေသေးတာလဲ။ ငါ မဟာအင်ပါယာကူးတောက်ကို တွေ့ပြီး နောက်ထပ် အင်ပါယာသစ်တစ်ယောက်ကို ခန့်အပ်ဖို့ ကူးတောက်တောင်ကို ကျိန်းသေပေါက် သွားရမယ်…” ထိုအဘိုးအိုသည် ဒေါသပုန်နေတာ ရှင်းလင်းနေ၏။ သူ့အသံမှာ ကျယ်လောင်နေသည်။
ရှေးတောက်အင်ပါယာ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက သူ့မျက်နှာကို ထိလိုက်၏။ သူသည် သွေးများ ထွေးထုတ်ကာ ထိုအဘိုးအို(ဝါ) သူ့အဖေဖြစ်သူကို သုန်မှုန်စွာ ကြည့်သည်။
“အဖေ…ငါတို့ ဒီကိစ္စကို နောက်မှ ရှင်းကြရအောင်။ တခြားကိစ္စကိုတော့ သင် ပူစရာ မလိုပါဘူး။ မဟာအင်ပါယာကူးတောက်ကြောင့် ကျုပ်ကတော့ သေရမှာ မဟုတ်ဘူး…”
ရှေးတောက်အင်ပါယာ၏ စကားတို့မှာ အေးစက်နေ၏။
“မင်း…” ထိုအဘိုးအိုသည် ဒေါသထွက်နေသည်။ သို့သော် သူက တဖက်သို့ လှည့်ကာ လှမ်းလာနေသော ဝမ်လင်းကို ကြည့်သည်။ သူ့မျက်လုံးထဲတွင် အကြောက်တရားတို့ ရှိနေသည်။
ပင်မနန်းဆောင်မှ လူတစ်ထောင်နီးပါးနှင့် တခြားကလန်နှစ်ခုမှ သူများကလွဲ၍ ရင်ပြင်သည် ဗလာကင်းမဲ့သွားလေပြီ။ ထိုရင်ပြင်တွင် သွေးများသည် မြစ်တစ်ခုဖြစ်တော့မည့်အလား ထင်ရသည်။
ဝမ်လင်းသည် ထိုသွေးတို့ကို ဖြတ်၍ လျှောက်လာ၏။ သူနှင့် နန်းတော်ကြားတွင် လူတစ်ထောင်သာ ရှိတော့၏။ သို့သော် ထိုသူတို့ထဲတွင် အစွမ်းထက်လှသူ အများအပြားပင်။
ဝမ်လင်း၏ အကြည့်က ထိုလူတစ်ထောင်၊ အဘိုးအို၊ ရှေးတောက်အင်ပါယာတို့ကို ကျော်ဖြတ်ကာ သူ့ကို ကြည့်နေသော စုန့်ကျိထံသို့ ရောက်ရှိသွားသည်။
စုန့်ကျိ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးခြင်း၊ ရုန်းကန်မှု အငွေ့အသက်တို့ ပြည့်နေ၏။
အကွာအဝေးတစ်ခု၌ အလင်းတန်းများသည် နန်းတော်ထံမှ ပျံသန်းထွက်လာ၏။ အဘက်ဘက်မှလည်း ပျံသန်းထွက်လာ၏။ ထိုသူများသည် တစ်သိန်းထက် မနည်းပေ။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များမှာလည်း လင်းလက်ကာ နောက်ထပ် ရှေးတောက်ဝင်များ ရောက်လာသည်။
ဤနေရာသည် ရှေးတောက်၏ မြို့တော် ဖြစ်၏။ မရေမတွက်နိုင်သော သူများ ဤနေရာတွင် ရှိနေသည်။ အခုအခါ၌ အင်ပါယာ၏ မင်္ဂလာအခမ်းအနား ဖြစ်သဖြင့် သည်နေရာရှိ လူအရေအတွက်မှာ အရင်ထက် အဆများစွာ ပိုနေတော့သည်။
ဝမ်လင်း မည်မျှပင် အစွမ်းထက်ပါစေ သူသည် မဟာအင်ပါယာတစ်ယောက်နှင့် ယှဉ်နိုင်လျှင်ပင် သူသည် ခုလိုမျိုး ဝန်းရံခံရပါက မောပန်းသည့်အချိန်သို့ ရောက်လာနိုင်သေး၏။
သည့်ထက်ပို၍ ဤနေရာမှာ နန်းတော်ဖြစ်သည်။ သို့အတွက် အစီအရင်များစွာလည်း ရှိနေသည်။ သို့သော် ဝမ်လင်းသည် အရေးမစိုက်ပေ။ သူ့စိတ်ထဲ၌ တခုတည်းသော အတွေးမှာ ဝမ်အာကို ပြန်ခေါ်ဆောင်ရန်သာ ဖြစ်သည်။
ရှေးတောက်အင်ပါယာ၏ အဖေဖြစ်သူက စုန့်ကျိနားသို့ လျှောက်လာပြီး ဝမ်လင်းကို လှမ်းအော်သည်။ “ရပ်လိုက်။ မင်း နောက်တလှမ်း တိုးလာရင် ဒီအဘိုးအိုက ဒီအမျိုးသမီးကို သတ်ပစ်လိုက်မယ်…”
စုန့်ကျိ၏ မျက်နှာက ဖြူရောနေ၏။ သို့သော် သူမသည် ကြောက်ရွှံ့ဟန် မပြပေ။ သူမ၏မျက်လုံးထဲတွင် ဝမ်လင်းကို ကြည့်နေလျက် စိတ်ရှုပ်ထွေးမိနေ၏။ သူမ၏ မှတ်ဉာဏ်များသည် နိုးထလာတော့မည့်အလား။ သို့သော် ချိပ်ပိတ်မှုတစ်ခုက သူမကို မည်သည်ကိုမျှ မမှတ်မိနိုင်အောင် ကာဆီးထားသည်။
ဝမ်လင်းက ရပ်၏။ သူ၏အကြည့်က ထိုအဘိုးအိုပေါ်သို့ လုံးဝ မရောက်ပေ။ သူသည် ထိုအမျိုးသမီးကိုသာ နူးညံ့သောအကြည့်ဖြင့် ကြည့်နေ၏။ သို့သော် သူ၏ စကားလုံးတို့ကမူ ထိုအဘိုးအို၏ စိတ်နှလုံးကို တုန်ယင်သွားစေသည်။
“သူမ သေသွားခဲ့ရင် ငါ ထွက်သွားမယ်။ ဒါပေမဲ့ ကျန်ရစ်မယ့် ငါ့ဘဝသက်တမ်းကို မင်းတို့ ရှေးတောက်ကို မျိုးဖြုတ်ပစ်ဖို့ အသုံးပြုမယ်။ ရှေးကလန်သုံးခုမှာ နှစ်ခုပဲ ဖြစ်သွားအောင် လို့ ငါ လုပ်ပေးမယ်…”
“ငါ အဲ့လို လုပ်နိုင်စွမ်း ရှိတယ်…” ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလာ၏။ သူ ထိုသို့ ပြောနေလျက် သူ၏ ခွန်အားဖြင့်လည်း သူသည် ထိုသို့ လုပ်နိုင်ပေသည်။
ထိုစကားလုံးများထဲရှိ သတ်ဖြတ်လိုစိတ်က အနှီအဘိုးအိုကို လျှာသပ်မိသွားစေသည်။ သူ့ဘယ်လက်သည် အနည်းငယ် တုန်ယင်နေ၏။ သူသည် ဝမ်လင်းက ထိုသို့ လုပ်နိုင်တာကို ယုံကြည်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်လာ၏။ သို့သော် သူက ထိုအမျိုးသမီးကို မသတ်တော့ပေ။ တကယ်တော့ သည်အမျိုးသမီး ဒီနေရာတွင် ရှိနေမှသာ ဝမ်လင်းကို သတ်နိုင်ဖို့ အခွင့်အရေး ရမည် ဖြစ်၏။ သူသည် ဒီနေရာသို့ မလာခင် မဟာအင်ပါယာကူးတောက်ထံ သတင်းလှမ်းပို့ကာ တော်ဝင်မိသားစု အန္တရာယ်ကြုံရ၍ မဟာအင်ပါယာကူးတောက်၏ အကူအညီလိုအပ်ကြောင်းကို တောင်းခံထားသည်။
ဝမ်လင်းက ထိုသို့ ပြောပြီးနောက် သူသည် စကားဆက်၍ မဆိုတော့ဘဲ သူ့ရှေ့ရှိ လူတစ်ထောင်ထံ လှမ်းလာသည်။
“သတ်…” ဝမ်လင်းသည် ထိုလူတစ်ထောင်ထံ လှမ်းလာစဉ် ရှေးတောက်၏ စိန့်ခုနစ်ဆယ့်နှစ်ယောက်သည် သံပြိုင် မာန်သွင်းလိုက်၏။ သူတို့သည် ဝမ်လင်းထံ တိုးဝင်လာသည်။
ထိုစိန့်ခုနစ်ဆယ့်နှစ်ယောက်က သူတို့၏ ညာလက်များကို ပင့်မြှောက်ကာ ဝမ်လင်းကို ရိုက်ချ၏။ သူတို့နောက်တွင် ကြီးမားသောပုံရိပ်ခုနစ်ဆယ့်နှစ်ခု ပေါ်လာပြီး ဝမ်လင်းကို တရစပ် ထိုးနှက်သည်။
ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာ၏။ သူက မတိုက်ခိုက်ပေ။ ထိုအစး သူ့ပါးစပ်ကို ဖွင့်ဟာ ထိုစိန့်ခုနစ်ဆယ့်နှစ်ယောက်ထံ အော်ဟစ်လိုက်သည်။
သူ၏ အော်သံနှင့်အတူ သူ့နောက်မှ ရှေးတောက်အရိပ်သည်လည်း ပါးစပ်ဟကာ မာန်သွင်းအော်ဟစ်သည်။
ထိုအသံတွင် ဝမ်လင်း၏ကျင့်ကြံမှုနှင့် သူ၏ရှေးကျင့်ကြံမှုတို့ ပါဝင်သည်။ ၎င်းတို့နှင့်အတူ သူ့စိတ်ဝိညာဉ်သွေး စွမ်းအားပါ ပါဝင်၏။ ထိုအသံလှိုင်းက စိန့်ခုနစ်ဆယ့်နှစ်ယောက်နှင့် ထိပ်တိုက်တွေ့သည်။
စိန့်ခုနစ်ဆယ့်နှစ်ယောက်သည် အားမနည်းဘဲ အတူတကွ တိုက်ခိုက်လိုက်ကြသော်လည်း သူတို့အားလုံးသည် ဝမ်လင်း၏ ဟိန်းအော်သံရှေ့တွင် ပျက်စီးခြင်း ဆိုက်ရသည်။
သူတို့ သေဆုံးသွားချိန်၌ ဝမ်လင်းသည် မုန်တိုင်းတစ်ခုအလား ရွှေ့လျားကာ သူ့ရှေ့ရှိလူအုပ်ထံ သတ်ဖြတ်၍ တိုးဝင်လာသည်။ သူသည် အရူးအမူး ဦးတည်ဝင်လာသည်။ တစ်ယောက်ပြီးတစ်ယောက် သတ်ပြီးနောက် သူက ပါးစပ်ဟ၏။ အနီရောင်အလင်း ပျံသန်းထွက်လာသည်။ ၎င်းမှာ သွေးဓားပင်။ ၎င်းသည် လူဒါဇင်ချီကို သတ်ဖြတ်လိုက်လေသည်။ ဝမ်လင်းသည် ရှေ့တိုးလာ၏။ အခုအခါ သူသည် နန်းတော်နှင့် ပေသုံးထောင်ပင် မလိုတော့ပေ။
သွေးအလင်းတန်းသုံးဆယ့်ခြောက်ခုက ဝမ်လင်းထံ ပျံသန်းလာ၏။ သူတို့သည် ကျန်း(ဝါ)မိစ္ဆာသုံးဆယ့်ခြောက်ယောက် ဖြစ်သည်။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေ၏။ အစိမ်းရောင်အခိုးငွေ့တို့ သူ့လက်ငါးချောင်း ပတ်လည်တွင် ပေါ်လာသည်။ ယင်းတို့သည် သူ၏လက်ချောင်းများကို လှည့်ပတ်ကာ ပျံ့နှံ့လာသည့်အခါတွင် ကြောက်မက်ဖွယ်မီး ပေါ်လာသည်။
၎င်းမှာ အဆုံးစွန်ရှစ်ပါးတာအို၏ အဆုံးစွန်မီး ဖြစ်၏။ သို့ပေမည့် ဝမ်လင်း ထိုမန္တာန်ကို အသုံးမပြုခင်မှာ ကောင်းကင်နှင့်မြေကြီးထံမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
ထိုသက်ပြင်းသံတွင် ဝမ်းနည်းမှု၊ စိတ်ပျက်မှု၊ နောင်တရမှုတို့ ပြည့်နေ၏။
“ဝမ်လင်း…”
ဝမ်လင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားလေ၏။